သတင်း

အမေရိကန်အနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို ဆန်ရှင်ထပ်ချသွားမယ်လို့ ဆို

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၂၆၊ ၂၀၂၃

အမေရိကန်ပြည်ထောင်စုအနေနဲ့ လာမဲ့ ရက်ပိုင်းအတွင်းမှာ မြန်မာ့စီးပွားရေးလုပ်ငန်းနဲ့ လူပုဂ္ဂိုလ်တွေအပေါ် ဆန်ရှင်တွေ ထပ်ချသွားမယ်လို့ ဆိုပါတယ်။ ထိုဆန်ရှင်ချထားမှုကြောင့် မြန်မာ့အာဏာသိမ်း စစ်ခေါင်းဆောင်တွေအနေနဲ့ လက်နက်ခဲယမ်းဝယ်ယူမှုပိုမိုခက်ခဲသွားမယ်လို့ အမေရိကန်အစိုးရရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ပြီးခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

” အာဏာသိမ်းစစ်ခေငါးဆောင်တွေအပေါ် ဆန်ရှင်ချ ဖိအားပေးမှုတွေ ထပ်လောင်းလုပ်ဆောင်သွားပါမယ်။ စစ်ခေါင်းဆောင်တွေအနေနဲ့ စစ်ပွဲအတွက် သုံးစွဲနေတဲ့ ငွေတွေ ရရှိမှုပိုမိုခက်ခဲသွားမယ်” လို့ အစိုးရရုံးဝန်ကြီးဌာနမှ အကြံပေးပုဂ္ဂိုလ် ဒီရက်ကောလက်က အင်ဒိုနီးရှားခရီးစဉ်အတွင်းမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးသမားများ၊ လူငယ်၊ ပြည်သူများကို ဖမ်းဆီးပြီး စစ်အာဏာသိမ်းခဲ့တာဖြစ်ပြီး စစ်ခေါင်း ဆောင်တွေအနေနဲ့ ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့သလို အဲဒီအချိန်မှ စပြီး မြန်မာနိုင်ငံဟာ အခြေအနေ အလွန်တရာဆိုးရွားလာခဲ့တယ်လို့ ဆက်ပြောပါတယ်။

” အရှေ့တောင်အာရှရဲ့ ဗဟိုချက်မနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဟာ ပျက်သုန်းနိုင်ငံအဖြစ်ကို ရောက်ရှိနေပြီ” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ လက်ရှိမှာ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံရှိ လူပုဂ္ဂိုလ် ၈၀ နဲ့ လုပ်ငန်း ၃၀ ကျော်ကို ဆန်ရှင်ချထားပြီး ဖြစ်သလို ထပ်ပြီး ဆန်ရှင်ချအရေးယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ကာလရှည်ကြာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးပဋိပက္ခတွေကို အဖြေရှာနိုင်ဖို့နှင့် ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည်ရောက်ရှိဖို့အတွက် ရုရှားအနေနဲ့ လက်နက်ထောက်ပံ့ရောင်းချမှုကို ရပ်ဆိုင်းရမယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါသေးတယ်။

” ရုရှားက လက်နက်တင်ပို့မှု ရပ်ဆိုင်းလိုက်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ အများကြီး ထိရောက်လာအောင် လုပ်ဆောင်နိုင်မယ်” လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက အာဆီယံအနေနဲ့ စစ်ကောင်စီကခန့်အပ်တဲ့ ဝန်ကြီးတွေကို အစည်းအဝေးတွေမှာ တက်ရောက်ခွင့်မပြုတာကို အပြည့်အဝထောက်ခံတယ်လို့လည်း သူက ပြောပါတယ်။

” အာဏာသိမ်းစစ်ခေါင်းဆောင်တွေအနေနဲ့ အခုလို ဆက်လက်ပြီး ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်နေမယ်ဆိုရင် နောက်ဆက်တွဲအကျိုးဆက်တွေကို ခံစားရမှာဖြစ်ကြီး နိုင်ငံတကာအသိုင်းအဝိုင်းမှ ဖယ်ကျဉ်ခံရပြီး အထီးကျန်နိုင်ငံဘဝကို ရောက်ရှိလိမ့်မယ်” လို့ သူက ပြောပါတယ်။

ကိုးကား – ဘန်ကောက်ပို့စ်

Related Articles

Back to top button