စစ်သားတွေက ရွာသားတွေကို မှောက်ခိုင်းပြီးရိုက်တယ်၊ စစ်ဖိနပ်တွေနဲ့ တက်ခုန်တယ်
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၂၃
ကျနော့်နာမည်က xxx ပါ။ ရဲတပ်ကြပ် ကိုယ်ပိုင်နံပါတ် xxx နဲ့ xxx ရဲစခန်းမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
၂၀၁၃ ခု ဖေဖော်ဝါရီလ မှာရဲထဲကို စဝင်တယ်။ အကိုအရင်းကလည်း ရဲဆိုတော့ သူ့ကိုအားကျလို့ စိတ်ထဲထင်တာ ကျော့ကျော့မော့မော့လေးနဲ့ ပြည်သူလူထုကြားမှာ လုပ်ရနေရမယ်အထင်နဲ့ ဝင်ခဲ့တာ။
ကျနော့်အထင်ကတော့ ရဲဆိုတာ ပြည်ထဲရေးဝန်ကြီးအောက်မှာ နေရမယ့် လက်အောက်ခံပေါ့နော်။ ရဲတပ်ဖွဲ့က ခိုင်းစေတဲ့အလုပ် ရဲအရာရှိတွေက ခိုင်းစေတဲ့အလုပ်ကို လုပ်ရမယ်ထင်ခဲ့တာ။ ကိုယ်လည်းတကယ်ဝင်ပြီးသွားရော စစ်သားတွေကိုဆို ရာထူးချင်း တူရင်တောင် respect ထားပေးနေရတယ်။
သူတို့က နှိမ်ထားတာ။ နောက်ပြီး မိုးကျရွှေကိုယ်တွေကလည်း များတယ်။ သူတို့လူတွေဆိုတော့ ရဲနဲ့ တပ်ပြောင်းက မတူတော့ဘူး။ ရဲကိုဆို နှိမ်ကြတာပေါ့။
သင်တန်းတက်တာက xxx ရဲလေ့ကျင့်ရေးကျောင်း xxx မှာပါ။ ပထမဆုံးတာဝန်ကျတာက xxx ရဲတပ်ရင်း။၂၀၁၅ကုန်ခါနီးတုန်းကတော့ ရခိုင်ကို သွားနေရသေးတယ်။ ပထမက ကျွန်တော်တို့က xxx ကနေပြီး ကျောက်ဖြူကို ရှေ့တန်းထွက်တယ်။ ဘာကြောင့်လဲဆိုတော့ ကျောက်တလုံး ဒုက္ခသည်စခန်းမှာ ဘင်္ဂါလီ (မူရင်းအသုံးအနှုန်းများအတိုင်း ဖော်ပြထားခြင်းဖြစ်ပါသည်။) တွေကို ကတ် ထုတ်ပေးဖို့ ကျနော်တို့က လဝကကို လုံခြုံရေးလိုက်ပေးတာ။
အဲဒီမှာ၂ပတ်လောက်နဲ့ အကုန်ပြီးသွားပြီ။ သူတို့က ကျောက်ဖြူ ရဲတပ်ရင်း၃၂ မှာထားတယ်။ ၂လလောက် ကြာတော့ ထပ်တက်ရမယ် ဆိုပြီး မောင်းတောကို ထပ်တက်ရတာ။ မောင်းတောမှာလေးငါးလ ကြာတယ်။
ဘင်္ဂါလီ (မူရင်းအသုံးအနှုန်းများအတိုင်း ဖော်ပြထားခြင်းဖြစ်ပါသည်။) တွေက xxx စခန်းကို ည၂နာရီလောက်ဝင်စီးတယ် ကျတော်တို့ စကားပြောစက်တွေနဲ့ သတင်းရတော့ အသင့်အနေထားနဲ့ နေရတာပေါ့။ မနက်မိုးလင်းမှ ကျနော်တို့ဆီ လှုပ်ရှားစစ်ကြောင်း ရောက်လာတယ်။ ကားလိုချင်တယ်ဆိုလို့ ရွာထဲမှာ ဖောကား ငှားပေးလိုက်တယ်။ သူတို့လူတွေနဲ့ ရွာထဲတွေ အကုန်လိုက်ပတ်တာ။
မြင်းလွတ် ဘင်္ဂါလီရွာ ရွာထဲ ပတ်ပြီး တွေ့တဲ့ ယောက်ျားတွေ အကုန်ကားပေါ် ကြိုးတုတ်ပြီး ဖမ်းတင်တာ။ ယောက်ျား မှန်သမျှ အကုန်ဖမ်းခေါ်တာပဲ။ ဆယ့်လေးငါးနှစ် လည်းခေါ်တာပဲ။ ခေါ်လာပြီးတော့ စစ်စရာရှိတာစစ်မယ်ဆိုပြီး ကျနော်တို့စခန်းမှာ တညအိပ်နားတယ်။ ခြံစည်းရိုးနဲ့ ကျနော်တို့နေတဲ့ အဆောက်ဦးနဲ့က မီတာ၂၀၀လောက်ဝေးတယ်လေ။
အဲဒီခြံစည်းရိုးကနေ အဆောင် အထိကို ဖမ်းခေါ်လာတဲ့ သူတွေအားလုံးကို မှောက်ခိုင်း တန်းစီထားတာ။ စစ်သား အင်အား အယောက်၃၀လောက်ရှိမယ်။ ရွာသားတွေက ၄၀ကျော်မယ်။ စခန်းထဲကို တယောက်စီ ခေါ်ပြီး မေးတာပေါ့။ တချို့ကျတော့ မြန်မာစကား မတတ်တဲ့သူတွေ ရှိတယ်လေ။ ခေါ်မေးပြီး အုန်းလက်နဲ့ရိုက်တာ အချောင်း၂၀၊ ၃၀ကျိုးပဲ့တဲ့အထိ မှောက်ပြီးရိုက်တာရှိတယ်။
နောက်မှောက်ထားတဲ့သူတွေကို စစ်သားအင်အား ၃၀က တယောက်ချင်းစီ ကျောပေါ်တက်နင်း တက်ဆောင့်ကြတာ။ ဒီအတိုင်း ပုံမှန် လျှောက်သွားရုံ လျှောက်သွားတာမဟုတ်ဘူး။ တယောက်အပေါ် ရောက်ပြီဆိုတာနဲ့ စစ်ဖိနပ်တွေနဲ့ တက်ခုန်။ နောက်တယောက်ပေါ် လှမ်းကျော် တက်ခုန်။ အဲဒီလိုမျိုးလုပ်တာ။
ပြီးရင် အိတ်ကပ်ထဲမှာ ပါတဲ့ပိုက်ဆံအကုန်ထုတ်ယူ၊ နာရီပတ်ထားရင် နာရီဖြုတ်ယူ၊ အိတ်ထဲထည့် အကုန်လုံးလူစုံမေးပြီးပြီဆိုမှ ပြန်လွှတ်တာ။
တခြား ညဉ်းပန်းနှိပ်စက်တာတော့ မတွေ့ခဲ့ဘူး။ တခြား လုပ်ပိုင်ခွင့် အာဏာ အလွဲသုံးစားလုပ်တာတွေ တော့ရှိတာပေါ့။ စစ်တပ်ဝင်လာပြီဆို ရွာကလူတွေက မနေရဲကြတော့ဘူးလေ။ အဲဒီအခါ ရွာလည်ခေါင်က ဈေးကြီးထဲကို အကုန်ရိုက်ချိုး ဖွင့်မွှေ၊ ဖုန်းဆိုင်တွေလည်း ရှိတော့ ဖုန်းတွေဆို ပီနံအိတ်ထဲ အကုန်စုထည့်လာ၊ ပိုက်ဆံတွေလည်း အကုန်ထည့်ယူတာ။
ပြန်ရောက်ပြီဆိုတာနဲ့ ဖုန်းတယောက်တလုံး တန်းစီပြီး လိုက်ဝေတာ။ ကျနော်တို့က နဂိုပင်တိုင် နေနေရတဲ့သူတွေ ဆိုတော့ ကျနော်တို့လဲ ဘာမှဝင်မပြောဘူး။ ဒါပေမယ့် မြင်နေရတာပေါ့။
ရွာမှာလည်း ဘင်္ဂါလီဘက်က (မူရင်းအသုံးအနှုန်းများအတိုင်း ဖော်ပြထားခြင်းဖြစ်ပါသည်။) အကြမ်းဖက်တွေဘာတွေက တယောက်နှစ်ယောက်လောက်ရှိတယ်။ ကျနော်တို့ စခန်းရှေ့မှာ စာသင်ကျောင်း တကျောင်းရှိတယ်။ အဲ့တုန်းက စစ်တပ်ရောက်လာတဲ့ ညနေပိုင်းမှာ ဘင်္ဂါလီ (မူရင်းအသုံးအနှုန်းများအတိုင်း ဖော်ပြထားခြင်းဖြစ်ပါသည်။)
အကြမ်းဖက်သမားတွေက စာသင်ကျောင်းကို မီးရှို့တယ်ဆိုပြီး စစ်တပ်က ရွာထဲပတ်ပြီး တဒိုင်းဒိုင်းပစ်တာ။ အဲဒီတော့ စစ်သားဆို ကြောက်ကြတာ။ စစ်သားမပြောနဲ့ကိုယ်တွေကိုတောင် ဘာမဆိုင်ညာမဆိုင် လမ်းတွေ့ရင်ယှဉ်မလျှောက်ရဲကြဘူး။
အာဏာသိမ်းတော့ ကျွန်တော်က xxx ရဲစခန်းမှာတာဝန်ကျတာ။ ၁လပိုင်း အကုန် ညဘက်ကြီး ၁ရက်နေ့ ညပေါ့။ အဲဒီနေ့ညမှာ လမ်းတွေအကုန်ပိတ်။ ရဲကား၁၀စင်း တဝီဝီနဲ့ ဘာဖြစ်မှန်းလည်းမသိဘူး။ မိုးလင်းတော့ ဖုန်းလိုင်းတွေက မရတော့ဘူး။ ပြီးမှ ဂါတ်စာရေးက ပြောတာ၊ အာဏာသိမ်းလိုက်ပြီ၊ မင်းလည်း အနေထိုင် ကြည့်နေဦးတဲ့။ အဲဒီအချိန်မှာ ဝန်ကြီးချုပ်ကို အကျယ်ချုပ်နဲ့ ချုပ်ထားပြီ။
အခု နောက်ပိုင်း ရဲထဲဝင်လာတဲ့ လူငယ်လေးတွေကျတော့ တက်ကြွတယ်လေ။ တချို့ လုပ်သက်ရှိတဲ့ သူတွေကတော့ အရက်သမားကများတယ်။ သိပ်စိတ်မဝင်စားကြဘူး။ ကျနော် xxx တံတားဂိတ်မှာ တပ်က ၃ပွင့်ဗိုလ်ကြီးတယောက်နဲ့ စကားတောင်များရတယ်။ အာဏာသိမ်းလိုက်ပြီလေကွာ ငါတို့ခေတ်ရောက်ပြီပေါ့တဲ့။
ဟာ ခင်ဗျားဗျာ ပြောသင့်မပြောသင့် မစဉ်းစားဘူးလို့ ကျနော်ကပြောတော့ မင်းဘာကောင်လည်း ဘာညာဆိုပြီး ရန်ဖြစ်ဖို့လုပ်တာ၊ ဘေးလူတွေဆွဲလို့။ ကျနော်က မနက်ပိုင်းduty ပြီးပြီဆိုတာနဲ့ အရပ်ဝတ်နဲ့ဆန္ဒသွားပြတယ်။ ရဲမေလေးတယောက်လဲပါတယ်။
၃လပိုင်း ၃ရက်မှာCDMစလုပ်တာ။ ကျနော်ကနယ်ထိန်းဆိုတော့ ရွာထဲက သတင်းပဲယူရတာပေါ့နော်။ ဘယ်သူက ဆန္ဒပြနိုင်တဲ့သူလဲ လူစိမ်းတွေဘာတွေရောရောက်လား အဲဒီစာရင်းပဲယူရတာ။ နယ်ထိန်းခေါင်းဆောင်ကိုတင်ပြရတယ်။
CDM ထွက်လာတော့ အကြွေးက၈သိန်းရှိတယ်။ ကျနော်ည၁၀နာရီလောက်ကြီးထွက်လာတာ။ အိမ်က xxxမှာဆိုတော့ xxx ကိုပြန်သွားတာ။ အိမ်မှာ ၂၁ရက် နေလိုက်တယ်။ ပြီးတော့လာဖမ်းတာ ကားမြင်တော့ စခန်းမှူးကားမှန်း မှတ်မိတယ်။ သူလည်း ကျနော့်ကိုမြင်လိုက်တယ်။
မိန်းမနဲ့ကလေးကိုခေါ်ပြီး ဆိုင်ကယ်နဲ့မောင်းပြေးတာ။ အဲဒီကအသိ တယောက်နဲ့ ဖုန်းတွေJoinပြီး သူက ကျနော့ကို တပ်မဟာ၁ကို ပို့ပေးလိုက်တာ။ မိန်းမနဲ့ ကလေးကို ထားခဲ့လိုက်တာ။ ၁နာရီလောက်ကနေ စသွားတာ လွတ်မြောက်နယ်မြေကို ၆နာရီလောက်မှ ရောက်တယ်။
အိမ်ကဖုန်းတွေဆက်တယ်၊ အိမ်ကိုလာသွားတယ်၊ ၂ရက်အတွင်းရအောင်ပြန်ခေါ်ပေးပါ မရလို့ရှိရင် သားအမိ ၂ယောက်ကို အာမမခံဘူးလို့ ခြိမ်းခြောက်တယ်။ အဲဒါနဲ့ KNUက လူကြီးကို အကျိုးကြောင်းပြောပြီးတော့ မိန်းမနဲ့ကလေးကို ခေါ်ပေးပါဆိုပြီး ခေါ်ခိုင်းမှ မနက်မိုးလင်း၁၂နာရီလောက်ရောက်လာတာ။
တပ်မဟာ၁ကို ရောက်မှ ရွာထဲက တက်ကြွတဲ့သူတယောက်က ၁လ၁သိန်းလှမ်းထောက်တယ်။ အဲဒါနဲ့ အနောက်က ကျန်ခဲ့တဲ့အကြွေးတွေကို ၅သောင်း၅သောင်းစီလှမ်းဆပ်ရတယ်။
စထွက်လာတုန်းက သူ့ကိုမတိုင်ပင်ဘူးလေ။ ညဘက်ရောက်တော့မှ ငါCDMလုပ်လိုက်ပြီ ဆိုတော့ ကောင်းပြီ ပြီးတာပဲတဲ့။ သူကတော့ ဒီCDM လုပ်ခဲ့တာကို ဘာမှမပြောဘူး။ သူလည်းသဘောကျတယ်။ ကလေးရှိတော့ နဲနဲတော့စိတ်ခုတာပေါ့နော်။
လက်ရှိ စိတ်ကတော့ နဂိုCDM စဝင်ခါစ စိတ်ပဲ။ ကျနော် တတိယနိုင်ငံတွေ ဘာတွေ မလျှောက်ဘူး။ ဒီမှာဆို နီးတယ်လေ။ ဟိုဘက်ကမ်းကူးရင် ထိုင်းနိုင်ငံထဲရောက်နေတာပဲကို။ မသွားဘူး။ ကိုယ့်နိုင်ငံ ကောင်းဖို့အတွက် ဒုက္ခလာခံတာ ကိုယ့်နိုင်ငံမှာပဲ နေမယ်။ ဘယ်မှမသွားဘူး။
တချို့ သူငယ်ချင်း အပေါင်းသင်းတွေ ခေါ်ကြတယ်၊ မသွားဘူး။ လုပ်ခွင့် ပေးလို့ရှိရင်တော့ ကိုယ်တိုင်ဝင်တိုက်ချင်တာပေါ့။ တော်လှန်ရေးထဲ ကိုယ်တိုင်ပါဝင်ဖို့ အဆင်သင့်ပါပဲ။