သတင်း

ထိုင်းအစိုးရက အာဆီယံခေါင်းဆောင်များနဲ့ စစ်ကောင်စီကိုပါ ဖိတ်ခေါ်ပြီး လျှို့ဝှက်ဆွေးနွေးမယ့် အစည်းအဝေးကို ဖျက်သိမ်းပေးဖို့ တောင်းဆို

ဓါတ်ပုံ – Getty Images (ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က ထိုင်းအစိုးရစီစဥ်ပြီး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးအပါအဝင် အာဆီယံဝန်ကြီးတချို့ကို ဖိတ်ခေါ်တဲ့ အလွတ်သဘောဆွေးနွေးပွဲမြင်ကွင်း)

ဖက်ဒရယ်ဂျာနယ် မြန်မာ

ဇွန် ၁၈ ရက်၊ ၂၀၂၃။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဒ်ဝီနိုင်က အာဆီယံခေါင်းဆောင်များနဲ့ စစ်ကောင်စီကိုပါ ဖိတ်ခေါ်ဆွေးနွေးမယ့် ဒီကနေ့ ဇွန်လ ၁၈ ရက်နေ့မှာ စတင်ကျင်းပပြီး လျှို့ဝှက်ဆွေးနွေးမယ့် အစည်းအဝေးကို ကန့်ကွက်ရှုပ်ချကြောင်းနဲ့ ဖျက်သိမ်းပေးဖို့ တော်လှန်ရေး အင်အားစု အဖွဲ့အစည်းများ (၃၁၆)ဖွဲ့က ထိုင်းအာဏာပိုင်များထံ အိတ်ဖွင့်စာပေးပို့ တောင်းဆို လိုက်ပါတယ်။

အခု တောင်းဆိုထားတဲ့ အိတ်ဖွင့်ပေးစာမှာတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ လုပ်ဆောင်ချက်ဟာ အာစီယံ၏ သဘောတူညီချက်နှင့် ဆန့်ကျင်နေကြောင်း၊ ထိုင်းနိုင်ငံအိမ်စောင့်အစိုးရအနေနဲ့ ဒီအစည်းအဝေးကို ခေါ်ယူ ကျင်းပခွင့် မရှိကြောင်း နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအနေဖြင့် အဖွဲ့၏ သဘောတူညီချက်မှ သွေဖည် မသွားရန် လိုအပ် တာကြောင့် အခုလျှို့ဝှက် အစည်းအဝေးကို ဖျက်သိမ်းပေးဖို့ တောင်းဆိုထားတာပါ။

” အဓိက ရည်ရွယ်ချက်က ထိုင်းအစိုးရအနေနဲ့ မြန်မာတွေရဲ့ သဘောထားတွေကို အလေးထားပြီးတော့ နားထောင်ဖို့လိုတယ်လို့ မြင်လို့ ဒီစာကိုထုတ်ရခြင်းဖြစ်တယ်။ စစ်ကောင်စီကို မြန်မာတစ်နိုင်ငံလုံးမှ ဆန့်ကျင်တွန်းလှန်နေချိန် မှာ ဒီလုပ်ရပ်က အာဏာရှင်သက်ဆိုးရှည်အောင် နိုင်ငံတကာမှာ အသိအမှတ်ပြုအောင် ကြိုးစားတာဖြစ်လို့ ပြည်သူတစ်ရပ်လုံးရဲ့ စိတ်သဘောထားနဲ့ ဆန့်ကျင်နေတဲ့ ထိုင်းရဲ့ လုပ်ရပ်ကို အပြင်းအထန် ဆန့်ကျင်တယ်။ ဆုတ်ချတယ်။ ကန့်ကွက်တာ ဖြစ်တယ်” လို့ အိတ်ဖွင့်ပေးစာနဲ့ ပတ်သတ်ပြီး ပြောရေးဆိုခွင့်ရှိသူ စောအဲလက်စ်မှ ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။

ဒါ့အပြင် လက်ရှိ ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီအတွက် အာဆီယံကနေ ကတိကဝတ် တစ်ခုရအောင်လုပ်ပေးဖို့၊ သူတို့ကလည်းစစ်ကောင်စီနဲ့ စစ်တပ်အချင်းချင်းကြားကဆက်ဆံရေးကို ထိန်းသိမ်းထားချင်တဲ့ သဘောတွေကို တွေ့ရတယ်လို့ သူကပြောပါတယ်။

အာဆီယံရဲ့ သဘောတူညီချက်ကနေ ‌နောက်ထပ်တက်လာမယ့် ထိုင်းအစိုးရမှ လိုက်နာအကောင်အထည်ဖော် ရမယ်ဆိုတဲ့ စဥ်းစားချက်ကနေ သူတို့တွန်းအားပေးတယ်လို့လည်း ဆိုပါတယ်။

” သူတို့တွေ့ဆုံပွဲကနေ ဘယ်လိုရလဒ်မျိုး ထွက်မယ်ဆိုတာ မသိဘူး။ ဒါပင်မဲ့ လက်ရှိထိုင်းအစိုးရက သူတို့ မဆင်းခင်မှာ စစ်ကောင်စီကို အသိအမှတ်ပြုဖို့ တိုက်တွန်းချင်တဲ့ သဘောရှိတယ်။ ဒါကို ဆက်လက်စောင့်ကြည့်ပြီး လိုအပ်သလို တုန့်ပြန်ဖို့ ရှိတယ် ” လို့ စောအဲလက်စ်က ဆက်ပြောပါတယ်။

ယခု ထိုင်းအိမ်စောင့်အစိုးရ၏ လုပ်ဆောင်ချက်မှာ ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၂၆၆၉ နဲ့လည်း ဆန့်ကျင်နေတာဖြစ်ပြီး အစည်းအဝေးဖိတ်ကြားခံထားရသည့် နိုင်ငံများအနေနဲ့လည်း မတက်ရောက်ဖို့ အိတ်ဖွင့် ပေးစာထဲမှာ ထည့်သွင်း တောင်းဆိုထားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဒ်ဝီနိုင်ရဲ့ လျှို့ဝှက်အစည်းအဝေးနဲ့ ပတ်သက်ပြီး ဖိတ်ကြားမှုကို သံတမန်ဆန်တဲ့ အသုံးအနှုန်းဖြင့် ပြန်လည်တုန့်ပြန်တာမဟုတ်ပဲ ခတ်ပြတ်ပြတ် မတက်ရောက်နိုင်ဘူးလို့ အာဆီယံအလှည့်ကျ ဥက္ကဌ တာဝန်ယူထားတဲ့ အင်ဒိုနီရှားနိုင်ငံခြားရေး ဝန်ကြီးကတော့ ပြောထားသလို စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးကလည်း တခြားခရီးစဉ်ရှိတာကြောင့် မလာနိုင်ဘူးလို့ ခတ်ပြတ်ပြတ် အကြောင်းပြန်ထား တယ်လို့ သိရပါတယ်။

တဘက်မှာလည်း အခုလို ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့လုပ်ရပ်ကြောင့် နိုင်ငံတကာမှာလည်း ထိုင်းနိုင်ငံရဲ့ ဂုဏ် သိက္ခာ ကျဆင်းစေသလို ထိုင်းပြည်သူတွေနဲ့ နိုင်ငံရေးသမားများ၊ ပညာရှင်များအပြင် ထိုင်းသတင်းမီဒီယာများက အမြတ်ဒေါသထွက် နေကြပြီး မေးခွန်းထုတ် ဖြေရှင်းချက်တောင်းနေကြတယ်လို့ ထိုင်းနိုင်ငံရေးလေ့လာသူ မြန်မာ့ အကဲခတ် တချို့ကလည်း သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် ရေးသား ဖော်ပြထားကြပါတယ်။

Related Articles

Back to top button