တိုင်းရင်းသားများသတင်းသတင်း

ဂျာယန်ပြည်သူ့စစ်က ဖမ်းဆီးခဲ့တဲ့ တအာင်းလူမျိုး ၁၂၀ ကျော်ကို TNLA ကယ်ထုတ် 

ဓါတ်ပုံ – PSLF/TNLA (ထုတ်ပြန်ချက်)
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၇၊ ၂၀၂၃
 
ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းယော်တိုက်နယ်၊ ဂျာယန်ကျေးရွာအခြေစိုက် ဂျာယန်ပြည်သူ့ စစ်တပ်ဖွဲ့က စစ်သင်တန်း သင်ကြားပေးဖို့ ဖမ်းဆီးခေါ်သွားတဲ့ ဂျာယန်ဒေသခံ တအာင်းလူမျိုး (၁၂၇) ဦးကိုတအာင်း တပ်မတော် TNLA က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ပြန်လည် ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီ ဖမ်းဆီးခံရတဲ့ တအာင်းလူမျိုး(၁၂၇)ဦးထဲမှာတော့ အသက်မပြည့်သေးသည့် ကျောင်းနေအရွယ်ကလေး (၂၀) ဦး အပါအ၀င်၊ အမျိုးသမီးငယ်(၁၅)ဦးတို့လည်း ပါဝင်နေတယ်လို့ဆိုပါတယ်။
 
TNLA ရဲ့ ထုတ်ပြန်ချက် ဓါတ်ပုံမှတ်တမ်းတွေအရလည်း အသက်မပြည့်သေးတဲ့ကလေးငယ်များအပြင် အမျိုး သမီး ငယ်များ ပါဝင်နေတာ တွေ့ရပါတယ်။
 
အတည်မပြုနိုင်သေးတဲ့ သတင်းရင်းမြစ်အရ ပြည်သူ့စစ်လက်ထဲ ဖမ်းဆီးခံနေရတဲ့ တအာင်းလူမျိုးများကို သွားရောက်ကယ်ထုတ်ခဲ့စဉ် TNLA တပ်ဖွဲ့ဝင် ၅၀၀ သုံးခဲ့တာလို့ သိရပါတယ်။
 
ဒါ့အပြင် တအာင်း ဒေသခံ အရပ်သားများကို ကယ်ထုတ်နိုင်ဖို့ TNLA တပ်ဖွဲ့ဝင်များက ဂျာယန်ပြည်သူ့ စစ်စခန်း ထဲသို့ ဝင်ရောက်တိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဘက်က လေကြောင်း ဖြင့် အကြိမ်(၃၀) ထက် မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ ပစ်ကူခဲ့တယ်လို့ ဆိုပါတယ်။
 
TNLA ၏ ဓါတ်ပုံမှတ်တမ်းတွေအရတော့ တအာင်းဒေသခံ ရွာသူ၊သားများကို ကယ်ထုတ်စဉ် စစ်သင်တန်းပေးနေတဲ့ အချိန်ဖြစ်ပုံရမယ်လို့ နားလည်ရပါတယ်။
 
ယခုဖြစ်စဉ် နောက်ဆက်တွဲ အခြေအနေများကိုတော့ FJM အနေဖြင့်လည်း ဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်။

Related Articles

Back to top button