အတွေးအမြင်

စစ်အာဏာရှင်စနစ်ထွက်ရပ်လမ်း လူမျိုးပေါင်းစုံချစ်ကြည်ကြ

စစ်အာဏာရှင်စနစ်ထွက်ရပ်လမ်း လူမျိုးပေါင်းစုံချစ်ကြည်ကြ

အိုက်နီ(ဖြူး) | အတွေးအမြင် 

 

ဗမာပြည်လူ့အဖွဲ့အစည်းဟာ လူမျိုးစုံ၊ ဘာသာစုံ၊ အယူအဆစုံတဲ့ ကမ္ဘာ့အလယ်က တိုင်းပြည်တခုပါ။ ဒါဟာ ပန်းပေါင်းပွင့်လန်းနေတဲ့ ပန်းပင်လယ်ကြီးနဲ့ တူပါတယ်။ ဒါဟာ အလှတရားပါ။ ဒီအလှတရားကို နှောက်ယှက် ဖျက်ဆီးလိုသူ ဗိုင်းရပ်စ်မျိုးစုံရှိနေတာက လောကရဲ့သဘာဝပါပဲ။

ဒီဗိုင်းရပ်စ်ဆိုတာက စစ်အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒပဲဖြစ်ပါတယ်။ မဟာလူမျိုးကြီးဝါဒ ကို စစ်အာဏာရှင် စနစ်က မွေးထုတ်ပေးတာပါ။

ဗမာကျင့်သုံးရင် ဗမာလူမျိုးကြီးဝါဒ၊ ရှမ်းက ကျင့်သုံးရင် ရှမ်းလူမျိုးကြီးဝါဒ၊ ကချင်က ကျင့်သုံးရင် ကချင် လူမျိုးကြီးဝါဒ၊ ကယားက ကျင့်သုံးရင် ကယားလူမျိုးကြီးဝါဒ၊ ကရင်က ကျင့်သုံးရင် ကရင်လူမျိုးကြီးဝါဒ၊ ချင်းက ကျင့်သုံးရင် ချင်းလူမျိုးကြီးဝါဒ၊ မွန်က မွန်လူမျိုးကြီးဝါဒ၊ ရခိုင်က ကျင့်သုံးရင် ရခိုင်လူမျိုးကြီးဝါ ဒဖြစ်ပါ တယ်။ ပအို့ဝ်က ကျင့်သုံးရင်လည်း ပအို့ဝ်လူမျိုးကြီးဝါဒဖြစ်သလို ကယန်းက ကျင့်သုံးရင် ကယန်း လူမျိုးကြီးဝါဒ ဖြစ်ပါ လိမ့်မယ်။

လူမျိုးကြီးဝါဒဟာ ဘာသာ လူမျိုးမခွဲဘဲ သူ့ကျင့်သုံးတဲ့လူမျိုးတိုင်းက လူမျိုးကြီးဝါဒ ဖြစ်လာတတ်ပါတယ်။ ဒီလူမျိုးကြီးဝါဒရဲ့ မိခင်ဖခင်ကို အမြစ်ကလှန် ဖြိုလှဲပစ်မှသာ ချုပ်ငြိမ်းမှာပါ။ ဘယ်လိုဖြိုလှဲမလဲ။ လူမျိုးပေါင်းစုံ သွေးစည်းချစ်ကြည်ရေးနဲ့ ဖြိုလှဲ မီးသင်္ဂြိုလ်ပစ်ရမှာပါ။ ဒီနေရာမှာ ဘယ်လိုလူမျိုးစုံသွေးစည်းချစ်ကြည်ကြမလဲ။

လူမျိုးကြီးဝါဒ ကို အုပ်စိုးသူလူတန်းစားတွေက လက်ကိုင်ထားပြီး ကျင့်သုံးတာပါ။ အုပ်စိုးခံလူတန်းစား လူမျိုးစုံ ပြည်သူချင်းညီညွတ်ရေးတည်ဆောက်ရေးကနေသာ စုစည်းနိုင်မှာဖြစ်ပါတယ်။ ဒီကနေ့ စစ်အာဏာသိမ်းမှု ကြောင့် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ လူမျိုးတမျိုး လူတစုက ဖန်တီးလို့မရပါဘူး။ အုပ်စိုးသူ လူတန်း စားကသာ ဖန်တီးလို့ရတာပါ။  

ဒီမိုကရေစီအခွင့်အရေး နဲ့ တန်းတူရေးတွေ မိုးမှောင်ကျပြီး ကင်းမဲ့လာတဲ့အခါ ခေတ်စနစ်ဆိုးက တွန်းပို့လို့သာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ကြရတာပါ။ ဒီကနေ့ လက်နက်ကိုင်တော်လှန်ရေးဟာ လူမျိုး ကြီးဝါဒနဲ့ လူမျိုးစုံဝါဒကြားက တိုက်ပွဲဖြစ်ပါတယ်။ အဖိနှိပ်ခံလူမျိုးချင်း သွေးစည်းချစ်ကြည်ရေးနဲ့ ကျော်လွှားကြ ရမှာပါ။

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ နမ်းနိမ့်ရွာ အစုအလိုက်အပြုံလိုက် လူသတ်မှုအပါအဝင် နိုင်ငံအနှံ့အပြား ဖြစ်ပေါ်နေတဲ့ အစုအလိုက်အပြုံလိုက် လူသတ်မှုတွေရဲ့ လက်သည်တရားခံက စစ်အာဏာရှင်လူတစုနဲ့ လူမျိုးကြီး ဝါဒ လက်ခံကျင့်သုံးနေတဲ့လူအုပ်စုတွေက လက်ဝါးချင်းရိုက်ပြီး ကျူးလွန်နေတယ် ဆိုတာ လူမျိုးစုံပြည်သူ လူထုတွေ နားလည်သဘောပေါက်ရပါမယ်။

လူမျိုးရေး ဘာသာရေး ပဋိပက္ခကို ဖန်တီးလှုံ့ဆော်လာမယ်ဆိုတာ သတိပြုရပါမယ်။ လူမျိုးရေးဘာသာရေး ပဋိပက္ခကို ဖန်တီးမှုတွေက အုပ်စိုးသူလူတန်းစား စစ်အာဏာရှင်လူတစုနဲ့ လူမျိုးကြီးဝါဒီတွေရဲ့ လက်ထဲမှာပဲ ရှိပါတယ်။ ဗမာနဲ့ မွတ်ဆလင်၊ ကချင်နဲ့ဗမာ၊ ကချင်နဲ့ လီဆူး၊ ကချင်နဲ့ ရှမ်းနီ၊ ရှမ်းနဲ့ ဝ၊ ရှမ်းနဲ့ ပအို့ဝ်၊ ပအို့ဝ်နဲ့ ကယန်း၊ ကယန်းနဲ့ ကယား စသည်ဖြင့် လူမျိုးရေးပဋိပက္ခတွေကို ဖန်တီးပြီး တော်လှန်ရေးကို ဝေဝါးအောင်လုပ်ဆောင်လာမှာပါ။ တော်လှန်ရေးဝေဝါးမှ စစ်အာဏာရှင်သက်ဆိုးရှည်ပြီး တောရော မြို့ပါမကျန် လူမျိုးစုံပြည်သူလူထုတွေကို ဗိုလ်ကျစိုးမိုး လက်ဝါးကြီးအုပ်ခွင့်ရမှာပါ။ ဒါကို နားလည်သဘောပေါက်ပြီး စုစည်းညီညွတ်စွာ ကျော်လွှားကြရမှာပါ။ ဒီလို မှားယွင်းပေါက်ပြန်တဲ့အယူအဆမှားတွေကို ကျဉ်းမြောင်းတဲ့ အမြင်တွေနဲ့ လိုက်ပါရင် တကယ် နဖူးတွေ့ဒူးတွေ့ခံစားရမှာက လူမျိုးစုံ ပြည်သူတွေဖြစ်တယ်ဆိုတာ နားလည်ရပါမယ်။

လူမျိုးရေးပဋိပက္ခဖြစ်အောင် လူစုလူဝေးတွေ ဆန္ဒပြပွဲအတုတွေဖန်တီးလာနေတာကို တွေ့လာရပါတယ်။ အင်မတန်အန္တရာယ်ကြီးရဲ့ လုပ်ဆောင်မှုတွေပါ။ ဒီကနေ့ ဘုံရန်သူစစ်အုပ်စုကို သက်ဆိုးရှည်စေမဲ့ နိုင်ငံတော်ကြီး ငြိမ်းချမ်းပါစေလို့ ကြွေးကြော်သံကိုလည်း တွေ့ရပါတယ်။

ဒီကနေ့ လက်နက်ကိုင်တော်လှန်ရေးဟာ ငြိမ်းချမ်းရေး၊ တန်းတူညီရေးနဲ့ ဒီမိုကရေစီရေးအတွက် အသက်သွေးချွေး ပေးဆပ်တိုက်ပွဲဝင်နေကြတာပါ။ စစ်အာဏာရှင်စနစ်တည်ရှိနေလို့သာ ငြိမ်းချမ်းရေးမရရှိတာပါ။ စစ်ပွဲတွေ ရှိလေလေ လက်နက်ကိုင်ပဋိပက္ခတွေရှိလေလေ စစ်အုပ်စု စစ်ဗိုလ်ချုပ်တွေအတွက် သုံးမကုန်နိုင်တဲ့ ရွှေသီး ငွေသီးတွေ သီးပေးနေတဲ့ ပဒေသာပင်ကြီးဖြစ်နေတာပါ။

စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိလိုသလား၊ စစ်မှန်တဲ့ ဒေသတည်ငြိမ်ဖွံ့ဖြိုးရေးလိုချင်ပါသလား? စစ်အာဏာရှင်စနစ်ကို အမြစ်က လှန်ပါ။ စစ်အာဏာရှင်ရှိနေသရွေ့ ငြိမ်းချမ်းရေးလည်း ရမှာမဟုတ်သလို တန်းတူရေး၊ လယ်ယာမြေ ပိုင်ဆိုင်ရေး၊ ဒေသတည်ငြိမ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး ဘာတခုမှ ရရှိမှာ မဟုတ်ပါဘူး။

လူမျိုးစုံပြည်သူတွေရဲ့ မွေးရာပါရပိုင်ခွင့်ဖြစ်တဲ့ ခွင့်တူညီမျှရေးတွေ၊ လယ်ယာမြေ တောင်ယာမြေပိုင်ခွင့်တွေ၊ မြစ်ချောင်းတောတောင်ပိုင်ဆိုင်ခွင့်တွေကို ထင်တိုင်းကြဲလက်ဝါးကြီးအုပ်ခွင့် ရနေတာ ဟာ စစ်အုပ်စုနဲ့ အလိုတူအလိုပါ လူမျိုးကြီးဝါဒီလူတစုပါ။

စစ်အာဏာရှင်စနစ်ကို အမြစ်က မလှန်ရင် ဆင်းရဲငတ်မွတ်မှုက ကမ္ဘာတည်သရွေ့ ခံစားနေရမှာဖြစ်လို့ အမြစ်ကနေ ဖြိုလှဲပစ်ကြဖို့က ဒီကေန့ခေတ်က ပေးလာတဲ့ သမိုင်းပေးတာဝန်တရပ်ပါ။ နောင်လာနောက်သား သားစဉ် မြေးဆက် ခံစားရနိုင်တဲ့ ရောဂါဆိုး ဝေဒနာဆိုးဖြစ်တဲ့ လူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန် တော်လှန် ကြဖို့က သမိုင်းပေးတာဝန်တရပ်ဖြစ်ပါတယ်။

     အနှစ်ချုပ်ပြောလိုတာက လူမျိုးရေးပဋိပက္ခအပါအဝင် ဒေသတည်ငြိမ်ရေးဖျက်ဆီးနေသူဟာ စစ်အုပ်စု ဖြစ်ပါတယ်။ လူမျိုးစုံပြည်သူလူထုတို့ ကိုင်ထားတဲ့ လူမျိုးရေးအလံကို ပစ်ချပြီး လူမျိုးပေါင်းစုံအလံကို အမြင့်ဆုံး လွှင့်ထူကာ ဘုံရန်သူ စစ်အာဏာရှင်စနစ်၊ စစ်အုပ်စု၊ စစ်ယန္တရားကို မြန်မာ့(ဗမာ)မြေပေါ်ကသာမက ကမ္ဘာမြေပေါ် ကနေပါ ချုပ်ငြိမ်းအောင် တိုက်ပွဲဝင်ကြပါ။

လူမျိုးစုံလွတ်မြောက်ရေးကသာ ငြိမ်းချမ်းရေး၊ တန်းတူညီရေး၊ ဒီမိုကရေစီအရေးနဲ့ ဒေသတည်ငြိမ် ဖွံ့ဖြိုးရေး တွေကို ဆောင်ကျဉ်းပေးမှာဖြစ်ပြီး သာယာလှပတဲ့ အရောင်အသွေးစုံ သက်တံရောင်တွေနဲ့ ပြည့်စုံတဲ့ အနာဂတ် နိုင်ငံသစ်ရဲ့ အာရုဏ်ဉီးကို ကြိုလင့်ကြစို့လို့ တိုက်တွန်းလိုက်ရပါတယ်။

အိုက်နီ(ဖြူး)

Related Articles

Back to top button