ဆောင်းပါးအတွေးအမြင်

ရှေ့ကာလဖြစ်နိုင်ခြေများ တင်ပြချက်အပေါ် ထပ်ဆောင်းပြောလိုသော မှတ်ချက်များ

ရှေ့ကာလဖြစ်နိုင်ခြေများ တင်ပြချက်အပေါ် ထပ်ဆောင်းပြောလိုသော မှတ်ချက်များ

– အီဂေါဗလာဇီဗစ် | အတွေးအမြင်

မကြာခင်က စာရေးသူတစ်ယောက်ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ခွဲခြမ်းစိတ်ဖြာတဲ့ ဆောင်းပါးတစ်ခုကို နီးစပ်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကြားရောက်အောင် ပေးပို့ခဲ့တာကို ကျွန်တော်ဖတ်ခဲ့ရပါတယ်။

ဒီလိုခွဲခြမ်းစိတ်ဖြာထားတဲ့ဆောင်းပါးဟာ စိတ်ဝင်စားစရာကောင်းပြီး အတွင်းကျကျ မြင်နိုင်တာတွေလည်း ပါပါတယ်။

ဒီဆောင်းပါးက ကျွန်တော်အရင်ကတည်းက သတိထားခဲ့ပေမယ့် သိပ်ပြီး မစဉ်းစားဖြစ်ခဲ့တဲ့ ရှုထောင့်များစွာကို ထည့်သွင်းထားပါတယ်။ ဒါပေမယ့် ဒီစာရေးသူရဲ့ ဆန်းစစ်မှုမှာ အမြစ်တွယ်နေတဲ့ ပြဿနာတွေ ရှိနေပါတယ်။

၁။ စာရေးသူဟာ မြန်မာနိုင်ငံအခြေအနေကို လိုတာထက်ပိုပြီး ရှုပ်ထွေးနေသလိုရေးခဲ့ပါတယ်။

ဟုတ်ပါတယ်။ မြန်မာနိုင်ငံရဲ့အခြေအနေကို အရှုပ်တွေထဲမှာချည်းပဲလို့ ထပ်တလဲလဲ ခွဲခြမ်းစိတ်ဖြာနိုင်ကြပါတယ်။ ဘယ်တော့မှာ ဒီလိုပြောလို့ အမှားမရှိပါဘူး။

သို့သော် ဒီလိုအရှုပ်အထွေး ကမ္ဘာကြီးလို့ ပြောနေကြရုံနဲ့ မြန်မာဟာ မပြောင်းလဲလာနိုင်ကြောင်းကို လျစ်လျူမရှုသင့်ပါဘူး။ ဒီလိုအရှုပ်သံသရာမှာ လည်နေတယ်လို့ ခံစားနေကြရုံနဲ့တော့ ဒီစစ်ပွဲနဲ့တော်လှန်ရေးဟာလည်း အောင်နိုင်သွားမှာမဟုတ်ပါဘူး။

ကျွန်တော်နေထိုင်တဲ့ အရှေ့ဥရောပ ကွန်မြူနစ်လက်ဟောင်းနိုင်ငံတွေ ဘက်မှာတော့ မာ့က်စ်ကို ကိုးကားရတာက ဒီလောက်လူကြိုက်မများပါဘူး။ ဒါပေမယ့် သူ့ရဲ့ နာမည်ကျော် ကိုးကားချက်တစ်ခုကို ပြောပြချင်ပါတယ် – ကျွန်တော်တို့ဟာ (တွေးကြခေါ်ကြသူတွေ) ကမ္ဘာကြီးကို လိုသလို အနက်ဖွင့်ခဲ့ကြပါတယ်။ အခုတော့ ပြောင်းလဲဖို့ အချိန်တန်လာပါပြီ။

ဟုတ်ပါတယ်။ မြန်မာနိုင်ငံဟာရှုပ်ထွေးပေမယ့် တစ်ချိန်တည်းမှာပဲ ရိုးရိုးရှင်းရှင်းရှင်း မြင်သာတဲ့ အခြင်းအရာတစ်ခုဆိုတာပါ။ မတော်မတရား ဖိနှိပ်ချုပ်ချယ်တဲ့ စစ်အာဏာရှင်စနစ်ဟာ အမြီးကျက်အမြီးစားခေါင်းကျက်ခေါင်းစားပါ။

ဒီအင်မတန်ရက်စက်တဲ့အာဏာရှင် ဆိုတာက အဓိကပြဿနာအားလုံးရဲ့ ရေသောက်မြစ်ပါ။ ဒီအာဏာရှင်စနစ်ကို ဖယ်ရှားကြည့်ကြစို့။ အဲဒီအခါ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးမှုတွေကို အဓိပ္ပါယ်ဖွင့်ဆိုကြဖို့၊ ဆွေးနွေးကြဖို့နဲ့ ဖြေရှင်းကြဖို့ စတာတွေကို တစ်ဖန် စတင်လာနိုင်မှာ ဖြစ်ပါတယ်။

စစ်တပ်ဟာ အရပ်သားပြည်သူလူထုနဲ့ လူမျိုးစုတွေအပေါ် အကြွင်းမဲ့အာဏာရှင်ဆန်ဆန် ပြုမူတာ၊ ဘာစည်းမျဉ်းမှမရှိ ထင်သလို ရက်စက်တတ်ဟာ အရှိတရားပါ။ အာဏာရှင်ဆန်တဲ့ အုပ်စိုးမှုအောက်မှာ အရပ်သားတွေအတွက် အခြေခံလုံခြုံရေးဆိုတာမရှိ၊ တိုင်းပြည်မှာ လုံခြုံအောင်လုပ်ပေးနိုင်တာမဟုတ်ပါဘူး။ ဒီအာဏာရှင်ဟာ တရားဥပဒေတို့ လူ့အခွင့်အရေးတို့ကို မလေးစားပါဘူး။

ခွဲခြားဆက်ဆံမှုများ ဆက်လက် ဖြစ်ပွားအောင်လုပ်နေပါလိမ့်မယ်။ အကြမ်းဖက်သွေးထွက်သံယိုမှုတွေ ကျူးလွန်ပြီး စစ်ပွဲတွေကို ဖန်တီးနေပါလိမ့်မယ်။ တိုင်းပြည်ရဲ့ စည်းစိမ်ဥစ္စာကို အရှက်မရှိစွာနဲ့ ရရင်ရသလို ကိုယ့် အိတ်ထဲ ထိုးထည့်ကြပါလိမ့်မယ်။ တစ်ရာခိုင်နှုန်းသော အာဏာရှင်မိသားစုတွေဟာ နိုင်ငံရဲ့ အရင်းအမြစ်တွေနဲ့ နိုင်ငံရပ်ခြားနဲ့ပတ်သက်တဲ့ အခွင့်အရေးတွေကိုလည်း မောင်ပိုင်စီးထားပြီး မတရားယူကြတယ်။

ဒီလိုရှိနေတဲ့ မြန်မာနိုင်ငံရဲ့ အရှုပ်အထွေးတွေကို လေ့လာသုံးသပ်တဲ့အခါမှာ ဖြစ်ပျက်နေတဲ့ မြင်သာထင်သာတဲ့ အခြေခံအကြောင်းတရားတွေကို မမေ့သင့်ဘူး။ အာဏာရှင်စနစ်၊ လက်သင့်ရာစားတော်ခေါ်တဲ့ ဆွေမျိုးကောင်းစားရေးစနစ်နဲ့ ဥပဒေကိုလက်တလုံးခြား မင်းမဲ့ စရိုက်ဆန်တဲ့ တပ်အုပ်ချုပ်ရေးကို အစိုးရတစ်ရပ်လို့ သတ်မှတ်နေရင် လာမယ့် အနာဂတ်အရေးဖြေရှင်းဖို့အတွက် သူတို့ကလွဲလို့ ရွေးစရာမရှိဘူးဆိုတာမျိုးတွေးထားရင် မြန်မာနိုင်ငံရဲ့ ပြဿနာတွေ ရှုပ်ထွေးတယ်ဆိုတဲ့ကိစ္စတွေကို ရှင်းလို့ရမယ် မထင်ပါဘူး။

လက်ရှိပြဿနာရဲ့ အတိုင်းအဆတွေ အားလုံးပိုပြီး နက်နဲလာတာသာ ရှိပါမယ်။ တူရကီရှေးဟောင်းပြည် Gordian မှာ ကြိုးထုံးဖြေနိုင်တဲ့သူ ထီးနန်းရမယ်ဆိုလို့ ဘုရင်ကြီးက ပြိုင်ပွဲဝင်ခိုင်းတော့ အလက်ဇန္ဒားက ထွက်လာပြီး ကြိုးထုံးကိုဓားနဲ့ ခုတ်သွားတဲ့ပုံပြင်) ကို ဇာတ်လမ်းကို သတိရကြပါစေ။ (ကြိုးထုံးဘယ်လောက်ရှုပ်ရှုပ် ရှင်းချင်ရင် ရှင်းလို့ရပါတယ်။)

လက်ရှိစစ်အုပ်ချုပ်သူတွေကို အနိုင်တိုက်ဖို့ နဲ့ ဖယ်ရှားပစ်ဖို့ဆိုတာ ဖြစ်နိုင်တဲ့ ကိစ္စတွေပါ။ ဒဿနာအမြင်ဘက်က အဓိပ္ပါယ်ဖွင့်ဆိုမှုတွေနဲ့တော့ ဒါကိုလုပ်နိုင်မှာမဟုတ်ပါဘူး။ ကာယကံမြောက်ဆောင်ရွက်ခြင်းအားဖြင့်သာ ဆောင်ရွက်နိုင်မှာပါ။

၂။ အထက်မှာဆိုခဲ့တဲ့ သုံးသပ်ချက်ရဲ့ ဒုတိယပြဿနာကတော့ စစ်အစိုးရကိုအနိုင်တိုက်ဖို့ဆိုတာ ဖြစ်နိုင်တယ်လို့ စာရေးသူက ယုံကြည်မနေတာဖြစ်ပါတယ်။

ဒီအချက်ကိုတော့ ကျွန်တော် မပြောတတ်ပါဘူး။ သူမှန်ချင်လည်း မှန်နိုင်တယ်၊ မှားချင်လည်း မှားနေနိုင်တယ်။ ဒါက အဆုံးအဖြတ်ကျပြီးတဲ့ ကိစ္စမဟုတ် သေးပါဘူး။ ဗလာဖြစ်နေသေးတဲ့ သမိုင်းစာမျက်နှာ ဖြစ်နေပါသေးတယ်။

မြန်မာစစ်တပ်ကို အနိုင်ယူဖို့ မဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းကို သမိုင်းကြောင်းကိုကိုးကားပြီး စာရေးသူအနေနဲ့ ချက်နဲ့ လက်နဲ့ အများကြီး ပြောပြနိုင်ကြပါလိမ့်မယ်။ စစ်တပ်ဘက်မှရှိတဲ့ အရင်းအမြစ်တွေက ဘယ်လောက်ခိုင်ကြောင်း ကိန်းဂဏန်းတွေပြောပြကြပါလိမ့်မယ်။

တော်လှန်ရေး ဘက်တော်သားတွေမှာတော့ ဒါတွေ မရှိကြောင်းလည်း ရှင်းပြကြပါလိမ့်မယ်။ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်လေ့လာမှုတွေလုပ်ပြီး ဥပမာတွေလည်း ဟိုဟိုဒီဒီ ထည့်သွင်းရေးသားနိုင်ကြပါလိမ့်မယ်။

ကျွန်တော်ကတော့ ဒီလိုတုန့်ပြန်ပါလိမ့်မယ်။ ဟုတ်ပါတယ်။ လက်ရှိနိုင်ငံရေးအခြေအနေ၊ လူထုရဲ့ အနုနည်းတော်လှန်ရေးနဲ့ လက်နက်ကိုင်တော်လှန်ရေးတွေက မြန်မာစစ်တပ်ကို အပြည့်အဝ အနိုင်ယူချင်မှ ရမှာပါ။ ဒါပေမယ့် ဒီတော်လှန်ရေးဟာ လက်ရှိစစ်ခေါင်းဆောင်တွေကိုတော့ အနိုင်ရနိုင်ပါတယ်။ ခုနေခါမှာ ဒါဟာ ဖြစ်နိုင်ပါတယ်။ ပုံထဲမှာပြထားတဲ့ ဖြစ်ရပ်တွေရဲ့ ဆုံချက်အတိုင်းတောင် ဖြစ်လာနိုင်ပါသေးတယ်။

တကယ်လို့ လက်ရှိစစ်အာဏာရှင်တွေ ရှုံးသွားမယ် ဆိုရင် အခုအုပ်ချုပ်ရေး တစ်စင်လုံးနဲ့ အာဏာယန္တရားကြီးရဲ့ ဒေါင်လိုက်ဖြစ်တည်မှု ပြိုကွဲသွားမှာပါ။ မြန်မာစစ်တပ်ကတော့ လုံးဝ ပျက်သွားမှာ မဟုတ်ပါဘူး။

သူတို့နဲ့ပတ်သက်လို့တော့ လုပ်သင့်တာ တစ်ခုခုလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီသတ္တဝါကြီးဟာ ကျွန်တော်တို့ အခုမြင်နေရတဲ့ ရက်စက်ကြမ်းကြုတ်တဲ့၊ မျက်ကန်းတစ္ဆေမကြောက်သွေးဆာနေတဲ့သူတွေ၊ အကြမ်းဖက်ဖျက်ဆီးချင်သူတွေနဲ့တော့ ကွာသွားပါလိမ့်မည်။

ဒီတော့ အခုအခိုက်အတန့်မှာ ဘယ်သူ့က နိုင်မလဲဆိုတာကို မသိနိုင်ဘူး။ ယူနီဖောင်းတွေ ဝတ်ထားတဲ့ ဂျီနိုဆိုက်ကျူးလွန်သူတွေက နိုင်မှာလား ဒါမှမဟုတ် ဒီမိုကရေစီလိုလားသူ၊ ဖယ်ဒရယ်စနစ်ကို ရဖို့ တပ်ကို ဆန့်ကျင်ခုခံနေရသူတွေက နိုင်မှာလားဆိုတာ ပွဲပြတ်အောင် မဆုံးဖြတ်နိုင်သေးပါဘူး။

ဒါပေမယ့် တကယ်လို့ ဒီပွဲမှာ စစ်တပ်ကို နိုင်မှာမဟုတ်ဘူးလို့ ထင်နေရင်၊ မြန်မာ့အရေးဟာ ရှုပ်ထွေးလွန်းအားကြီးလို့ တော်လှန်ရေးဘက်က အနိုင်ရလိမ့်မယ်လို့ မယုံကြည်ဘူးဆိုရင်၊ တော်လှန်ရေးဘက်က နိုင်သွားရင်တောင် တော်တော်ခက်မယ်လို့ ပညာတတ်ဥာဉ်နဲ့ လူအထင်ကြီး စရာရေးထားတဲ့သုံးသပ်ချက်တွေထဲက အတိုင်းထင်နေမယ် ဆိုရင်တော့ အောင်နိုင်ကြမှာ မဟုတ်ပါဘူး။

စစ်တပ်ဟာ တခြားနိုင်ငံတွေကို ပထဝီနိုင်ငံရေးအရ အရေးပါတဲ့ နယ်မြေတွေ ထိုးအပ်ပြီး အောက် ကျခံပေါင်းတာတွေ ဖြစ်လာနိုင်သလို၊ မြေယာ၊ ဓာတ်ငွေ့၊ မြေရှားသယံဇာတ၊ ကျောက်စိမ်း၊သစ် တောနဲ့ မြစ်ချောင်းတွေက ဖြစ်လာမယ့် ဓနဥစ္စာကို အပိုင်သိမ်းနိုင်ပါတယ်။ အဲဒီအခါမှာ ပြည်သူ ၅၅ သန်းဟာလည်း သူတို့ကို နာခံရိုကျိုးပြီးနေကြရမှာပါ။

ဒါကြောင့်မို့ ကျွန်တော်တို့ထဲက ပညာတတ်တွေဟာ နွေ ဦး တော်လှန်ရေး အောင်နိုင်ရေးအတွက် တတ်နိုင်သမျှကို ဆောင်ရွက်ဖို့လိုပါတယ်။ မြန်မာ့အရေးဟာ ရှုပ်ထွေးမှုတွေ တင်းကြမ်း ပြည့်နေတယ်ဆိုတဲ့ လေးလေးနက်နက်ရေးထားတဲ့ သုံးသပ်ချက်တွေကို တလေးတစားနားထောင်မှာပါ။ ရသလောက်လည်း လေ့လာသွားမှာပါ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ တခြားရွေးစရာ တွေကိုလည်းဆောင်ရွက်ကြရမှာပါ။

မြန်မာနိုင်ငံက ပြည်သူပေါင်းများစွာနှင့်လူငယ်ပေါင်းများစွာဟာ စစ်တပ်အုပ်ချုပ်ရေးအန္တရာယ်ကို ကျော်လွှားနိုင်ကြဖို့ သူတို့အကြောင်းတွေကို ဒစ်ဂျစ်တယ်လောကမှာ ပြောပြကြပါတယ်။ စစ်တပ်အာဏာရှင်ကို အောင်နိုင်မယ်လို့ သူတို့ ယုံကြည်တာကို ပြကြတယ်။

မြန်မာပြည်သူ အများစုကြီးမှာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရုံ၊ တန်ပြန်ခုခံရုံကလွဲလို့ တခြားနည်းလည်းမရှိပါဘူး။ ကျွန်တော်ကတော့ အကျင့်သီလဆိုင်ရာမေးခွန်းအတွက် မြန်မာပြည်သူတွေနဲ့ အတူ ရပ်ဖို့ ရွေးချယ်ပါတယ်။ မြန်မာပြည်ကြီး ရှုပ်ထွေးလှချည်ရဲ့၊ တော်လှန်ရေး အောင်မြင်သွားရင် အန္တရာယ် များလှချည်ရဲ့ ဆိုတဲ့ သုံးသပ်ချက်တွေ ထိုင်ပြီးလုပ်နေတဲ့ အစုထဲမှာ နေဖို့ မရွေးချယ်ပါဘူး။

– အီဂေါဗလာဇီဗစ်

Related Articles

Back to top button