သတင်း

စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး ပြည်သူအားလုံးနှင့် လက်တွဲသွားမည်ဟု KNU ဗဟိုအလုပ်မှုဆောင်အဖွဲ့သစ်ကြေညာ

ဓါတ်ပုံ – Lay Kay Kaw Youth Network

ဖက်ဒရယ်ဂျာနယ် မြန်မာ
မေလ ၆ရက်၊ ၂၀၂၃။

စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး ပြည်သူအားလုံးနှင့် လက်တွဲသွားမည်ဟု KNU ဗဟိုအလုပ်မှုဆောင်အဖွဲ့သစ်မှ ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကွန်ကရက်မှ မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီစနစ် ထူထောင်ရေး၊ မိမိတို့ ကရင်အမျိုးသားများတို့၏ ရသင့်ရထိုက်သော အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အခွင့်အရေးများ ရရှိရေးအတွက် ချမှတ်ထားသော အခြေခံလမ်းစဉ်၊ လုပ်ငန်းစဉ် နှင့် ရှေ့လုပ်ငန်းစဉ်များအတိုင်း ကရင်တမျိုးသားလုံးနှင့် အတူတကွ ရပ်တည်လုပ်ဆောင် သွားကြရန် သံဓိဌာန်ပြု ခဲ့ကြပါတယ်။

မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေကြသော တိုင်းရင်းသား တော်လှန်ရေးအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများ၊ လူထုလူတန်းစား အသီးသီး နှင့် အတူ လက်တွဲညီစွာပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း KNU ၏ တရားဝင်ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားပါတယ်။

KNU ၏ ၁၇ကြိမ်မြောက် ကွန်ဂရက်ကို ဧပြီလ ၂၄ရက်မှ မေလ ၄ရက်အထိ ၁၁ရက်ကြာ အွန်းလိုင်းစနစ်ဖြင့် ကျင်းပခဲ့ပြီး ဗဟိုအမြဲတမ်းကော်မတီဝင် ၄၅ဦး၊ ဗဟိုအလုပ်မှုဆောင်ကော်မတီ ၁၁ဦး နှင့် ဗဟိုတရားသူကြီးချုပ် ၁ဦးကို ရွေးချယ်တင်မြောက်နိုင်ခဲ့ကြောင်း သိရပါတယ်။

၁၇ကြိမ်မြောက် KNU ကွန်ဂရင်မှ ဥက္ကဋ္ဌ အဖြစ် ပဒိုစောကွယ်ထူးဝင်း၊ ဒု ဥက္ကဋ္ဌ အဖြစ် ပဒိုစောဆဲဂေ၊ အထွေထွေအတွင်းရေးမှူး အဖြစ် ပဒိုစောတာဒိုမူး၊ တွဲဖက်အတွင်းရေးမှူး-၁ ပဒိုစောသောသီဘွဲ၊ တွဲဖက်အတွင်းရေးမှူး-၂ ပဒိုစောလှထွန်း နှင့် အဖွဲ့ဝင်များအဖြစ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၊ ဗိုလ်မှူးချုပ်စောတာမလာသော၊ ပဒိုနော်ဒါးဒါး၊ ပဒိုစောတောနီး၊ ပဒိုစောအယ်ကလူစေး၊ ပဒိုစောလောအယ်မူးတို့ကို ရွေးချယ်တင်မြောက်နိုင်ခဲ့ပါတယ်။

Related Articles

Back to top button