တိုင်းရင်းသားများသတင်း

စစ်ကောင်စီက လက်နက်ကြီးဖြင့် ဖလံတောင် တိုက်နယ်ဆေးရုံကို ပစ်မှတ်ထား တိုက်ခတ်လာလို့ ယာယီပိတ်လိုက်ရ

ဓါတ်ပုံ – KNU

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာလ ၃
 
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ထဲက ဖလံတောင် တိုက်နယ်ဆေးရုံ (ခေါ်) ၁၆ ကုတင်ဆံ့ တိုက်နယ် ဆေးရုံကို စစ်ကောင်စီက ပစ်မှတ်ထားပြီး လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်လာတာကြောင့် ဆေးရုံကို ယာယီပိတ်ထား လိုက်ရတယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။
 
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁) ရက်နေ့၊ မွန်းလွဲ (၂) နာရီခန့် စစ်ကောင်စီ စကခ(၈) လက်အောက်ခံ ခမရ (၄၀၈) တပ်စခန်း(ကမမောင်း)ဘက်က ဖလံတောင်တိုက်နယ်ဆေးရုံကို လက်နက်ကြီး (၁၂၀မမ)ဖြင့် (၅)ချက် ပစ်ခတ်ခဲ့တာပါ။
 
ဆေးရုံ ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာမရှိခဲ့ပေမယ့် လုံခြုံမှုမရှိတော့တာကြောင့် ဆေးရုံဝန်ထမ်းများ၊ ဆေးရုံအတွင်း ကုသမှုခံယူနေဆဲ လူနာများ၊ ဆေးရုံအနီးရှိ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
 
အဆိုပါ ဖြစ်စဥ်အပေါ် KNLA တပ်ရင်း (၁) တပ်ရင်းမှူးက “ဆေးရုံကို ပစ်မှတ်ထားပြီး လက်နက်ကြီး ပစ်ခတ်မှုကို လုံးဝကန့်ကွက် ရှုံ့ချတယ်၊ ဒါမလုပ်သင့်တဲ့လုပ်ရပ်ပါ၊ တစ်ချို့ရွာသားတွေဆို လက်နက်ကြီး ကျတော့ စစ်ကောင်စီ စစ်ကြောင်းထိုးမှာကို စိုးရိမ်ပြီး တိမ်းရှောင်ထွက်ပြေး ကြတာရှိတယ်၊ ပြီးတော့ အခုချိန်က ဒေသခံ ပြည်သူတွေ ရာဘာခြစ်တဲ့အချိန်၊ စပါးရိတ်သိမ်းတဲ့ အချိန်လည်းဖြစ်တော့ ပြည်သူ တွေပဲ ထိခိုက်နစ်နာတယ် ဒုက္ခရောက်ကြတယ်”လို့ မှတ်ချက်ပေးထားပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၆) ရက်နေ့ကလည်း စစ်ကောင်စီ လက်အောက်ခံ BGF တပ်များဟာ ဖလံတောင် တိုက်နယ်ဆေးရုံအတွင်းသို့ ဝင်ရောက်လာပြီး မွှေနောက်ရှာဖွေကာ ဆေးဝါးများနှင့် အခြား ပစ္စည်းများကို ဖျက်ဆီး ပြီး ပရိဘောဂ ပစ္စည်းတချို့ကိုတော့ ယူဆောင်သွားတဲ့ ဖြစ်စဉ် ရှိခဲ့ဖူးပါတယ်။
 
ဖလံတောင် ဆေးရုံဟာ ကေအဲန်ယူ-ဖားအံမြို့နယ်အတွင်းတည်ရှိပြီး (၁၆) ကုတင်ဆံ့သော တိုက်နယ် ဆေးရုံဖြစ်ကာ စစ်အာဏာသိမ်းမှုအလွန် စေတနာရှင် လူမှုဝန်ထမ်းများ စုပေါင်းကာ ကျန်းမာရေး ဝန်ဆောင်မှု ပေးနေသော ဆေးရုံတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ဖလံတောင် ဆေးရုံဟာ ကေအဲန်ယူ-သထုံခရိုင်အတွင်းရှိ ဒေသခံပြည်သူများနဲ့ ရပ်ဝေး လူနာများဟာလည်း ဖလံတောင် တိုက်နယ်းဆေးရုံသို့ အားကိုးကာ လာရောက် ဆေးဝါးကုသမှု ခံယူနေကြတဲ့ ဆေးရုံတစ်ခုလည်း ဖြစ်ပါတယ်။

Related Articles

Back to top button