သတင်း

မြစ်ကြီးနားမြို့နယ်ထဲမှာ ဒေသခံတချို့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရ

ဓါတ်ပုံ – CJ (ပုံဟောင်း)
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၂၊ ၂၀၂၃
 
ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ် စစ်ကြောင်းတို့ကြား မြစ်ကြီးနားမြို့နယ်၊ ဟိုကပ်ကျေးရွာအုပ်စုတွင် ယမန်နေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဧရာဝတီ မြစ်ကမ်းနဘေးတွင် အလုပ်လုပ်နေသော ပြည်သူအချို့ကို ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ သိရပါတယ်။
 
အဆိုပါ ဖြစ်စဉ်ဟာ ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ် စစ်ကြောင်းတို့ကြား နာရီဝက်ကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးများလည်း အပြန်အလှန် ပစ်ခဲ့မှု ဖြစ်ခဲ့တယ်လို့ ကေအိုင်အေ အာဘော် သတင်းရင်းမြစ်မှာ ဖော်ပြထားပါတယ်။
 
နှစ်ဖက်တိုက်ပွဲ ငြိမ်သက်သွားပြီး အဆိုပါစစ်ကောင်စီစစ်ကြောင်းက တိုင်လွမ့်ကျေးရွာရှိ ဧရာဝတီမြစ်ကမ်း အနီးတွင် အလုပ်လုပ်ကိုင်နေသူများနှင့် လယ်သမားများကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံ တွေက‌ ပြောပါတယ်။
 
နှစ်ဖက်တိုက်ပွဲ နေ့လည်ပိုင်းတွင် ငြိမ်သက်ခဲ့ပြီး ညနေပိုင်းပြန်လည် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံပြည်သူများကတော့ ကနေ့ချိန်ထိ ပြန်လည် လွတ်မြောက် လာခြင်း ရှိမရှိဆိုတာ အသေးစိတ် မသိရသေးပါဘူး။
 
နာရီဝက်ခန့်ကြာ ဖြစ်ပွားတဲ့ နှစ်ဖက်တိုက်ပွဲကြောင့် တိုင်လွမ့်ကျေးရွာက ဒေသခံပြည်သူအချို့ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။
 
မြစ်ကြီးနားမြို့နယ် ဟိုကပ်ကျေးရွာ၊ တာမဒေါင်းကျေးရွာ၊ ရေကြည်ကျေးရွာ၊ တိုင်လွမ့်ကျေးရွာ၊ ကောင်ရာ ကျေးရွာတို့သည် ၂၀၁၁ ခုနှစ်က မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA)တို့ကြား ဖြစ်ပွားခဲ့သည့် တကြောင့်ပြန် စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ကျေးရွာများဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၈-၁၉ လောက်က စပြီး ကျေးရွာတချို့မှာတော့ ဒေသခံတချို့ ပြန်လာနေထိုင်ကြတာ ဖြစ်ပါတယ်။

Related Articles

Back to top button