သတင်း

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းကြောင်းကြေညာ

ဓာတ်ပုံ-Karenni state interim executive council-iec

ဖက်ဒရယ်ဂျာနယ် မြန်မာ
ဇွန် ၁၂ ရက်၊ ၂၀၂၃။

ပြည်နယ်အစိုးရ လုပ်ငန်းတွေကို ဖော်ဆောင်ဖို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းလိုက်တယ်လို့ ဒီကနေ့ ဇွန်လ ၁၂ ရက်နေ့မှာ တရားဝင် ကြေညာလာပါတယ်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီကို ကောင်စီဝင် ၆ ဦးဖြင့် ဇွန်လ ၆ ရက်နေ့က ဖွဲ့စည်းလိုက်တာ ဖြစ်ပြီး ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ကရင်နီပြည်နယ်တွင် ရည်ရွယ်ချက် ၃ ချက်ကို အကောင်အထည် ဖော်သွားဖို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကနေဦး ဖွဲ့စည်းလိုက်တဲ့ ကောင်စီအဖွဲ့ဝင် ၆ ဦးကိုတော့ ဥက္ကဌ ခူဦးရယ်၊ ဒုဥက္ကဌ ခွန်းဘီထူး၊ အထွေထွေအတွင်းရေးမှူး ခူပလုရယ်၊ အတွင်းရေးမှူး(၁) ဇူးပဒုမ္မာ၊ အတွင်းရေးမှူး (၂) ဗညားခွန်အောင် နှင့် ဘဏ္ဍာရေးမှူး မော်ဖိုးမြာ တို့ ဖြစ်ပါတယ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ရည်ရွယ်ချက် ၃ ချက်ဖြစ်တဲ့ စုပေါင်းခေါင်းဆောင်မှု များဖြင့် ကြားကာလ ပြည်နယ် အစိုးရတစ်ရပ်၏ အုပ်ချုပ်ရေးကို ဖော်ဆောင် သွားရန်၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး ၊ တရားစီရင်ရေး ကဏ္ဍများ အပြန်အလှန် ထိန်းညှိပြီး ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဖော်ဆောင် သွားရန်၊ ပြည်နယ်အတွင်းရှိ အင်အားစု အသီးသီးနှင့် လက်တွေ့ကျစွာ ပူးပေါင်း ပါဝင်ဆောင်ရွက်သွားရန် ရည်ရွယ်တယ်လို့လည်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပြည်သူ့ဝန်ဆောင်မှုအနေဖြင့် ကရင်နီပြည်တွင် ပြည်သူလူထုကို အကာအကွယ်ပေးသွားမည်ဖြစ်သလို ရဲဌာန၊ အကျဉ်းထောင်တို့ကိုလည်း စနစ်တကျ စီမံခန့်ခွဲကာ ကရင်နီဒေသတွင်း တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကိုလည်း ဆက်လက် အကောင်အထည် ဖော်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းမှုဟာ ပြည်နယ်အတွင်းနှင့် ပြည်ထောင်စုအတွင်း နိုင်ငံရေးစနစ်သစ်သို့ အသွင်ကူးပြောင်းသွားနိုင်ရန် ပြည်ထောင်စုတစ်ဝှမ်းရှိ အင်အားစုအားလုံးတို့နှင့် အတူအစွမ်း ကုန် လက်တွဲကြိုးပမ်းသွားမည် ဖြစ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ဖြင့် ကရင်နီပြည်အစိုးရသစ် ပေါ်ပေါက် လာသည့် အချိန်ကာလတွင် ကြားကာလအုပ်ချုပ်ရေးကောင်စီ ကို သတ်မှန်ပြဌာန်းထားသော ကာလသက်တမ်းနှင့် အညီ ရုတ်သိမ်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်နီပြည်ဟာ အခြားဖက်ဒရယ်ယူနစ်များနှင့် လက်တွဲ၍သော်လည်ကောင်း၊ ပြည်ထောင်စု တစ်ဝှမ်းလုံးရှိ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြိုးပမ်းအားထုတ်နေသည့် အင်အားစု အားလုံးနှင့် ပူးပေါင်း၍သော်လည်းကောင်း ယခုဖြစ်ပေါ် ပျက်စီးယိုယွင်းနေသည့် တိုင်းပြည်၏ အခြေအနေ အ၀၀ကို အပြောင်းအလဲ တစ်ရပ်ဖြစ်ပေါ်လာရန် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီအနေဖြင့် လွတ်လပ်တရားမျှတသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖော်ဆောင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်သလို ပြည်တွင်း၊ ပြည်ပ အင်အားစုများနှင့် ချိတ်ဆက်လုပ်ဆောင်မှာ ဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းနေတဲ့ NUG, NUCC, CRPH တို့နှင့် အတူလက်တွဲ သွားမှာ ဖြစ်တယ်လို့ တရားဝင် ကြေညာပါတယ်။

Related Articles

Back to top button