သတင်း

နယ်စပ်ထိုင်း-ကရင်နီ အခြေစိုက် BGF အသွင်ပြောင်း တပ်ရင်း(၂)ရင်းက ခွဲထွက်အဖွဲ့နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်

ဖယ်ဒရယ်ဂျာနယ် မြန်မာ

ဇွန် ၂၀ ရက်၊၂၀၂၃။

ကယား(ကရင်နီ)ပြည်နယ် နယ်စပ်ထိုင်း-ကရင်နီ အခြေစိုက်  နယ်ခြားစောင့်တပ် (BGF) တပ်ရင်း(၂)ရင်းဖြစ်တဲ့ ရွာသစ်မြို့အခြေစိုက် (၁၀၀၅)တပ်ရင်းနှင့် မယ်စဲ့မြို့နယ်၊ ပန်းတိန်းကျေးရွာ အခြေစိုက် (၁၀၀၄)တပ်ရင်းတို့ထဲက ခွဲထွက်အဖွဲ့နဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့ နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်တို့ကြား ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ ဇွန်လ (၁၆)ရက်နေ့မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ မယ်စဲ့ဒေသခံတွေဆီက သိရပါတယ်။

နယ်ခြားစောင့်တပ် (BGF) ခွဲထွက်အဖွဲ့ဟာ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ-KNPLF ပူးပေါင်းခဲ့ပြီး မယ်စဲ့မြို့နယ်၊ ပန်းတိန်းကျေးရွာ အခြေစိုက် (၁၀၀၄)တပ်ရင်း တစ်ခုလုံးကို တိုက်ခိုက် သိမ်းဆည်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့် စခန်းသိမ်းပြီး မကြာခင်မှာဘဲ စစ်ကောင်စီတပ်က အင်အားအလွန် အကျွံသုံးပြီး ရဟတ်ယာဉ်များ အပါအဝင် ဂျက်လေ ယာဉ်များဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သိမ်းဆည်းနိုင်ခဲ့တဲ့စခန်းကို သူတို့အဖွဲ့က ပြန်လည် စွန့်ခွာခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး မယ်စဲ့မြို့နယ် ‌ဒေသခံတစ်ဦး ပြောတာက “(၁၆)ရက်နေ့မှာဘဲ ကလလတ နဲ့ ပေါင်းသွားတဲ့ နယ်ခြားစောင့်တပ် (BFF) ခွဲထွက်အဖွဲ့တွေ (၁၀၀၄)တပ်ရင်း သိမ်းပြီး မကြာဘူး စစ်ကောင်စီ တပ်ဖက်က လေကြောင်းနဲ့ ဗုံးလာကြဲခဲ့တယ်၊ မကြာဘူး ရဟတ်ယာဉ် (၄)စီးနဲ့လာတယ်၊ သိရသလောက်တော့ ၂စီးက လူလာချတယ်၊(၂)စီးက ပစ္စည်းချတာပေါ့၊ အဲဒီနောက် ခွဲထွက်အဖွဲ့တွေက အင်အားမမျှတော့ ပြန်ဆုတ် လိုက်ရတာနဲ့တူတယ်၊ အခုထိ (၁၀၀၄)တပ်မှာ သူတို့(စစ်ကောင်စီ)တပ်တွေ နေရာ ပြန်ရထားတယ်လို့ ကြားရပါတယ်” 

ပြီးခဲ့တဲ့ ဇွန်လ (၁၄) ရက်နေ့က စတင်ပြီး ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ-KNPLF)နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ဘက်က ဟိုစဲမြို့သစ်ဝန်းကျင်မှာခြေကုတ်ယူထားတဲ့ စစ်ကောင်စီရဲ့ မယ်စဲမြို့မ ရဲစခန်း၊ ဗျူဟာကုန်း၊ နှင့် ထိုင်းမြန်မာ နယ်ခြား အမှတ် (BP) 14 တပ်စခန်း၊ BP (15) မယ်တနွယ်စခန်း၊ BP (16) တောင်လှစခန်း တို့ကို တိုက်ခိုက်သိမ်းဆည်း နိုင်ခဲ့တယ်လို့ သိရပါတယ်။

နယ်ခြားစောင့် တပ်ရင်းတွေထဲက တပ်ဖွဲ့ဝင်အများစုဟာ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ-KNPLF)နဲ့ ပူးပေါင်းသွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဟာ ဖားဆောင်းမြို့၏ သံလွင်မြစ် တဖက်ကမ်းက ဟိုစဲ့ မြို့သစ်က KNPLF ဌာနချုပ်၊ တပ်စခန်းအပါအဝင် ဂိတ်စခန်းများကို လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီးတို့ဖြင့်လည်း အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။ 

ဒါ့အပြင် ဒီးမော့ဆို အရှေ့ခြမ်းသို့ ထိုးစစ်ဆင်ဖို့ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်များအပါအဝင် ဖရူဆို- ဘောလခဲ နှင့် ဖားဆောင်း အခြေစိုက် တပ်များဟာ ဖားဆောင်းတပ်စခန်းမှာ အင်အားစုဖွဲ့ပြီး မယ်စဲ့မြို့နယ်ဘက်ကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာကိုလည်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

BGF တပ်ရင်း(၂)ရင်းဖြစ်တဲ့ ရွာသစ်မြို့အခြေစိုက် (၁၀၀၅)တပ်ရင်းနှင့် မယ်စဲ့မြို့နယ်၊ ပန်းတိန်းကျေးရွာ အခြေစိုက် (၁၀၀၄)တပ်ရင်းတို့ဟာ ၂၀၀၉ ခုနှစ်က နယ်ခြားစောင့်တပ် (BGF) အဖြစ် စစ်ကောင်စီရဲ့ ဖိအားပေး အသွင်ပြောင်းခံထားရတဲ့ တပ်ဖွဲ့ဖြစ်ခဲ့ပေမယ့် ယခုအခါမှာတော့ အဲဒီ နယ်ခြားစောင့် တပ်ရင်းတွေထဲက တပ်ဖွဲ့ဝင် အများစုဟာ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ-KNPLF)နဲ့ ပူးပေါင်း ပြီး စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။  

ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ-KNPLF) ကတော့ ၁၉၉၄ ခုနှစ်မှာ စစ်ကောင်စီနဲ့ အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့တဲ့ အဖွဲ့စည်းတစ်ခုဖြစ်ပါတယ်။

Related Articles

Back to top button