တိုင်းရင်းသားများသတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် KSCC အဖွဲ့အဝင်များ နိုင်ငံရေးဆိုင်ရာ ကတိကဝတ်ပြု

KSCC – ထုတ်ပြန်ချက်
 
ဖယ်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၂၁၊ ၂၀၂၃
 
ကရင်နီအတိုင်ပင်ခံ ကောင်စီ (KSCC)၏ ပထမအကြိမ်ကျင်းပခဲ့တဲ့ ညီလာခံကနေ အသစ်ထပ်မံ ဖွဲ့စည်းလိုက်တဲ့ KSCC အဖွဲ့အဝင် အဖွဲ့စည်းများက စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ပြည်သူ လူထုနှင့် တသားတည်းရပ်တည်ပြီး တိုက်ပွဲ ဝင်သွားမယ်လို့ နိုင်ငံရေးဆိုင်ရာ ကတိကဝတ်ပြုခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။
 
ထုတ်ပြန်ချက်အရ KSCC အဖွဲ့ဝင်များဟာ စစ်အာဏာရှင်နှင့် စစ်အာဏာရှင်မှန်သမျှ အမြစ်ပြတ် ကျဆုံးရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်ကြီးတည်ဆောက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်သလို ကရင်နီပြည်နယ်၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ပြည်နယ်အချုပ်အခြာ အာဏာ ပိုင်ဆိုင်ခွင့် တို့ကို တော်လှန်ရေးကာလ၊ ကြားကာလမှစတင်၍ အပြည့်အဝ အကောင် အထည် ဖော်ကျင့်သုံး သွားရန် လိုအပ်တယ်လို့ ဆိုပါတယ်။
 
ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး KSCC ဥက္က‌ဌ ဦးအောင်ဆန်းမြင့်က “KSSCထဲမှာ ပါဝင်တဲ့အဖွဲ့အစည်းတွေက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ပြည်သူလူထုနဲ့တသားတည်းရပ်တည်ပြီး တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ ကတိကဝတ်ပြုတဲ့ ပုံစံမျိုးပါ၊” လို့ ပြောပါတယ်။
 
ဒါ့အပြင် “ကျနော်တို့ ရည်မှန်းချက်က ဖယ်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ပြီးမှ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိဖို့ ဖယ်ဒရယ်ပြည်နယ်တခု တည်ဆောက်ဖို့အတွက် ကျနော်တို့ ရည်မှန်းချက်ဖြစ်တာပေါ့၊ အလိုဖြစ်လာဖို့ စစ်အာဏာရှင်ချုပ်ငြိမ်းဖို့ လိုတာပေါ့ ဒါကပထမချက်ပါ၊” လို့ သူက ဆက်ပြောပါတယ်။
 
စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာခဲ့တဲ့ အရေးအခင်းဟာ မြန်မာ့သမိုင်းမှာ တော်လှန်ရေး အရှိန်အဟုန်မြင့်မားတဲ့ အခင်းအကျင်းဖြစ်ပြီး၊ ဒီအခင်းအကျင်းမှာ ဟန်ချက်ညီညီနဲ့ တိုက်ပွဲဝင်သွား မယ်ဆိုရင်တော့ စစ်အာဏာရှင်ချုပ်ငြိမ်းသွားမှာဖြစ်သလို ကျနော်တို့ အချင်းချင်း ကြားမှာ နိုင်ငံရေး ကတိကဝတ်ပြုခြင်းအားဖြင့် ပြည်သူလူထုကလည်း တော်လှန်ရေးအပေါ် ယုံကြည်ကာ ပါဝင်လာမယ်လို့ ယူဆကြောင်း KSCC ဥက္ကဌ ဦးအောင်ဆန်းမြင့်က ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။
 
KSCC ညီလာခံ ကိုတော့ ပြီးခဲ့တဲ့ ဇန်နာဝါရီလ (၁၇)မှ (၂၀)ထိ ၃ ရက်ကြာ ပြုလုပ်ခဲ့ပြီး KSCC အမှု ဆောင်သစ်(၇)ဦးကိုလည်း မဲပေးရွေးချယ်ခဲ့သလို၊ KSCC ကောင်စီဝင်အသစ်(၁၁)ဦးကိုလည်း အတည်ပြု ခန့်အပ် နိုင်ခဲ့တယ်လို့ သိရပါတယ်။

Related Articles

Back to top button