သတင်း

နှစ်ဖက်စစ်ရေး တင်းမာလာပြီးနောက် မိုးဗြဲမြို့ပေါ်က ဒေသခံပြည်သူ နှစ်သောင်းကျော် ဘေးလွှတ်ရာသို့ တိမ်းရှောင်

ဓါတ်ပုံ – KRC (ပုံဟောင်း)

ဖယ်ဒရယ်ဂျာနယ် မြန်မာ
ဇွန် ၂၀ ရက်၊ ၂၀၂၃။
 
ကယား(ကရင်နီ)ပြည်နယ်၊ မိုးဗြဲမြို့အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား ပြီးခဲ့တဲ့၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၇)ရက်နေ့မှ စတင်ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်လာလို့ မိုးဗြဲမြို့ပေါ်က ဒေသခံပြည်သူ နှစ်သောင်းကျော်ဟာ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ အဲဒီဘက်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။
 
နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုအတွင်း အရပ်သား ပြည်သူများ သေဆုံးသူများရှိခဲ့သလို ထိခိုက်ဒဏ်ရာရသူများလည်း အများအပြား ရှိခဲ့တာပါ။
 
အခုလ ဇွန်လအတွင်းမှာဘဲ နှစ်ဖက် စစ်ရှိန်မြင့်ပြီး ပိုမိုတင်းမာလာတာကြောင့် မိုးဗြဲမြို့ပြည်သူများဟာ မြို့လုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မိုးဗြဲဒေသခံတစ်ဦးက ပြောပြပါတယ်။
 
မိုးဗြဲဒေသခံတစ်ဦး ပြောတာက “ဒီလမှာ စစ်ကောင်စီတပ်တွေက ပြည်သူတွေကို တမင်ရည်ရွယ် သတ်ဖြတ် လာတာများတော့ မိုးဗြဲမြို့ပေါ်က လူတွေဘယ်သူမှ မနေရဲကြတော့ပါဘူး၊ မိုးဗြဲမြို့ပေါ်မှာရပ်ကွက်ပေါင်း ၂၁ရပ်ကွက် ရှိပါတယ်၊ အိမ်ခြေ (၄၄၃၅) အိမ် လူဦးရေ (၂၂၁၇၈)ဦး ရှိပါတယ်၊ အခုအားလုံး ဖယ်ခုံနဲ့ လွိုင်ကော်မြို့တွေမှာ ထွက်ပြေးတိမ်‌ရှောင်နေကြရပါပြီ”
 
ကရင်နီဒေသက မြေပြင်အချက်အလက်တွေကို စုစည်းကောက်ခံနေတဲ့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ဇွန်လ(၁၈)ရက်နေ့၊ မိုးဗြဲအခြေနေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်အရ အာဏာသိမ်းမှု စတင်တဲ့ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ၂၀၂၃ခုနှစ် ဇွန်လ (၁၇)ရက်နေ့အထိ မိုးဗြဲမှာ တိုက်ပွဲ ပေါင်း ( ၆၁ ) ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု (၃၉ )ကြိမ်ရှိခဲ့ပြီး နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သား နေအိမ် (၁၇၄) လုံး ထိခိုက် ပျက်စီး ကာ အရပ်သားသေဆုံးသူ (၆၆)ဦးထိ ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
 
အရပ်သားသေဆုံးမှုများမှာတော့ စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်သူ (၄၁)ဦးရှိပြီး လက်နက်ကြီး ထိမှန် မှုကြောင့် သေဆုံးသူ (၂၀)ဦး၊ လေကြောင်းပစ်ခတ်မှုများကြောင့် သေဆုံးသူ (၃)ဦး၊ မြေမြုတ်မိုင်း နှင်းမိမှုကြောင့် သေဆုံးသူ (၁)ဦး၊ လက်နက်ကြီးသံကြောင့် ထိတ်လန့် သေဆုံးသူ (၁)ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီ အရပ်သား ထိခိုက် သေဆုံးမှုမှာတော့ ကျား (၄၅)ဦး၊မ (၁၅)ဦး၊ကျား/မ မသိရသေးသူ (၆)ဦးနှင့် (၁၈)နှစ် အောက် ကလေးငယ် (၁၃)ဦးထိ ပါဝင်နေတယ်လို့ သိရပါတယ်။

Related Articles

Back to top button