ALP ထံ ဖမ်းဆီးခံရသူများနှင့် မိသားစုဝင်များ အဆက်အသွယ်မရသေး
ဖက်ဒရယ်ဂျာနယ်မြန်မာ
ဇူလိုင် ၈ ရက်၊ ၂၀၂၃။
ဒေါ်စောမြရာဇာလင်းဦးဆောင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ထံ ဖမ်းဆီးစစ်ဆေးခံနေရသူတွေနဲ့ အဆက်အသွယ်မရတဲ့အတွက် မိသားစုဝင်တွေက စိတ်ပူနေကြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က စစ်တွေတက္ကသိုလ်အနီးတွင် ALP မှ ထိပ်ပိုင်းခေါင်းဆောင်များ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီးတော့ စစ်တွေ ဒေသခံတချို့ကို ALP က ဖမ်းဆီး စစ်ဆေးနေတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးခံထားရသူတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ တစ်စုံတရာမှ မသိရှိရသေးတဲ့အတွက် စိုးရိမ်ကြောင့်ကြမိတယ်လို့ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေက ပြောဆိုကြပါတယ်။
ALP ပါတီရဲ့ အတွင်းရေးမှူး ခိုင်သူရိန်ကတော့ သူတို့ခေါင်းဆောင်သုံးဦးလုပ်ကြံခံရမှုနဲ့ပတ်သက်ပြီးတော့ ဒေသခံတချို့ကို ဖမ်းဆီးစစ်ဆေးနေတာဟာ မှန်ကန်တယ်လို့ ဒေသတွင်း သတင်းဌာနတွေကို ဖြေဆိုထားပါတယ်။
ဒါပေမဲ့ ဖမ်းဆီးထားသူဦးရေနဲ့ ဘယ်လိုမျိုး စစ်ဆေးမှုတွေလုပ်ဆောင်နေတာကိုတော့ ဖြေကြားထားတာမရှိပါဘူး။
ဇွန် ၁ ရက်နေ့က လုပ်ကြံခံရသူတွေကတော့ ALP ပါတီ ဒုဥက္ကဋ္ဌ ခိုင်နီရောင်၊ ALA အမှတ် (၁၀၁) တပ်ရင်းမှ တပ်ရင်းမှူးခိုင်ကျော်မင်းနဲ့ တပ်သားကျော်ကျော်နိုင်တို့ဖြစ်ကြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ကလည်း စစ်တွေမြို့ စက်ရုံစုရပ်ကွက်၌ ALP မှ ဗိုလ်စောမြ၊ ဗိုလ်ကျော်စိုးနဲ့ သူရိန်ထက်တို့လည်း လုပ်ကြံခံရပြီး သေဆုံးသွားခဲ့ပါတယ်။
ALP တပ်ဖွဲ့ဝင်များ လုပ်ကြံခံရမှုမှာ ရက္ခိုင့်တပ်တော် (AA) က လုပ်ကြံသတ်ဖြတ်တာဖြစ်တယ်လို့ ALP မှ စွပ်စွဲထားပေမဲ့ AA ဖက်ကတော့ ငြင်းဆိုထားပါတယ်။