သတင်း

မယ်စဲ့ စစ်ကောင်စီရဲ့ ဗျူဟာကုန်းစခန်းတစ်ခု ကရင်နီပူးပေါင်းတပ်ဖွဲ့ထပ်မံသိမ်း

ဓါတ်ပုံ – CJ (ပုံဟောင်း)

ဖယ်ဒရယ်ဂျာနယ် မြန်မာ

ဇွန် ၂၃ ရက်၊ ၂၀၂၃။

ကယား(ကရင်နီ)ပြည်နယ် မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီရဲ့ ဗျူဟာကုန်းစခန်းတစ်ခုအား ယနေ့မနက် (၅)နာရီ ဝန်းကျင်ခန့်မှာ ကရင်နီပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့တယ်လို့ မယ်စဲ့ဘက်ကလာတဲ့ သတင်းရင်းမြစ်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၁၃)ရက်နေ့မှစပြီး ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(KNPLF)ထိန်းချုပ် နယ်မြေထဲတွင် ရှိသည့် စစ်ကောင်စီ၏ တောင်လှစခန်း၊ မယ်တင်နွယ်စခန်း၊ BP -14 စခန်း (၃)ခုကို သိမ်းနိုင်ခဲ့တာပါ။ 

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ (၁၆)ရက်နေ့ကလည်း BGFတပ်ရင်း(၂)ခုဖြစ်သည့် ရွာသစ်မြို့အခြေစိုက်(၁၀၀၅) တပ်ရင်း နှင့် မယ်စဲ့မြို့နယ် အခြေစိုက် (၁၀၀၄)တပ်ရင်း နှစ်ဖွဲ့က ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး(KNPLF)တို့နှင့် ပြန်လည်ပေါင်းစည်းကား စစ်ကောင်စီတပ်ဖွဲ့ကို ပြန်လည် တိုက်ခိုက်ခဲ့ကြပါတယ်။ 

စစ်ကောင်စီတပ်က မယ်စဲ့မြို့နယ်ထဲက ကျေးရွာများကို ပြီးခဲ့တဲ့ ဇွန်လ (၁၃)ရက်နေ့မှစပြီး နေ့စဉ် ရက်ဆက် ဆိုသလို လေကြောင်းအပါအဝင် လက်နက်ကြီးများ ပစ်ခတ်လျက်ရှိနေပါတယ်။

စစ်ကောင်စီတပ်ဟာ မယ်စဲ့မြို့နယ်ထဲကို စစ်ကြောင်းထိုးနိုင်ဖို့ပြင်ဆင်နေပြီး ဖားဆောင်းမြို့နယ် အရှေ့ဖက်ကမ်း ကျောက်ပဲညိုကျေးရွာအနီးတဝိုက်တွေမှာလည်း တပ်စွဲ‌နေရာယူ ထားလျက်ရှိတယ်လို့ ဖားဆောင်း ဒေသခံ တွေဆီက သိရပါတယ်။

လက်ရှိ မယ်စဲ့မြို့နယ် စစ်ရေးအခြေနေများအပါအဝင် စခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်ပြီး FJMM အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(KNPLF) ဘက်ကလည်း တစုံတရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။

Related Articles

Back to top button