တိုင်းရင်းသားများသတင်း

ကရင်နှစ်သစ်ကူးနေ့မှာ ကောကရိတ်မြို့နယ်အတွင်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုအပါအဝင် လေကြောင်းဖြစ်ပါ တိုက်ခိုက်မှုရှိ

ဓါတ်ပုံ – CJ (ကော့ကရိတ်မြို့ အမှတ် ၇ရပ်ကွက်ရှိ၊ တံတားတစ်စင်းက မိုင်းပေါက်ကွဲမှုကြောင့် တံတားပြိုကျပျက်စီးသွားတဲ့မြင်ကွင်း)
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၂၂
 
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၂ရက်နေ့မှာ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့မှာတော့ ကောကရိတ် မြို့နယ်အတွင်း စစ်ကောင်စီက လက်နက်ကြီးဖြင့် တိုက်ခိုက်နေသလို လေကြောင်းဖြစ်ပါ တိုက်ခိုက် ခြင်းများ ပြုလုပ်မှု ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
“လက်နက်ကြီးနဲ့ ပစ်ခတ်နေတာက ပုံမှန်လိုဖြစ်နေတာပဲ။ ရမ်းသမ်းပစ်တယ်။ ရွာတွေကို ပစ်တော့ ရွာသားတွေက ရွာထဲမှာ လုံးဝ မနေရဲတော့ဘူး။ အားလုံးက စစ်ဘေးရှောင်စခန်းတွေမှာပဲ နေနေ ရတော့တယ်” လို့ ဒေသခံတဦးက ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။
ကရင်နှစ်သစ်ကူးနေ့ နံနက် ၅နာရီခန့်မှာ လေယာဥ်တွေလာပြီး လေကြောင်း တိုက်ခိုက်မှုတွေလည်း ရှိခဲ့တယ် လို့ သိရပါတယ်။
 
ယမန်နေ့ ဒီဇင်ဘာလ ၂၁ရက်နေ့ နံနက်အစောပိုင်းမှာလည်း ကော့ကရိတ်မြို့ အမှတ် ၇ရပ်ကွက်ရှိ တံတားတစ်စင်းက မိုင်းပေါက်ကွဲမှုကြောင့် တံတားပြိုကျပျက်စီးသွားခဲ့ကြောင်းလည်း သိရပါတယ်။
 
ကောကရိတ်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်များနှင့် KNLA တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားမှုက ပိုမိုများပြားလာတဲ့အတွက်ကြောင့် စစ်ဘေးရှောင် ပြည်သူတွေလည်း ပိုများလာပြီး နေထိုင်ရေးနဲ့ စားရေးသောက်ရေး ကိစ္စများလည်း အခက်အခဲများစွာရှိနေပါတယ်။ လမ်း၊တံတားများ ပြိုကျ ပျက်စီးခြင်းကြောင့်လည်း အသွားအလာများမှာလည်း ပိုမို ခက်ခဲနေတယ်လို့ သိရပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ဒီကနေ့ ကျရောက်တဲ့ ကရင်နှစ် ၂၇၆၂ ခုနှစ် ကရင် အမျိုးသားနှစ်သစ်ကူးနေ့မှာ ပေးပို့တဲ့ သဝဏ်လွှာထဲမှာလည်း ကရင်တိုင်းရင်သားများအနေဖြင့် ဘေးကင်းလုံခြုံမှု မရှိဘဲ စစ်ဘေးရှောင်ဘဝဖြင့် ဖြတ်သန်းနေရသည့်အတွက် များစွာ ဝမ်းနည်း ကြေကွဲရတယ်လို့ ဆိုထားပါတယ်။

Related Articles

Back to top button