တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 54, July 7, 2023)

၁။  စစ်ကောင်စီ ငြိမ်းချမ်းရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ တွေ့ဆုံ
     July 6, 2023

စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ (NMSP) ကိုယ်စားလှယ်အဖွဲ့တို့သည် (ဇူလိုင် ၅ ) က  နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌  တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီအာဘော် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါ တွေ့ဆုံပွဲတွင် ယခင်ဆွေးနွေးပွဲများ၌ သဘောတူ ထားသည့် အချက်များကို စုစည်း၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် NMSP ဗဟိုကော်မတီ၏ သဘောထား များကို အပြန်အလှန် ဆွေးနွေးကာ ပထမနေ့ကို ရပ်နားခဲ့ကြောင်း၊ ဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့ (ဇူလိုင် ၆)  ဆက်လက် ကျင်း ပမည် ဖြစ်ကြောင်း သိရသည်။ NMSP သည် နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းပြီးမှ ရွေးကောက်ပွဲကျင်းပရန်၊ စစ်ကောင်စီ အနေဖြင့် တတိုင်းပြည်လုံး ငြိမ်းချမ်းချင်သော ဆန္ဒရှိပါက နိုင်ငံတဝှမ်းပေါ်ပေါက်လာသည့် အဖွဲ့အစည်းသစ်များနှင့်ပါ ဖိတ်ခေါ် ဆွေးနွေးရမည် ဆိုသော အချက် အပါအဝင် စစ်ကောင်စီကို ဝေဖန်ထောက်ပြထားချက်အချို့ ပါဝင်သည့် ထုတ်ပြန်ချက် တစောင် ကို ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်က ကျင်းပသည့် (၇၆) နှစ်မြောက် မွန်အမျိုးသားနေ့တွင် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် နွေဦးတော်လှန်ရေး စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) အားလုံး ပါဝင်လာလျှင် မိမိတို့လည်း ပါဝင်သွားမည်ဖြစ်ကြောင်း NMSP ဥက္ကဋ္ဌ နိုင်ဟံသာက လွတ်လပ်သော မွန်သတင်း အေဂျင်စီနှင့် တွေ့ဆုံမေးမြန်းမှုတွင် ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရသည်။ လက်ရှိအခြေအနေသည် အပြန်အလှန်ပစ်ခတ် နေရုံဖြင့်မပြီးဘဲ တွေ့ဆုံဆွေးနွေးရေးနှင့် ပြေလည်နိုင်ပါက တိုင်းပြည် ရေရှည် အေးချမ်းနိုင်မည်ဖြစ်သည့်အတွက် ပစ်ခတ်တိုက် ခိုက်ခြင်းကို ရပ်နားထားခြင်းဖြစ်ကာ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်နေသော်လည်း EAO များအားလုံး စစ်ကောင်စီကို တိုက်ခိုက်ကြသည့်တနေ့ မိမိတို့လည်း ပါဝင်သွားမည်ဖြစ်ကြောင်း ယင်းတွေ့ဆုံမေးမြန်းမှုတွင် NMSP ဥက္ကဋ္ဌ နိုင်ဟံသာက ထည့် သွင်းပြောဆိုခဲ့သည်။ NMSP လက်အောက်တွင် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) ရှိပြီး NMPS သည် ၂၀၁၈ ခုနှစ်  ဖေဖော်ဝါရီ ၁၃ ရက်၌ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့ ဖြစ်သည်။ https:// www.facebook.com/photo/?fbid=659354099571114&set=pcb .659354246237766

၂။  စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးပြီး တပ်ဆုတ်ခြင်းမရှိပါက တိုက်ပွဲပိုမိုပြင်းထန်ပြီး အချိန်ကြာမြင့်နိုင်ကြောင်း         ဗိုလ်မှူးကြီး နော်ဘူ ပြော
     July 6, 2023

စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာနဲ့ တပ်ဆုတ်တာမရှိခဲ့ရင် တိုက်ပွဲတွေ ပြင်းထန်လာနိုင်ပြီး အချိန်ကြာမြင့်လာ နိုင်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုလိုက် ပါတယ်။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ သတိထားသွားလာဖို့နဲ့ ရိက္ခာတွေ ကြိုတင်ပြင်ဆင်ထားဖို့လည်း ပြောလိုတယ်လို့ ဗိုလ်မှူးနော်ဘူက ပြောပါတယ်။ “တိုက်ပွဲတွေက ဆက်ဖြစ်လာနိုင်ဖွယ်ရှိတယ်။ စစ်တပ်က နောက်ဆုတ်တာ၊ စစ်ကြောင်းတွေ ရုတ်သိမ်းတာမရှိရင် တိုက်ပွဲကပြင်းထန်လာမယ်။ အချိန်ကြာမြင့်လာမယ်။ ပြည်သူတွေအနေနဲ့လည်း သတိထားသွားလာဖို့နဲ့ ရိက္ခတွေ ဆန်၊ ဆားတွေကို ကြိုတင်ပြင်ဆင်ထားရမယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက  ဆိုပါတယ်။ ဇွန်လ ၂၆ ရက်နေ့ကနေစပြီး ဝိုင်းမော်- ကန်ပိုင်တီလမ်းပိုင်းတစ်လျှောက် စစ်ကောင်စီတပ်ဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့အပြင် KIO ဌာနချုပ် အနီးမှာရှိတဲ့ နမ်ဆန်ယန်ကျေးရွာဘက်မှာလည်း ဇွန်လ ၃ ရက်နေ့ကနေ စပြီး လက်ရှိအချိန်အထိ စစ်ကောင်စီကနေ စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် KIA ဘက်က ခုခံ တဲ့တိုက်ပွဲဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက အခုလို ဆက်လက်ပြောပါတယ်။ “တိုက်ပွဲက စစ်ကောင်စီဘက်ကနေစပြီး ဝင် ရောက် တိုက်ခိုက်လာတဲ့အတွက် ဖြစ်လာတဲ့ တိုက်ပွဲ ဟုတ်တယ်။ သူတို့စလိုက်တဲ့ တိုက်ပွဲဟုတ်တယ်။ ကျွန်တော်တို့ KIA ဘက် ကစလိုက်တဲ့ တိုက်ပွဲတော့မဟုတ်ဘူး”လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။ ဇူလိုင်လ ၅ ရက်နေ့ကတော့ နမ်ဆန်ယန် ကျေးရွာ ဘက် နှစ်ဖက်တပ် မြေပြင်ထိတွေ့တိုက်ပွဲ မရှိပေမဲ့ စစ်ကောင်စီကနေ နမ်ဆန်ယန် ပတ်ဝန်းကျင်နဲ့ KIO ထိန်းချုပ်နယ်မြေထဲက မိုင်ဆပ်ပါကျေးရွာဘက်ကို လက်နက်ကြီးပစ်ခတ်တာတွေ ရှိခဲ့တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောပြချက်အရသိရပါ တယ်။ ဒါ့အပြင် လက်ရှိဝိုင်းမော်နဲ့ ဗန်းမော်မြို့ဘက်က စစ်ကောင်စီတပ်သားတွေ နမ်ဆန်ယန်နဲ့ ဆဒုံးဒေသဘက်ကို စစ်ကြောင်း တွေ ဆက်တိုက်ထိုးနေပြီး မနေ့ကလည်း ဗန်းမော်ဘက်က အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နမ်ဆန် ယန်ဘက်ကို စစ်ကြောင်းထိုးဖို့ တက်သွားကြတယ်လို့ ဗန်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။ လိုင်ဇာခရိုင်အတွင်း စစ်ကောင်စီ တပ်ကနေ စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက် ပြုလုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ သတိထားသွားလာဖို့ လိုင်ဇာခရိုင် KIO အုပ်ချုပ်ရေးရုံးကလည်း ဇူလိုင်လ ၄ ရက်နေ့ ရက်စွဲနဲ့ စာထုတ်ပြန်ထားပါတယ်။ https://www.facebook.com/photo/?fbid=282656601108007&set =a.266001999440134

၃။  ရှား​တောမြို့နယ်တွင် စစ်တပ်စခန်းတစ်ခုနှင့် ပွိုင့်ကုန်းတစ်ခုကို KA သိမ်းပိုက်၊ စစ်ကူစစ်​ကြောင်ကိုတိုက်ခိုက်ရာ         စစ်သား၆ ဦး​သေဆုံးပြီးလက်နက်ခဲယမ်းများစွာရရှိ
    July 6, 2023

ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှင့် ပွိုင့်ကုန်း ကိုသိမ်းပိုက်ရရှိခဲ့ပြီး စစ်ကူလာသည့် စစ်ကောင်စီတပ်ကိုပါ တိုက်ခိုက်ရာ ဗိုလ်ကြီးနှစ်ဦးအပါအဝင် ခြောက်ဦးသေကာ လက် နက် ၊ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ကရင်နီတပ်မတော် KA တပ်ရင်း (၂) က ထုတ်ပြန်လိုက်သည်။ ရိက္ခာလမ်းကြောင်းဖြတ်တောက်ကာ မကြာခဏ တိုက်ခိုက်ခဲ့၍ သံလွင်မြစ်အရှေ့ခြမ်းရှိ နယ်စပ်တပ်စခန်း ကျားပါးစပ်လေးနှင့် ပွိုင့် ၂၉၅၇ တို့ကိုစစ်ကောင်စီတပ်က ပြန်လည်ဆုတ်ခွာသွားခဲ့ သည်။ ထို့နောက် ကရင်နီတပ်မတော်က ထိုစခန်းနှင့် ပွိုင့်ကုန်းကို ဇွန် ၂၅ ရက်က နယ်မြေရှင်းလင်းရာ  ၆၀ မမ ဗုံးသီး ၄၅ လုံး၊ RPG 7 ဗုံးသီး ၂၄ လုံး၊MG ငါးကြင်းမြီး ကျည် ၄,၃၆၉ တောင့်၊ MA ကျည် အတောင့် ၃၄၀ ၊လက်ပစ်ဗုံး ၄ လုံး နှင့် ၁၄ မိုင်း ၁၀ လုံး ကိုသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင်စစ်ကြောင်းတစ်ကြောင်းဖြင့်ရှမ်းပြည်နယ်မှ တဆင့်လာသည့် ခလရ ၅၁၀ စစ်ကြောင်းကို ဒေါမယ်ကျိုရွာ ဟောင်း၌ ဇွန်လ ၂၉ ရက်က ကရင်နီတပ်မ တော်ကကြာဖြတ်တိုက်ခိုက်ခဲ့သည်။ တစ်နာရီကြာမြင့်သည့် ထိုတိုက်ပွဲ၌ စစ်ကောင်စီ ဘက်မှ ဗိုလ်ကြီး အဆင့်ရှိသူ နှစ်ဦးအပါအဝင် ခြောက်ဦး သေဆုံးခဲ့ပြီးလက်နက်မျိုးစုံ ၁၀ လက်​ကျော်နှင့် ခဲယမ်းများ၊ ဗုံးသီးများ၊ မိုင်းများ ရရှိခဲ့သည်။သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများမှာ  60 mm ၁ လက်နှင့် ကျည် ၁၄ လုံး၊ RPG 7 ကျည် ၇ လုံး၊ 79 ဗုံးသီး ၆၅ လုံး၊ MG(ငါးကြင်းမြီး) ၁ လက်၊ ပြောင်း ၂ ခုနှင့် ကျည် ၇၂၆ တောင့်၊MA5(9 mm) ၁ လက်၊ MA4 (79) တွဲ ၁ လက်၊ MA3 ၄ လက်၊ MA2  ၁ လက်၊ MA1 ၂ လက်၊ MA ဘောက် ၂၆ ခုနှင့် ကျည် ၃,၇၂၀ တောင့်၊ စွပ်ဗုံး ၂၁ လုံး၊ လက်ပစ်ဗုံး ၈ လုံးနှင့် နင်းမိုင်း ၈ လုံးတို့ဖြစ်သည်။ သို့သော် ၁၂၀ မမ အပါ အဝင် လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချခဲ့မှု၌ တပ်ရင်း ၂ တပ်ခွဲ ၁ မှ ရဲဘော် တစ်ဦးကျဆုံးခဲ့ရကြောင်းလည်း KA က အသိ​ပေးခဲ့သည်။ https://www.facebook.com/photo/?fbid=610445561154240 &set=pcb.6104 45644487565

၄။   ချင်းပြည်နယ်တွင်  ခိုးဆိုးလုနှိုက်ပိုမိုများပြားလာပြီး လုံခြုံရေးအတွက် ဒေသခံများစိုးရိမ်ထိပ်လန့်နေရ
      July 6, 2023

အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တွင်ခိုးဆိုးလုနှိုက်အပါအဝင် ဒေသခံများ၏ နေအိမ်တွင်းသို့  အကြမ်းဖက်ဝင် ရောက်စီးနင်း၍ ကိုယ်ထိလက်ရောက် အသက်အန္တရာယ်ခြိမ်းခြောက်ပြီး အဖိုးတန်ပစ္စည်းများကို ဝင်ရောက်လူယက်မှုများ ပိုမို များပြားလာကြောင်းဒေသခံများထံမှ သိရသည်။ အဆိုပါဖြစ်ရပ်များသည် စစ်ကောင်စီတပ်က ထိန်းချုပ်ထားသော ချင်းပြည်နယ် ၏ မြို့ပေါ်များတွင် အဖြစ်များနေပြီး ဒေသခံများအနေဖြင့် အသက်အန္တရာယ်နှင့် မိမိလုံခြုံရေးတို့အတွက် စိုးရိမ်ထိပ်လန့်နေကြရ ကြောင်း သိရသည်။ “အခုဟားခါးမြို့ကို အသစ်ရောက်လာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရင်တပ်ဖွဲ့ဝင်တွေနဲ့ မတူကြ ဘူး။ တော်တော်ရိုင်းပြီး ကြမ်းတမ်းကြတယ်။ ညဆိုလည်း သူများအိမ်တွေဝင်ပြီးတော့ ပစ္စည်းတွေ လုတာ”ဟု  ဟားခါးမြို့ခံ အမျိုးသားတစ်ဦးက ပြောကြားသည်။ အလားတူမင်းတပ်မြို့နှင့် မတူပီမြို့ပေါ်နေ ပြည်သူများ၏ နေအိမ်တွင်းသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ညဘက်တွင် အကြမ်းဖက်ဝင်ရောက်၍ လက်နက်ပြခြိမ်းခြောက်ပြီး အဖိုးတန်ပစ္စည်းများကို လုယူမှုများ ဆက်တိုက် လုပ်ဆောင်လာခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိသည်။

နိုင်ငံရေးအခြေအနေကြောင့် ပြည်တွင်း၊ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေကြသော ချင်းဒေသခံပြည်သူများ၏ နေအိမ် များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖောက်ထွင်းကာ တန်ဖိုးကြီးရိုးရာအဝတ်အထည်များ၊ အဖိုးတန်အိမ်သုံး ပစ္စည်းများနှင့် ရိုးရာ နွားနောက်များကို ခိုးယူသတ်ဖြတ်ခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။ “ည ၆ နာရီကျော်ရင် ဘယ်သူမှ အပြင်မထွက်ရဲကြ တော့ဘူး။ မိမိအိမ်ထဲမှာနေရင်တောင် ညဘက်တွေဆို မလုံခြုံသလို ခံစားရတယ်။  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဝင်ရောက်စီးနင်းပြီး ပစ္စည်းလုတာတွေ မကြာခဏရှိနေတော့ မြို့အစွန်မှာနေတဲ့ ပြည်သူတွေဆို စိတ်သောကပိုရောက်ကြတယ်” ဟု မတူပီမြို့၊ ဒေသခံအမျိုးသမီးက ပြောသည်။ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ ည ၉ နာရီကျော်တွင် မတူပီမြို့၊ လောင်ဗန်းရပ်နေ ဒေသခံတစ်ဦး၏ နေအိမ်ကို အရပ်ဝတ်များ ဝတ်ဆင်ထားသော စစ်ကောင်စီစစ်တပ်သား နှစ်ဦးက လက်နက်ကိုင်ဆောင်၍ ဓားပြ တိုက်မှုဖြစ်ပွားခဲ့ပြီး လင်မယားနှစ်ဦးစလုံးကို ရိုက်နှက်ကာ အမျိုးသမီးဖြစ်သူ၏ ရွှေဆွဲကြိုးနှင့် နားကပ်တွေကို ချွတ်ယူသွား ကြောင်းသိရသည်။ ချင်းပြည်နယ်၏ နေရာဒေသအများစုတွင် စစ်ကောင်စီက အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများပြတ်တောက် ၍ သတင်းအမှောင်ချကာ ဓားပြတိုက်ခြင်း၊ ပြည်သူပိုင်ပစ္စည်းခိုးယူခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောင်ပြောင် တင်းတင်းကျူးလွန်နေပြီး ကျူးလွန်သူများကို မည်သည့်အဖွဲ့အစည်းမှ ဖမ်းဆီးအရေးယူဆောင်ရွက်မှုများ မပြုလုပ်ကြောင်း သိရ သည်။ https://www.f acebook.com/photo/?fbid=600710102198013&set=pcb.600710215531335

၅။   ဒီးမော့ဆိုနဲ့ ဖရူဆိုစစ်ရှောင်စခန်းတချို့မှာ ရာသီတုပ်ကွေးရောဂါအဖြစ်များနေ
      July 6, 2023

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတချို့မှာ ရာသီတုပ်ကွေးကြောင့် ကလေးငယ် အပါအဝင် သက်ကြီးပိုင်းတွေမှာ ဖျားနာမှုတွေရှိနေကြတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေတဲ့ ဆရာမတစ်ဦးထံကနေ သိရပါ တယ်။ “ခြင်ကြောင့် ဖြစ်တာ ငှက်ဖျားရယ်၊ တုပ်ကွေးပေါ့၊ အခုတော့ ဖြစ်နေတာက တုပ်ကွေးပေါ့။ မိုးကျခါစမလို့ ခြင်ပေါက် လာပြီးတော့ ခြင်ကနေတစ်ဆင့်တုပ်ကွေးဖြစ်တာ၊ ဒါပေမယ့် လူကြီးကပိုဖြစ်များတယ်။ ဝမ်းပျက်ဝမ်းလျောလည်းဖြစ်ကြတယ်” လို့ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ သာယာကုန်း စစ်ဘေးရှောင်စခန်းက စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင်အများစုဟာ စစ်ဘေးရှောင်ကာလကြာလာတာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေကြရပြီး စားမဝင်၊ အိပ်မပျော်ခြင်းတွေဖြစ်နေကြတဲ့အပြင် ရာသီတုပ်ကွေးကြောင့် နှာစေး၊ ချောင်းဆိုး၊ အဖျားတက်တဲ့ လက္ခဏာတွေ အဖြစ်များနေ ကြပြီး ကုသဖို့ ဆေးဝါးလိုအပ်ချက်တွေလည်းရှိနေတယ်လို့ ဆိုပါတယ်။ “စစ်ဘေးရှောင်အတွင်းမှာတော့  သွေးတိုးရောဂါများ တယ်၊ အသက်ငယ်ငယ်နဲ့ သွေးတိုးတာရှိတယ်” လို့ ဖရူဆိုမြို့နယ်မှာ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ ဆရာမ တစ်ဦးက လည်း ပြောပါတယ်။ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်အများစုဟာလည်း ယခုလ အတွင်း ပိုမိုဖျားနာမှုတွေ ရှိနေပြီး နှာစေး၊ ချောင်းဆိုး၊ ရာသီတုပ်ကွေးအပြင် အမျိုးသမီးအချို့ မှာလည်း သွေးတိုးရောဂါ အဖြစ်များနေကြတယ်လို့ ပြောပါတယ်။ https://www.facebook.com/photo/?fbid=663420782491164 &set=pcb.663420959157813

၆။  ကရင်အမျိုးသမီးများ နိုင်ငံရေးတွင် ပိုမိုပါဝင်လာရန် KWO ဆောင်ရွက်မည်
     July 6, 2023

ကရင်အမျိုးသမီးများ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှုများတွင် ယခင်ကထက် ပိုမိုပါဝင်လာစေရန် အကောင်အထည် ဖော်မည်ဟု ကရင်အမျိုးသမီးအစည်းအရုံး KWO က ပြောဆိုလိုက်သည်။ KWO မှ ရှစ်ကြိမ်မြောက် ညီလာခံကို ဇွန်လ ၂၉ ရက် နေ့မှ ဇူလိုင်လ ၁ ရက်နေ့အထိ ဗဟို၏ အထူးဒေသတစ်နေရာတွင် ကျင်းပခဲ့ပြီး ယင်းညီလာခံထုတ်ပြန်ချက်တွင် ပြောကြားလိုက် ခြင်းဖြစ်သည်။ ညီလာခံတွင် KWO အဖွဲ့၏ အားနည်းချက်၊ အားသာချက်များ၊ စိန်ခေါ်မှုများနှင့် လက်ရှိနိုင်ငံရေးအခြေအနေများ ကိုလည်း အဓိကထား ဆွေးနွေးခဲ့ကြောင်း ထုတ်ချက်တွင် ဖော်ပြထားသည်။ အမျိုးသမီးများ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှုများ တွင်ပါဝင်နိုင်ရေးအတွက် လူငယ်အမျိုးသမီးခေါင်းဆောင်များကိုနိုင်ငံရေးစွမ်းရည်မြှင့်တင်ပေးရမည်ဟု KWO ကဆိုသည်။  ယင်း အပြင် အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခွင့်အရေးမြှင့်တင်ခြင်း၊ ၎င်းတို့အား အကာအကွယ်ပေးနိုင်မည့် ဥပဒေနှင့် တရားမျှတမှုစနစ်များ ပိုမိုအားကောင်းနိုင်ရန် စည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်သွားမည်ဟု သိရ သည်။

ယခု ရှစ်ကြိမ်မြောက်ကျင်းပသည့် KWO ၏ ညီလာခံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မူပေါ်လစီအသစ် တစ်ခုကိုလည်း အတည်ပြုနိုင်ခဲ့ပြီး ယင်းမူအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လှုပ်ရှားနယ်မြေအတွင်းရှိ အုပ်ချုပ်ရေး ယန္တရားများ၊ အဖွဲ့အစည်းများမှ လေးစားအသိအမှတ်ပြုနိုင်ရေးကိုလည်း ဆောင်ရွက်မည်ဟု ပြောသည်။ ဇွန်လ ၂၉ ရက်နေ့က စတင်ကျင်းပခဲ့သည့် ကရင်အမျိုးသမီးအစည်းအရုံး KWO ၏ ၈ ကြိမ်မြောက်ညီလာခံကို ကော်သူးလေနယ်မြေ ခရိုင် (၇) ခုနှင့် ဒုက္ခသည်စခန်းမှ ကိုယ်စားလှယ်များနှင့် ကရင်အမျိုးသမီးလူငယ်ခေါင်းဆောင်များ စုစုပေါင်း ၁၂၅ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ ကရင်အမျိုးသမီးအစည်းအရုံး KWO ကို ကော်သူးလေနယ်မြေအတွင်း ၁၉၄၉ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က စတင်ဖွဲ့ စည်းခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တကွ စနစ်တကျပြန်လည်ဖွဲ့စည်းခဲ့သေးသည်။ ဖယ်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတွင် ပြည်သူအားလုံး ပြည့်ဝသော ကျားမတန်းတူရေး၊ ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးကို ကာကွယ်ရန်နှင့် အားပေးပံ့ပိုးရန်၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုရှိရေး မျှော်မှန်းချက်တို့ဖြင့် KWO ကို ဖွဲ့စည်းခဲ့သည်ဟု သိရသည်။ https:/ /www.facebook.com/photo/?fbid=700434582095971&set=a.682731967199566

၇။  ပုလောမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်၊ ငါးဖမ်းလှေ ၂ စီးပျက်စီး
      July 6, 2023

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပိတတ်ကျေးရွာမှာ စစ်ကောင်စီတပ်က ဇူလိုင် ၃ ရက် ည ၇ နာရီလောက်မှာ လက်နက် ကြီးနဲ့ပစ်ခတ်လို့ ငါးဖမ်းလှေငယ်နှစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဒေသခံတဦးက “အဲဒီရက်က လက်နက်ကြီးနဲ့ ခန့်မှန်းချေ ၅ ချက်လောက် ပစ်တယ်။ လှေနှစ်စီး ထိခိုက်ပျက်စီးသွားတယ်။ လူတွေတော့ ထိခိုက်တာမရှိဘူး” လို့ ပြောပါတယ်။ အဆိုပါ လက်နက်ကြီးဟာ ပိတတ်ကျေးရွာအနီးနားက တိုကျေးရွာတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကနေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရမ်းသန်းပစ်ခတ်ခဲ့တာလို့သိရပါတယ်။ ပိတတ်ကျေးရွာဟာ အိမ်ခြေ ၁၀၀ ဝန်း ကျင်ခန့်ရှိပြီး တံငါရွာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြိတ်ခရိုင်တပ်ရင်း-၁ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက “ဒီလိုဖြစ်ရပ်မျိုးရော ပြောရမယ့် စကားရောက အပ်ကြောင်း ထပ်နေပါပြီ။ စစ်ကောင်စီတပ်ကတော့ စည်းကမ်းတွေ စည်းမျဉ်းတွေ ဘာမှမရှိတော့ဘူး။ စိတ်မထင်ရင် မထင်သလို အကြောင်း ပြချက် မယ်မယ်ရရ မရှိဘဲ လူနေရပ်ကွက်တွေထဲ လက်နက်ကြီး ပစ်သွင်းတယ်။ ပြည်သူလား လက်နက်ကိုင်လား မခွဲခြားနိုင် တော့ဘူး။ ဒီလိုအဖြစ်များလာတဲ့အခါ လူတွေရဲ့စိတ်ထဲမှာ သာမန် ဖြစ်ရိုးဖြစ်စဉ်လို ထင်လာတတ်တယ်။ တကယ်က သာမန်ဖြစ် ရိုးဖြစ်စဉ်မဟုတ်ဘူး။ စကစအနေနဲ့ စစ်ရာဇဝတ်မှုကို သာမန်နေ့စဉ်လုပ်ငန်းဆောင်တာလို ထမင်းစားရေ‌သောက်လို လုပ် ဆောင်လာတာဟာ ပြည်သူတွေအနေနဲ့ အမြဲသတိရှိဖို့လိုတယ်” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်ကလည်း ပုလောမြို့နယ်၊ ကျောင်းနိမ့်ကျေးရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံတဦး လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ https://burmese.dvb.no/archive s/602608

၈။ တွန်းဇံ အုပ်ချုပ်ရေးမှူးနှင့် ပညာရေးမှူးအား ဖမ်းဝရမ်းထုတ်၊ ကန်ပက်လက် ဝန်ထမ်း ၃၀၀ ကျော်ကို အမည်ပျက်       ကြေညာ
     July 6, 2023

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်က မြို့နယ်က မြို့နယ်အုပ်ချုပ်ရေးမှုးနှင့် ပညာရေးမှူးအား CDF တွန်းဇံက ဖမ်းဝရမ်းထုတ် လိုက်ပါတယ်။ တွန်းဇံမြို့နယ် အုပ်ချုပ်ရေးမှုးနှင့် ပညာရေးမှူးတို့ဟာ စစ်ကောင်စီ လက်အောက်ခံကျောင်းတွေ မဖွင့်လှစ်ဖို့၊ ရုံးမတက်ဖို့ NUG အစိုးရရဲ့တောင်းဆိုချက်တွေကို မလိုက်နာခဲ့တဲ့အပြင် CDF တွန်းဇံနဲ့ နွေဦးတော်လှန်ရေးရဲ့ ဂုဏ် သိက္ခာကျ ဆင်းအောင် ပြောဆိုခဲ့တာတို့ကြောင့် ဖမ်းဝရမ်းထုတ်ရတာလို့ ဆိုပါတယ်။ သူတို့နှစ်ဦးဟာ ယခင်က တွန်းဇံမြို့နယ်နဲ့ ချင်းလူမျိုး တို့ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းတွေ ပြုလုပ်တဲ့အတွက် အရေးမယူခဲ့ပေမဲ့ အခုအခါ နွေဦးတော် လှန်ရေးကို ပျက်ပြားစေတဲ့ ပြောဆိုမှုတွေအတွက် ဖမ်းဝရမ်းထုတ်ခဲ့တာလို့ CDF တွန်းဇံက ထုတ်ပြန်ထားပါတယ်။ “ဖမ်းဆီးလို့မရရင် တိုက်ခိုက် သိမ်းပိုက် သည်အထိလုပ်သွားပါမယ်။ ဒီနှစ်ဦးအပြင် ကျန်တဲ့ None CDM ဆရာ/ဆရာမတွေလည်း မရပ်တန့်ရင် အကုန်လုံးကို အရေးယူ သွားမယ်” လို့ CDF တွန်းဇံ တာဝန်ရှိသူ ထန်ဆွင်းမုန်က ပြောပါတယ်။ CDF တွန်းဇံအနေနဲ့ မိမိတို့ နယ်မြေစိုးမိုးရာ တွန်းဇံမြို့နယ် အတွင်းက စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းအားလုံးကို အရေးယူသွားမယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ပညာရေးဌာနမှ ဝန်ထမ်း ၃၀၀ ကျော်ဟာ  စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေ ကြောင်း စစ်ဆေးတွေ့ရှိရတာကြောင့် အမည်ပျက် ဝန်ထမ်းတွေအဖြစ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ CDM/Non CDM စုံစမ်း စစ်ဆေး‌ရေးကော်မတီက ဇူလိုင် ၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ “Non CDM Blacklist ကြေညာရတဲ့ အကြောင်း အရင်းက ကန်ပက်လက်မြို့နယ်မှာ ရှိတဲ့ ဝန်ထမ်း အများစုဟာလေ CDM  ဝင်ပါတယ် ပြောပြီးမှ လစာ ခိုးထုတ်နေတာတွေ အများကြီးရှိတယ်။ ပြီးတော့ CDM စာရင်းဇယားကလည်း မတိကျနိုင်ဘူး။ တိကျနိုင်ဖို့ အဲရည်ရွယ် ချက်နဲ့ အခု Blacklist ကြေညာ ရခြင်း ဖြစ်ပါတယ်။ ပညာရေးအပြင် အခြား ဌာနဆိုင်ရာတွေ နောက်ထပ် Blacklist ကြေညာဖို့ ရှိပါတယ်” လို့ ကန်ပက်လက်မြို့ နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ “ကျနော်တို့ ကန်ပက်လက်မြို့နယ်မှာ ကျောင်းပေါင်း ၁၀၀ ကျော် ရှိပါတယ်။ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေး အထက ကျောင်း တကျောင်းကိုပဲ စကစက ဖွင့်နိုင်တာ ဖြစ်ပါတယ်။ ကျနော် တို့ ပအဖနဲ့ PDF ကန်ပက်လက်က ဦးစီးပြီးတော့မှ ကျေးရွာပေါင်း ၁၀၀ ကျော်မှာ ပြည်သူ့အခြေပြု စာသင်ကျောင်းတွေကို ဖွင့်လှစ်ပေးထားပါတယ်။ သူတို့က စကစနဲ့ ဆက်သွယ်ပြီး ကျောင်းတွေ၊ ကျူရှင်တွေ၊ ဝိုင်းတွေ ဖွင့်နေတာကို မဖွင့်ဖို့၊ စကစနဲ့ မဆက်သွယ်ဖို့ တားမြစ်ချက်တွေ၊ ကြေညာချက်တွေ လုပ်လျက်သားနဲ့ ဒီလိုလုပ်လာကြတဲ့အတွက် Blacklist ကြေညာရခြင်း ဖြစ်ပါတယ်” လို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ https://burmese.dvb.no /archives/602543

၉။  စစ်ကောင်စီတပ်သား ၅၀ နီးပါးကို တစ်လအတွင်း ရှင်းလင်းနိုင်ခဲ့လို့ KNDF ထုတ်ပြန်
     July 6, 2023

ပြီးခဲ့တဲ့ဇွန်လအတွင်းက ကရင်နီပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်သား ၅၀ နီးပါးကို သုတ်သင်နိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သိရပါတယ်။ ကရင်နီပြည်နယ်အတွင်းရှိ လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ရှားတောတို့မှာ တိုက်ပွဲငယ်တွေဖြစ်ပွားခဲ့ပြီး မယ်စဲ့၊ ဖားဆောင်းနဲ့ ရွာသစ်မြို့နယ်တွေမှာ ထိတွေ့တိုက်ပွဲ တွေ ပြင်းထန်ခဲ့ကာ၊ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲနဲ့ ဖယ်ခုံတို့မှာ ဖြစ်ပွားခဲ့တဲ့ထိတွေ့တိုက်ပွဲတွေအတွင်းမှာ ကျဆုံးခဲ့တာဖြစ် တယ်လို့ KNDF က ဇွန်လ တလတာ တိုက်ပွဲသတင်း အနှစ်ချုပ်ထုတ်ပြန်ရာမှာ ထည့်သွင်းဖော်ပြလာတာဖြစ်ပါတယ်။ ဇွန်လ(၅) ရက်ကစပြီး မိုးဗြဲမြို့ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး မြို့တွင်း နေရာအနှံ့တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေကို KNDF နဲ့ မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ URF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပေါင်း(၆)ကြိမ်ကျော်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်(၂၀)ကျော် သေဆုံးခဲ့ကြောင်းနဲ့ ဖယ်ခုံမြို့နယ်က နေရာတချို့မှာလည်း ထိတွေ့တိုက်ပွဲငယ်တွေ ဖြစ်ပွားခဲ့ တယ်လို့ သိရပါတယ်။

“ဇွန်လ တစ်လတာအတွင်း ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်(၅၀)နီးပါးအား မိမိတို့တပ်ပေါင်းစုများမှ သုတ်သင်နိုင်ခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီမှ နေ့စဉ်နီးပါး လေကြောင်းပစ်ကူများ နှင့် လက်နက်ကြီးပစ်ကူများအား အလွန်အကျွံအသုံးပြု တိုက်ခိုက်ခဲ့ပါသည်”လို့ KNDF က ဆိုပါတယ်။ ဒါ့အပြင် လွိုင်ကော်မြို့နယ်မှာ တိုက်ပွဲ(၇) ကြိမ်၊ ရှားတော မြို့နယ်မှာ (၁)ကြိမ်၊ ဖရူဆိုမြို့နယ်မှာ (၄)ကြိမ်နဲ့ ဒီးမော့ဆိုမြို့နယ်မှာ (၅)ကြိမ်ခန့်အထိ ထိတွေ့တိုက်ပွဲငယ်တွေ ဖြစ်ပွားခဲ့ပြီး ဇွန်လ(၁၃)ရက်ကစပြီး  မယ်စဲ့မြို့နယ်အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ်က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ BP-13 စခန်း၊ BP-14 စခန်း၊ BP-15 ရှိ မယ်တနွယ် တပ်စခန်း၊ BP-16 ရှိ တောင်လှတပ်စခန်းတို့နဲ့မယ်စဲ့မြို့မရဲစခန်း၊ ဗျူဟာကုန်းတပ်စခန်းတို့ကို KA ၊ ကလလတ၊ KNDFနဲ့အတူ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုတွေ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တာကြောင့် စစ်ကောင်စီ လက်နက်ကြီး၊ ငယ်တွေနဲ့ ခဲယမ်းမီးကျောက် အမြောက်အများတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ ဇွန်လတိုက်ပွဲတွေ အတွင်းမှာ KNDF/B-03 ရဲဘော်၂ ဦးနဲ့ KNDF/CDM ဌာနက ရဲဘော်တစ်ဦးတို့ ကျဆုံးခဲ့ပြီး အရပ်သားပြည်သူ ၃၃ ဦးသေဆုံးခဲ့ရ သလို အဲ့ဒီသေဆုံးသူတွေထဲမှာ မိုးဗြဲမြို့ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်စဉ်မှာ အကြောင်းမဲ့သတ်ဖြတ်ခဲ့တဲ့ အမျိုးသား(၂၀)ဦး၊ အမျိုးသမီး(၃)ဦးနဲ့ အသက်(၁၀)နှစ်ဝန်းကျင် ကလေးငယ်တစ်ဦးတို့လည်းပါဝင်တယ်လို့ သိရပါတယ်။ https://www.facebook.com /photo/?fbid=654693990032627&set=a.477257417776286

၁၀။  ဖမ်းဆီးခံရတဲ့ကျောင်းဆရာမ ၃ ဦးကို PDF Zoland မှ ပြန်လည် လွှတ်ပေး
       July 6, 2023

ဇူလိုင်လ ၆ ရက်နေ့မှာ PDF Zoland အဖွဲ့မှ ဖမ်းဆီးခဲ့တဲ့ တီးတိန်မြို့နယ် ဆူဇန်ရွာက ကျောင်း ဆရာမ ၃ ဦးကို နေအိမ် များသို့ ပို့ဆောင်ပြီး ပြန်လည် လွှတ်ပေး လိုက်ပြီ ဖြစ်ကြောင်း PDF Zoland ၏ ထုတ်ပြန်ချက်များ အရ သိရှိရပြီး ကျေးရွာ ဒေသခံ များမှလည်း အတည်ပြုခဲ့ပါတယ်။ ထုတ်ပြန်ချက်ကို တီးတိန်ဘာသာစကားဖြင့် ရေးသားထားပြီး ဇူလိုင် ၁ရက်နေ့တွင် Tedim Education Board အဖွဲ့သည် ဆူဇန်ရွာသို့ သွားရောက်စဉ် Non-CDM ဆရာမများမှ SAC ၏ကျောင်းများ ဖွင့်ထားကြောင်း တွေ့ခဲ့ ရသည့်အတွက် PDF Zoland နှင့် People Police Force Zoland (PPF Zoland) တို့မှ တိုင်ပင် ဆွေးနွေးမှုများ ပြုလုပ်ရန် ဆုံးဖြတ်ထားခဲ့ရကြောင်း၊ ယင်း အစီအစဉ်ကို သိရှိသည့်အတွက် စာသင်ကျောင်းတွင် မသင်ရဲတော့ဘဲ ဘုရားကျောင်းကို ခတ္တ ငှားရမ်းခြင်းဖြစ်ကြောင်း၊ ဇူလိုင်လ ၄ ရက်နေ့တွင် ယင်း ဆရာမ သုံးဦးကို PDF/PPF Zoland တို့မှ  ခေါ်ဆောင်ခဲ့ရကြောင်း ယင်း သတင်းထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။ ရပ်မိရပ်ဖ တစ်ဉီးကမူ- ဇူလိုင် ၁ ရက်နေ့သည် စနေနေ့ ဖြစ်ပြီး ကျောင်းပိတ်ရက် ဖြစ် ကြောင်း၊ ဆူဇန်ရွာသည် ရွာငယ်လေး တစ်ခုသာဖြစ်သည့်အတွက် စာသင်ပေးမည့် ဆရာ/ဆရာမများ ဆက်လက် ငှားရမ်းရန် မတတ်နိုင်တော့ဘဲ တခြားကျောင်းများသို့လည်း ပို့ဆောင်နိုင်ခြင်းမရှိသည့်အတွက် ကျောင်းကိုမဖွင့်စေဘဲ နှစ်ခြင်းဘုရား ကျောင်း အဆောက်အအုံ ဟောင်းတွင် စာသင်ပေးရန် အဆိုပါ ဆရာမများကို ရပ်မိရပ်ဖမှ အကူအညီ တောင်းခံခြင်းဖြစ်ကြောင်း၊ ဆရာမများကို လည်းကောင်း ရပ်မိရပ်ဖကို လည်းကောင်း ကြိုတင် သတိ ပေးထားခဲ့ပါက သူတို့ နှင့် ညှိနှိုင်းခြင်း ဖြစ်စေ၊ သူတို့၏ သဘောထားများအား လိုက်လျောခြင်းကိုဖြစ်စေ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း- ပြောကြားခဲ့ပါတယ်။

မှာကြားသင့်တာ အားလုံးကိုမှာကြားခဲ့ပြီး ဆရာမ သုံးဦးကို နေအိမ်သို့ လုံခြုံကျန်းမာစွာဖြင့် ဇူလိုင် ၅ ရက်နေ့တွင် ပြန် လည်ပို့ဆောင်ခဲ့ကြောင်း- PDF Zoland ၏ Social Media စာမျက်နှာများတွင် ဖော်ပြသည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ ပါတယ်။ SAC၏ ကျောင်းများ ဖွင့်ရန် ကြိုးစားနေသည့် ဒေသအတွင်း ရှိ Non CDM ဆရာ ဆရာမ များကို online/ offline ဖြင့် ဆက်သွယ် စကားပြောခဲ့ပြီး ဖြစ်ကြောင်း၊ SAC ၏ လက်ကိုင်တုတ်အဖြစ်မနေတော့ဘဲ ကလေးများ၏ ပညာသင်ကြားရေး အတွက် လူထုမှ စီစဉ်ထားသည့် ပညာသင်ကြားရေးများတွင် ပူးပေါင်းပေးရန်မပြတ် ဆွေးနွေးပေးခဲ့ကြောင်း၊ တချို့ ကျေးရွာများ တွင် လည်း SAC နှင့် အဆက်အသွယ် ပြုလုပ်ပြီး ကျောင်းများကို လျို့ဝှက်ပြီး ကြိုးစား ဖွင့်လှစ်နေသည်ကို သိရှိရသည့် အတွက် ရပ်တန့်ပေးကြရန် အကြောင်းကြားပါကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားပါတယ်။ https://www .facebook.com/photo/?fbid=666480788847 589&set=a.273500801478925

၁၁။  တနိုင်းတွင် စစ်ကောင်စီတပ်က လမ်းပိတ်ထားသောကြောင့် ဒေသခံပြည်သူများအခက်တွေ့
      July 6, 2023

စစ်ကောင်စီတပ်က တစ်လခန့်ကြာ လမ်းပိတ်ထားသောကြောင့် ရှင်ဗွေယန်မြို့နယ်ခွဲရှိ ကျေးရွာအချို့မှ ဒေသခံပြည်သူ များ စားဝတ်နေရေးအတွက် အခက်အခဲကြုံနေရကြောင်း သိရသည်။ နာဂတပ်ဖွဲ့က အခွန်ဂိတ် အသစ်ဆောက်လုပ်လာသော ကြောင့်ဟုဆိုကာ ခလုံးကျေးရွာ၊ တလူးကျေးရွာနှင့် ရွှေမှော်များသို့ အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ရေလမ်းကို ပိတ် လိုက်ခြင်းဖြစ်သည်ဟု စက်လှေမောင်းနှင်သူတစ်ဦးက ပြောသည်။ “ခလုံးလှေဆိပ်အောက်နားလေးမှာ ဂိတ်တစ်ခုပြန်တိုးလာလို့ အဲ့ဒါရှင်းလင်းနေလို့ ဖြတ်လို့မရဆိုပြီး တလူးမှာထိုင်တဲ့ စစ်တပ်တွေရေလမ်းကြောင်းပိတ်ထားတယ်လို့ပြောတယ်” ဟုပြော သည်။ စစ်ကောင်စီတပ်က ရေလမ်းသာရှိသောကျေးရွာများနှင့် မှော်များသို့ စက်လှေဖြင့် ကုန်ပစ္စည်းပို့ဆောင်ခြင်းနှင့် ခရီးသွား ခွင့် ပိတ်ပင်ထားသောကြောင့် ဒေသခံပြည်သူများအပြင် စက်လှေသမားများလည်း စားဝတ်နေရေးအတွက် အခက်အခဲကြုံတွေ့ နေရခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

တနိုင်း – တလူး ရေလမ်းကြောင်းသည် တလူးကျေးရွာ၊ တုံမဏီ၊ ဝေဘီခူး၊ ခမံစီ၊ မှော်ဝမ်းပလန်၊ ဒိုက်စီး၊ ပန်ကာမှော် စသည့် ရွှေမှော်များနှင့် နာဂကျေးရွာများသို့ အခြေခံစားသောက်ကုန်များ ပို့ဆောင်ရာတွင် အဓိက အသုံးပြုသောလမ်းဖြစ်သည်။ အဆိုပါနာဂတပ်များက ၂၀၁၉ ခုနှစ်အစောပိုင်းတွင် ဒေသအခေါ် နာဆိုင်ဟူသောနေရာတွင် အခြေချကာ အခွန်ကောက်ခံခဲ့သော် လည်း ကိုဗစ် ၁၉ ရောဂါကာလတွင် ရပ်နားခဲ့ပြီး ယခုနှစ် မေလမှစတင်ကာ ဂိတ်စခန်း  ဆောက်လုပ်လာခြင်းဖြစ်ကြောင်း ဒေသခံ များထံကသိရသည်။ စစ်ကောင်စီတပ်က ခေါင်းစဉ်အမျိုးမျိုးဖြင့် ယခုကဲ့သို့ ရေလမ်းကြောင်းပိတ်ဆို့လေ့ရှိပြီး နိုင်ငံရေးမတည် ငြိမ်သည့် ကာလတွင် လုပ်ကိုင်စားသောက်နေရသော ပြည်သူများကို ပုံမှန်သွားလာခွင့်ပြုစေလိုကြောင်း ရှင်ဗွေယန်မြို့နေ ရပ်မိ ရပ်ဖတစ်ဦးကပြောသည်။လက်ရှိ ရွှေမှော်များတွင် ငွေတိုးဆန်တစ်အိတ်လျင် ကျပ်တစ်သိန်းခွဲ၊ ပေါ်ဆန်မွှေးတစ်အိတ် နှစ်သိန်း ကျပ်ခန့်နှင့် စက်သုံးဆီတစ်ပေပါလျင် ကျပ်ဆယ်သိန်းကျော်အထိ ဈေးနှုန်းမြင့်တက်နေပြီး အကန့်အသတ်ဖြင့်သာ ရောင်းချပေး နေကြောင်းသိရသည်။  https://www.fac ebook.com/photo/?fbid=588291483498524&set=a.535867405407599

၁၂။  ALP တပ်ဖွဲ့ဝင်တွေ လုပ်ကြံခံရမှုကြောင့် ရခိုင်ပြည်နယ် စစ်ရေးတင်းမာလာနိုင်လား
      July 6, 2023

စစ်ကောင်စီနဲ့ပူးပေါင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) ရဲ့ ဒုဥက္ကဋ္ဌ အပါအဝင်၊ တပ်ရင်းမှူးတစ်ဦးနဲ့ တပ်သားတစ်ဦး ဇူလိုင်လ ၁ ရက်နေ့က လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာဟာ ULA/ AA ကလုပ်တာ ဖြစ်တယ်လို့ ALP က စွပ်စွဲထားပါတယ်။ ဒါ့အပြင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ALP ရဲ့ စစ်ဦးစီးချုပ်အပါအဝင် တပ်ဖွဲ့ဝင် သုံးဦးကို လည်း ULA/ AA က စစ်တွေမြို့ပေါ်မှာ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ALP ကစွပ်စွဲခဲ့ဖူးပါတယ်။ ဒီအပေါ်မှာ ရခိုင့်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ALP အဖွဲ့ဝင်တွေ သတ်ဖြတ်ခံရတာ AA နဲ့ ပတ်သက်မှု မရှိဘူးလို့ ပြောပါတယ်။ ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မဖြေလိုကြောင်း ပြောပါတယ်။ “အန်တီပြောရင် နာနာကျင်ကျင် ဖြစ်မယ် အန်တီမပြောချင်လို့ သည်းခံနေတာ” နှစ်ဖက်အဖွဲ့အစည်းအကြား ပြန်လည်စွပ်စွဲ ပြောဆိုမှုတွေ ရှိနေကြတာပါ။ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ ALP ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဗိုလ်မှူး ခိုင်သူရိန်ကတော့ ရခိုင်အချင်းချင်း သတ်ဖြတ်နေကြမယ်ဆိုရင် ရခိုင်ပြည်နယ်ရဲ့ အကျိုးစီးပွား ဆုတ်ယုတ်စေမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီနဲ့ ALP တို့ပူးပေါင်းတဲ့ အခြေအနေရှိတဲ့အတွက် ULA/ AA နဲ့ စစ်ရေး တင်းမာ တဲ့ အနေအထားမှာ ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လို့တဲ့ ရခိုင်ပြည်နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။ “ALP နဲ့ ပတ်သက်ပြီး ကြားနေရတာက စစ်ကောင်စီနဲ့ပေါ့နော် နယ်ခြားစောင့် BGF အနေနဲ့ တာဝန်ယူမယ်ဆိုတဲ့ အနေအထားတွေကို ပြည်သူတွေကြားမှာ ကြားနေရတာတွေ ရှိတယ်ပေါ့နော် ALP ကနေပြီးတော့ သူတို့ အခြေစိုက်ထားတဲ့ နေရာတွေမှာ ထပ်ပြီး ဩဇာလွှမ်းမိုးမှု သူရဲ့ နယ်မြေဧရိယာထပ်ပြီး တိုးချဲ့လာတာကို တွေ့ရတယ်ပေါ့နော် တစ်ဘက်မှာလည်း ULA/AA ဘက်ကလည်း ဒီဟာကို ပြန်ပြီး တန်ပြန်ထိန်းချုပ်တဲ့ဟာတွေ ရှိတဲ့အခါကျတော့ အပြန်အလှန် အခုအချိန်မှာ တင်းမာမှုတွေတွေ့ရတယ် တင်းမာ မှုတွေလည်း ထပ်ပြီး ရှိလာမယ်လို့လည်း တွေ့တယ်ပေါ့နော် စကစဘက်နဲ့ ULA/AA နဲ့ ကြည့်လိုက်လို့ရှိရင် လောလောဆယ် အနေအထားမှာတော့ နှစ်ဖက်စလုံးကတော့ အသင့်အနေအထားမှာ ရှိတယ်ပေါ့နော်။” ALP အနေနဲ့ စစ်ကောင်စီလက်အောက်ခံ BGF အဖြစ် ဆောင်ရွက်မယ်ဆိုတဲ့ ဒေသခံရဲ့ ပြောဆိုမှု အပေါ်မှာတော့ ALP က ငြင်းဆိုပါတယ်။ ရခိုင်တိုင်းရင်းသား လက်နက် ကိုင်တွေအနေနဲ့ နိုင်ငံရေးဆန္ဒ မပြည့်ဝဘူးဆိုရင်တော့ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်း က ပြောပါတယ်။ ရခိုင်ပြည်နယ်က နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ အခြေအနေကတော့ အတူတူပဲ ဖြစ်တယ်လို့ နိုင်ငံရေး စစ်ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။ https://www.rfa.org/bu rmese/program_2/rakhaing-alp-aa-07062023170447.html

၁၃။  ရွှေကူမြို့နယ် ရွာသုံးရွာက နေအိမ် တစ်ရာနီးပါး မီးရှို့ဖျက်ဆီးခံရ
       July 6, 2023

ကချင်ပြည်နယ် ရွှေကူမြို့နယ်ထဲက သပြေလှ၊ ချောင်း၀နဲ့ ဘိုကုန်းရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဇူလိုင်လ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ မီးရှို့ဖျက်ဆီးခဲ့လို့ သုံးရွာပေါင်းက နေအိမ် တစ်ရာနီးပါး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။ အင်အား နှစ်ရာကျော်ပါတဲ့ ခြေလျင်တပ်ရင်း ခလရ – ၇၇ နဲ့ ခလရ-၁၀ တပ်တွေက စစ်ကြောင်းနှစ် ကြောင်းခွဲပြီး ဇူလိုင်လ ၃ ရက်နေ့ကတည်းက ရွှေကူမြို့နယ်ထဲကို စစ်ကြောင်းထိုးခဲ့တာလို့ ဆိုပါတယ်။ ဇူလိုင်လ ၄ ရက်နေ့မှာ တော့ ဘိုကုန်းရွာနဲ့ ချောင်းဝရွာတို့ကို မီးရှို့ခဲ့ပြီး သပြေလှရွာကိုတော့ ဇူလိုင် ၅ ရက်နေ့က မီးရှို့ခဲ့တာလို့ အမည်မဖော်လိုတဲ့ ရွှေကူမြို့နယ်က ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “စစ်ကြောင်းက ဘိုကုန်းရွာမှာ စခန်းချနေတယ်။ အဲဒီကနေ ဘေးရွာတွေကို သွားလိုက် နေအိမ်တွေကို မီးရှို့လိုက် ညနေကျ ဘိုကုန်းရွာကို ပြန်ဝင် အဲဒီလိုလုပ်နေတာ ဟုတ်တယ်။ သူတို့ရှိနေ တော့ ဖုန်းရော၊ အင်တာနက်ရော အဲဒီဘက်တွေ လိုင်းဖြတ်ခံထားရတယ်။ မြေပြင်အခြေအနေမှာတော့ မီးခိုးထွက်တာပဲ လိုက် ကြည့်နေရတော့ နေအိမ်မီးရှို့ခံရတာ တစ်ရာထက်လည်း ပိုနိုင်ပါတယ်” ဇူလိုင်လ ၆ ရက်နေ့ ဒီနေ့မှာတော့ ချောင်းဝရွာဘက်ကို စစ်ကြောင်းတွေ ဝင်သွားပေမယ့် နေအိမ်တွေကို မီးရှို့၊ မရှို့ကိုတော့ အတိအကျ မသိရသေးဘူးလို့ သူကဆိုပါတယ်။

စစ်ကြောင်းထိုးလာတာကြောင့် အရပ်သား နှစ်ထောင်ကျော်လည်း ရွှေကူမြို့ပေါ်နဲ့ နီးစပ်ရာ ရွာတွေကို ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ၂၀၂၃ ခုနှစ် မတ်လနဲ့ ဧပြီလတုန်းကလည်း အင်အား တစ်ရာကျော်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းက စီသောင်၊ မံခါးနဲ့ စီမော်ရွာ စတဲ့ ရွာပေါင်း ၁၂ ရွာက နေအိမ် တစ်ထောင်နီးပါးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကချင်ပြည်နယ်ထဲမှာ ဇူလိုင်လဆန်းပိုင်းကစလို့ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၃) နယ်မြေ ဝိုင်းမော်-ကံပိုင်တည် လမ်းမ ပေါ်မှာလည်း စစ်ကောင်စီတပ်နဲ့ KIA တို့ တိုက်ပွဲပြင်းထန်နေသလို KIA ဌာနချုပ် လိုင်ဇာအနီးက မန်ဆန်ယန်ရွာမှာလည်း တိုက်ပွဲ တွေ ဆက်ဖြစ်နေပါတယ်။ https://www.rfa.org/burmese/news/shwe gu-fire-07062023064650.html

၁၄။  နာဂလက်နက်ကိုင်ဌာနချုပ်ဘက်ကို စစ်တပ်က စက်သုံးဆီနဲ့ဆန်တင်ပို့ခွင့်ပိတ်ထား၍ စျေးအဆမတန်မြင့်တက်
       July 6, 2023

စစ်ကိုင်းတိုင်း နန်းယွန်းမြို့နယ် နာဂလက်နက်ကိုင်တပ်ဌာနချုပ်ရှိတဲ့ဘက်ကို စစ်ကောင်စီတပ်က ဆန်နဲ့ စက်သုံးဆီ သယ်ယူခွင့်ကို ပိတ်ထားသောကြောင့် ဆန်နဲ့ဆီစျေးတွေအဆမတန် မြင့်တက်နေတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။ ပုံမှန် အားဖြင့် တလူးကျေးရွာနဲ့ တကားကျေးရွာဘက်ကို ဆန်နဲ့စက်သုံးဆီတင်ပို့ရာမှာ တနိုင်းချောင်းကိုအသုံးပြုလျက်ရှိပြီး လက်ရှိ တလူးမှာထိုင်ထားတဲ့ စစ်ကောင်စီတပ်က အဲ့ဒီရေကြောင်းလမ်းကနေဆန်နဲ့ စက်သုံးဆီသယ်ယူခွင့်ကိုပိတ်လိုက်တာကြောင့် တလူး၊ တကားကျေးရွာဘက်တွေမှာ စျေးတွေအဆမတန်မြင့်တက်နေတယ်လို့ ဆန်နဲ့ စက်သုံးဆီတင်သွင်းတဲ့ တလူးကျေးရွာနေ အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။ “ပိတ်တာက ခလုံးရေဆိပ်ကနေပိတ်လိုက်တာ ခရီးသည်တွေကတော့ ပုံမှန်သွားခိုင်း တယ်လေး တခြားကုန်လည်းရတယ်။ ဆန်နဲ့ စက်သုံးဆီတွေကိုပိတ်တာ သယ်လို့မရဘူး။ ခလုံးရေဆိပ်နဲ့ အဲ့ဒီတလူးနဲ့ တကား ကြားပိတ် တာပေါ့ ရက်ပေါင်း ၂၀ လောက်ရှိပြီပိတ်ထားတာ”လို့ ပြောပါတယ်။

လက်ရှိရေကြောင်းပိတ်လိုက်တာကြောင့် စက်သုံးဆီနဲ့ ဆန်တို့ကို ခန္တီး၊လဟယ်ဘက်ကနေ ကုန်းကြောင်းနဲ့တင်သွင်း နေရပေမယ့် လမ်းပမ်းဆက်သွယ်ရေးခက်ခဲတာကြောင့် ဆန်တအိတ်မှာ ငွေကျပ် ၁၅၀၀၀၀၊ စက်သုံးဆီတစ်ပေပါမှာ ကျပ် ၁၄၀၀၀၀၀ ဝန်းကျင်အထိ စျေးတက်နေတယ်လို့ တလူးကျေးရွာဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “တလူးတကားဘက်ကိုက ဆန်၊ ဆီ၊ ဆားကအစ ခလုံးရေဆိပ်လမ်းနဲ့ပဲလာတာလေး နီးလေးနီးတယ် ဟိုးခန္တီးတို့ဘက်ကတော့ ကားလမ်းကောင်းကောင်း မှ မရှိတာဝေးလေးဝေးတယ် အဲ့ကြောင့်အဲ့လမ်းကြောင်းနဲ့က ကုန်တွေလာဖို့မလွယ်ဘူး အဲ့ကြောင့်စျေးတက်နေတာ”လို့ ပြောပါ တယ်။ တလူး၊တကားဘက်က ဒေသခံတွေဟာ တောင်ယာနှင့်လယ်စပါးကိုအဓိအားထားကြလို့ အခက်အခဲသိပ်မရှိပေမယ့် စီးပွားရေးလုပ်ငန်းရှင်တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ နာဂလက်နက်ကိုင် တပ်ဖွဲ့တွေကတော့ တနိုင်းဘက်က ရေကြောင်းနဲ့ တင်ပို့ တဲ့ ဆန်၊စက်သုံးဆီကိုအဓိက အားထားနေရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ရေကြောင်းမပိတ်ခင်မှာတော့ တလူး၊ တကားဘက်မှာ ဆန်တစ်အိတ်ကျပ် ၁၂၅၀၀၀ ဝန်ကျင်းနဲ့ စက်သုံးဆီတစ်ပေပါ ကျပ် ၁၂၀၀၀၀၀ နဲ့ ၁၃သိန်း ဝန်ကျင်အထိသာရှိခဲ့ တယ်လို့သိရပါတယ်။ https://burmese.kachinnews. com/2023/07/06/az1-224/

၁၅။  ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်
       July 7, 2023

ဒီကနေ့ ( ဇူလှိုင်လ ၇ ရက်နေ့ ) မနက် (၄)နာရီခွဲ ဝန်းကျင်အချိန်မှာ စစ်ကောင်စီက တိုက်လေယာဥ်နဲ့ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းကို ကျေးရွာ တစ်ရွာကို ဗုံးသီးဖြင့် ပစ်ချခဲ့လို့ နေအိမ်တစ်လုံး မီးလောင်ပျက်စီပြီး ပြာကျသွားခဲ့ တယ်လို့ သိရပါတယ်။ “ဒီမနက် လေယာဥ်ကလာတာတော့ (၄) နာရီခွဲပေ့ါ။ သူ ဟိုး….အောက်ကရွာကို ဖြတ်သွားပြီး ရွာနဲ့ နည်းနည်းဝေးတဲ့ နေရာမှာသွားဝဲပြီးတော့ (၅) နာရီလောက်မှာ လာကြဲသွားတယ်။ အိမ်ကတော့ လောင်သွားတယ်။ ပြာကျသွား တယ်။ အိမ်ကတော့ ဘာမှတော့ ရစရာမရှိတော့ပါဘူး” လို့ ဒေသခံအမျိုးသား တစ်ဦးက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်တွေ မကြာခဏ ပျံသန်းနေတယ်လို့ ဒေသခံတွေက ဆက် ပြောပါတယ်။ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းဟာ တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့နေရာတွေ ဖြစ်ပြီး ဒေသခံနဲ့ တိုက်ပွဲဖြစ်ပွားတဲ့ ဒေသက လာရောက်တိမ်းရှောင်ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေသာ နေထိုင်တဲ့နေရာတွေ ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ဖရူဆိုမြို့နယ်အနောက်ဘက် ခြမ်းကို စစ်ကောင်စီက လေယာဉ်နဲ့ သုံးရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင် ခြင်းမရှိသေးသလို ဒေသခံတွေကလည်း ကျေးရွာထဲကို ပြန်လာမနေရဲသေးတာကြောင့် တောတောင်ထဲ ခိုလှုံနေကြရပြီး ကလေး အများစုဟာ ဖျားနာနေကြတဲ့အတွက် ဆေးဝါးနဲ့ မိုးကာတွေ လိုအပ်လျှက် ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ https://www.ka ntarawaddytimes.org/%e1%80%96%e1% 80%9b%e1%80%b0%e1%80%86%e1%80%ad%e1%80

၁၆။   ခေါဇာမြို့နယ်ခွဲရှိ ဆက်သွယ်ရေးတာဝါတိုင်စခန်းကုန်းအား ဒေသကာကွယ်ရေးတပ်များ စီးနင်းသိမ်းပိုက်
       July 7, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲအပိုင် (၁၄)မိုင်ကျေးရွာအနောက်ဘက်ရှိ စစ်ကောင်စီပိုင် ဆက်သွယ်ရေး တာဝါတိုင်စခန်းကုန်းအား ၂၀၂၃ ခုနှစ် ဇူလိုင်လ (၆)ရက်နေ့ ညပိုင်းတွင် ဒေသကာကွယ်ရေးတပ်များက စီးနင်းသိမ်းပိုက်ခဲ့ ကြောင်းသိရသည်။ အရာရှိဦးစီးအင်အား(၁၀)ဦးရှိသည့် စစ်ကောင်စီပိုင် ဆက်သွယ်ရေးတာဝါတိုင်စခန်းကုန်းအား တပ် ရင်း (၂၇)၊ တပ်ခွဲ(၂)နှင့် YGF- ရေးပြောက်ကျားတပ်ဖွဲ့ ပူပေါင်းစစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်ဝင် ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းသို့ ဝင်ရောက်စီးနင်းမှုတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သော်လည်း စစ်ကောင်စီ တပ်သားများ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ အဆိုပါစခန်းမှ ရှေ့ထွက် မိုင်း (၃)လုံး၊ ကပ်သီး(၁၈)ခု၊ M-16 ကျည် (၂၁၈)တောင့်၊ ၄၀ မမ ကျည် (၂၀)လုံး၊ လက်ပစ်ဗုံး (၂၀)လုံး၊ ကျည်ဘောက် (၁၀)ခု၊ အီကွေမင့် (၂)စုံ၊ မှတ်ပုံတင်(၂)ခု၊ ဖုန်း(၃)လုံး၊ ယူနီဖောင်းတစ်စုံ(တပ်သားအဆင့်)တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။ ထို့နောက် စစ်ကောင်စီပိုင်ဆက်သွယ်ရေးတာဝါတိုင်(Micro Wave)အား မီးရှို့ဖျက်ဆီးခဲ့ပြီး ပြန်လည်ဆုတ်ခွာခဲ့ကြောင်း Ye Guerrilla Force ထံမှ သိရသည်။ https://www.facebook.com /photo/?fbid=660288019477852&set=pcb.6602881628 11171

၁၇။  မြောက်ပိုင်းသုံးဖွဲ့၏ ထုတ်ပြန်ချက် တရုတ်လွှမ်းမိုးမှု ပါသည်ဟု သုံးသပ်
       July 6, 2023

နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံသော စီမံကိန်းများအား နှောင့်ယှက်ဖျက်ဆီးသူများကို ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်သည် တရုတ်လွှမ်းမိုးမှု ပါသည်ဟု သုံးသပ်မှုများရှိ သည်။ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)၊ ပလောင်ပြည်နယ်လွတ် မြောက်ရေး တပ်ဦး (PSLF/TNLA)နှင့် မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP/ MNDAA) တို့သည် ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ပူးတွဲထုတ်ပြန် ကြေညာချက်တစ်စောင်ကို ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်က ထုတ်ပြန်ခဲ့ပြီး ထိုအထဲတွင် အချက် ၈ ချက် ပါဝင်နေကြောင်း သိရသည်။ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူလူထု တစ်ရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရေးဟူသည့် မွန်မြတ်သော တာဝန်ဝတ္တရားကို ကျေပွန်စွာ ထမ်းဆောင်ရန်အတွက် ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် မိမိတို့၏ ထိန်းချုပ်နယ်မြေများနှင့် လှုပ်ရှားနယ်မြေများအတွင်း၌ အကြမ်းဖက် တိုက်ဖျက်ရေးနှင့် ရာဇဝတ်မှုကျူးလွန်သည့်လုပ်ရပ်များအား ချေမှုန်းရေးလုပ်ငန်းများကို ပိုမိုတိုးတက်ကောင်းမွန် ရန်အတွက် တက်တက်ကြွကြွနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် သဘောထားထုတ်ပြန်ခြင်း ဖြစ်သည်ဟုလည်း သိရသည်။ “အဲဒီဒေသဘက်မှာ အများဆုံးမြှုပ်နှံနေတာကတော့ တရုတ်ပေါ့။ တရုတ်ရဲ့ ပရောဂျက်တွေ အများကြီးရှိတယ်လို့ ကျွန်တော်တို့ သိရတယ်။ အဲလိုမျိုးဟာတွေ ရှိနေတဲ့အချိန်မှာ ထုတ်ပြန်တယ်ဆိုတော့ တရုတ်ရဲ့ လွှမ်းမိုးမှု ပါတယ်လို့ ယူဆလို့ ရတယ်။ ပြီးတော့ အဲဒီဒေသမှာရှိတဲ့ ပရောဂျက်တွေရဲ့ အကျိုးသက်ရောက်မှုပေါ်မှာ သူတို့ ယူဆပြီးတော့ ဒါကို အကာအကွယ် ပေးဖို့လည်း စဉ်းစားထားပုံ ရတယ်လို့ မြင်မိတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုး က ပြောသည်။

အဆိုပါအချက် ၈ ချက်ထဲတွင် နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံသော စီမံကိန်းများအား နှောင့်ယှက်ဖျက်ဆီးသူ များကို ထိရောက်စွာအရေးယူဆောင်ရွက်သွားဖြစ်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (သို့မဟုတ်) ပုဂ္ဂိုလ်များအပေါ် အနှောင့် အယှက်ပေးခြင်း၊ ဆက်ကြေးတောင်းခြင်း စသည့်ပြစ်မှုများ ကျူးလွန်သူ မည်သူ့ကိုမဆို ဥပဒေအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်းပါဝင်သည်။ “အခုလက်ရှိ အခြေအနေမှာ အဲဒီလိုမျိုး ပရောဂျက်တွေ လုပ်ဖို့အတွက်က ဆန္ဒရှိနေပေမယ့် မြန်မာ နိုင်ငံမှာ မတည်ငြိမ်တဲ့ နိုင်ငံရေးအရ ဖြစ်ပျက်မှုတွေကြောင့်မို့ သူတို့ ဒီပရောဂျက်တွေ ကြန့်ကြာမှုတွေ ဖြစ်နေတယ်ဆိုတာလည်း သူတို့နားလည်တယ်။ အဲအတွက်ကြောင့်မို့လို့ ဒီဟာတွေကို ပြန်စနိုင်ဖို့အတွက်၊ နောက်မြန်မာနိုင်ငံ ပြည်တွင်းရေးကိစ္စ၊ အဲဒါနိုင်ငံ ရေးအရ အဖြေရှာလို့ မရဘူးဆိုရင် တဖက်က စီးပွါးရေး၊ လူမှုရေး ချိတ်ဆက်မှုအရ သူတို့အဖြေရှာလို့ ရမလားဆိုတဲ့ဟာလည်း စဉ်းစားနေကြပုံရတယ်။ အဲဒါတွေကြောင့်မို့ ဒီလိုမျိုးဖြစ်တယ်လို့ယူဆလို့ရပါတယ်”ဟု ဒေါက်တာစိုင်းကြည်ဇင်စိုး ကပြောသည်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုဟု ပြောထားသည့်အတွက် တရုတ်ကိုသာ ရည်ရွယ်ခြင်းမဟုတ်ကြောင်း၊ အခြားရင်းနှီးမြှုပ်နှံမှုများ လည်း ရှိကောင်းရှိနိုင်ကာ ထိုရင်းနှီးမြုပ်မှုများကို ဖျက်လို ဖျက်ဆီးလုပ်သူသည် အာဏာသိမ်း စစ်ကောင်စီလည်း ဖြစ်နိုင်သလို မကျေနပ်ချက်အရ လုပ်ဆောင်နေသော PDF အဖွဲ့များလည်း ဖြစ်နိုင်ကြောင်း ရခိုင်ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်း က ပြော သည်။ “ဒါကြောင့် ဒီကိစ္စအပေါ်မှာတော့ သူတို့ဘက်က ဘာပဲပြောပြော ဒီလိုပြောခြင်းဟာ နိုင်ငံတကာ အကူအညီ အထောက် အပံ့တွေ၊ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေကို ပြည်တွင်းထဲမှာပေါ့နော်။ အနှောင့်အယှက်မဖြစ်စေချင်တဲ့ သဘောလို့ ကျွန်တော်တို့ ယူဆလို့ရတယ်။ တရုတ်အပါအဝင် အခြားရင်းနှီးမြုပ်နှံတဲ့ သူတွေကိုလည်း ပြောတာဖြစ်ပါလိမ့်မယ်။ ဘာပဲပြောပြော သူတို့ အနေနဲ့ ဒေသရဲ့အကျိုးအတွက်ဖြစ်စေ၊ ရေရှည်အကျိုးအတွက်ဖြစ်စေ၊ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ဖြစ်စေ ဒီလိုထုတ် ပြန်တယ်လို့ပဲ ကျွန်တော်နားလည်ပါတယ်”ဟု ၎င်းက ပြောသည်။ https://www.facebook.com/photo/?fbid=6013894 32130080&set=a .583120797290277

၁၈။  ကျေးရွာ ၃ ရွာက နေရပ်ပြန်ပြည်သူတွေအတွက် ဆေးဝါးကူညီထောက်ပံ့မှုလိုအပ်နေ
       July 7, 2023

မြစ်ကြီးနား- ဗန်းမော် လမ်းပေါ် မှာရှိတဲ့ ဝိုင်းမော်မြို့နယ် ဂါးရာယာန်၊ ကဇူး၊ ဒဘတ် ကျေးရွာက နေရပ်ပြန်ပြည်သူ တွေဟာ ပြီးခဲ့တဲ့ ဇွန်လကစပြီး ဖျားနာသူတွေများလာနေတဲ့အတွက် ဆေးဝါး ကူညီထောက်ပံ့မှု လိုအပ်နေတယ်လို့ ဒဘတ် ဒေသခံတစ်ဦးက ပြောပါတယ်။ “တစ်ယောက်ဖျားပြီး တစ်ယောက်ပြန်ပျောက်လိုက်နဲ့ပေါ့  ကျွန်တော်တို့ရွာက ကလေးတွေဆို အကုန်နီးပါးကိုဖျားကြတာ တုတ်ကွေး ငှက်ဖျား ပျောက်ဆေးတွေ တစ်ခြားဆေးဝါးခြင်ထောင်တွေကအစပေါ့ အကူအညီ တွေလို အပ်နေတာ။  ဒီမှာက မိသားစုတစ်ခုမှာ အလုပ်လုပ်တဲ့သူကဖျားရင် ဝင်ငွေမရှိ အခက်အခဲဖြစ်ကြရမှာ” လို့ပြောပါတယ်။ လက်ရှိ မှာ ဒေသခံတွေဟာ ဂါးရာယာန်ရွာမှာဖွင့်ထားတဲ့ဆေးပေးခန်းနှင့် ဒဘတ် အသင်းတော်မှချမှတ်ပေးထားတဲ့ ဆေးပေးခန်းတွေမှာ ဆေးကုသမှုခံယူနေပေမယ့် ဖျားနာသူများနေပြီး ငှက်ဖျားရောဂါဖြစ်သူ အယောက် ၁၀၀ ကျော်ရှိနေတယ်လို့လည်း ဒေသခံတွေ က ပြောပါတယ်။ ဒါ့အပြင် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးရေးဌာန (KBC –HDD) ကလည်း ဆေးကုသ ပေးတာတွေနဲ့ ဆေးဝါးကူညီတာတွေ ရံဖန်ရံခါ လာရောက်ကုသပေးတာတွေ ရှိနေပေမယ့် ဖျားနာသူများလာတဲ့အတွက် ဆေးဝါး နှင့် ဆေးဝါးအထောက် အကူပစ္စည်း အခက်အခဲများရှိနေကြောင်း ဒဘတ်ကျေးရွာက ဆေးဆရာမတစ်ဦးက ပြောပါတယ်။

“ဖျားတဲ့သူတွေအရမ်းများတယ် နေ့တိုင်းတော့ မဟုတ်ဘူး တစ်ခါတလေဆို ၅၀ ၆၀လည်းရောက်လာတယ်၊ အခုမှဘဲနေ ရပ်ပြန်တာ မကြာသေးတဲ့အတွက်လည်း ဆေးတွေမစုံဘူး၊ အခုကငှက်ဖျားတွေအများကြီး ဖြစ်နေကြတာ ကလေးကအစ လူကြီး အကုန်၊ KBC ကနေလည်းလာပြီးကုပေးတာတွေရှိတယ် သူတို့လည်း အချိန်ပြည့်မဟုတ်ဘူးလေ၊ ငှက်ဖျားဆေးတွေနဲ့ တစ်ခြား ဆေးတွေ အရမ်းခက်ခဲနေတယ်”လို့ပြောပါတယ်။ ဂါးရာယန်၊ကဇူး၊ဒဘတ်ကျေးရွာက ပြည်သူတွေဟာ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေတဲ့ အချိန်ဖြစ်တဲ့အတွက် ရပ်ရွာရှင်းလင်းရေးများကို သေချာ မပြုလုပ်နိုင်သေးတဲ့အတွက် ခုလို ဖျားနာသူတွေများ လာတာဖြစ်တယ်လို့ ဆရာမ ဆက်ပြောပါတယ်။ လက်ရှိမှာ ဒေသခံပြည်သူတွေဟာ ကျန်းမားရေးအတွက်စိုးရိမ်နေရသလို မြစ်ကြီးနား- ဗန်းမော်လမ်းမတစ်လျှောက် စစ်ကောင်စီတပ်နဲ့ KIA တပ်တွေအကြား စစ်ရေးတင်းမာနေတဲ့အတွက် စားဝတ်နေ ရေး စိုးရိမ်နေတဲ့အပြင် သွားလာရေးအခက်အခဲနဲ့ စစ်ရေးအခြေအနေတွေကိုလည်းစိုးရိမ်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါသည်။ ဂါးရာယန်၊ကဇူး၊ဒဘတ်ကျေးရွာပြည်သူတွေဟာ ၂၀၁၁ ခုနှစ် စစ်တပ်နဲ့ကချင်လွတ်လပ်ရေး တပ်မတော်တို့ အကြား တစ်ကျော့ပြန်တိုက်ပွဲကြောင့် ဝိုင်းမော်နှင့် မြစ်ကြီးနားမြို့တွေမှာ စစ်ရှောင်ခဲ့ကြပြီး ၂၀၂၃ ဖေဖော်ဝါရီကစပြီး အိမ်ထောင်စု ၇၅၉ စု လူဦးရေ ၅၀၀၀ ဝန်းကျင် က နေရပ်ပြန်လည်နေထိုင်ကြတာဖြစ်ပါတယ်။ https://burmese.kachinne ws.com/2023/07/07/bb1-33/

၁၉။  စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ နှစ်ကရင်ဒေသခံ ၁၅ ဦး မလွတ်မြောက်သေး
      July 6, 2023

စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ရေးမြို့နယ် နှစ်ကရင် ဒေသခံ ၁၅ ဦး မလွတ်မြောက်သေးကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။ ” ရွာထဲမှာ တိုက်ပွဲဖြစ်ပြီး ဒေသခံ ၂၀ ဦး ဖမ်းခံခဲ့ရတာ ၁၅ ဦးကတော့ ပြန်မလွတ်သေးဘူး။ အမျိုးသမီး ၃ ဦးနဲ့ ကလေး ၂ ဦးပဲ လွတ်သေးတယ် ”လို့ ဒေသခံ တဦးက ဆိုပါတယ်။ ဇွန်လ ၂၅ ရက်နေ့ နှစ်ကရင် ကျေးရွာတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လေကြောင်းမှ ကျေးရွာထဲ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒေသခံတွေကို ဖမ်းဆီးလာတာလည်းဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ ကျေးရွာထဲတွင် တပ်စွဲထားတာဖြစ်ပြီး ၎င်းတို့ သံသယရှိသူတွေကို PDF နှင့် ဆက်စပ်တယ်ဆိုပြီး လိုက်လံ ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။

ထို့အပြင် ဇူလိုင်လ ၁ ရက်နေ့မှာလည်း စစ်ကောင်စီဘက်က ကျေးရွာထဲက ရွာသား ၁ ဦးရဲ့ အိမ်ပေါ်တက် ရိုက်နှက်ပြီး ပစ္စည်းများ မွှေနှောက်ပြီး ဖုန်းတွေ သိမ်းယူခဲ့သေးကြောင်း ဒေသခံကဆိုပါတယ်။ ” သူတို့က သိမ်းထားတဲ့ ဖုန်းကနေ ခြေရာခံပြီး လိုက်ဖမ်းတယ် လို့လည်းကြားရတယ်” လို့ ဒေသခံ တဦးကဆိုပါတယ်။ စစ်ကောင်စီတပ်က ကာကွယ်ရေးတပ်တွေ ထပ်မံတိုက် ခိုက်လာလျှင် လေကြောင်းကနေရွာကို ပစ်မယ်လို့ ခြိမ်းခြောက်ထားကြောင်း YPDF တာဝန်ခံ ဗိုလ်ရန်နိုင်က ပြောပါတယ်။ ” ရွာသားတွေကို ရွာကနေထွက်မသွားကြဖို့ ဆော်သြနေတာကြားရတယ်။ နောက်ထပ် ကျနော်တို့တိုက်လာရင်လေကြောင်းကနေ တိုက်မယ်လို့ ရွာသားတွေကိုခြိမ်းခြောက်တာလည်းကြားပါတယ်၊ လူသား တံတိုင်းလုပ်တာပေါ့ဗျာ”ဟု ဗိုလ်ရန်နိုင် ကဆိုပါ တယ်။  https://www.facebook.com/photo/?fbid=6219721 36704607&set=a.606834898218331

၂၀။   အာဏာသိမ်းပြီးနောက် စစ်တပ်က ပြည်သူ ၃၇၅၀ ကိုသတ်ဖြတ်၊ ၂၃၇၅၀ ကျော်ကို ဖမ်းဆီး
       July 7, 2023

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၃,၇၅၀ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၃,၇၅၃ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ် လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။ ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၆ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန် တကယ် ကျဆုံးသူ တွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။ နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၃၈၃ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၆,၆၆၂ ယောက်ကတော့ ထောင် ဒဏ် ချမှတ်ခံထားရပါတယ်။ တော်လှန် ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၅ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံ ထားရသူ ၄၃ ယောက်အပါအဝင် ၁၂၂ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရ တာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၈ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၄,၃၇၀ ယောက်ရှိခဲ့တယ်လို့ ဆိုပါ တယ်။ အေအေပီပီက ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန် ကတည်း ကနေ ဒီကနေ့အထိ  အကြမ်းဖက်စစ်အုပ်စုကြောင့်  ပဲခူး တိုင်းမှာ ၂၄၄ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ၂၄၄ ယောက်ထဲမှာ ပစ်ခတ်ခံရမှုကြောင့် ၁၂၄ ယောက် သေဆုံးခဲ့ပြီး ဆန္ဒပြပွဲအတွင်း ဖြိုခွင်းသတ်ဖြတ်ခံရသူ အရေအ တွက်ကတော့ ၉၄ ယောက် ရှိခဲ့တာပါ။ ဒါ့အပြင် ပဲခူးတိုင်းထဲမှာ ၁,၉၅၈ ယောက် ဖမ်းဆီးခံခဲ့ရပြီး ၁,၄၆၈ ယောက်ကတော့ လက်ရှိအချိန်ထိ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ အဲဒီထဲမှာ မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူ ၄၉၁ ယောက် ပါဝင်နေတယ်လို့ သိရပါ တယ်။ ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက် တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။ https://burmese. dvb.no/archives/602665

၂၁။ ဝေးလံခေါင်ဖျားတဲ့နေရာတွေမှာ လှည့်လည်ဆေးကုပေးနေတဲ့ ကချင်နယ်လှည့်ကျမ်းမာရေးလုပ်သားအဖွဲ့ ဆေးဝါး       ပြတ်လပ်မှုအခက်ခဲကြုံနေရ
    July 6, 2023

ဝေးလံခေါင်ဖျားတဲ့ ကချင်တောင်ပေါ်ဒေသက ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် လှည့်လည်ဆေးကုသပေးနေတဲ့ ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ (Kachin Backpack) ဟာ လက်ရှိဆေးဝါးပြတ်လပ်မှုအခက်ခဲကြုံနေရကြောင်း သိရ ပါတယ်။ မိုးရာသီအကူးအပြောင်း ဖျားနာမှုများပြားနေတဲ့ကာလမှာတင် ဆေးဝါးပြတ်လပ်မှု ပြသနာကြုံနေသောကြောင့် ကျေးလက်ဒေသတွေမှာ အရေးပေါ်လိုအပ်နေတဲ့ ဆေးဝါးတွေကို ပို့ဆောင်ကုသပေးနိုင်ဖို့ ခက်ခဲနေတယ်လို့ ကချင် နယ်လှည့် ကျန်းမာရေးလုပ်သားအဖွဲ့ ( Kachin Backpack) အဖွဲ့မှ တာဝန်ခံ Mr.Zet က ခုလိုပြောပါတယ်။ “ကျနော်တို့ဆီ အခု ဆေးဝါး မရှိသလောက်ဖြစ်နေတယ်။ လူနာကများ ဆေးကပြတ်လပ်ဖြစ်နေတယ်။ အရင်ကူညီပေးနေတဲ့အဖွဲ့တွေထဲကလည်း တချို့က ရပ်နားလိုက်ပြီ။ တချို့ကလျှော့ချလိုက်ပြီ၊ ဆိုတော့ ကျနော်တို့မှာ ဆေးဝါးမလုံးလောက်ဘူး။ ကျနော်တို့ကိုယ်တိုင်က ခက်နေ တော့။ ဆေးဝါးစျေးနှုန်းတွေလည်း တစ်နေ့နဲ့တစ်နေ့ မတူဘူး။ တစ်နေ့ပြီးတစ်နေ့ တက်နေတာ။ အဲ့ထဲမှာ ဝယ်စုထားဖို့လည်း ခက်တယ်။” ဟု သူကပြောသည်။ ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့(Kachin Backpack) ဟာ အစိုးရနှစ်ဖက်စလုံး လက်လှမ်းမမှီနိုင်တဲ့ တောင်ပေါ်ဒေသအပါအဝင် တနိုင်း လီဒိုလမ်းမကြီးတစ်လျှောက်ရှိ ကျေးလက်ဒေသများ၊ ပူတာအို မချမ်းဘော့ ဒေသများ နှင့် ကချင်တြိဂံနယ်မြေ အင်ဂျန်းယန်ဒေသတွေမှာ အဆက်မပြတ် လှည့်လည် ဆေးဝါးကုသကူညီပေး နေတာဖြစ်ပါတယ်။

“တုတ်ကွေးအဖြစ်များတယ်၊ သွေးလွန်တုတ်ကွေးပေါများလာတယ်။ ဒါတွေက အရင်နှစ်တွေနဲ့မတူပဲ ပိုဖြစ်နေတယ်။ ဝမ်းဗိုက်ဆိုင်ရာပြသနာတွေ၊ အရည်ပြားနဲ့ပတ်သက်တဲ့ ရောဂါတွေလည်း အဖြစ်များနေကြတာတွေ့ရတယ်။ အခုကျနော်တို့ဆီ မှာက သွေးလွန်တုတ်ကွေး(Malaria)ဆေးပြတ်နေတယ်။ အခြားအဖွဲ့တွေမှာလည်း ဒီဆေးပြတ်နေတယ်။ အခြားဆေးဝါးတွေ လည်လောလောဆယ် ပြတ်လပ်နေတယ်။ အခုဆိုပိုဆိုးပေါ့ ကျနော်တို့ အဖွဲ့တွေသာမရောက်ရင် ဘယ်သူမှမရောက်တဲ့ နေရာ ဒေသတွေလည်းရှိတော့ ပိုခက်တယ်။ ကျနော်တို့မရောက်ရင် ငွေကြေးမရှိတဲ့ သူတို့အတွက် ပိုထိခိုက်စေနေတယ်။” ဟု Kachin Backpack အဖွဲ့ တာဝန်ခံ Mr.Zet ပြောပါတယ်။ လက်ရှိချိန်မှာ နေရာဒေသအများပိုင်းက ပြည်သူတွေဟာ တုတ်ကွေး အဖြစ် များနေပေမယ့် တုတ်ကွေးရောဂါအတွက်ဆေးဝါးများ ပြတ်လပ်နေသောကြောင့် ဝယ်ယူရန်ပင်ခက်ခဲနေတဲ့အပြင် အခြေခံဆေး ဝါးပစ္စည်းများလည်းစျေးနှုန်းပိုမိုမြှင့်တက်နေသောကြောင့် ဝယ်ယူစုဆောင်းပြီးဆေးကုသပေးနိုင်ဖို့စိန်ခေါ်မှုများစွာရှိနေကြောင်း သိရပါတယ်။ ဒါ့အပြင် အင်ဂျန်းယန်ဒေသသို့ သွားရောက်နိုင်ဖို့ ရေလမ်းကြောင်းမှတစ်ဆင့် ဆေးဝါးများကို သယ်ယူပို့ဆောင်ရာ မှာလည်း ဆေးဝါးသယ်သူခ ကုန်ကျစရိတ် ၂ ဆခန့်မြှင့်တက်သွားနေတဲ့အတွက် ယခင် ၁ သိန်း ခွဲသာကုန်ကျ သော်လည်း လက်ရှိ ချိန်မှာတော့ ၄ သိန်းခန့်ကုန်နေကြောင်း သိရပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်တောင်ပေါ်ဒေသ များဆီတာဝန် ကျတဲ့ ကျန်းမာရေးအစိုးရဝန်ထမ်းများ အားလုံးနီးပါး CDM ပြုလုပ်သွားကြတဲ့အပြင်  ဝေးလံခေါင်ဖျားတဲ့နေရာတွေမှာ ဆေးဝါး ပိုင်း ကူညီထောက်ပံ့သူများ မရှိသလောက်ဖြစ်သွားခဲ့ချိန် Kachin Backpack ကျန်းမာရေးလုပ်သားအဖွဲ့က ခက်ခဲမှုများကြား ကနေ တောင်ပေါ်၊ ကျေးလက်ဒေသတွေမှာ လှည့်လည်ဆေးကုသကူညီပေးနေခဲ့ကြတာလည်းဖြစ်ပါတယ်။ https://burmese .kachinnews.com/2023/07/06/%e1%80%9d%e1%80%b1%e1%80%b8%e1%80%9c%e1

၂၂။   သျှမ်း – ကယားနယ်စပ်က စစ်ရှောင် ၇၀၀ နီးပါး တုပ်ကွေး ကူးစက်နေ / ရိက္ခာအကူညီလိုအပ်
      July 6, 2023

သျှမ်းပြည် နှင့် ကယားပြည် (ကရင်နီပြည်) နယ်စပ်ဒေသရှိ တောတွင်းတစ်နေရာသို့ ရောက်ရှိနေသည့် စစ်ရှောင် လူဦး ရေ ၇၀၀ နီးပါးသည် တုပ်ကွေးရောဂါ ကူးစက်ခံစားနေရပြီး ရိက္ခာအကူအညီများ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ဘေးရှောင်များသည် သျှမ်းပြည် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နယ် နှင့် ကရင်နီပြည်မှ ဒီးမော့ဆိုမြို့နယ်တို့အပြင် အနီးပတ်ဝန်း ကျင်မှ ဒေသခံရွာသားများ စစ်ရှောင်ထွက်ပြေး လာရခြင်းဖြစ်ကြောင်းလည်း သိရသည်။ “တစ်နေရာတည်း စုနေတာမျိုးတော့ မဟုတ်ပါဘူး၊ ဟိုနေရာတစ်စု ဒီနေရာ တစ်စုနဲ့ ဒီတောထဲမှာ ရှိနေတာ တစ်နှစ် လောက်ရှိနေပြီ၊ အခုက မိုးတွေရွာလာပြီဆိုရင် အမိုးအကာတွေ မလောက်မငှနဲ့ တော်တော်ကို ခက်ခဲတယ်၊ ပြီးတော့ ကလေးငယ်တွေ အားလုံးနီးပါးက တုပ်ကွေးဖြစ်တယ်၊ လူကြီးတွေကလည်း အဖျားပိုးတွေ ဝင်နေကြ တယ်” ဟု စစ်ရှောင်ကို ကူညီပေးနေသူ အမျိုးသား တစ်ဦးက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့ ဒီးမော့ဆိုမြို့နယ် ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်စခန်း တစ်နေရာကို စစ်ကောင်စီ တပ်ဖွဲ့မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထပ်မံထွက်ပြေးလာရသည့် စစ်ရှောင်များ အပါအဝင် လက်ရှိ စစ်ရှောင်များသည် ၇၀၀ ကျော် ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ စစ်ရှောင်များအနက် အများစုသည် အမျိုးသမီး နှင့် ကလေးသူငယ်များ ဖြစ်ကြပြီး သက်ကြီးရွယ်အိုများလည်း ပါဝင်ကြကြောင်း စစ်ရှောင်ကူညီထောက်ပံ့ပေးသူများက ဆက်ပြောသည်။ “လောလော ဆယ်တော့ ရှိထားတဲ့ ရိက္ခာက ၄ ရက်စာ အတွက်ပဲ လုံလောက်နိုင်တော့မယ်။ ဒါတောင် ချွေတာရေး နည်းလမ်းနဲ့ တွက်ထား တာ။ အရင်ကတော့ အလှူရှင်တွေ PDF တွေကနေ လာထောက်ပံ့ပေးတာ ရှိပေမဲ့ အခု ရက်ပိုင်းအတွင်း စစ်ကောင်စီက စစ်ရှောင် စခန်းတွေကို ဦးတည်တိုက်ခိုက်တာတွေ လုပ်လာတော့ အားလုံးက အခက်ခဲတွေ ဖြစ်ရကုန်တာ၊ ဖြစ်နိုင်တော့ အလှူရှင်တွေ အချိန်မှီ ရချင်တာပေါ့” ဟု စစ်ရှောင်ကူညီပေးနေသူက ဆက်ပြောသည်။ https://burmese.shannews.org/archives/35650

၂၃။   စစ်ကောင်စီကို ICC လွှဲဖို့ ကုလလူ့အခွင့်အရေးဆိုင်ရာမင်းကြီး တိုက်တွန်း
      July 7, 2023

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က မြန်မာပြည်ရဲ့ အခြေအနေတွေဟာ ဆင်ခြင်တုံ တရားမဲ့စွာ အကြောက်တရားနဲ့ အုပ်ချုပ်နေတဲ့ အာဏာသိမ်းစစ်တပ်လက်ထဲမှာ တစ်နေ့တခြား ပိုမိုဆိုးဝါးလာနေတဲ့အတွက် လုံခြုံရေးကောင်စီအနေနဲ့ ICC အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးကို လွှဲပြောင်းပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ သူက ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၅၃ ကြိမ်မြောက်အစည်း အဝေးမှာ ဇူလိုင်လ ၆ ရက်နေ့က ပြောကြားခဲ့တာပါ။ “မြန်မာလူထု လက်ရှိခံစားနေရတဲ့ ဒုက္ခတွေဟာ တွေးတောလို့ မရအောင် ကြီးမားပြင်းထန်လှပါ တယ်၊ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး မြန်မာပြည်သူတွေရည်မှန်းခဲ့တဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ သာယာဝပြောရေးတွေ ဟာလည်း ပျက်သုဉ်းသွားခဲ့ပါပြီ၊ စီးပွားရေး တဟုန်ထိုးကျဆင်းနေတာနဲ့အမျှ လူများစုစားဝတ်နေရေးကလည်း ပိုမိုကျပ်တည်း လာနေပါတယ်၊ တပြိုင်နက်မှာ တိုင်းပြည်ရဲ့ သယံဇာတတွေကလည်း ကြောက်မက်ဖွယ်နှုန်းနဲ့ မတရားထုတ်ယူရောင်းချမှု ကြောင့် မြန်မာပြည်ရဲ့ သဘာဝပတ်ဝန်းကျင်တခုလုံး ပြန်လည်အဖတ်ဆယ်မရအောင် ပျက်စီးနေပြီ”လို့ ကုလသမဂ္ဂလူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk ကပြောပါတယ်။

တဆက်တည်းမှာပဲ “စစ်ကောင်စီလက်အောက်မှာ ဥပဒေမဲ့ ဖမ်းဆီးမှု၊ ပျောက်ကွယ်မှုနဲ့ နှိပ်စက်ညှင်းပမ်းမှုတွေ ဆက် လက်ဖြစ်ပွားနေပြီး လူမှုအသိုင်းအဝန်းတခုလုံးနဲ့အတူ သတင်းသမားတွေရဲ့ ပြောဆိုရေးသားခွင့်တွေလည်း ဆိတ်သုဉ်းနေပါ တယ်။ စစ်တပ်ရဲ့ ကြမ်းကြုတ်ရက်စက်စွာ ဖိနှိပ်တိုက်ခိုက်မှုတွေကြောင့် တိုင်းရင်းသား လူနည်းစုဒေသတွေကနေ နယ်စပ်ဖြတ် ကျော်ထွက်ပြေးသူတွေ တိုးပွားလာနေပါတယ်။ ရိုဟင်ဂျာလူမျိုး တစ်သန်းကျော်ကလည်း အခုအချိန်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ က ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းမှာ နေထိုင်နေရဆဲဖြစ်ပြီး သူတို့အိမ်ပြန်ဖို့ကလည်း လမ်းမမြင်သေးပါဘူး။ အာဏာသိမ်းချိန် ကနေ အခုအချိန်ထိ စစ်ကောင်စီလက်ထဲမှာ လူ သုံးထောင့်ခုနစ်ရာကျော် သေဆုံးခဲ့ပြီး ဖမ်းဆီးခံရသူ အရေအတွက်က နှစ် သောင်းသုံးထောင့်ခုနစ်ရာ ကျော်ပါတယ်။ ဒါက အတည်ပြုနိုင်တဲ့ အရည်အတွက်ဖြစ်ပြီး အမှန်တကယ် သေဆုံးဖမ်းဆီးခံရသူဦး ရေဟာ ဒီထက်များနိုင်ပါတယ်။ စစ်တပ်က လေကြောင်းကတိုက်ခိုက်မှုနဲ့ ဖျက်ဆီးသတ်ဖြတ်မှုတွေကို ဆက်လက် ကျူးလွန် နေပြီး အခုအချိန်အထိ နိုင်ငံတစ်ဝန်းမှာ မီးရှို့ခံရတဲ့ အိုးအိမ် ခုနစ်သောင်းကျော်ရှိပါပြီ။ လေကြောင်းတိုက်ခိုက်မှုများစွာထဲက တစ်ခုဖြစ်တဲ့ စစ်ကိုင်းတိုင်း ပဇီကြီးကျေးရွာဗုံးကြဲမှုမှာ အရပ်သား ၁၆၈ ဦး သေဆုံးခဲ့ရပါတယ်။ စစ်ကောင်စီဟာ နိုင်ငံတကာ လူ့အခွင့်အရေးစည်းကမ်းတွေ၊ ဥပဒေတွေကို လုံးဝလိုက်နာခြင်းမရှိပါဘူး” စသဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာ မင်းကြီးက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဒုက္ခရောက်နေတဲ့ ပြည်သူတွေထံ ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့ခွင့်ကို စစ်ကောင်စီ က ဆက်လက်ပိတ်ပင်ထားကြောင်း၊ ပြီးခဲ့တဲ့နှစ်အတွင်း စားသောက်ကုန်ဈေးနှုန်း ၁၇၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ စစ်ကောင်စီအနေနဲ့ နိုင်ငံရေးအကျဉ်းသား တစ်သောင်းကိုးထောင်ကျော်ကို လွှတ်ပေးဖို့တောင်းဆိုကြောင်း၊ လုံခြုံရေးကောင်စီ အနေနဲ့လည်း လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဥပဒေတွေကို ဆက်လက်ချိုးဖေါက်ကျူးလွန်နေတဲ့ မြန်မာစစ်ကောင်စီကို ICC အပြည် ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးက အရေးယူနိုင်ရေးအတွက် လွှဲပြောင်းပေးဖို့ တိုက်တွန်းကြောင်း သူကပြောခဲ့ပါတယ်။ https://www.rfa.org/burmese/program_2/icc-un-myanmar-07062023134652.html

၂၄။  ဖားအံနှင့် မြဝတီတွင် စမတ်ကတ်မှတ်ပုံတင်များလုပ်ရန် အချက်အလက်ကောက်ယူနေ
      July 6, 2023

ကရင်ပြည်နယ်ဖားအံမြို့တွင် ရိုဟင်ဂျာလူမျိုးစုများနှင့် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့-PDF အဖွဲ့အစည်းများကို စိစစ်ဖမ်းဆီးရန်အတွက်ဟုဆိုကာ ယခု ဇူလိုင်လ ၁ ရက်နေ့မှစပြီး စစ်ကောင်စီ လက် အောက်ခံဌာနဆိုင်ရာ ဝန်ထမ်းနှင့် မိသားစုများထံမှ ကိုယ်ရေးရာ ဇဝင်အချက်အလက်များ ကောက်ခံနေသလို မြဝတီမြို့ဘက် တွင်လည်း အိမ်ထောင်စုစာရင်း ကောက် ယူမှုများစလုပ်နေပြီဟု မြို့ခံများထံမှ သိရသည်။ ဖားအံစစ်ကောင်စီ ဝန်ထမ်းမိသားစု ဝင်တစ်ဦးက “စစ်ကောင်စီ လဝကက ဌာနဝန်ထမ်းတွေကို မှတ်ပုံတင် စမတ်ကတ် လုပ်ဖို့ စာရင်းကောက်တယ်။ နောက်တော့ ဝန်ထမ်းမိသားစုတွေကို ဆက်ပြီး စာရင်းကောက်တယ်။ သူတို့ပြောတာက PDF တွေ မြို့ကိုလာရင် စစ်လို့မိအောင်ရယ်၊ ဘင်ဂါလီ တို့ ခိုးဝင်မလာအောင်ရယ် စစ်ဆေးလို့လွယ်အောင် ဒီဂျစ်တယ်စမတ်ကတ် ပြောင်းလုပ်ပေးတာလို့ ပြော တာပဲဗျ”ဟု ပြောသည်။

ထို့အပြင် မြဝတီမြို့တွင်လည်း ဇူလိုလ ၄ရက်မှစပြီး စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းများအပြင် အမှတ် ၁ ရပ်ကွက်တွင် နေထိုင်သည့် ဒေသခံများကို သန်းခေါင်စာရင်း အချက်အလက်များ ရပ်ကွက်အုပ် ချုပ်ရေးရုံးတွင် လာစာရင်းပေးသွင်းကြရန် လုပ်ဆောင်နေမှုရှိနေကြောင်း မြဝတီမြို့ခံတစ်ဦးကပြောသည်။ “နောက်ဆို အဲ့ဒါကို ဂိတ်တွေကစစ်ရင် ဘယ်သူ ဘယ်ဝါဘယ်မှာ နေတယ်ဆိုတာ ချက်ချင်းသိအောင်လို့ လုပ်ဖို့အဲ့ဒီကတ်တွေ ပြောင်းလုပ်ပေးမယ်လို့တော့ ကြားထားတယ်။ မြဝတီအမှတ် ၁ ရပ် ကွက်က အစ္စလာမ်ဘာသာဝင်တွေ နေတာများတယ်၊ ပျံကျနေထိုင်တာတွေများတော့ သန်းခေါင်စာ ရင်းမရှိ မှတ်ပုံတင်မရှိကြ တာများတယ်။ ရပ်ကွက် ထောက်ခံချက်တို့စာရင်းထဲ ပါအောင် လုပ်တာတို့မှာတော့ မသမာမှုတွေ လာဘ်ပေးလာဘ်ယူတွေရှိ လာမယ် ထင်ပါတယ်။” ဟု ၎င်းမြဝတီ ဒေသခံက ပြောသည်။ လတ်တလောတွင် စစ်အာဏာသိမ်း ကာလ ၂ နှစ်ကျော်အတွင်း ကရင်ပြည်နယ် မြဝတီ၊ ကျုံဒိုး၊ ကော့က ရိတ်မြို့ စစ်ဆေးရေးဂိတ်များတွင် မတရားဖမ်းဆီး ထိန်းသိမ်းကာ တောင်ကလေး ထောင်တွင် ထောင်ချခံထားရသည့် ရိုဟင်ဂျာ၊ ဘင်ဂါလီ အကျဥ်းသား/သူ ၁၀၀ ကျော်ရှိနေပြီး ကော့ကရိတ်မြို့ လဝကဌာန တွင်လည်း အသက်မပြည့်သေးသည့် ရိုဟင်ဂျာ၊ ဘင်ဂါလီ ကလေးငယ် ၁၀ဦးကျော် ထိန်းသိမ်းခံထားရကြောင်း လဝကဌာနနှင့် နီးစပ်သည့် သတင်းအရင်းအမြစ် ပြောဆိုချက်အရ သိရသည်။ https://kicnews.org/2023/07/%e1%80%96%e1%80%ac%e1%80%b8%e1%80%a1% e1%80%b6%e1%80%94%e1

၂၅။  ကရင်လူငယ် စသိန်းဇော်မင် းအပါအဝင် လူငယ် ၃ ဦး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီချမှတ်
      July 6, 2023

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်ရှိ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင် ကရင်လူငယ် စသိန်းဇော်မင်း ကို ပြီးခဲ့သည့် ဇန်နဝါရီလမှစ၍ ၆လ နီးပါးကြာ ဖမ်းဆီးထားပြီးနောက် ၎င်းနှင့်အတူ လူငယ် ၂ ဦးကို ဇူလိုင်လ ၅ ရက်နေ့ တွင် အကြမ်းဖက် ဥပဒေပုဒ်မ နှစ်ခုဖြင့် တရားစွဲဆို၍ အလုပ်ကြမ်း နှင့်ထောင်ဒဏ် (၁၀)စီ အပြီးသတ် အမိန့် ချတ်မှတ်ခဲ့ကြောင်း နီးစပ်သူများက အတည်ပြုပြောဆိုသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်နေ့က စသိန်းဇော်မင်းကို စစ်ကောင်စီမှ နေအိမ်သို့ သွား ရောက် ဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၀(က)၊ ၅၂(က) တို့ဖြင့် တရားစွဲဆို၍ မြောင်းမြထောင် တွင်းတရားရုံး၌ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀)နှစ်အပြီးသတ်အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ၎င်းနှင့် နီးစပ်သူ ကရင် လူငယ်တစ်ဦးက ယခုလို ပြောသည်။ “သူ့ကို မြောင်းမြထောင်တွင်း တရားရုံးမှာ ပုဒ်မ ၅၀(က)၊၅၂(က) အလုပ်ကြမ်းနဲ့ ထောင် ဒဏ် ၁၀နှစ်ချလိုက်ပါတယ်။ သိန်းဇော်မင်းကို ဘာသက်သေမှ ခိုင်ခိုင်လုံလုံ မရှိဘဲ အမိန့်ချမှတ် လိုက်ခြင်းဖြစ်တယ်။ မတရား ပြစ်ဒဏ်ချမှတ်ခံရခြင်းသာဖြစ်တယ်” ဟု ၎င်းလူငယ်က ပြောသည်။

ထို့အတူ စသိန်းဇော်မင်းနှင့်အတူ အမှုတွဲ ပါဝင်သည့် စောနေမူး နှင့် မျိုးကျော်တို့ နှစ်ဦးကိုလည်း အဆိုပါ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ နှစ်ခုဖြင့် အလုပ်ကြမ်းမပါဝင်ဘဲ ထောင်ဒဏ် ၁၀ နှစ်စီ ပူးတွဲ ချမှတ်လိုက်ပြီး ချုပ်ရက်ကို ထုတ်နုတ်ခံ စားခွင့်ရရှိမှာဖြစ်ကြောင်းလည်း အဆိုပါ ကရင်လူငယ်က ဆက်ပြောသည်။ စသိန်းဇော်မင်း ကို ယခုလို ဖမ်းဆီးအမိန့်ချမှု မတိုင် ခင် ဇန်နဝါရီလအတွင်း ဖမ်းဆီးမှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး နောက်ဆုံးအကြိမ်ဖမ်းဆီးမှုမတိုင်ခင် ဇန်နဝါရီလ ၁၃ ရက်နေ့ကလည်း အိမ်မဲ ကရင်စာ/ယဉ် ရုံးတွင် စာ/ယဉ် အရေး ကိစ္စများအတွက် အစည်းအဝေး ပြုလုပ်နေချိန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဟုတ် မဟုတ် စစ်ဆေးရန်ဟုဆိုကာ ပထမဦးဆုံးအကြိမ် ဖမ်းဆီးခဲ့သေးပြီး အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့သေးသည်။ စသိန်းဇော်မင်းသည် ယခုလို ဖမ်းဆီးအမိန့်ချမှတ်ခံရမှု မတိုင်ခင် ယခင်ကတည်းက ကရင်စာပေ နှင့် ယဉ်ကျေးမှု ပြန့်ပွားရေး လုပ်ငန်းများအပြင် ကရင့်အမျိုးသားရေး အတွက်ကိုသာ လှုပ်ရှားဆောင်ရွက် နေသူဖြစ်ပြီး အဆိုပါ လုပ်ဆောင်မှုများကြောင့် အာဏာသိမ်းမှု မတိုင်ခင်ကလည်း တစ်ကြိမ်အဖမ်းဆီး ခံခဲ့ရသေးသည်။ https://kicnews.org/2023/07/%e1%80%80%e1%80%9b%e1%80%84% e1%80%ba%e1%80%9c%e1%80%b0%e1

၂၆။  စစ်ကောင်စီ တိုက်လေယာဉ် ပျက်ကျခဲ့သည့်နေရာကို ကလလတ ထုတ်ပြန်
      July 6, 2023

ကယားပြည်နယ်( ကရင်နီပြည်) ဘောလခဲမြို့နယ် ရွာသစ်မြို့နယ်ခွဲ၊ တာဆန်းလဲ ကျေးရွာအနီးတွင် ကရင်နီပူးပေါင်း တပ်များက ပစ်ချလိုက်သော စစ်ကောင်စီ၏ တိုက်လေယာဉ်ပျက်ကျ ပျက်စီးခဲ့သည့်နေရာကို ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး – ကလလတ ၉၄၂၂ တပ်ရင်းက (ဇူလိုင် ၅) ညပိုင်း၌ ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ထား သည်။ ပြီးခဲ့သည့် ဇွန် ၃၀ ရက် တာဆန်းလဲကျေးရွာအနီး တိုက်ပွဲ၌ အနိမ့်ပျံသန်းလာသော စစ်ကောင်စီ၏ တိုက်လေ ယာဉ် ကို ကရင်နီ ပူးပေါင်းတပ် များက ပစ်ချခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပျံ ပျက်ကျခဲ့သည့်နေရာကို ဒရုန်းနှင့် ဓာတ်ပုံရိုက်ကူးထားခြင်း ဖြစ်သည်။

ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး – ကလလတ ၉၄၂၂ တပ်ရင်းမှ တာဝန်ရှိသူတဦးက  “ပျက်ကျတဲ့ အနီးနားတဝိုက် လုံးဝ သွားကပ်လို့ မရပါ။ စစ်ခွေးတွေ ပတ်လည်ဝိုင်းထားတယ်။ ဒရုန်းနဲ့ပဲ ပုံကို ပျက်ကျတဲ့နေရာကိုပဲ ရိုက်ယူနိုင် တယ်။ အကယ်၍ ကြည်လင်ပြီး ကောင်းတဲ့ကင်မရာမျိုးရှိရင်တော့  ပိုအဆင်ပြေမယ်ဗျ။ ခုတော့ ဒရုန်းက သိပ်မရှင်းဘူး ဖြစ်နေ တယ်။ အစတော့ နည်းနည်းပါးပါး ကျန်ဦးမယ်လို့ထင်တယ်။ ခက်တာ အနီးကပ် သွားလို့ကို မရတာပါ”ဟု ပြောသည်။ အဆိုပါ ပစ်ချလိုက်သည့် တိုက်လေယာဉ်အနီးတွင် တိုက်လေယာဉ်၊ ရဟတ်ယာဉ်များအပြင် မြေပြင် စစ်ကြောင်းများပါ ဝန်းရံထားသော ကြောင့် တိုက်လေယာဉ်အနား ကပ်ခွင့်မရခဲ့ကြောင်း သိရသည်။ https://www.facebook.com/photo/?fbid=659290502910 807&set=pcb.659290722910785

၂၇။   ပိန်းတောရွာသားတစ်ဦး ထားဝယ်-သရက်ချောင်းကားလမ်းပေါ်မှာ ပစ်သတ်ခံရ
       July 6, 2023

သရက်ချောင်းမြို့နယ်၊ ပိန်းတောရွာက အသက် ၅၀ အရွယ်အမျိုးသားတစ်ဦး ထားဝယ်-သရက်ချောင်း ကားလမ်းပေါ်မှာ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သေဆုံးသူကတော့ ပိန်းတောရွာက ဦးဇော်နိုင် ဆိုသူဖြစ်ပါတယ်။ မနေ့ကမနက်ပိုင်းမှာ ဦးဇော်နိုင် ဆိုင်ကယ်နဲ့လာနေချိန် ညောင်ဇင်ရွာ စာသင်ကျောင်းအနီးက ကားလမ်းပေါ်မှာ ပစ်သတ်ခံလိုက် ရတာလို့ ဒေသခံတွေက ပြောပါတယ်။ “အစကကဆိုင်ကယ်တိုက်ပြီး လမ်းဘေးမှာ လဲနေတာလို့ ကြားတယ်။ ပြီးမှသေနတ် ဒဏ်ရာနဲ့လဲနေတာလို့ သိရတာ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပြပါတယ်။

ပစ်သတ်ခံရသူဟာ ပိန်းတောရွာက ပျူစောထီးအဖွဲ့ဝင်ဖြစ်တယ်လို့ ဒေသခံတချို့ကပြောဆိုပေမယ့် သီးခြားအတည်ပြု နိုင်တာမျိုးမရှိသေးပါဘူး။ သူ့ရဲ့အလောင်းကိုတော့ ပစ်သတ်ခံရတဲ့ မနက်ပိုင်းမှာပဲ အရေးပေါ်ကားနဲ့ လာရောက်တင်ဆောင်သွား တယ်လို့ သိရပါတယ်။ ဦးဇော်နိုင်ကို ဘယ်သူတွေကပစ်သတ်သွားတယ်ဆိုတာကိုလည်း မသိရသေးပါဘူး။ အခုလ ၃ ရက်နေ့ ကလည်း သရက်ချောင်းမြို့နယ်၊ ကဇိကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဦးညိုစိုး သူ့ရဲ့နေအိမ်မှာပဲ ပစ်သတ်ခံခဲ့ရပါ တယ်။ သူ့ကိုလည်းဘယ်အဖွဲ့က ပစ်သတ်ခဲ့တယ်ဆိုတာ ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။ https://www.facebook.com /photo/?fbid=299417795809310&set=a.196212682796489

၂၈။  လွိုင်လင်လေး အခြေစိုက် ခလရ (၅၃၀)တပ် က ၅ရက်ဆက်တိုက် လက်နက်ကြီးပစ်ခတ်နေ
      July 7, 2023

ကရင်နီပြည်နယ် လွိုင်လင်လေး မြို့နယ်မှာ စစ်ကောင်စီရဲ့ လွိုင်လင်လေးအခြေစိုက် ခလရ (၃၅၀)တပ်ကနေ လွိုင်လင် လေးမြို့တွင်း နဲ့ အနီးတစ်ဝိုက်ကကျေးရွာတွေကို ဇူလိုင်လ ၂ ရက်နေ့ကနေစပြီး ၆ရက်နေ့အထိ ၅ရက်ဆက်တိုက် လက်နက်ကြီး ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက‌နေ သိရှိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့မှာ KNDF တပ်ရင်း (၁၂)  နဲ့ပူးပေါင်းတပ်ဖွဲ့ တို့ လွိုင်လင်လေးအခြေစိုက် ခလရ (၃၅၀) တပ်ကို အလစ်အငိုက် တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်ခံရမှု ကြောင့် စစ်ကောင်စီက ကျေးရွာတွေထဲ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကို ပြုလုပ်နေတာဖြစ်တယ်လို့ ‌ ‌‌ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။ “ဒီဖက်ကသူတို့ကို သွားပြီးမှ ပစ်တယ်ပေါ့။ ပစ်တော့ သူတို့ပြန်ပစ်တာ အဲမျိုးပေါ့။သူတို့ (ပူးပေါင်းတပ်ဖွဲ့) သွားကစားထားတယ်လေး။ သွားကစားထားတော့ သူတို့(စစ်ကောင်စီ) ရမ်းသမ်းလျှောက်ပစ်တယ်ပေါ့။ ပြန်ထု တယ်ပေါ့။ “ လို့ သူက ပြောပါတယ်။

ဇူလိုင်လ ၂ ရက်နေ့ နဲ့ ၃ ရက်နေ့မှာ လက်နက်ကြီး ၁၀လုံးထက်မနည်း ပစ်ခတ်ခဲ့ပြီး ကျန်ရက်တွေမှာတော့ အကြိမ်ရေ နည်းသွားတယ်လို့ သူကဆက်ပြောပါတယ်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ တချို့ရဲ့ နေအိမ် ပျက်စီးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။ ခလရ (၃၅၀) တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လွိုင်လင်လေးမြို့နယ်၊ လင်ဖုံကြီးကျေးရွာ၊ နမ်းဟူးကျေးရွာထဲ ကို လက်နက်ကြီးကျရောက် ပြီး နေအိမ်တချို့ ပျက်စီးသွားခဲ့တယ်လို့  KNDF တပ်ရင်း ၁၂ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။ “အကုန်လုံးပဲပေါ့နော။ဘာဖြစ်လဲဆို ဒီဖက်စစ်ရှောင်တဲ့သူပဲဖြစ်ဖြစ်၊ ခြံတွေ တောင်ယာတွေ လယ်တွေပြန်လုပ်တဲ့သူ အတွက်ပဲဖြစ်ဖြစ်၊ ကိုယ့်အတွက်ပဲဖြစ်ဖြစ်ပေါ့နော။ တစ်ဦးတစ်ယောက်ထိခိုက်သွားမှာလား အဲမျိုးပေါ့နော။ “လို့ ‌အဆိုပါ ဒေသခံ တစ်ဦးက ဆက်ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာကြောင့် လတ်တ လော စစ်ရေးအခြေအနေအရ လွိုင်လင်လေး- ထီးစဲခါး လမ်းမကြီးတစ်လျှောက် သတိပြုသွားလာကြဖို့နဲ့ စစ်ရေးသတိရှိကြဖို့ KNDF တပ်ရင်း (၁၂)က အသိပေးထားပါတယ်။ https://www.facebook.com/photo/?fbid=664697662363476&set=pcb.6 64697842363458

၂၉။  ဆဲဗင်းဇူလိုင်စိတ်ဓာတ်ဖြင့် စစ်အာဏာရှင်ကို တိုက်ထုတ်ကြရန် CRPH တိုက်တွန်း
       July 7, 2023

ခေတ်အဆက်ဆက် လက်ဆင့်ကမ်းသယ်ဆောင်လာသော ဆဲဗင်းဇူလိုင်စိတ်ဓာတ်၊ အမှန်တရားကိုချစ်မြတ်နိုးကာ အနိုင်မခံအရှုံးမပေးသည့်စိတ်ဓာတ်၊ သံမဏိစိတ်ဓာတ်များကို အရင်းတည်ပြီး တိုင်းပြည်နှင့်လူမျိုးအပေါ် လက်နက်အားကိုးဖြင့် အကြမ်းဖက်ဖိနှိပ်နေသည့် စစ်အာဏာရူးများကို နွေဦးတော်လှန်ရေးကြီးဖြင့် အပြီးသတ်မောင်းထုတ်ကြရန် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CPRH)က ယနေ့ ကျရောက်သော ဆဲဗင်းဇူလိုင်နေ့အထိမ်းအမှတ် သဝဏ်လွှာတွင် ထည့်သွင်းတိုက်တွန်းထားသည်။ ယနေ့သည် မြန်မာနိုင်ငံ၏ ကျောင်းသားသမိုင်းတွင် မေ့ဖျောက်၍မရနိုင်သည့် ကြေကွဲဖွယ် နေ့တနေ့အဖြစ် သမိုင်းအရိပ်ဆိုးထင်ကျန်ခဲ့ရပြီး စစ်အာဏာရှင်များက ကျောင်းသားလူငယ်များအား လက်နက်အားကိုးဖြင့် ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည့် ၆၁ နှစ် ပြည့်မြောက်သည့်နေ့လည်း ဖြစ်သည်။ စစ်အာဏာရှင်များက ကျောင်းသားလူငယ် များကို ကြောက်ရွံ့အောင် ရက်စက်ကြမ်းကြုတ်သော နည်းလမ်းပေါင်းစုံဖြင့် ဖိနှိပ်ခဲ့သော်လည်း ကျောင်းသားလူငယ်ခေါင်း ဆောင်များသည် ခေတ်အဆက်ဆက်ပေါ်ထွန်းကာ အသွင်သဏ္ဍာန်အမျိုးမျိုးဖြင့် အာဏာရှင် စနစ်ကို တွန်းလှန်တိုက်ထုတ်နေ ကြဆဲဖြစ်ကြောင်း၊ လက်နက်အားကိုးဖြင့် သတ်ဖြတ်ခြင်းခံရသောကြောင့် အသက်ဆုံးရှုံးခဲ့ကြရသော်လည်း ၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ ရက်မှ စတင်ပေါက်ဖွားလာသည့် ကျောင်းသားလူငယ်များ၏ စစ်အာဏာ ရှင်ဆန့်ကျင်ရေးစိတ်ဓာတ်သည် ယနေ့အချိန်အထိ ရှင်သန်ကြီးထွားနေဆဲဖြစ်ကြောင်း CRPH က ဆိုထားသည်။

ယခု နွေဦးတော်လှန်ရေးတွင်လည်း ကျောင်းသားလူငယ်များ၏အခန်းကဏ္ဍနှင့် ပါဝင်မှုသည် လွန်စွာကြီးမားသည့် အင်အားတရပ်ဖြစ်ပြီး အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေး ဖယ်ဒရယ်ဒီမိုကရေစီအရေးတော်ပုံကြီးကို ဆက်လက်ဆင်နွှဲနေ ကြဆဲဖြစ်ကြောင်း CRPH ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။ ထို့ပြင် အကြမ်းဖက်စစ်အုပ်စု၏ အာဏာရမ္မက် ကြီးမှုကြောင့် ကျောင်းသားလူငယ်များသည် စာသင်ကျောင်းများနှင့် တက္ကသိုလ်စာသင်ခန်းများတွင် ကျောင်းစာများကို သင်ယူနေရမည့်အစား အာဏာရှင်အမြစ်ပြတ်တိုက်ထုတ်ရေး၌ အသက်၊ သွေး၊ ချွေးများ စတေးကာ တိုက်ပွဲဝင်နေကြရလျက် ရှိကြောင်းလည်း CPRH က ဆိုသည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သော စစ်တပ်အာဏာသိမ်းမှုအား ဆန့်ကျင်ကန့် ကွက်ရာမှ စတင်လာသည့် ကျောင်းသားလှုပ်ရှားမှုသည် စစ်အစိုးရ၏ တင်းကျပ်သော ကျောင်းဆောင်စည်းကမ်းများကိုပါ ထပ်မံ ဆန့်ကျင်ဆန္ဒပြရာမှ လှုပ်ရှားမှုပြင်းထန်လာခဲ့ပြီး ဇူလိုင် ၇ ရက်၌ စစ်တပ်က ကျောင်းသူကျောင်းသားများအား အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့သည်။ https://www.facebook. com/photo?fbid=660031346170056&set=a.600722605434264

၃၀။  တိုက်ခိုက်ခံရနိုင်သဖြင့် မောင်တောနယ်ခြားစောင့်နှင့်ရဲကင်းစခန်းများ သတိဖြင့်နေရန် ညွှန်ကြား
       July 7, 2023

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ နယ်ခြားစောင့်နဲ့ ရဲကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်မယ်ဆိုပြီး သတင်းရထားတဲ့ အတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ဒေသခံနယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါ တယ်။ မောင်တောမြို့မရဲစခန်းမှာ ဇူလိုင် ၆ ရက်နေ့ မနက် ရဲဝန်ထမ်းတွေ တန်းစီကြစဥ် မြို့မရဲစခန်းမှူးက ပြောကြားခဲ့တာလို့ မောင်တောမြို့မရဲစခန်း ရဲအရာရှိတဦးက ပြောပါတယ်။  “ဒီနေ့မနက် တန်းစီတဲ့အချိန်မှာ စခန်းမှူးက ပြောတာဗျ။ ရဲကင်းစခန်း နဲ့ နယ်ခြားစောင့်စခန်းတွေကို ဝင်တိုက်ဖို့ရှိနေတယ်လို့ ပြောတယ်။ ဘယ်အဖွဲ့က ဝင်တိုက်မလဲဆိုတာတော့ မပြောတတ်ဘူး။ အားလုံးသတိဝိရိယနဲ့နေထိုင်ကြဖို့​ ပြောကြားခဲ့တယ်။” ဇူလိုင် ၃ ရက် ညနေက ငါးခူရနယ်မြေ ၅ မှ ရဲအုပ် ၁ ဦးနဲ့ ဒုရဲအုပ် ၂ ဦး အပါအဝင် ဒုရဲအုပ် ၁ ဦးရဲ့ ဇနီးတို့ ထွက်ပြေးသွားကြတာကြောင့် စစ်ကောင်စီက မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်နဲ့ ရဲကင်း စခန်းတွေကို အခုလို အမိန်းထုတ်ပြန်တာ ဖြစ်နိုင်တယ်လို့ ရခိုင်စစ်ရေးလေ့လာသူတဦးက ပြောပါတယ်။

“ရဲနဲ့ နယ်ခြားစောင့်တွေက မကြာမကြာထွက်ပြေးနေကြတော စစ်ကောင်စီက စိုးရိမ်လာတာပေါ့။ နောင်ပိုင်း တပ်ရင်း တပ်ဖွဲ့ တခုလုံး ထွက်ပြေးလာနိုင်ကြတယ်။” မောင်တောဒေသရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တပ်ဖွဲ့ဝင်အချင်းချင်း တန်းတူ အခွင့်အရေးမရရှိတာနဲ့ အဖိအနှိပ်ခံနေရတာတွေကြောင့် မကြာခဏထွက်ပြေးနေကြတာပါ။ မောင်တောမြို့နယ်ရှိ နယ်ခြား စောင့်ရဲတပ်ဖွဲ့မှာ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှာ တည်ရှိပြီး နခခ(၁)မှ နခခ (၁၀) အထိ အသစ်ဖွဲ့စည်းထားကာ ယခင် ဖွဲ့စည်းထားတဲ့ အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့အောက်မှာရှိတဲ့ နယ်မြေ ၁၁ ခုအား ခွဲဝေအုပ်ချုပ်နေပါတယ်။ အဲဒီ အထဲက နယ်မြေရုံး ၁၁ ရုံး၊ နယ်မြေရဲစခန်း ၁၂ ခု၊ ကင်းစခန်း ၉၅ ခု၊ ချောင်း၀ကင်းစခန်း ၂၇ ခု၊ နယ်စပ်ခြံစည်းရိုး ကင်းစခန်း ၁၂ ခု၊ စုစုပေါင်း ၁၅၇ နေရာအား နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ (၄) ခုနဲ့ လှုပ်ရှားဆောင်ရွက်နေတယ်လို့ နယ်ခြားစောင့် ရဲမှတ်တမ်း များအရ သိရပါတယ်။ https://burmese.dvb.no/archi ves/602724

၃၁။  အခုအချိန်က ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်မည့် အခွင့်ကောင်းရှိနေဟု KNU ဥက္ကဋ္ဌပြော
      July 6, 2023

လက်ရှိ အချိန်ကာလသည် ကြီးမားသည့် စိန်ခေါ်မှုများရှိသကဲ့သို့ မိမိတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန် တီးနိုင်မည့် အခွင့်ကောင်းများလည်း ရှိနေပါသည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း က ပြောသည်။ ၇၄ နှစ်မြောက် ကရင့်အမျိုးသားလွတ်မြောက်ရေး(ကော်သူးလေ) တပ်မတော်နေ့သို့ပေးပို့သည့် သဝဏ်လွှာတွင် ၎င်း က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိနိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ အခြေအနေများသည် မိမိတို့နိုင်ငံ၏ သမိုင်း တလျှောက် ဖြစ်ပျက်ခဲ့သည့် နိုင်ငံရေး၊ စစ်ရေးအခြေအနေများနှင့်မတူပဲ လုံးဝခြားနားလျက်ရှိကြောင်း ပဒိုစောကွယ်ထူးဝင်း က ပြောသည်။ ၎င်းက “ ထို့ကြောင့် မိမိတို့ KNU နှင့် ကော်သူးလေတပ်မတော် အနေဖြင့် ကရင့်အမျိုးသားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် ကရင့်အမျိုးသားများ၏ နိုင်ငံရေးအပြင် ပြည်သူလူထု တရပ်လုံးအား ပိုမိုထိရောက်သည့် ခုခံကာကွယ်မှုများကို လုပ်ဆောင်နိုင်ရန် လိုအပ်ပါသည်။ ထို့အပြင် အခြေအနေ ပေးအပ်လာသည့် အခွင့်အရေး များကို အရယူပြီး ပြည်သူ့ရေးရာ ဝန်ဆောင်မှုအပြင် မိမိတို့၏ အုပ်ချုပ်ရေး အပါအဝင် မိမိတို့၏ ကိုယ်ပိုင်လုံခြုံရေး စနစ်နှင့် လုပ်ထုံးလုပ်နည်းများကို ထူထောင်ရန် လိုအပ်ပါသည်။ လက်ရှိ အချိန်ကာလသည် ကြီးမားသည့် စိန်ခေါ် မှုများရှိသကဲ့သို့ မိမိတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မည့် အခွင့်ကောင်း များလည်း ရှိနေ ပါသည်”ဟု ပြောသည်။

KNU သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် ကရင်လက်နက်ကိုင် အဖွဲ့ဖြစ်သော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ပြောင်းလဲလာသည့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကို စစ်သင်တန်းများပေးခြင်းနှင့် လက်နက်တပ်ဆင် ပေးခြင်းများ ပြုလုပ်ကာ မြန်မာ့တပ် မတော်ဖြုတ်ချရေး ဆောင်ရွက်လျက်ရှိသည်။ ထို့နောက် KNU လှုပ်ရှားသည့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္လာရီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့ တွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေသည်။ ကော်သူးလေအစိုးရကို ၁၉၄၉ ခုနှစ်၊ ဇွန်လ ၁၄ ရက်တွင် ဖွဲ့စည်းထူထောင်ခဲ့ပြီး ကရင့်အမျိုးသားခုခံတော်လှန်ရေး အစုအဖွဲ့အားလုံးကိုလည်း ကော်သူးလေတပ်မတော် အဖြစ် စုစည်းခဲ့ကြောင်း KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူး ဝင်း၏ သဝဏ်လွှာမှာ ပြောထားသည်။ ထို့နောက် ၁၉၅၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့၌ မောကို(ဆောထိမြို့နယ်)တွင် ပြုလုပ်သည့် ကရင့်အမျိုးသားလုံး ဆိုင်ရာကွန်ကရက်၌ ကော်သူးလေတပ်မတော်၏ စစ်ရေးဆိုင်ရာ စီမံချက်များကို ကိုယ်စားလှယ် ခေါင်းဆောင်ကြီးများမှ အတည်ပြုခဲ့ကြပြီး ဖွဲ့စည်းပုံနှင့် စုဖွဲ့မှုများကို ပြင်ဆင် မွမ်းမံခဲ့ကြသည့် ဇူလိုင် ၅ ရက်နေ့ကို အစွဲပြုပြီး ကော်သူးလေတပ်မတော်နေ့အဖြစ် အတည်ပြုခဲ့ကြကာ ယနေ့ထိ ဂုဏ်ပြုကျင်းပ လေ့ရှိသည်။ https://www.facebook.com/photo/?fbid=586401917017593&set=a.569461532044965

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button