သတင်း

နောက်ချို၊ ပြင်ဦးလွင် တိုက်ပွဲမှာ နှစ်ဖက်ထိခိုက် ကျဆုံးမှုရှိခဲ့၊ စစ်ကောင်စီ တပ်ရင်းမှုး ဒုတိယဗိုလ်မှုကြီး ၁ ဦး၊ တပ်ခွဲမှုး ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၀၀ ကျော်သေဆုံးမှုရှိတယ်လို့ ဆို

ဓါတ်ပုံ – Mandalay People’s Defence Force

ဖက်ဒရယ်ဂျာနယ် မြန်မာ

ဧပြီလ ၂၃၊ ၂၀၂၃။

နောင်ချိုမြို့နယ်နှင့်ပြင်ဦးလွင်မြို့နယ် နယ်စပ်ဒေသ များတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) (မန္တလေး)နှင့် စစ်ကောင်စီတပ်တို့ကြား ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၅)ရက်နေ့ မှ (၂၂) ရက်နေ့အထိ နှစ်ဖက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

(၁၈)ရက်တာ တိုက်ပွဲအတွင်း တစ်နေကုန် ရင်ဆိုင် တိုက်ခိုက်ရတဲ့ တိုက်ပွဲကြီး (၄) ကြိမ်နှင့် တိုက်ပွဲငယ် (၁၈) ကြိမ် ဖြစ်ပွါးခဲ့သလို စစ်ကောင်စီပူးပေါင်းတပ်များဖြစ်တဲ့ ခလရ(၁၄၇) ၊ ခလရ (၂၅၃) ၊ ခလရ (၂၅၈) ၊ ခမရ (၅၀၈) ၊ အမတ (၂၀၆) ၊ ခမရ(၄၁၉) ၊ ခမရ (၁၄)၊ အင်အား(၄၀)ပါ စနိုက်ဘာအထူးတပ်ဖွဲ့နှင့်ဒေသခံ ပြည်သူ့ စစ်တပ် ဖွဲ့များအပါအဝင် အင်အား ၁၀၀၀ ဝန်းကျင်ခန့်နှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ရတယ်လို့ စစ်ဦးစီးအဖွဲ့ (PDF-Mandalay) က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် နှစ်ဖက်တိုက်ပွဲအတွင်း Yak 130၊ MiG 29၊ SU 30၊ K8W အမျိုးအစား လေယာဉ်များ၊ Mi 35 ရဟတ်ယာဉ် များဖြင့်  လေကြောင်းတိုက်ခိုက်မှု (၃၃) ကြိမ် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးပစ်ကူအနေဖြင့် (၆၀)မမ ၊ (၈၁)မမ ၊ (၁၂၀) မမ ၊ (၁၅၅)မမ များ အလွန်အကျွံ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲ ကာလအတွင်းမှာတော့ စစ်ကောင်စီတပ် ခလရ(၁၄၇) တပ်ရင်းမှုး ဒုတိယဗိုလ်မှုကြီး တစ်ဦး ၊ ခလရ(၂၅၈) မှ တပ်ခွဲမှုး ဗိုလ်ကြီးတစ်ဦး နှင့် ခလရ (၂၅၃) မှ တပ်ခွဲမှုး ဗိုလ်ကြီးတစ်ဦး အပါအဝင်  တပ်သား  (၁၀၀)ဦး ဝန်းကျင်ထိ သေဆုံးခဲ့ပြီး ခလရ(၂၅၃)မှ စစ်ကြောင်းမှူးအပါအဝင်  အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို စစ်ကောင်စီတပ်ရဲ့ MA(3) 3 လက် ၊ 5.56 ကျည် အများအပြား ၊ 9မမ ကျည် အတောင့်(၂၀)၊ (60)မမ အသီး (10)လုံး နှင့် အခြား ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်ကတော့ ရဲဘော်(၁၁)ဦး ကျဆုံးမှု ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု တစ်ချို့ ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်၏လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ခဲ့ပြီး နေအိမ်ပျက်စီးမှု များပြားကာ အရပ်သား (၇) ဦး သေဆုံးပြီး ဒဏ်ရာရသူ တစ်ချို့ ရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ ယမန်နေ့ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၂) ရက်နေ့ကလည်း မြေပြင်သတင်းအရ စစ်တပ် အခြေပြုတပ်စွဲထားတဲ့ ခလရ(၁၄၇) စခန်းကုန်းသို့ မနက်(၃)နာရီခန့်တွင် ချဥ်းကပ်ခဲ့ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ စစ်သားများဟာ  စခန်းကုန်း စွန့်ခွာထွက်ပြေးသဖြင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အစားထိုး နေရာယူခဲ့တယ်လို့ ဆိုပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အခြေပြုနေရာယူထားတဲ့ နေရာသို့ အိမ်စီးကား(၂) စီး ရောက်ရှိလာတဲ့ အိမ်စီးကား ပေါ်တွင် စစ်ယူနီဖောင်းဝတ်တဦးပါလာသဖြင့် တားမြစ်စစ်ဆေးရာ မရပ်ပေးခဲ့လို့ ပစ်ခတ် ဖမ်းဆီးခဲ့ တာတိုင်ကျေးရွာနှင့် ငုက္ခလေး ကျေးရွာအကြား Toyota Corolla အိမ်စီးကားတစီးရပ်တန့်သွားပြီး ကားပေါ်မှ ခလရ(၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းအား သက်သေခံပစ္စည်းများနှင့်တကွ အသေဖမ်းဆီးရရှိခဲ့တယ်လို့ ဓါတ်ပုံနှင့်တကွ ဖော်ပြပါတယ်။

အလားတူ ဧပြီလ(၂၂)ရက်နေ့ကလည်း နောင်ချိုမြို့ပေါ်ရှိ ခလရ(၁၁၄)နှင့်ခလရ(၁၁၅) စစ်တပ်တို့ကို ရှော့တိုက်ဒုန်းများဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် ခလရ(၁၁၄) တပ်ဝန်းအတွင်းသို့ ကျရောက် ပေါက်ကွဲပြီး အတည်မပြုနိုင်သေးတဲ့ ရင်းမြစ်အရ စစ်သား (၅) ဦးသေဆုံးခဲ့ကာ ခလရ(၁၁၄) ဒုတပ်ရင်းမှူး သေဆုံးမှု ရှိခဲ့တယ်လို့ စစ်ဦးစီးအဖွဲ့ (PDF-Mandalay)   ဖော်ပြပါတယ်။

Related Articles

Back to top button