ဓါတ်ပုံ – The Kachin Net
ဖက်ဒရယ်ဂျာနယ် မြန်မာ
ဇွန် ၁၄ ရက်၊ ၂၀၂၃။
၁၅ ကြိမ်မြောက် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ အုပ်ချုပ်ရေးဝန်ကြီးဌာန ညွန်ကြားမှုအောက်တွင် ဖွင့်လှစ်ထားတဲ့ အုပ်ချုပ်ရေးအရာရှိ သင်တန်းကျောင်းဆင်းပွဲ ဂုဏ်ပြု အခမ်းအနားကို ဒီကနေ့ ဇွန် ၁၄ ရက် နံနက်ပိုင်းက တရုတ်နယ်စပ် ဗဟိုဌာနချုပ် လိုင်ဇာက စင်ပရော့မဂျွယ် ခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ KIO ဘက်ကလာတဲ့ သတင်းအရ သိရပါတယ်။
ဒီကနေ့ အခမ်းအနားမှာတော့ KIO အုပ်ချုပ်ရေး ထိပ်ပိုင်းခေါင်းဆောင်များနဲ့ ဧည့်သည်တော် ၁၅၀၀ ခန့် တက်ရောက် ဂုဏ်ပြုပေးခဲ့ကြတာဖြစ်ပြီး သင်တန်းကျောင်းဆင်းတဲ့ အုပ်ချုပ်ရေးအရာရှိ ၂၈၇ ဦးကို ဂုဏ်ပြုလက်မှတ် အသီးသီးချီးမြှင့်ပေးခဲ့ကြသလို ထူးချွန်ကျောင်းသား၊သူများကိုလည်း အထူးဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့တာပါ။
အုပ်ချုပ်ရေးဝန်ကြီးဌာနရဲ့ တာဝန်ခံ ဖြစ်တဲ့ ဗိုလ်မှူးချုပ် လဖိုင်ဇော်ရော်က “သင်တန်းကျောင်းဆင်းတဲ့ အုပ်ချုပ် ရေးအရာရှိများဟာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး ပြည်သူ့က အား ကိုးအားထားတဲ့ ပြည်သူ့ ဝန်ထမ်းကောင်းများ ဖြစ်လာနိုင်ဖို့ မိခင်အဖွဲ့အစည်း အုပ်ချုပ်ရေးဝန်ကြီးဌာနက ပေးအပ်လာတဲ့ တာဝန်များကို ထမ်းဆောင်နိုင်တဲ့ စံပြကောင်း အရာရှိများ ဖြစ်လာဖို့တိုက်တွန်းကြောင်း” အခမ်းအနားမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ အုပ်ချုပ်ရေးအရာရှိ သင်တန်းကျောင်းကိုတော့ ၂၀၀၄ ခုနှစ်က စတင် ဖွင့်လှစ် လေ့ကျင့်သင်ကြားပေးခဲ့တာ ဖြစ်ပြီး အခု ၁၅ ကြိမ်မြောက်ထိ အုပ်ချုပ်ရေးအရာရှိပေါင်း ၁၂၀၀ ဦးကို လေ့ကျင့် မွေးထုတ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုနှစ် ၂၀၂၃၊ ၁၆ ကြိမ်မြောက်ရဲ့ သင်တန်းသား၊သူများဟာလည်း ၃၀၂ ဦးထိ တက်ရောက်နေပြီး လေ့ကျင့် ပညာသင်ရမယ့် ကာလဟာ ၂ နှစ် ဖြစ်ပါတယ်။
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ အုပ်ချုပ်ရေးဝန်ကြီးဌာနကိုတော့ ၁၉၆၉ ခုနှစ် ဇူလိုင် ၉ ရက်နေ့မှာ စတင် ဖွဲ့စည်းခဲ့တာဖြစ်ပြီး တိုင်းအဆင့် ၈ ခု၊ သီးသန့်ခရိုင်အဆင့် ၂ ခု အပါအ၀င် ခရိုင်အဆင့် ၂၅ ခုရှိပြီး သီးသန့် မြို့နယ်အဆင့် ၂ ခု အပါအဝင်၊ မြို့နယ်အဆင့် ၇၀ ခု နှင့် မြို့နယ်ခွဲ ၂၀၇ ခုထိ အုပ်ချုပ်ရေးရုံးများကို အသီးသီး ဖွင့်လှစ် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။