တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 74, October 11, 2022)

 

၁။ ALP တပ်ဖွဲ့ဝင်များက အရပ်သား ၂ ဦးအား ဖမ်းဆီးနှိပ်စက်၍ အရေးပေါ်ဆေးကုသမှုခံယူနေရ၊ ဖြစ်စဉ်အား ဟုတ်မှန် ကြောင်း ALP ဝန်ခံ
October 10, 2022
ရခိုင်ပြည်၏ မြို့တော် စစ်တွေမြို့တွင် အောက်တိုဘာ ၉ ရက် နံနက် ၁၁ နာရီအချိန်ခန့်က ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ ALP တပ်ဖွဲ့ဝင်များက အရပ်သား ၂ဦးအား ဖမ်းဆီးနှိပ်စက်ခဲ့၍ ဒဏ်ရာရရှိသူများအား စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူ နေရသည်။ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် စစ်တွေမြို့ နာဇီရွာစက်ရုံစုရပ်ကွက်တွင် ဖွင့်ထားသော “ကေသုံးလုံး” ကုန်စုံဆိုင် သို့ ALP တပ်ဖွဲ့ဝင်တစ်ဦး ရောက်ရှိလာပြီး ဆိုင်ဝန်ထမ်းအမျိုးသမီးများက အကြွေးတောင်းစဉ် စကားများကာ ALP တပ်ဖွဲ့ဝင်က ပုဆိုးလှန်ပြမှုများ လုပ်ခဲ့သည်ဟု ဖြစ်စဉ်တွင် မျက်မြင်များက ပြောသည်။ ယင်းနောက် ဆိုင်ဝန်ထမ်းအမျိုးသမီးများက ဆိုင်ရှင် ဖြစ်သူ ဦးခင်မောင်ဝင်းကို ဖုန်းဖြင့် အကြောင်းကြားခဲ့ပြီးနောက် ဆိုင်ပိုင်ရှင် ရောက်ရှိလာစဉ် ၎င်း ALP တပ်ဖွဲ့ဝင်နှင့် စကား အချေ အတင်များခဲ့ကြကြောင်း အခင်းဖြစ်စဉ်တွင် ရှိနေသည့် မိသားစုဝင်တစ်ဦးက ပြောသည်။ “ဆိုင်မှာက ဆိုင်ဝန်ထမ်းအမျိုးသမီး ၃ ဦးရှိတယ်။ ALP တပ်ဖွဲ့ဝင်တစ်ဦးက မူးပြီးတော့ အရက်လာဝယ်တယ်။ ဝန်ထမ်းတွေက အကြွေးရဖို့ရှိလို့ အကြွေးတောင်းတာကို ပုဆိုးလှန်ပြတယ်။ အဲ့ဒီမှာအပြန်အလှန်စကားများကြတယ်။ အဲ့ဒီအချိန်မှာ ဆိုင်ဝန်ထမ်းတွေက ဆိုင်ပိုင်ရှင်ကို ဖုန်းဆက်ပြီးတော့ ခေါ်တယ်။ သူရောက်သွားတော့ စကားအချေအတင်များပြီးတော့ ရန်ဖြစ်ကြတယ်။ ပြီးတော့ အဲ့ဒီ ALP တပ်ဖွဲ့ဝင်က ပြန်သွား တယ်”ဟု ပြောသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဆိုင်ပိုင်ရှင်၏ ယောက်ဖတော်စပ်သူ ဦးနှင်းမောင်လည်း ၄င်းဆိုင်သို့ ရောက်ရှိလာခဲ့ပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ဝန်ထမ်းများကို မေးမြန်း‌နေစဉ် စောစော ပုဆိုးလှန်ပြခဲ့သူ ALP တပ်ဖွဲ့ဝင်ဆိုင်သို့ ပြန်လည် ရောက်ရှိလာသည်ဟု ဆိုင်ဝန်ထမ်းများဆိုသည်။ ALP တပ်ဖွဲ့ဝင် ၈ ဦးက ကားတစ်စီးဖြင့် သေနတ်၊ ဓား၊ တုတ် ကိုယ်စီကိုင်ပြီး အဆိုပါဆိုင်သို့ဝင်လာကာ ဆိုင်ရှင်သမီးယောက်ဖနှစ်ဦးအား သေနတ်ဖောက် ရိုက်နှက်ပြီး နာဇီရွာရပ်ကွက်ရှိ ALP ရုံးသို့ ခေါ်ဆောင်သွားသည်ဟု ရိုက်နှက်ခံရသည့် မိသားစုဝင်တစ်ဦးက ပြောသည်။ “ဘာတစ်ခုမှ ပြေပြေလည်လည်ဖြေရှင်း မပေးသေး တဲ့အပြင် သေနတ်တွေ ပစ်ပြီးတော့ ရိုက်နှက်တယ်။ ဆိုင်ရှင်မှာဆိုရင် ဒဏ်ရာတွေ ပိုများတယ်။ သေနတ်ဒဏ်ရာတွေရော၊ ဓါးဒဏ်ရာတွေပါ။ ပြီးတော့ ရုံးကိုခေါ်သွားတယ်။ ရုံးကိုရောက်တော့လည်း မျက်နှာကိုအဝတ်စနဲ့စည်းပြီးတော့ ခြောက်ထောက် တွေကိုလည်း ထိပ်တုံးခတ်ထားတယ်။ ပြီးတော့ ခြိမ်းခြောက်ရိုက်နှက်မှုတွေ ဆက်လုပ်တယ်လို့ပြောတယ်” ဟု ပြောသည်။ ရိုက်နှက်မှုများကြောင့် ဆိုင်ရှင်ဖြစ်သူ ဦးခင်မောင်ဝင်းတွင် ခြေထောက်နှင့် တင်ပါးတွင် သေနတ်ဒဏ်ရာ ရရှိသွားပြီး ဝမ်းဗိုက် တွင် ဓားထိုးဒဏ်ရာတစ်ချက်ရရှိခဲ့ကာ ဦးနှင်းမောင်တွင်လည်း ဦးခေါင်း၌ ရိုက်နှက်ဒဏ်ရာတစ်ချက်ရရှိခဲ့ကာ ခန္ဓာကိုယ်တွင် လည်း ထုထောင်းရိုက်နှက်ခံရသည့် ဒဏ်ရာများလည်း ရရှိခဲ့ကြောင်း ဒဏ်ရာရ မိသားစုဝင်များက ပြောသည်။ ALP တပ်ဖွဲ့ဝင် များအနေဖြင့် ထိုကဲ့သို့ သေနတ်ပစ်ဖောက်ရခြင်းမှာ ၄င်းတို့အား ALP တပ်ဖွဲ့ဝင်များဟု သိရှိသွား၍ အနီးအနားပတ်ဝန်းကျင်က ဒေသခံများကလည်း ALP တပ်ဖွဲ့ဝင်များကို အုပ်စုဖွဲ့လာရောက် ရိုက်နှက်မှုကြောင့် ယင်းကဲ့သို့ သေနတ်ပစ်ဖောက်ရခြင်းဖြစ် ကြောင်း ALP/ ALA ၏ ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုးက ပြောသည်။ “ကျနော်တို့ရဲဖော်နှစ်ယောက်က စျေးမှာဖိနပ်သွား ဝယ်တယ်။ ပြီးတော့ အဲဒီဆိုင်မှာ အရက်ဝင်သောက်တယ်လို့ ကျနော်က ယူဆတယ်။ ပြီးတော့ အဲဆိုင်မှာ ပိုက်ဆံ ၃၅၀၀ ပေးဖို့ရှိတာကို ပေးတယ်။ အဲဒီဆိုင်မှာ ဆိုင်ဝန်ထမ်း LGBT တစ်ယောက်ရှိတယ်။ သူက ALP ကလို့ ပြောတော့ ဆိုင်ရှင်နဲ့ သူ့ယောက်ဖက ရိုက်နှက်တယ်လို့ပြောတယ်။ အဲဒီ LGBT က ထပ်ပြီးတော့ ALP အဖွဲ့ဝင်တွေလို့ ထပ်အော်လိုက်တော့ သုံးဘီး၊ ဆိုင်ကယ်မောင်းနေတဲ့သူတွေလည်း ဝင်ပြီးတော့ ရိုက်နှက်တယ်လို့ပြောတယ်။ ဆိုတော့ ကျနော်တို့ ရဲဖော်နှစ်ယောက်ထဲက တစ်ယောက်ကတော့ ထွက်ပြေးလွတ်မြောက်လာတယ်။ တပ်မှူးတွေက အဲဒီအကြောင်းကို သိလို့ လိုက်သွားတော့ ဓား၊ တုတ်ဆွဲ ပြီးတော့ ရိုက်နှက်ဖို့ လုပ်ပြီး သေနတ်ကို လုတဲ့အတွက် ပစ်ဖောက်ရခြင်းဖြစ်တယ်”ဟု ပြောသည်။

၂။ မွန်အဖွဲ့အစည်းများ ကန့်ကွက်တားမြစ်နေသည့်ကြားမှ မွန်ပြည်သစ်ပါတီ နေပြည်တော်ကို ထပ်မံသွားရောက်
11 October, 2022
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (NMSP) ကိုယ်စားလှယ်အဖွဲ့ဟာ အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဒုတိယအကြိမ်တက်ရောက်ဖို့ နေပြည်တော်မှာ ရောက်ရှိ နေပါတယ်။ အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ သူတို့ တရားဝင်ဖြစ်ရေးနဲ့ နိုင်ငံရေး ထွက် ပေါက်ရှာဖို့သာ ဖြစ်တဲ့အတွက် မွန်ပြည်သစ်ပါတီအနေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတာတွေ ထပ်မလုပ်ဖို့ မွန်နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတဲ့ မွန်အဖွဲ့အစည်း ၁၀ ဖွဲ့က အိတ်ဖွင့်စာပေးပို့ တောင်းဆိုထားတဲ့ကြားက မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ် အဖွဲ့က နေပြည်တော်ကို ထပ်မံသွားရောက်နေတာဖြစ်ပါတယ်။ မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ အောက်တိုဘာ ၁၀ ရက် မနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ Horizon Lake View Resort ဟိုတယ်ကို မော်တော်ယာဉ်တွေနဲ့ ရောက်ရှိကြတာလို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။ မွန်ပြည်သစ်ပါတီ (NMSP) ကိုယ်စားလှယ် အဖွဲ့ဟာ ၂၀၂၂ ခုနှစ် မေလ ၂၃ ရက်မှ ၂၅ ရက်အထိ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ ပထမအကြိမ် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပထမအကြိမ်ဆွေးနွေးပွဲမှာ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး၊ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်တို့ကိုအခြေခံတဲ့ ပြည်ထောင် စု တည်ဆောက်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ကြိုးပမ်းကြဖို့ သဘောတူညီမှု ရရှိခဲ့တယ် လို့ဆိုပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဧပြီလမှာ စတင်ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး ပထမအကြိမ်အဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ မေလကစတင် တဖွဲ့ချင်း တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဩဂုတ်ကစတင်ပြီး ထပ်မံတွေ့ဆုံနေတာ ဖြစ်ပါတယ်။ အခုလက်ရှိ တိုက်ပွဲ ပြင်းထန် ဖြစ်ပွားနေတဲ့ KNU၊ KIA ၊ KNPP ၊ CNF ၊ AA နဲ့ TNLA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကတော့ စစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အယုံအကြည်မရှိတဲ့အတွက် သွားရောက်ခြင်းမရှိပါဘူး။

၃။ တွေ့ဆုံဆွေးနွေးရေးကမ်းလှမ်းတာ စစ်ကောင်စီကြောင့် မဟုတ်ကြောင်း RCSS ပြော
October 10, 2022
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) အနေနဲ့ ရှမ်းပြည်နယ်အတွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးဆုံဆွေးနွေးဖို့ ကမ်းလှမ်းတာဟာ စစ်ကောင်စီဘက်က ကြားဝင် ညှိနှိုင်းခိုင်းလို့ လုံးဝမဟုတ်ကြောင်း RCSS ပြောခွင့်ရသူက ငြင်းဆိုလိုက်ပါတယ်။ ရှမ်းပြည်နယ်ထဲက နိုင်ငံရေး၊ စစ်ရေး အခြေအနေကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာနေရ တာအပြင် စိုက်ပျိုးရေး၊ စီးပွားရေး၊ စားဝတ်နေရေးနဲ့ ခရီးသွားလာရေးမှာပါ ဒုက္ခတွေနဲ့ ကြုံတွေ့ နေရလို့ ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ အခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့ကနေ လာမယ့်နှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့အတွင်း တွေ့ဆုံနိုင်ဖို့ ကမ်းလှမ်းကြောင်း RCSS က စာထုတ်ပြန်ထားတာပါ။ တွေ့ဆုံ နွေးနွေးရေး ကမ်းလှမ်းတာဟာ စစ်ကောင်စီဘက်က ကြားဝင်ညှိနှိုင်းခိုင်းလို့ ဆိုတာ မျိုး လုံး၀ မဟုတ်ဘူးလို့ RCSS ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက RFA ကို ပြောဆိုခဲ့ကြောင်းသိရပါတယ်။

RCSS အနေနဲ့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းကနေပဲ နိုင်ငံရေး၊ စစ်ရေးပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်ဆိုတဲ့ ပေါ်လစီချမှတ်ထားကြောင်းလည်း RCSS ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။ RCSS တပ်ဖွဲ့ ဟာ ရှမ်းပြည်နယ်အတွင်းမှာ ၂၀၁၅ ခုနှစ် ကနေ အခုနှစ် နှစ်ဆန်းပိုင်းအထိ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး “၀” တပ်ဖွဲ့ UWSA နဲ့လည်း ရှမ်းပြည် အရှေ့ပိုင်းမှာ စစ်ရေးတင်းမာ ခဲ့တာပါ။ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အပါအဝင် မြို့နယ်အချို့မှာ ဖြစ်ခဲ့တဲ့ SSPP နဲ့ RCSS တိုက်ပွဲတွေမှာ UWSA က ဝင်ရောက် တိုက်ခိုက်ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ ပေမယ့် UWSA ကတော့ အဲဒီ ကိစ္စအပေါ် ငြင်းဆိုထားပါတယ်။ RCSS တပ်ဖွဲ့ဟာ ၂၀၁၅ ခုနှစ်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) မှာ လက်မှတ်ရေး ထိုးထားတဲ့ အဖွဲ့ဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်မှုကိုလည်း နှစ်ကြိမ်တိတိ တက်ရောက်ထားတဲ့အဖွဲ့ ဖြစ်ပါတယ်။

၄။ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၅နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရ
October 10, 2022
ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီးမော့ဆို အနောက်ဖက်ခြမ်း ပြည်သူရှိတဲ့နေရာမှာ စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီးကျရောက်ခဲ့ပြီး အသက် ၅နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၂၅ နှစ် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလဆန်းပိုင်းမှစ နေ့စဉ် စစ်ကောင်စီမှ လက်နက်ကြီး ပစ်ခတ်တာတွေ ရှိနေပြီး အောက်တိုဘာလ ၈ ရက်နေ့အထိ ထိခိုက်ဒဏ်ရာရရှိသူ ပြည်သူ နှစ်ဦး ရှိနေတာဖြစ် ပါတယ်။ “ လောလောဆယ် ဒီနှစ်ဦးကတော့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ စာရင်းတော့ ရှိပါတယ်။ လက်ရှိ အခြေအနေထိတော့ ကျနော်တို့ အဲ့လိုမျိုး ပြောလို့ရပါသေးတယ်။ အဓိက သူတို့ ပစ်တဲ့နေရာကို ကြည့်လိုက်တော့ လူထု တွေ အဓိက နေတယ်။ နောက် စစ်ရှောင် တွေ အများဆုံးနေတဲ့ နေရာဖြစ်တယ်ပေါ့နော။ ပစ်တဲ့နေရာ တော်တော်များများက တိုက်ပွဲ ဖြစ်တာ မဟုတ်ဘူးပေါ့။ တိုက်ပွဲ ဖြစ်တဲ့နေရာ မဟုတ်သလို လူထုတွေ အဓိက နေတဲ့ နေရာတွေပါပဲ ရွာတွေကို ဦးတည် ပြီး ပစ်ခတ်နေတယ်ဆိုတာ ကျနော်တို့ တွေ့ရပါတယ်။ “ လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဆရ ဗညားက ပြောပါတယ်။

လက်ရှိ ကရင်နီပြည်မှာ ဒေသခံပြည်သူတွေ စစ်ဘေးရှောင်နေရတဲ့အတွက် ဆေးရုံ၊ ဆေးခန်းလက်လှမ်းမမှီတာကြောင့် လက်နက်ကြီးထိမှန်တဲ့အချိန်မှာလည်း အချိန်မှီဆေးကုသဖို့အတွက် အခက်အခဲကြုံနေရတယ်လို့ ဆိုပါတယ်။ “ ကျနော်တို့ ပုံမှန် အချိန်မှာတောင်မှ ဖျားနာတဲ့ လူတွေကို ကုသနိုင်ဖို့အတွက် အကန့်အသတ်တွေ အခက်အခဲတွေ အများကြီးရှိတယ်ပေါ့နော။ အခုလိုမျိုး လက်နက်ကြီး ထိခိုက်မှုကို ကုသဖို့အတွက် ပိုပြီးတော့ ကွာတာပေါ့နော။ ကျနော်တို့ ဒီ ဓါတ်မှန်ရိုက်တဲ့ ကိစ္စတွေ ရှိတယ်။ ပြီးတော့မှ ခွဲစိတ်တဲ့ ကိစ္စတွေရှိတယ်။ အဲ့တော့ ဒီဟာက ပုံမှန်ရိုးရိုး ဖျားတာထက်စာရင် ပိုပြီးတော့ သတိထားကိုင် တွယ်ရတဲ့ ဟာမျိုးတွေ ဖြစ်တယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်တွေကလည်း ဒီအပိုင်းမှာ နည်းနေတာပေါ့။ နေရာတကာမှာ မရှိတဲ့ အတွက်ကြောင့်မလို့ ထိခိုက်ဒဏ်ရာရမှု ခွဲစိတ်တာတွေ ဖြတ်တောက်တာတွေ လုပ်ဖို့အတွက်က တော်တော်လေး ခက်ခဲပါတယ်။ “ လို့ ဆရာဗညားက ဆက်ပြောပါတယ်။ ကရင်နီမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း လက်နက်ကြီး ထိမှန်မှုကြောင့် အရပ်သား ပြည်သူ ၁၀ ဦးသေဆုံးခဲ့ရပြီး ၁၉ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ အောက်တိုဘာလ ၂ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၅။ မောင်တောမြို့နယ် မြောက်ပိုင်း လိပ်ရနယ်ခြားစောင့်စခန်းကို AA တိုက်ခိုက်သိမ်းပိုက်၊ စကစတပ်ဖွဲ့ဝင် ၁၄ ဦး AA ထံ လက်နက်ချအလင်းဝင်
October 10, 2022
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းရှိ လိပ်ရနယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော်(AA)က ယနေ့ နံနက် တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၄ ဦး အေအေထံ လက်နက်ချ အလင်းဝင်ခဲ့သည်ဟု သိရ သည်။ လိပ်ရနယ်ခြားစောင့်စခန်းအနီးတွင် ယနေ့ အောက်တိုဘာ ၁ဝ ရက် အရုဏ်ဘက် ၄ နာရီခန့်မှစတင်ကာ နှစ်ဘက် တိုက်ပွဲ အပြင်းအထန် ဖြစ်ပြီးနောက် နံနက် ၇ နာရီခန့်တွင် ထိုစခန်းကို AA က သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။ “လိပ်ရစခန်းကိုသိမ်းလိုက်တဲ့သတင်းက မှန်တယ်။ ၉၉ ရာခိုင်နှုန်းမှန်တယ်”ဟု ပြောသည်။

ယင်းသို့ တိုက်ခိုက်သိမ်းပိုက်အပြီးနောက် နယ်ခြားစောင့် ၁၄ ဦးသည် AA ထံ လက်နက်ချ အလင်းဝင်ရောက်ခဲ့သည်ဟု လည်း ၎င်းက ပြောဆိုသည်။ တစ်ခြား ဒေသခံများကလည်း ယခုသတင်းအပေါ် အတည်ပြုကြပြီး နံနက် ၇ နာရီတွင် အောင်မြင် စွာသိမ်းပိုက်နိုင်ခဲ့သည်ဟု ပြောဆိုသည်။ လက်ရှိတွင် မောင်တော ကြိမ်ချောင်းရှိ အမှတ်(၇) နယ်ခြားစောင့်စခန်း (နခခ-၇) ကလည်း လက်နက်ကြီးများဖြင့် လိပ်ရဘက်သို့ ဆက်လက်ပစ်ခတ်လျက်ရှိပြီး နှစ်ဘက်တိုက်ပွဲလည်း ဆက်လက်ဖြစ်ပွားလျက် ရှိသည်ဟု ဒေသခံများက ပြောသည်။

၆။ တိုက်ခိုက်သိမ်းပိုက်ခံရသည့် ကျိတ်စခန်းအစား တပ်စခန်းသစ်ချသွားရန် စစ်ကောင်စီတပ်ကြိုးပမ်းနေ
October 10, 2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ကွင်းကလေးကျေးရွာနှင့် ကော့သနော့ ကျေးရွာအကြားတွင် ယခုရက်ပိုင်း အတွင်း စစ်ကောင်စီတပ် ဘက်မှ တပ်စခန်းလာရောက်အခြေချရန် ကြိုးစားလာနေသည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ဘက်က တာဝန်ရှိသူက ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလ (၂၀)ရက်နေ့တွင် ကွင်းကလေး ကျေးရွာ အနီးရှိ စစ်ကောင်စီခြေကုပ်စခန်းတစ်ခုဖြစ်သည့် ကျိတ်စခန်းကို (KNLA) တပ်ရင်း(၁၈)နှင့်ပူပေါင်းတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်များက ကော့သနော့ကျေးရွာနှင့် ကွင်းကလေးကျေးရွာကြားရှိ တောင်ကုန်း တစ်နေရာ တွင် စခန်းအထိုင်ချရန် ကြိုးပမ်းလာခြင်းဖြစ်သည်ဟု KNLA ဘက်က ပြောသည်။ “ဒီကောင်တွေက ကြာအင်းဆိပ်ကြီးမှာ လူစု နေတာ (၁)လကျော်ပြီး။ ကော့သနော့အကျော် ကွင်းကလေးမရောက်ခင်မှာ ရွာတွေထဲကို လက်နက်ကြီးပစ်တယ်။ ပစ်ပြီးမှ ကျိတ်စခန်းမှာ သေနေတဲ့ စစ်သားတွေရော၊ စခန်းတစ်ခုလုံးကိုရှင်းလင်း မီးရှို့ဖို့ တက်လာတာ။ ကျိတ်တ်စခန်းက ပြန်လာတော့ ရွာထဲကို လက်နက်ကြီးပစ်တာငြိမ်သွားတယ်။ စခန်းက ထိုင်လား မထိုင်ဘူးလားဆိုတာတော့ မသိရသေးဘူး။ စခန်းထိုင်မယ်လို့ တော့ သတင်းရထားတယ်”ဟု ပြောသည်။

ထို့အပြင် ကော့သနော့နှင့် ကွင်းကလေးကျေးရွာကြားတွင် စခန်းအထိုင်ချရန် ကြိုးပမ်းနေသည့် ထိုစစ်ကောင်စီတပ်မှ အိမ်ခြေ ၄၀၀နီးပါးရှိသည့် ကွင်းကလေး ကျေးရွာထဲသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်သောကြောင့် အိမ်ခြေ ပေါင်း (၄၀)ကျော် ထိခိုက်ပျက်စီးခဲ့သည်ဟုကေအဲန်ယူ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားသည်။ ကေအဲန်ယူ တပ်မဟာ (၆)နယ်မြေဖြစ်သည့် ဒူးပလာယာခရိုင်အတွင်း စစ်ကောင်စီတပ်များနှင့် (KNLA) တပ်ဖွဲ့များအကြားတိုက်ပွဲနေ့တိုင်းနီးပါး ဖြစ်ပွားလျက်ရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ(၂၀)ရက်နေ့တွင် (KNLA)တပ်ဖွဲ့များက သိမ်းပိုက်ထားသည့် ကျိတ်စခန်း စစ်ကောင်စီတပ်ဘက်မှ (၂၀)ခန့်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု KNUဘက်က သတင်းထုတ်ပြန် ထားသည်။

၇။ ညအချိန် စာကြည့်ဖို့အတွက် ဖယောင်းတိုင်ကိုသာ အသုံးပြုနေရ
October 11, 2022
ကရင်နီပြည်မှာ တိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေက ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား တွေ ညပိုင်းစာကြည့်တဲ့အခါ ဆိုလာမီးမရှိတဲ့အတွက် ဖယောင်းတိုင်ကိုသာ အသုံးပြုနေရပါတယ်။ စစ်ရှောင်ဖြစ်နေ တဲ့အတွက် ဝင်ငွေမရှိတာ၊ ကုန်ဈေးနှုန်းမြင့်တက်နေတာကြောင့် ဆိုလာမီးမသုံးရတဲ့အပြင် ဖယောင်းတိုင်ကိုလည်း လုံလုံလောက်လောက် မသုံးနိုင်တာကြောင့် အခက်အခဲရှိတယ်လို့ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။ “ကျမ တို့ဒီမှာ စာသင်နေတာက Grade-1 ကနေ Grade-4 ထိရှိတယ်။ အဲဒါကို ကလေးတွေက ကျောင်းမှာဆိုရင် အတတ်နိုင်ဆုံးတော့ ကလေးတွေကို စာတွေကို ရထား သင့်သလောက် မှတ်ထားသင့်သလောက် သင်ပေးတယ်။ ဒါပေမယ့် ညညဆိုရင် သူတို့ စာပြန်ကျက်ဖို့အတွက် ဆိုလာတွေ မီးတွေမရှိဘူး။ မရှိတာတွေလည်းတွေ့ရတယ်။ ပြီးတော့မှ သူတိုအိမ်စာ ပြန်လုပ်ဖို့ အခက်အခဲ ရှိတာကိုလည်း တွေ့ရတာပေါ့ နော်။ ပြီးတော့မှ ကလေးတွေက တချို့ ဆိုလာ မရှိတဲ့ ကလေးတွေဆိုရင် ဖယောင်းတိုင်နဲ့ ဖယောင်းတိုင် ထွန်းပြီးတော့မှ စာတွေကျက်ခဲ့ရ လေ့လာခဲ့ရတယ်” လို့ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

ကလေးပညာရေးအထောက်အကူပြုစေဖို့အတွက် ဖယောင်းတိုင်၊ အလှူငွေ နဲ့ ရိက္ခာခြောက်ကို အောက်တိုဘာလ ၁၀ ရက်နေ့က ကန်ခုနစ်ဆင့် ခုနစ်စင်ကြယ် လူငယ်များ အဖွဲ့မှ ကျေးရွာတစ်ရွာကို သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ စာသင်ချိန်ပြီးလို့ အတန်းငယ်တဲ့ကလေးတွေအတွက် ညပိုင်းရောက်ရင် မီးမလိုအပ်ပေမဲ့ အတန်းကြီးတဲ့ကလေးအတွက်တော့ စာကျက်ဖို့အတွက် မီးလိုအပ်တယ်လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။ “ညတိုင်းကုန်တယ်။ သူတို့ညကော မနက်ကော စာကျက်တော့။ မနက်ဆို နည်းနည်းသက်သာတယ်။ အရေးကြီးတာ ညပဲပေါ့။ တကယ်လို့ မီးသာ မရှိရင်လည်း သူတို့ စာကျက် လို့ မရဘူးလေ။ ညတိုင်းကြည့်ပေးရတော့ ကျမတို့မှာလည်း ဘာမှ မရှိဘူး။ အငှားလိုက်လိုက် ဈေးရှိတဲ့ တခုခုကို ရှာပြီးရောင်း လိုက် ရလာတာနဲ့ သူတို့ကို ပြန်ဝယ်ပေးလိုက် အ့လိုပဲ လုပ်ရတယ်။ ကလေးတွေက မီးမရှိဘူးပြောလိုက်။ မုန့်ဖို့မရှိဘူးပြောလိုက် နဲ့ မတတ်နိင်ဘူး။ စိတ်ထိခိုက်ရတယ်။ တခါခါဆို သူတို့တောင်းတာကို မပေးနိုင်တော့ ဝမ်းနည်းတယ်”လို့ ကျောင်းသား မိဘ တစ်ဦးက ပြောပါတယ်။ စားသောက်ကုန်အပြင် အဖက်ဖက်က ကုန်ဈေးနှုန်းမြင့်တက်နေတာကြောင့် ဖယောင်းတိုင်ထုပ် မဝယ် နိုင်တဲ့ မိသားစုတွေလည်းရှိတယ်လို့ သူက ဆက်ပြောပါတယ်။ ကျေးရွာ၊ စစ်ရှောင်စခန်းတွေမှာ စာသင်ကျောင်းဖွင့်လှစ် လျက်ရှိပြီး စာသင်ဆောင်မလုံလောက်တာ၊ ဖတ်စာအုပ်နဲ့ စားရေးကိရိယာမလုံလောက်တဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေဆဲ ဖြစ်သလို ကျောင်းသားကလေးတွေအတွက်လည်း ညပိုင်းစာကြည့်ဖို့ အခက်အခဲတွေရှိနေတာပဲဖြစ်ပါတယ်။

၈။ ဖားကန့်မှာ နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ
October 11, 2022
ကချင်ပြည်နယ် ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ စစ်ကောင်စီရဲ့ နယ်ထိန်းရဲတစ်ဦးကို အောက်တိုဘာလ ၁၀ ရက် ဒီနေ့မနက် ၁၀ နာရီဝန်းကျင်က အမည်မသိလူတစ်စုက ပစ်သတ်သွားတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။ ပစ်သတ်ခံ ရသူမှာ အသက် (၄၀) ခန့်အရွယ် နယ်ထိန်းရဲ ဦးသက်နိုင်ဦး ဖြစ်တယ်လို့ ဖားကန့်ဒေသခံတစ်ဦးက RFA သတင်းဌာနကို ပြောဆိုခဲ့ကြောင်းသိရပါတယ်။ “မရှီကထောင်ရပ်ကွက် နန်းဦးစားသောက်ဆိုင်ရှေ့မှာ သူ့ကားပေါ်တက်နေတဲ့ အချိန် လူတစ်စု က သေနတ်နဲ့ ပစ်သတ်သွားတာ။ သူစီးလာတဲ့ကားလည်း ယူသွားတယ်။ သူ့အလောင်းတောင် ၁ နာရီလောက်ကြာမှ လာကောက်သွားကြတာ ” ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်မှာ စျေးဝယ်ထွက်လာတဲ့ ရဲသုံးဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး ရဲတစ်ဦးသေဆုံးခဲ့ပါတယ်။
ဩဂုတ်လ ၃ ရက်နေ့ မနက်ကလည်း ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု မှော်ရှန်ရွာက KBZ ဘဏ်ခွဲ (၂) အနီးမှာ စျေးဝယ် လာတဲ့ ရဲမှူးကိုကိုလွင်နဲ့ ရဲတစ်ဦးတို့ကို အမည်မသိလူတစ်စုက သေနတ်နဲ့ပစ်သတ်သွားပါတယ်။ ဖားကန့်မြို့နယ် နမ့်ယားရွာ ပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းထွန်းကိုလည်း စက်တင်ဘာ ၂၀ ရက်နေ့က အမည်မသူသိ လူတစ်စုက သူရဲ့နေအိမ်အနားမှာပဲ ပစ်သတ်ခဲ့ပါတယ်။

၉။ စစ်ရှောင်စခန်းနဲ့ ကျေးရွာကိုသွားလာတဲ့ မြေသားလမ်း ပြုပြင်ဖို့ အလှူငွေလိုအပ်
October 10, 2022
ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်း ဒေသခံနဲ့စစ်ရှောင်တွေဟာ အဓိကအားထားသွားလာရတဲ့ လမ်းမကြီးကို အသုံးပြု လို့မရတာကြောင့် ကျန်းမာရေး၊ စစ်ဘေးရှောင်စားနပ်ရိက္ခာသယ်ယူပို့ဆောင်တဲ့နေရာမှာ မြေသားလမ်းကိုသာ အသုံးပြုနေရတဲ့ အတွက် အခက်အခဲရှိနေတယ်လို့ သိရပါတယ်။ ယခုလို မိုးတွင်းခရီးသွားလာနေကြတဲ့ ပြည်သူတွေဟာ ပေါက်ပြား၊ ဓါး ၊ သံချောင်း စတဲ့ အထောက်အကူပစ္စည်းတွေကို ကြိုတင် သယ်ဆောင်သွားကြရတယ်လို့လည်း ပြောပါတယ်။ ဖရူဆိုမြို့နယ် တစ်နေရာက ပြည်သူလူထုတွေ သွားလာ အသုံးပြုနေတဲ့ မြေသားလမ်းပြုပြင်ရေး အတွက် အလှူငွေလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။ ” ပြည်သူလူထုတွေ သွားလာလို့အဆင်ပြေအောင် ကျနော်တို့ ဒီလမ်းကိုပြင်ချင်တယ်။ ပြင်ချင်တော့ ကျနော်တို့ ကိုယ်ထူ ကိုယ်ထနဲ့ စပြင်ချင်တာပေါ့နော စပြင်နေပြီ ပေ့ါနော အခုက ။ ဒီ ဘာဖြစ်ချင်လဲဆိုတော့ ဟို အလှူငွေတွေ ဒီလမ်း ပြင်ဖို့ အလှူငွေလေးရချင်တယ်ပေါ့။ ” လို့ ပြောပါတယ်။

စစ်ကောင်စီကင်းပုန်းရှိတဲ့ လမ်းမကြီးကို အသုံးပြုလို့ မရတော့တဲ့အတွက် ဖရူဆိုမြို့နယ် တောင်ဘက်ခြမ်း၊ အနောက် ဘက်ခြမ်းကို သွားလာဖို့ တခြားလမ်းကသွားရတဲ့ မြေသားလမ်းတွေကို အသုံးပြုနေရတာကြောင့် မိုးတွင်းကာလမှာ လမ်းချော်တဲ့ အတွက် ကား၊ ဆိုင်ကယ်၊ ထော်လော်ဂျီတို့ သွားလာရခက်ခဲတယ်လို့ ဆိုပါတယ်။ ” အဲ့ဒီလိုမိုးရာသီချိန်မှာ ဗွက်တွေ တအားထ တယ်။ တအားထတော့ ဖျားနာတဲ့လူ ဆေးရုံပို့တာတို့ပဲဖြစ်ဖြစ် ဒီစစ်ဘေးရှောင်ပစ္စည်း စားနပ် ရိက္ခာသယ်တဲ့အခါမှာ ပဲဖြစ်ဖြစ် တအားအခက်အခဲဖြစ်တာပေ့ါနော။ ” လို့ စစ်ရှောင်ကူညီပေးသူ တစ်ဦးကပြောပါတယ်။ ဒါ့အပြင် တိုက်ပွဲအချိန်မရွေး ဖြစ်ပွားနိုင် တာကြောင့် လမ်းခရီးလုံခြုံရေးအတွက်လည်း စိုးရိမ်ရတယ်လို့ ဒေသခံတွေနဲ့ စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။ ဖရူဆိုမြို့နယ် တောင်ဘက်ခြမ်းရှိ ဒေသခံတွေဟာ စစ်ရှောင်နေကြတာ တစ်နှစ်နီးပါးရှိလာပြီ ဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတာ၊ ရေရှားပါးတာ၊ ဖုန်းလိုင်းဆက်သွယ်ရေးခက်ခဲတာ ရှိတယ်လို့ သိရပါတယ်။ ဖရူဆိုမြို့နယ်အတွင်းမှာ စစ်ရှောင်ဦး ရေ ၆၀၀၀ ကျော်ရှိနေပါတယ်။

၁၀။ ဒေါရောက်ခူကျေးရွာမှာ ၂နှစ်အောက် ကလေးငယ် အယောက် ၅၀ ကျော် ၀မ်းပျက်ဝမ်းလျှောဖြစ်ပွား
October 11, 2022
ဒီးမော့ဆို အနောက်ဖက်ခြမ်း ဒေါရောက်ခူကျေးရွာနဲ့ စစ်ရှောင်စခန်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့မှ အောက်တိုဘာလ ၁၀ ရက်နေ့အထိ ၂ နှစ်အောက်ကလေးငယ် အယောက်၅၀ကျော် ၀မ်းပျက်၀မ်းဝမ်းလျှောဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ကျေးရွာဆေးခန်းမှာ တစ်နေ့ကို အနည်းဆုံး ၆ယောက်ကနေ ၁၀ယောက်ကြား ဆေးခန်းလာပြကြပြီး ဆေးလာ ယူ တာရှိတယ်လို့ ဆိုပါတယ်။ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ရာသီမရွေးဖြစ်ပွားနိုင်ပေမယ့် မိုးရာသီကာလအတွင်း အစားအသောက် နဲ့ ရေမသန့်ရှင်းမှုကြောင့် အဖြစ်များတာဖြစ်ပါတယ်။ ရာသီတုတ်ကွေးအပြင် ၀မ်းပျက်၀မ်းလျော ဖြစ်နေကြပြီး အစားအသောက် နဲ့ ရေမသန့်ရှင်းတာ၊ ပတ်ဝန်းကျင် သန့်ရှင်းရေးအားနည်းတာကြောင့် ကူးစက်မှုမြန်တယ်လို့ ဆေးဆရာမ တစ်ဦးကပြောပါ တယ်။ ” သန့်သန့်ရှင်းရှင်းနေဖို့၊ ကလေးအနှီးတွေ နေပူလှန်းဖို့ ပြီးလို့ရှိရင် အစာမပြင်ဆင်ခင်မှ လက်တွေသေချာဆေးဖို့ ပေါ့နော။ ကလေးမစင်တွေလှဲ ပြီးတဲ့အချိန်မှာလက်တွေဆေးဖို့။ ပြီး အစားမစားခင်မှာလက်တွေဆေးဖို့” လို့ အဆိုပါ ဆေးဆရာမ က တိုက်တွန်းထားပါတယ်။

ကလေးတစ်ဦး ဝမ်းပျက်ဝမ်းလျှောဖြစ်ပါက ၄ ရက်မှ ၇ ရက်အထိကြာမြင့်တတ်ပြီး စဖြစ်ချင်းတစ်ရက်မှာ အဖတ်၊ ချွဲပါတာ၊ ဝမ်းပျော့တာ၊ တစ်နေ့ကို ၆ကြိမ်အထက် ဝမ်းသွားတာ၊ ရေငတ်တာ၊ နို့မစို့နိုင်တာ၊ အားမရှိတာ စတဲ့လက္ခာတွေဖြစ် တယ်လို့ ဆရာမက ပြောပါတယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ စစ်ရှောင်စခန်း ကလေးငယ်ဖြစ်ပွားမှုက ရွာခံကလေးဖြစ်ပွားမှု ထက် ပိုများတယ်လို့ ပြောပါတယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှုမှ ကာကွယ်ဖို့ ရေကျိုချက်သောက်သုံးဖို့၊ လက်ကိုမကြာခဏ သန့်စင်အောင်ဆေးကြောဖို့၊ သန့်ရှင်းလတ်ဆတ်တဲ့အစားအစာစားဖို့၊ သက်သတမ်းလွန်အစားအစာ အမှည့်လွန်အသီးမစားဖို့၊ သန့်ရှင်းတဲ့ယင်လုံအိမ်သာအသုံးပြုဖို့၊ ကလေးငယ်ရဲ့ မစင်များ၊ ပေကျံနေသော အဝတ်အစားတွေကို စနစ်တကျ သိမ်းဆည်း လျှော်ဖွတ်ဖို့ ကျန်းမာရေးအသိပေးထားတာရှိပါတယ်။

၁၁။ တနိုင်းမြို့ စစ်ရှောင်စခန်းမှ အရေပြား ဝေဒနာခံစားနေရသော ကလေးငယ်များအတွက် ဆေးဝါး အကူအညီလိုအပ်နေ
October 10, 2022
ကချင်ပြည်နယ် တနိုင်းမြို့ရှိ COC စစ်ရှောင်စခန်းတွင် အရေပြားယားယံ ဝေဒနာခံစားနေသည့် ကလေးငယ်များ အတွက် ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်စခန်း တာဝန်ရှိသူများထံမှ သိရသည်။ တနိုင်းမြို့ရှိ COC စစ်ရှောင်စခန်းတွင် အသက် ၁၀နှစ်အောက် ကလေးငယ် ၁၁ ဦးတွင် လွန်ခဲ့သည့် ၂ ပတ်မှစတင်ကာ အရေးပြားယားယံသည့် ဝေဒနာကူးစက်ပြန့်နှံ့နေပြီး ထိရောက်သည့် ဆေးဝါးကုသပေးမှု လိုအပ်နေကြောင်း စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့ကြေင်းသိရသည်။ “ကလေးတွေထက်ဝက်နီးပါးလောက်ကူးစက်နေတယ်။ လွန်ခဲ့တဲ့နှစ်ပတ်လောက် ကစပြီး ဖြစ်တာ။ အခုဆိုတစ်ယောက်ပြီး တစ်ယောက်ကူးစက်နေတာ ရောဂါပုံစံ ယားတယ် အရေပြားပေါ်မှာ အဖုတွေထတယ် အနီးစက်တွေဖြစ်နေတာ အခုချိန်က အလုပ်အကိုင်မရှိ ဝင်ငွေမရှိတော့ စျေး တွေကလည်းအစစ အရာရာတက်နေတော့ ဆေးဝယ်ကုဖို့လည်းမတတ်နိုင်ဘူး” ဟု စစ်ရှောင်စခန်းမှ တာဝရှိသူတစ်ဦးက ပြောသည်။

လက်ရှိစစ်ရှောင် ကလေးငယ်များထံ ကူးစက်နေသည့် အဆိုပါအရေပြားရောဂါမှာ ရေကျောက်ပုံစံတူဖြစ်ပြီး စစ်ရှောင် စခန်းတွင် သာမက အနီးတစ်ဝိုက်တွင်လည်း ကူးစက်မှု ဖြစ်နေကြောင်း သိရသည်။ ”အပြင်မှာလည်းဖြစ်နေတယ် အပြင်ကလေး တွေက ဆေးခန်းတွေပြကြတာလည်း မသက်သာဘူးတဲ့။ ရေကျောက်ပုံစုံ ပေါက်ပြီး ယားနေတာ။ ဒါပေမယ့် ရေကျောက်တော့ မဟုတ်ဘူး” ဟု စစ်ရှောင်ပြည်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ အဆိုပါ အရေပြားရောဂါ ကူးစက်ခံ နေရသည့် ကလေးငယ် များမှာ အသက် ၃ နှစ် နှင့် ၁၀ နှစ်ကြားဖြစ်ပြီး လူမှုကူညီရေးအသင်းများမှလည်း ကူညီထောက်ပံ့မှု မရှိတော့သည့်အတွက် ဆေးဝါးကုသနိုင်ရေး အခက်အခဲဖြစ်နေကြောင်း သိရသည်။ တနိုင်း COC စစ်ရှောင်များသည် လွန်ခဲ့သည့် ၄ နှစ်ခန့်က တနိုင်းမြို့နယ် နမ်ဗျူ၊ တုံမနီ စသည့်ကျေးရွာများမှ တိမ်းရှောင်လာကြသော စစ်ရှောင်များဖြစ်ပြီး အိမ်ထောင်စု ၃၀ ကျော် လူဦးရေ ၁၀၀ ကျော်ရှိကြောင်း သိရသည်။

၁၂။ နမ္မတူ ကချင်ကျေးရွာတစ်ခုကို စစ်ကောင်စီတပ် ဝင်မွေပြီး ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီး
October 10, 2022
ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ်တွင် တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးခဲ့ရသော ဆင်လီကောင်ရာကျေးရွာ တွင် စစ်ကောင်စီတပ်မှ တရွာလုံးဝင်မွေပြီးနောက် တန်ဖိုးရှိပစ္စည်းများကို ယူဆောင်သွားကာ၊ ပြည်သူပိုင်ပစ္စည်းများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူပေါင်း တပ်များနှင့် စစ်ကောင်စီတပ်တို့ကြား နမ္မတူမြို့နယ်တွင် တိုက်ပွဲပြင်းထန်လာသောကြောင့် ဒေသခံများစစ်ရှောင်သွားပြီး နောက် ကျေးရွာတွင်ဝင်ရောက်ခဲ့သော ကျေးရွာဖျက်ဆီးခံရခြင်း၊ ပြည်သူပိုင်ပစ္စည်းများ မီးရှို့ခံရခြင်းနှင့် ရေလှောင်ကန်တွင် ပေါင်းသတ် ဆေးခတ်ခံရခြင်းတို့ ရှိခဲ့ကြောင်း ကျေးရွာသို့ ပြန်လာကြည့်ခဲ့သော ဆင်လီကောင်ရာ ဒေသခံတစ်ဦးက KNG ကို ပြောဆိုခဲ့ ကြောင်းသိရသည်။ “စစ်တပ်က ရွာထဲ ရစရာမရှိအောင် ဖျက်ဆီးလိုက်ထားတာ၊ နေအိမ်တခုလုံးဝင်မွေပြီး တန်ဖိုးရှိ ပစ္စည်းတွေ က တစ်ခုမှ မကျန်တော့ဘူး။ အားလုံး ရှုတ်ရှက်ခတ် ပွစိလှန်နေအောင် လုပ်စုပ်ထားပေးတယ်။ ကြက်၊ ဝက်၊ နွားတွေ ကိုလည်း သတ်လိုသတ်စား၊ ဖျက်လိုဖျက်ဆီးပြီး ရေတွင်းမှာလဲ ဓာတုမြက်သတ် ဖြန်းဆေးတွေ ထည့်ပေးထားတယ်။ အစုံပဲ ဖျက်ဆီးထား ပေးတယ်။” ဟု ပြောသည်။

ထို့အပြင် ရွာသားများ စျေးသွား စျေးပြန် အသုံးပြုလုပ်လျက်ရှိသော ကား ၂ စီးနှင့်အတူ ကားပေါ်တွင် တင်ဆောင်ထား သော ကုန်ပစ္စည်းများ၊ ပြည်သူပိုင် ဆိုင်ကယ် ၃ စီး စသည့်တို့ကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ ရေလှောင်ကန်များတွင် အဆိပ်ဖြစ်စေသော ဆေးဖြန်းဘူးများ လောင်းထည့်ထားသောကြောင့် ကျွဲ၊ နွားတချို့ သေဆုံးနေသည် ကိုလည်း ရွာထဲသွားရောက်ကြည့်ရှုစဉ် တွေ့ရကြောင်း ဆင်လီကောင်ရာ ဒေသခံတစ်ဦးက ပြောသည်။ “ရွာခံအမျိုးသားတချို့ ရွာထဲ ခဏသွားကြည့်ရှုတဲ့အခါမှာတော့ ယောက်ျားသား ဖြစ်နေရင်တောင် အရမ်းစိတ်မကောင်းဖြစ်ပြီး မျက်ရည်မျက်ခွက်နဲ့ အရမ်းခံစားရတယ်။ ရွာထဲ ဖြစ်ပျက်နေတာကိုလိုက်ကြည့်ပြီး ပြန်လာနေချင်စိတ်တောင်ပျောက်တယ်။”ဟု ၎င်းက ပြောသည်။ ယခုချိန် စစ်ကောင်စီတပ်မှ အင်အားအမြောက်အများဖြင့် နမ္မတူ–မန်တုံ ကားလမ်းမတစ်လျှောက် ကျေးရွာတချို့တွင် တပ်စွဲနေ သောကြောင့် မန်ဂျတ်ကျေးရွာ ဒေသခံစစ်ရှောင်များ နေရပ်မပြန်နိုင်သေးကြောင်း အထက်ပါ ဆင်လီကောင်ရာ ဒေသခံတစ်ဦးက ပြောသည်။ နမ္မတူမြို့နှင့် မန်တုံမြို့များတွင် ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းမှစပြီး စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်တို့ကြား တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေသည်မှာ ယနေ့ထိဖြစ်သည်။

၁၃။ ငဖဲမြို့မှာ အရှိုချင်း အမျိုးသမီးနှစ်ဦး အသတ်ခံရ
October 11, 2022
မကွေးတိုင်း၊ ငဖဲမြို့နယ် ဘုံးဘောရွာမှာနေထိုင်တဲ့ အရှိုချင်းတိုင်းရင်းသား အမျိုးသမီးနှစ်ဦး အောက်တိုဘာလ ၆ ရက်မှာ ပျောက်ဆုံးသွားခဲ့ပြီး အောက်တိုဘာလ ၉ ရက် မနေ့မှာတော့ အသတ်ခံထားရတဲ့ အလောင်းတွေကို ပြန်တွေ့ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။ အသတ်ခံရသူတွေဟာ ဘုံးဘောရွာက အသက် ၁၄ နှစ်အရွယ် မိုင်နှောင်ပါလှနဲ့ အသက် ၂၁ နှစ်အရွယ် မိုင်ရွှေဇင်ရဲ ခေါ် မခင်ဝင်းတို့ဖြစ်ပြီး သူတို့နှစ်ဦးဟာ ဂုတ်ကြီးရွာကနေ သူတို့ရွာ အပြန်မှာ ပျောက်ဆုံးခဲ့တာလို့ လုံခြုံရေးအရ
အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “အဲဒီနေ့ ည (၈) နာရီလောက် မိန်းကလေးနှစ်ယောက်က ပျောက်သွား တယ်။ တစ်ယောက်က အသက် ၁၄ နှစ် ကလေးပဲ ရှိသေးတယ်။ ဂုတ်ကြီးရွာကနေ ဘုံးဘော ရွာအပြန်မှာ ဖြစ်တာပေါ့။ ပြန်တွေ့ တာက ၉ ရက်နေ့ ညနေ ငါးနာရီလောက် မြေလတ် ရွာအနီးမှာ ပြန်တွေ့တယ်” ငဖဲမြို့နယ် တောင်ပေါ်မှာ အရှိုချင်းရွာ ၁၁ ရွာ ရှိပြီး အဲဒီရွာတွေဟာ ရခိုင်ရိုးမပေါ်မှာရှိသလို မန္တလေး – စစ်တွေ ကားလမ်းပေါ်မှာလည်း ရှိကြပေမယ့် တစ်ရွာနဲ့တစ်ရွာ နီးစပ် ကြပြီး ဂုတ်ကြီးရွာနဲ့ ဘုံးဘောရွာဆိုရင်လည်း ဆိုင်ကယ်နဲ့သွားရင် ငါးမိနစ်လောက်ပဲ ကြာတယ်လို့ ဒေသခံက ပြောပါတယ်။

အဲဒီ ဂုတ်ကြီးရွာမှာ စစ်ကောင်စီရဲ့ နယ်မြေရဲစခန်းရှိသလို မြေလတ်ရွာမှာ တပ်မ (၈၈) က တပ်စွဲလေ့ရှိပြီး ငဖဲ ကပစ (၁၄) တပ်နဲ့ ပဒန်းက စစ်ကောင်စီတပ်တွေလည်း စစ်ရေး လှုပ်ရှားမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် အဲဒီအနီးရွာတွေဖြစ်တဲ့ ဖိုကုန်းရွာမှာ အမြောက်တပ် အမတ (၃၀၅)၊ ဆုံကုန်းရွာ မှာ အမတ (၄၀၉) နဲ့ စာတတ်ကူရွာမှာ အမတ (၉၀၅) တပ်တွေ တပ်စွဲထားတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ ရွာတွေရဲ့ ပတ်ဝန်းကျင်မှာ စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်တွေအပြင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့တွေပါ ရှိနေတာကြောင့် ဘယ်သူသတ်သွားတယ် ဆိုတာတော့ အတိအကျ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

၁၄။ မတူပီမှာ မြေမြှုပ်မိုင်းကြောင့် ဒေသခံတစ်ဦး သေဆုံး
October 11, 2022
ချင်းပြည်နယ်‌ တောင်ပိုင်း မတူပီမြို့ လည်မြိုချောင်းတံတားအနီးမှာ အောက်တိုဘာလ ၁၀ ရက် မနေ့က ဒေသခံတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောဆိုခဲ့ကြောင်းသိရပါတယ်။ သေဆုံးသူဟာ မတူပီမြို့အရှေ့ ခိုဘွေရပ်ကွက်မှာ နေထိုင်တဲ့ အသက် (၃၈) နှစ်အရွယ် ဦးလာဒိန်းလျဲန် ဖြစ်ပြီး တောင်ယာသွားတဲ့လမ်းမှာ မြေမြှုပ်မိုင်းနင်းမိတာ ကြောင့် ခြေထောက်မှာ ဒဏ်ရာနဲ့ သွေးထွက်လွန်ပြီး သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိအချိန်အထိ လည်မြို ချောင်းတံတားအနီးမှာ စစ်ကောင်စီတပ်သား အင်အား ၅၀ ခန့် တပ်စွဲထားကြပြီး အဲဒီပတ်ဝန်းကျင်မှာ သူတို့ လုံခြုံရေးအတွက် မြေမြှုပ်မိုင်းတွေထောင် တာ ဖြစ် တယ်လို့ CDF မတူပီက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့ကလည်း ဟားခါးမြို့မှာနေထိုင်တဲ့ အသက် ၃၀ အရွယ် ဦးဗျက်ကျူံး တောထဲ ဟင်စား ရှာဖို့ ထွက်ရာက လမ်းမှာ မိုင်းနင်းမိလို့ ခြေတစ်ဖက် ဖြတ် လိုက်ရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ ရက်နေ့ကလည်း တီးတိန်မြို့ စကောလမ်းရပ်ကွက်မှာ မိုင်းပေါက်ကွဲတာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ မေလကုန်အထိ ငါးလအတွင်း တစ်နိုင်ငံလုံးမှာ မြေမြှုပ်မိုင်း ကြောင့် ဒေသခံ ၃၃ ဦး သေဆုံးပြီး ၁၂၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှု ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) က ဩဂုတ်လ ၁၀ ရက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။

၁၅။ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ စစ်ကောင်စီတပ်ဩဇာခံ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်း
October 11, 2022
မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ထားတဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဟာ စစ်ကောင်စီရဲ့ လက်အောက်ခံ ပြည်သူ့စစ် အဖြစ် အသွင်းပြောင်းလိုက်တယ်လို့ အောက်တိုဘာ ၁၀ ရက် မနက်က သတင်းထုတ်ပြန်လိုက်ပါတယ်။ ပြည်သူ့စစ် အသွင် ပြောင်းတဲ့ အထိမ်းအမှတ် မော်လမြိုင်မြို့မှာ မနေ့က အခမ်းအနားကျင်းပခဲ့ပြီး အကြမ်းဖက်လုပ်ရပ်တွေကို ပြတ်သားစွာ ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ဌာနေပြည်သူ့စစ်အဖြစ် စစ်ကောင်စီတပ်နဲ့ လက်တွဲကာ ငြိမ်းချမ်းရေး ဆောင်ရွက်သွား မယ်လို့ မွန်ငြိမ်းချမ်းကာကွယ်ရေး တပ်ဖွဲ့က သဘောထားထုတ်ပြန်ပါတယ်။ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး စစ်ကောင်စီတပ်နဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့ဟာ အသက်အရွယ်အရ အနားယူမယ့် ဗိုလ်ချုပ်နိုင်ရှောင်ရဲ့ တာဝန်ကို ဗိုလ်မှူးချုပ် နိုင်အောင်ထွန်းက လွှဲပြောင်းရယူကာ မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့ကို ဆက်လက်ဦးဆောင်သွားမယ်လို့ သိရပါ တယ်။ အဆိုပါ တပ်ဖွဲ့ဟာ မွန်ပြည်သစ်ပါတီကနေ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၁၀ ရက်မှာ ခွဲထွက်ခဲ့ပြီး အင်အား ၂၆၈ ယောက်၊ လက်နက်ကြီး လက်နက်ငယ် ၇၂ လက်နဲ့အတူ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ထံ ဝင်ရောက်ခဲ့ပါတယ်။

၁၆။ လဲချား-တောင်ကြီးကြား စစ်ဆေးရေးဂိတ်တွင် ကျောင်းသားများထံ ငွေတောင်းခံမှုရှိနေ
October 11, 20220
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့ နှင့် တောင်ကြီးမြို့ကြားရှိ ပြည်ထောင်စု လမ်းမကြီးတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် သည် ကျောင်းသားများထံ ငွေကြေးတောင်းခံမှုများ ရှိနေကြောင်းသိရှိရသည်။ အဆိုပါ စစ်ဆေးရေးဂိတ်များသည် အိမ်စီးကား များ၊ လိုင်းကားများနှင့်အတူ ပါလာသည့် ခရီးသည်များကိုလည်း စစ်ဆေးပြီး ခရီးသည်ထံများလည်း ငွေတောင်းယူမှုများ ရှိကြောင်း သိရသည်။ လဲချားမြို့ နှင့် တောင်ကြီးမြို့ ကြားရှိ စစ်ကောင်စီ ဂိတ် (၃) ခု ရှိနေပြီး အနည်းဆုံးငွေ (၆,၀၀၀) ကျပ် ရှိထားရန်လိုအပ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် တက္ကသိုလ်ကျောင်းသူတစ်ဦးက ပြောသည်။ “ကျမက တောင်ကြီးကနေ ကျောင်းသွားတက်လာတာ။ လဲချားကိုပြန်တာ ကြားထဲမှာ ဂိတ် (၃) ခုရှိတယ်။ ကျမဆိုဂိတ် (၃) ခု ဖြတ်တာ ၆,၀၀၀ လောက် ကုန်သွားတယ်။ ခရီးသည်တစ်ချို့ဆိုရင် ဒီထက်အများကြီးကုန်တယ်။ စစ်လည်းစစ်ဆေးတယ်” ဟု ၎င်းက ပြောသည်။

ယခင်က စစ်ဆေးရေးဂိတ်များတွင် ငွေကြေးပေးရတာမရှိဘဲ လက်ရှိမှာ ငွေကြေးတောင်းလာသောကြောင့် ပြည်သူများ ခရီးသွားရန် ခက်ခဲလာကြောင်း သိရသည်။ “ကျမ ကျောင်းသွားတက်တုန်းကတော့ လမ်းမှာ စစ်ဆေးတာ သိပ်မပေးရဘူး။ အပြန်မှ ပေးရတာ။ ကားခလည်း ဈေးကြီးတယ်လေ။ ဟိုအရင် အာဏာမသိမ်းခင်ဆို လွတ်လွတ်လပ်လပ် သွားလို့ရတယ်။ အခုက မရတော့ဘူး” ဟု အထက်ပါ ကျောင်းသူ ကပြောသည်။ အလားတူ လဲချားမှ တောင်ကြီးသို့ ကုန်သွယ်ရေးလုပ်နေသည့် အမျိုးသမီးတစ်ဦးကလည်း “ဘာမှ အမြတ်မကျန်ဘူး။ တောင်ကြီးကနေ ကုန်ပစ္စည်း သွားယူလာရင်လည်း ကြားထဲ လမ်းမှာ သူတို့ဂိတ်ကြေးတွေပေးရတယ်။ အသွားလည်း ပေးရ။ အပြန်လည်း ပေးရတယ်။ တစ်ခါပေးရင် ၁ သောင်းလောက်ရှိတယ်လေ။ ကားခ၊ ဆီဖိုး နဲ့ ဈေးကြီးတော့ အမြတ်မကျန်ဘူး” ဟု ပြောသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ဝါးရှောင်သခင်ဂိတ်၊ မြို့ဝင် မြို့ထွက်ဂိတ်များမှာ စစ်ဆေးမှု တင်းကြပ်လာပြီး ဖမ်းဆီးမှုများလည်း ရှိလာကြောင်း သိရသည်။

၁၇။ ကျေးလက်နေ ကရင်လူငယ်အများစု ကျောင်းပညာရေးဆက်မတက်တော့ဘဲ နေရပ်စွန့်ခွာ ရွှေ့ပြောင်းလုပ်သား အဖြစ်များလာ
October 10, 2022
ကရင်ပြည်နယ်အတွင်း လူငယ်အများစုမှာ ကျောင်းပညာရေးဆက်မတက်ကြတော့ဘဲ ထိုင်းတက်အလုပ် သွားလုပ်ကြ သည့် အခြေအနေပိုများလာခြင်းကြောင့် ကျေးရွာများတွင် လူငယ်ထက်ဝက်ကျော်မှာ နေရပ်စွန့်ခွာ ရွှေ့ပြောင်းလုပ်သားအဖြစ် များလာနေကြောင်း ဒေသတွင်းအရပ်ဖက်အဖွဲ့ကျေးရွာတာ၀န်ခံများ ပြောဆိုချက်အရ သိရသည်။ စစ်အာဏာသိမ်းဖြစ်စဉ် တစ်နှစ်ကျော်ကာလတွင် ဒေသတွင်းတိုက်ပွဲများဖြစ်ပွားနေခြင်း၊ လူငယ်များအား စစ်သားသစ်စုဆောင်းခံရခြင်း၊ အလုပ်အကိုင် ရှားပါးလာခြင်းနှင့် စစ်ကောင်စီဘက်မှ ဒေသတွင်းသွားလာကြသည့် လူငယ်များအပေါ် စစ်ဆေးမေးမြန်းဖမ်းဆီးငွေညှစ်ခြင်းများ ပိုမိုလုပ်ဆောင်လာခြင်းတို့ကြောင့် မိဘများမှ ၎င်းတို့သားသမီးများအား ထိုင်းနိုင်ငံဘက်သို့ အလုပ်လုပ်ကြရန် ပို့ဆောင်ကြသည့် အခြေအနေပိုမိုများပြားလာသည့်အတွက် ကျေးရွာများဘက်တွင် လူငယ်ထက်ဝက်ကျော်မှာ နေရပ်စွန့်ခွာ ရွှေ့ပြောင်းလုပ်သား အဖြစ်များ လာနေကြောင်း ဖားအံဒေသအတွင်း အရပ်ဖက်အဖွဲ့ကျေးရွာတာ၀န်ခံတစ်ဦးက ပြောသည်။ သူက “ ကျနော့်တို့ ရွာဘက်မှာဆိုရင် တက္ကသိုလ်တက်တဲ့ ကလေးတွေ တော်တော်များများ ကျောင်းဆက် မတက်တော့တာ၊ ထိုင်းပဲတက်ကြတော့ တယ်၊ စစ်အာဏာသိမ်း ဖြစ်စဉ် ၂ နှစ် နီးပါးမှာ ရွာက လူငယ်တွေ ယောကျ်ားလေး၊ မိန်းကလေး အရွယ်ကောင်းတွေ ရွာက မိဘတွေကသိပ်ပြီး ပေးမနေတော့ဘူး။ BGF စစ်သားစုတာမှာ ပါသွားလည်း ကြောက်ရတယ်၊ ရွာမှာလည်း လုပ်ကိုင်စားစရာ အလုပ်က မရှိဘူး။ မြို့ဘက်တက်ပြီး အလုပ်လုပ်တော့လည်း စစ်ဆေးမေးမြန်း ဖမ်းဆီး ငွေညှစ်တာတွေ မကြာခဏ ဖြစ်ဖြစ်နေ တော့ လူငယ်တွေကို ထိုင်းတက်ခိုင်းတာပဲ အဆင်ပြေတော့တယ်”ဟု ပြောသည်။

ယခု ကာလအတွင်း လူငယ်များအနေဖြင့်လည်း စစ်ကောင်စီအုပ်ချုပ်ရေးနယ်မြေအတွင်း လုံခြုံစွာနေ ထိုင်စား သောက် ရသည့် လူမှုဘ၀အခြေအနေများ မရှိတော့ဘဲ ပိုမိုကြပ်တည်းလာသည့်အတွက် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်လာကြသည့် အခြေအနေဖြစ်လာကြောင်း ထိုင်းနိုင်ငံသို့ ထွက်ခွာလာခဲ့သည့် ဖားအံမြို့နေလူငယ်တစ်ဦးက ယခုလို ပြောသည်။ “လူငယ်တွေ ဆိုရင် PDF လား၊ ဆန္ဒပြမယ့်ကောင်လား၊ ဒီကောင်ဘယ်သွားလဲ၊ ဘာလုပ်လဲဆိုတာ နေရာစုံက စောင့်ကြည့်ခံနေရတယ်။ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ စစ်တပ်သတင်းပေးတွေ၊ ပျူစောထီးတွေ၊ မဘသတွေက အမြဲရှိနေတယ်။ ဟိုနေရာ ဒီနေရာသွားရင်လည်း စစ်ဆေးရေး ဂိတ်တွေက နေရာစုံမှာ အမြဲစစ်ဆေးနေတယ်။ သူငယ်ချင်းတွေနဲ့ လူစုပြီး အရင်ကလို သွားကြလာကြ စားကြသောက်ကြ ပုံစံမျိုးနေလို့ မရတော့ ဘူးဖြစ်လာတယ်။ အဲ့တော့ ထိုင်းတက်ပြီး အလုပ်လုပ်တာပဲ ကောင်းတယ်ဆိုပြီး ထိုင်းဘက် အရင်ရောက်နေကြတဲ့ အမျိုးတွေ၊ သူငယ်ချင်းတွေကို ချိတ်ဆက် ကြပြီး အလုပ်လုပ်ဖို့ လာလိုက်တော့တယ်” ဟု ထိုဖားအံလူငယ်က ပြောသည်။ ကရင်ပြည်နယ်အတွင်း စစ်အာဏာသိမ်း ဖြစ်စဉ်ပြီး နောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး နွေဦးတော် လှန်ရေးမှာ ပါ၀င်ကြသည့် ဒေသအတွင်း လူငယ်အများစုမှာ လွတ်မြောက် နယ်မြေ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများထံ ခိုလှုံရှောင်တိမ်းနေကြခြင်း၊ CDM ပြုလုပ်ကြသည့် ဒေသ တွင်း ၀န်ထမ်းများမှာလည်း တော်လှန်ရေးနယ်မြေများတွင် ခိုလှုံရောက်ရှိကြသည်။

၁၈။ ဝါးလီး ဆောင်းထံ (တောင်)ရွာတွင် ဒညင်းသီးခိုးသည့် သူခိုးဖမ်းမိသော်လည်း ပြန်လွှတ်ပေးခဲ့
October 10, 2022
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ဝါးလီးဆောင်းထံ (တောင်)ရွာတွင်အောက်တိုဘာ ၈ ရက်နေ့ မွန်းလွဲးပိုင်းက ဒညင်းသီး ခိုးနေသည့် သူခိုးတစ်ဦးဖမ်းမိကြောင်းသိရှိသည်။ သူခိုးသည် ဖြားအိုး အိမ်အနောက်ဖက်ရှိ ဒညင်းပင် ကိုတက်ပြီး ဒညင်းသီးများခိုးကာအိမ်နီးနားများက မြင်ပြီး ကျေးရွာရှိ ရွာသူရွာသားများက ဝိုင်းဝန်းဖမ်းဆီးကြခြင်းဖြစ်သည်။ “သူက ဒညင်းသီးခိုးနေတာ အိမ်နီးနားတွေဒညင်းပင် ကအရမ်းလှုပ်နေတော့ဘာဖြစ်တာလဲပေါ့ ကြည်တော့သူခိုး အပင် ပေါ်ရှိနေ တယ် အစက သူမဆင်းလာဘူး လေသေနတ်ပစ်ပြီး ခြိမ်းခြောက်မ သူကဆင်းလာတယ် သူဆင်းလာတော့ ရွာသားတွေက ဝိုင်းဝန်းဖမ်းဆီးကြတယ်”ဟုဒေသခံတစ်ဦးက ပြောသည်။

သူခိုးခိုးသည့်သူ၏ ရွာသူကြီးက” နင်တို့ရွာကိုဝင်လာပြီးခိုးတယ်ဆိုတော့ ဘာဖြစ်ဖြစ် နင်တို့လုပ်ပိုင် ခွင့်ရှိတယ်” ဆိုပြီး ပြောသော်လည်း သူမှာ ကလေး ၆ ယောက်နဲ့ မိန်းမကိုရှာကျွေးရသည်ဟုဝန်ခံ ပြောဆိုသည့်အတွက် ရွာသားများကသနားပြီး သူနေသည့်ရွာက ရွာသူကြီးကို ပြန်အပ်ပေးခဲ့ကြောင်းသိရသည်။ ထိုသူခိုးသည် အသက် ၄၀ ဝန်းကျင်အမျိုးသားတစ်ဦးဖြစ်ပြီး ပင်လောင်းမြို့နယ်ထဲက ရွာတစ်ရွာတွင်နေထိုင်သူဖြစ်ကြောင်းသိရသည်။ “သူက မရှိလို့ခိုးတာ သားသမီး ၆ ယောက်နဲ့ မိန်းမကို လုပ်မကျွေးနိုင်တော့လို့ ခိုးမိတာ ဝန်ခံတော့ အားလုံး က ဝိုင်းသနားကြပြီး သူတို့ရွာက သူကြီးကိုဘဲ ပြန်အပ်ပြီး သူတို့သူကြီးကဘဲ ပြန်လွှတ်ပေးတာ”ဟု ဆောင်းထံရွာနေ အမျိုးသမီးတစ်ဦးက ကိုပြောကြားသည်။

၁၉။ မောင်တောမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူး ၃ ဦးနှင့် အရပ်သား ၂ ဦးကို စစ်တပ်က ဖမ်းဆီးထား
11 October, 2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူး ၃ ယောက်နဲ့ အရပ်သား ၂ ယောက်ကို စစ်ကောင်စီက ပုဒ်မ ၄ ခုနဲ့အမှုဖွင့်ထားပြီး ချုပ်ရမန် ၄ ကြိမ်ရယူပေမဲ့ တရားမစွဲနိုင်သေးသလို ပြန်လည်းမလွှတ်ပေးဘဲ ဖမ်းဆီး ထားတာ ၂ လကျော်ကြာရှိပြီဖြစ်ပါတယ်။ ဒါ့အပြင် မိသားစုတွေနဲ့လည်းတွေ့ခွင့်မပေးဘဲ အောက်တိုဘာ ၈ ရက်ကတော့ မောင်တောမြို့သူကြီး နခခ (၅) ကို ခေါ်ဆောင်သွားတယ်လို့ ဖမ်းဆီးခံရသူတဦးဖြစ်တဲ့ ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ကိုကိုအောင်(ခ)ဘုန်းကံနိုင်ရဲ့ ဇနီးဖြစ်သူ ဒေါ်အမက ပြောပါတယ်။ “ဖမ်းထားတာ ၂ လကျော်ပြီး ဒီနေ့အထိ မိသားစုနဲ့တွေ့ခွင့် မရသေးဘူး။ အမှုဖွင့်ထားတာ ၂ လကျော်ပါပြီ။ ချုပ်ရမန်က ၂၈ ရက်အထိသာယူလို့ရတာပါ။ အခုထိ တရားစွဲတင်နိုင်ခြင်းမရှိဘူး။ တရားမစွဲနိုင်ရင် ပြန်လွှတ်ပေးရမှာ။ အခုက သူတို့ကို ကြိမ်ချောင်း ၂၄ ဂိတ်ကနေ စစ်ကားတွေနဲ့ မောင်တော နခခ(၅)ကို အောက်တိုဘာ ၈ ရက်နေ့မှာ ခေါ်ဆောင်သွားကြပါတယ်။”

ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ကိုကိုအောင်(ခ)ဘုန်းကံနိုင် တရိမ်းကျေးရွာအုပ်ချုပ်ရေးမှူး အိမ်စိုးမောင်း(ခ) ဇာလီ သာယာကုန်းကျေးရွာတာဝန်ခံ မောင်ဘသိန်းနဲ့ အရပ်သားတွေ ဖြစ်ကြတဲ့ ဦးထွန်းရွှေနဲ့ ဦးထွန်းအေးကြိုင်တို့ကို ဇူလိုင် ၁၈ ရက်က မောင်တောမြို့နယ်မြောက်ပိုင်း မြဝတီကျေးရွာအနီးမှာ စစ်ကောင်စီ ကားတစီးကို AA က မိုင်းခွဲတိုက်ခိုက်မှုနဲ့ ပတ်သက် ပြီး မသင်္ကာလို့ ဖမ်းဆီးခံခဲ့ကြရတာပါ။ သူတို့ ၅ ယောက်ကို ဇူလိုင် ၂၁ ရက်နေ့မှာ ရာဇတ်သတ်ကြီးဥပဒေပုဒ်မ ၃၀၂၊ လူသတ်မူ /၃၀၇၊ လူသတ်ရန် ကြံရွယ်မှု /၃၂၆၊ ထိခိုက်နာကျင်စေမှု /၁၁၄ ပူးပေါင်းပါဝင်မှုတွေနဲ့ မောင်တောမြို့နယ်တရားရုံး၌ အမူ ဖွင့်လှစ် ခံထားရတာဖြစ်ပြီးဥပဒေအရ ချုပ်ရမန် ၂၈ ရက်အထိချုပ်ရမန်ရယူပြီး တရားစွဲတင်နိုင်ခြင်းမရှိပါက တရားသေလွတ် ပေးရမှာ ဖြစ်တယ်လို့ မောင်တောမြို့ကရှေ့နေတစ်ဦးကပြောပါတယ်။ မောင်တောမြို့နယ်မြောက်ပိုင်း မြဝတီကျေးရွာအနားမှာ ဇူလိုင် ၁၈ ရက် မနက် ၁၁ နာရီကျော်က စစ်ကောင်စီ ကားတစ်စီးကို အေအေတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်တာမှာ နယ်ခြားစောင့် အယောက် ၂၀ သေဆုံးပြီး ၁၄ ဦးဖမ်းဆီးခံရပါတယ်။

၂၀။ ဖရူဆိုမြို့နယ်အတွင်း ဒေသခံ တွေ သိုလှောင်ထားတဲ့ ဆန်စပါး ကြွက် ဖျက်ဆီး
October 10, 2022
ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းက ဒေသခံအများစုဟာ ဒေသတွင်းတိုက်ပွဲတွေကြောင့် တောတောင်တွေထဲမှာ အရံရိက္ခာအဖြစ် ဆန်စပါးတွေ သိုလှောင်ထားခဲ့တာ အခုဆိုရင် တစ်နှစ်ကျော်ရှိပြီဖြစ်ပါတယ်။ တိုက်ပွဲကြောင့် စစ်ဘေးရှောင်ရင်း တစ်နှစ်အကြာမှ သိုလှောင်ထားတဲ့ ဆန်စပါးကို သွားရောက်ကြည့်ရှုတဲ့အခါ ကြွက်တွေဖျက်ဆီးထားတာကြောင့် ကျေးရွာ ၂ရွာလောက်က ဒေသခံတွေ သိုလှောင်ထားတဲ့ စပါးတစ်ဝက်ခန့် ပျက်စီး သွားတယ်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ကိုဘျားရယ် ကပြောပါတယ်။ “စပါးတွေက ပြောမနေတော့နဲ့ ကြွက်တွေစားသွားတာ၊ အိတ်တွေ ပေါက်ပျက်တာ၊ ကျနော့ဟာ အိတ် ၁၀၀ လောက်သွားထားတယ်၊ ပြန်သယ်တဲ့ခါ ၅၀ လောက်ပဲ ပြန်ရမယ် ထင်တယ် ” လို့ ဒေသခံ ကိုဘျားရယ်က ပြောပါတယ်။ တစ်နှစ် ကြာမှ သွားရောက်ကြည့်ရှုနိုင်တာကြောင့် ပျက်စီးမှုများပြားသလို ရိက္ခာသိုလှောင်ဖို့ နေရာအသစ်မရှာနိုင်တာကြောင့် ပျက်စီးတဲ့ ဆန်စပါးကို ဂုံနီအိတ်နဲ့ ပြန်လှဲတာ၊ နေရာပြောင်းတာ၊ တစ်ချို့ကျတော့လည်း ပြန်လည်သယ်ဆောင်ပြီး ရောင်းချလိုက်တာ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တစ်ချို့ နေရာမှာ သိုလှောင်ထားတဲ့ စပါးအိတ်တွေ ခိုးယူခံရတာတွေလည်းရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ်မှာ စစ်ဘေးရှောင် ၆၀၀၀ ကျော်ရှိပြီး မိုးရာသီအတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသလို စားနပ်ရိက္ခာ ဝယ်ယူနိုင်ဖို့လည်း သွားလာရေးခက်ခဲတယ်လို့ ဆိုကြပါတယ်။ ဝေးလံခေါင်ဖျားတဲ့ စစ်ရှောင်စခန်းတွေမှာ အလှူရှင်ရောက်ရှိမှု နည်းပါးတာကြောင့် အလှူရှင်ထောက်ပံ့မှုကိုသာ မှီခိုနေရတဲ့ စစ်ရှောင်တွေအတွက် အခက်အခဲရှိကြတယ်လို့ ပြောပါတယ်။ ကျေးရွာဒေသခံတွေကလည်း မြို့တွင်းအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်စွဲနေတာကြောင့် စိုက်ပျိုးထားတဲ့ တောင်ယာစပါးကို ပြန်ရိတ်သိမ်းနိုင်ခြင်းမရှိဘူးလို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။

၂၁။ အရှေ့တောနယ်ဘက်ရှိ ကျေးရွာတချို့တွင် ဆန်သယ်ယူခွင့်မရှိသောကြောင့် ကျေးရွာတွင်း ဆန်ပြတ်လပ်မှုများရှိလာ
October 10, 2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ အရှေ့တောနယ်ရှိ ကျေးရွာအချို့တွင် ဆန်သယ်ယူခွင့် မရှိသောကြောင့် ကျေးရွာတွင်း ဆန်ပြတ်လပ်မှုများကို ကြုံတွေ့လာရကြောင်း ဒေသခံရွာသားများ၏ ပြောဆိုမှုအရ သိရသည်။ ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ဘက်ရှိကျေးရွာများတွင် ယခင်က ဆန်ကိုအကန့်အသတ်ဖြင့် သယ်ယူခွင့်ရှိသော်လည်း ယခုအောက်တိုဘာလမှ စတင်၍ စစ်ကောင်စီမှ ဆန်သယ်ယူသည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများကြောင့် လိုင်းကားများအနေဖြင့် ဆန်မသယ်ရဲ ကြတော့ဘဲ ကျေးရွာအတွင်း ဆန်ပြတ်လပ်မှုများနှင့် ကြုံတွေ့နေရကြောင်း ဒေသခံကျေးရွာသူတစ်ဦးက ယခုလို ပြောသည်။ ၎င်းက“အစ်မတို့ဘက်မှာ အခုလဆန်ပြတ်နေတယ်၊ ချွေတာစားနေရတယ်။ ဟို့နေ့က ရွာကလိုင်းကားကို တိုင်တဲ့ သူရှိလို့ တစ်ယောက်မှဆန်မသယ်ရဲကြတော့ဘူး။ အခုထိတော့ တောင့်ခံကြရတာပေါ့။ တစ်အိမ်နဲ့ တစ်အိမ် မျှစားရတယ်။ အရင်က တောင် ခိုးပြီးတော့ တင်လို့ရသေးတယ်။ အခုက လိုင်းကားဖမ်းခံရတုန်းက ဆန်ပါသိမ်းတယ်။ အခုက ဘယ်သူမှတင်မရဲဘူး။ ဆိုးဆိုးရွားရွားဖြစ်နေတယ်။” ဟု ပြောသည်၊၊

ဆန်သယ်ဆောင်လာသည့် ကားများကို ဖမ်းဆီးခြင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဓိက လုပ်ဆောင်နေခြင်းဖြစ်ပြီး ၎င်းလုပ်ရပ်များကြောင့် အရှေ့တောနယ်ရှိ ခမောင်းသွယ်ကျေးရွာတွင် သာမကဘဲ ရွှေဘန်းချောင်း၊ တောင်သုံးလုံး ၊ မေတ္တာရွာ များတွင်လည်း ဆန်များပြတ်လပ်လျက်ရှိရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဘေးရှောင်များ ဆန်မလှူနိုင်ရန် အတွက် အဓိက ထား လုပ်ဆောင်နေခြင်းဖြစ်ကြောင်းလည်း အဆိုပါ ဒေသခံ က ဆက်ပြောသည်။ “အစ်မတို့ဘက်မှာ မိုးစာဆိုပြီး ကွမ်းသီးပြီးရင် ဆန်သိုကြတာရှိတယ်။ ကွမ်းသီးရာသီက စတော့မှာလေ နောက်လဆို ဆောင်းဝင်ရင် စပါးရိတ်မှာ မဟုတ်လား။ တချို့ဆို ဆန် မလောက်ဖြစ်တော့ ဝယ်ရတာမျိုးက အခုချိန်ဆိုပိုဖြစ်များတယ်၊၊ ခမောင်းသွယ်မှ မဟုတ်ဘူး ရွှေဘန်းချောင်း၊ တောင်သုံးလုံး၊ မေတ္တာ ဆန်ပြတ် နေတယ်၊၊ အခုရွာမှာဆို မှိုတက်နေတဲ့ ဆန်ကလွဲပြီး မရှိဘူး၊ သူတို့ကလက်သုံးချောင်းကို လှူမှာဆစိုးလို့ ထင်တယ်” ဟု ၎င်းဒေသခံ အမျိုးသမီးက ဖြည့်စွက်ပြောသည်၊၊ တနင်္သာရီ တိုင်းဒေသကြီးအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်သူ စစ်ဘေးရှောင်ဦးရေသည် ယခင်စက်တင်ဘာလအတွင်း (၁၆,၀၀၀) ဦးရေအထိ ရှိလာကြောင်း FE 5 Tanintharyi အဖွဲ့၏ အစီရင်ခံစာကို ကိုးကားပြီး ပုလော PDF မှ ထုတ်ပြန်ထားသည်။

၂၂။ မိုးဗြဲမြို့ စစ်ရေးတင်းမာမှု မရှိသော်လည်း တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်
October 9, 20220
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် လက်ရှိစစ်ရေးတင်းမာမှု မရှိသော်လည်း အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့တွင် စစ်ကောင်စီက မိုးဗြဲမြို့ထဲ စစ်အင်အား ဖြည့်တင်းထားပြီး လက်ရှိမှာ စစ်ရေးငြိမ်နေကြောင်းသိရသည်။ “သူတို့က ဟိုဘက်မှာပဲ နေနေတာ။ တိုက်ပွဲတော့ မဖြစ်သေးဘူး။ သူတို့ ဒီဘက်ကျော် လာရင် တော့တိုက်ပွဲဖြစ်နိုင်တယ်။ ကျနော်တို့ဘက်က ကျော်သွားရင် တိုက်ပွဲဖြစ်နိုင်တယ်။ အခုလောလောဆယ်တော့ ငြိမ်နေသေး တယ်။ တိုက်ပွဲတော့ အချိန်မရွေး ဖြစ်ပွားနိုင်တဲ့ သဘောရှိတယ်” ဟု မိုးဗြဲ PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

တိုက်ပွဲ အချိန်မရွေး ဖြစ်ပွားနိုင်သောကြောင့် ပြည်သူများလည်း စိုးရိမ်စိတ်ဖြင့် နေထိုင်နေရကြောင်း သိရသည်။ ထို့အပြင် လက်ရှိ ပြည်သူများက တိုက်ပွဲမဖြစ်ပွားသောကြောင့် စစ်ဘေးရှောင်စခန်းတွင် နေထိုင်ရန် ခက်ခဲသဖြင့် မိမိနေအိမ်တို့ ပြန်လည်ရောက်ရှိ နေထိုင်ထားကြောင်း သိရသည်။ “တိုက်ပွဲပြန်ဖြစ်မှာတော့ စိုးရိမ်တာပေါ့။ စိုးရိမ်စိတ်နဲ့ပဲ နေနေရတာ။ အခုလည်း တစ်ချို့ဆို စစ်ရှောင်ကနေ ပြန်လာပြီ။ တိုက်ပွဲဖြစ်ရင်လည်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်တယ်လေ။ အိမ်တွေ ထိတယ်” ဟု မိုးဗြဲမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာ (၈) ရက်နေ့မှ အောက်တိုဘာ (၂) ရက် နေ့ထိ မိုးဗြဲမြို့သည် တိုက်ပွဲကြောင့် ပြည်သူ ၁၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကလေးငယ် (၃) ဦး အပါဝင် ၁၀ ဦး သေဆုံးခဲ့သည်။

၂၃။ YDF ဒုတိယစစ်ဦးစီးချုပ်ကျဆုံးခြင်းအတွက် AA အာလဖာ(၃)စစ်ဒေသမှ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့
October 11, 2022
ရက္ခိုင့်တပ်တော် (AA) အာလဖာ (၃) စစ်ဒေသမှ ယောကာကွယ်ရေးတပ် (Yaw Defense Force/YDF) ၏ ဒုတိယ စစ်ဦး စီးချုပ် ဖြိုးဝေစိုးကျဆုံးခြင်း အတွက် အောက်တိုဘာ ၁၀ ရက်နေ့က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်ဟု သိရှိရသည်။ ပေးပို့သည့် သဝဏ်လွှာထဲတွင် Yaw Defense Force (YDF) ၏ ဒုတိယစစ်ဦးစီးချုပ် ဖြိုးဝေစိုး (၂၁-နှစ်) သည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်၊ နေ့လယ် (၂) နာရီခန့်အချိန်တွင် တော်လှန်ရေးနယ်မြေ တစ်နေရာ၌ စစ်ကောင်စီတပ်၏ ချောင်း မြောင်းတိုက်ခိုက်မှုကြောင့် အသက်စွန့်လွှတ် သွားခဲ့ရကြောင်း ကြားသိရ၍ မိမိတို့ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) အနေဖြင့် YDF အဖွဲ့အစည်းအပါအဝင် ကျန်ရစ်သူ မိသားစုများ၊ တော်လှန်ရေးလုပ်ဖော်ကိုင်ဘက်များ၊ ပြည်သူလူထု များနှင့်အတူ ထပ်တူထပ်မျှ နှမြောတသ ဝမ်းနည်း ကြေကွဲရပါကြောင်း ဖော်ပြထားသည်။ Yaw Defense Force (YDF) ၏ ဒုတိယစစ်ဦးစီးချုပ် ဖြိုးဝေစိုး (၂၁-နှစ်) သည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်၊ နေ့လယ် (၂) နာရီခန့် အချိန်တွင် တော်လှန်ရေးနယ်မြေတစ်နေရာ၌ စစ်ကောင်စီတပ်၏ ချောင်းမြောင်းတိုက်ခိုက်မှုကြောင့် အသက်စွန့်လွှတ်သွားခဲ့ရကြောင်း ကြားသိရ၍ မိမိတို့ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) အနေဖြင့် YDF အဖွဲ့အစည်း အပါအဝင် ကျန်ရစ်သူ မိသားစုများ၊ တော်လှန်ရေးလုပ်ဖော်ကိုင်ဘက်များ၊ ပြည်သူလူထုများနှင့်အတူ ထပ်တူထပ်မျှ နှမြောတသ ဝမ်းနည်းကြေကွဲ ရပါသည်။

သူသည် YDF ကို စတင်တည်ထောင်ခဲ့ကြသည့် ထိပ်ပိုင်းခေါင်းဆောင်များ အထဲမှ တစ်ဦးဖြစ်သည့်အပြင် အရည်အချင်း ပြည့်ဝပြီး ပေးဆပ်စွန့်လွှတ် အနစ်နာခံကာ ရှေ့ဆုံးမှ ဦးဆောင်တိုက်ပွဲဝင်ခဲ့သော နွေဦး တော်လှန်ရေးထဲမှ ပေါက်ဖွားလာသည့် ခေါင်းဆောင်တစ်ဦးလည်းဖြစ်ကြောင်း၊ တိုက်ပွဲအချို့ကို ဦးဆောင်တိုက်ပွဲဝင်နိုင်ခဲ့ပြီး တိုက်ရည်ခိုက်ရည်ကောင်းသော မှတ်တမ်း များ ရရှိထားခဲ့သူဖြစ်ကြောင်း၊ ရဲဘော်ရဲဘက်များ၏ ချစ်ခင်လေးစား တန်ဖိုးထားမှုကို ခံခဲ့ရသူတစ်ဦးဖြစ်သည့်အပြင် သူ့ရဲဘော် ရဲဘက်များအတွက် စံနမူနာယူထိုက်သော စံပြခေါင်းဆောင်တစ်ဦးလည်း ဖြစ်ခဲ့ကြောင်း ဖော်ပြသည်။ ယင်းအပြင် သူ၏ နေထိုင် ရာအရပ်ဒေသများ၌ စာသင်ကျောင်းများဖွင့်လှစ်ခြင်း၊ စစ်ကောင်စီ ပိတ်ထားသည့် စာသင်ကျောင်း များအား ကိုယ်တိုင် ဦးဆောင် ၍ ပြန်လည်ဖွင့်လှစ်ပေးခြင်းများအပါအဝင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ဦးဆောင် လုပ်ကိုင်ခဲ့သည်များကို တွေ့ရသောကြောင့် ပြည်သူလူထုအတွက် ပေးဆပ်အနစ်နာခံလိုစိတ် အပြည့်အဝ ရှိသော ခေါင်းဆောင် ကောင်းတစ်ဦးအဖြစ် သတ်မှတ် ခံရသူတစ်ဦးလည်းဖြစ်သည်ဟု ဖော်ပြထားသည်။ မိမိတို့အနေဖြင့် ဒုတိယစစ်ဦးစီးချုပ် ဖြိုးဝေစိုး ၏ သူရဲကောင်းပီသစွာ ပြည်သူလူထုအပေါ် ပေးဆပ်စွန့်လွှတ်အနစ်နာခံမှုများကို အထူးလေးစား တန်ဖိုးထားလျက် ကောင်းမွန်ရာ ဘုံဘဝကို ရောက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဤဝမ်းနည်းကြောင်းသဝဏ်လွှာအား ပေးပို့အပ်ပါ သည်ဟု ဖော်ပြထားသည်။

၂၄။ တောင်ကြီး က.ည.န ရုံးမှာ လိုင်စင်သက်တမ်းတိုးသူတွေကို အချိန်ဆွဲ ငွေညှစ်နေ
October 11, 2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ပြည်နယ် က.ည.နရုံးမှာ ကား၊ ဆိုင်ကယ် လိုင်စင်သက်တမ်း တိုးသူ တွေကို အချိန်ဆွဲထားပြီး ငွေညှစ်နေရာငွေကြေးပေးမှ လိုင်စင် ပြုလုပ်ပေးနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးမှာ ကား၊ ဆိုင်ကယ် လိုင်စင်သက်တမ်းတိုးသူ တွေကို နာရီနဲ့ချီ တန်းစီ စောင့်ခိုင်းကာ သတ်မှတ်ငွေကြေးထက် ပိုပေးမှ လိုင်စင်သက်တမ်းတိုး ဆောင်ရွက်ပေးနေတယ် လို့ ဆိုပါတယ်။ “ဒုပြည်နယ်ဦးစီးမှူး ရုံးခန်းရှေ့မှာ နာရီနဲ့ချီပြီး တန်းစီ စောင့်ခိုင်းထားတာ။ လိုင်စင်သက်တမ်း တိုးဖို့က နေရာစုံက လာရတာ။ ပိုက်ဆံပိုမပေးရင် အခန်းထဲရောက်မှ ဟိုဟာလိုတယ်၊ ဒီဟာလိုတယ်ဆိုပြီး ပြန်ယူခိုင်းတယ်။ တန်းစီ မစောင့်ခင် ကတော့ ဘာမှ စစ်ဆေးတာ မရှိဘဲ အခန်းထဲရောက်မှ ပြောတော့ အချိန်ကုန်တာပေါ့။ ပိုက်ဆံ ပေးရင်တော့ ချက်ချင်းကိုရတယ်” လို့ လိုင်စင် သက်တမ်းတိုး သွားရောက်ပြုလုပ်သူ တစ်ဦးက ပြောပါတယ်။

လိုင်စင်သက်တမ်းတိုးရာမှာ သတ်မှတ်ငွေ‌ကြေးကို ရုံးမှာ ပေးသွင်းပြီးနောက် လာဘ်ငွေကိုတော့ ပွဲစားတွေက တစ်ဆင့် ပေးရကာ မပေးပါက စာရွက်စာတမ်း မစုံလင်ဘူးလို့ အကြောင်းပြပြီး အချိန်ဆွဲထားတယ်လို့ သိရပါတယ်။ အဲဒီရုံးမှာ လိုင်စင် သက်တမ်းတိုးသူတွေ အနေနဲ့ စာရွက်စာတန်း‌ အခမဲ့ ထုတ်ယူနိုင်ကြောင်း၊ ရုံးဝန်ထမ်းတွေ ဆက်ဆံရေး မပြေပြစ်မှု၊ ငွေကြေး ပိုမိုတောင်းခံမှုတွေရှိပါက တိုင်ကြားနိုင်ကြောင်း ဆိုင်းဘုတ်တပ်ထားပေမယ့် စာရွက်စာတမ်းကြေးပေးရသလို ငွေကြေး ပိုမို တောင်းခံမှု၊ ဆက်ဆံရေးမပြေပြစ်မှုတွေ ကြုံတွေ့နေရတယ်လို့လည်း သိရပါတယ်။ တောင်ကြီး က.ည.န အပါအဝင် ရှမ်းပြည်နယ် တဝန်းလုံးက က.ည‌.န ရုံးတွေမှာ လိုင်စင်သက်တမ်းတိုးရာမှာ ကြန့်ကြာမှုတွေရှိနေပြီး ပွဲစားတွေကနေ တစ်ဆင့် လာဘ်ငွေပေးမှသာ အဆင်ပြေတယ်လို့ သိရပါတယ်။

၂၅။ အင်းတော်ကြီးတဝိုက် ရွှေတူးတဲ့ စက်ယန္တရားတွေကို စစ်ကောင်စီတပ် ဖမ်းဆီးနေ
October 11, 2022
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတဝိုက် တရားမဝင် ရွှေတူးဖော်နေတဲ့ စက်ယန္တရားတွေကို အောက်တိုဘာ ၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဘက်က ဖမ်းဆီး နေတယ်လို့ အင်းတော်ကြီး မိုင်းနောင်ရွာ ဒေသခံတွေက ပြောပါတယ်။ “ဖမ်းနေတာက ၈ ရက်နေ့က ဟုတ်တယ်။ အခုက ၂၀ လောက် ဖမ်းထားတယ်လို့လည်း ကြားရတာ၊ အတိအကျ တော့ မသိဘူး။ နေပြည်တော်ကနေ တိုက်ရိုက်လာပြီး ဖမ်းတာ တဲ့။ လုံးတုံရွာ စစ်တပ်ဘက်ကို မောင်းသွားတာက သုံးစီးပဲတွေ့ တယ်။ ကျန်တာတွေကို တော့ ရွာမှာပဲဖမ်းပြီး သိမ်းထားတာထင်တယ်။ အခုက ရွှေတူးတဲ့ လုပ်ကွက်တွေမှာ ဘက်ဖိုးတစ်စီးမှ မရှိတော့ဘူး” စစ်တပ်အာဏာသိမ်းပြီးနောက် အင်းတော်ကြီးအနီးက မိုင်းနောင်၊ လုံးတုံ၊ မမုံကိုင် စတဲ့ရွာတွေမှာ စက်ယန္တရား ကြီးတွေ အပါအဝင် မြေတူးဘက်ဖိုး ၁၉၁ စီးနဲ့ တရားမဝင် ရွှေတူးဖော်နေကြတာလို့ ရွှေတူးဖော်မှုကို စစ်တမ်းကောက်ယူနေတဲ့ အဖွဲ့တွေက ပြောပါတယ်။ အင်းတော်ကြီးဒေသတဝိုက်မှာ တရားမဝင် ရွှေတူးဖော်မှုတွေကြောင့် ဒေသခံတွေရဲ့ လယ်ယာမြေ တွေ ပျက်စီးလာသလို သောက်ရေအတွက် ခက်ခဲလာတဲ့အပြင် ငါးတွေလည်း ရှားပါလာတယ်လို့ ဒေသခံတွေ ကပြောပါတယ်။

စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ စစ်ကောင်စီတပ်ကနေ ဖမ်းဆီးအရေးယူနေတာဖြစ်ပြီး ရွှေတူးတဲ့ ဘက်ဖိုးနဲ့ စက်ယန္တရား တွေကိုပါ ဖမ်းဆီးတာလို့ ပြောပါတယ်။ အရှေ့တောင်အာရှမှာ တတိယအကြီးဆုံး ကုန်းတွင်းရေတိမ်ဒေသအဖြစ် သတ်မှတ်ခံထား ရတဲ့ အင်းတော်ကြီးကန် အတွင်းကို အခုနှစ်ပိုင်းအတွင်း ရွှေး တူးဖော်ရာကနေ ထွက်လာတဲ့ အညစ်အကြေးတွေ စုပြုံပြီး ဝင်ရောက်နေတာကြောင့် တိမ်ကောစပြုလာပြီလို့ ဒေသခံ တွေက ပြောပါတယ်။ အင်းတော်ကြီးကန်ဟာ အာဆီယံအမွေအနှစ်စာရင်းဝင် ဒေသဖြစ်တဲ့အပြင် အင်းတော်ကြီးဘေးမဲ့တောကိုလည်း ကုလသမဂ္ဂ ပညာရေးသိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO) ရဲ့ ဇီဝအဝန်းနယ်မြေအဖြစ် ၂၀၁၇ ခုနှစ်မှာ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

၂၆။ ချီဖွေဒေသတွင် MPT ဖုန်းလိုင်းဖြတ်တောက်ခံထားရ၊ မြစ်ကြီးနားဘက်မှ စစ်ယာဉ်တန်းတက်လာဟုဆို
October 11 , 2022
ကချင်ပြည်နယ် ချီဖွေမြို့တွင် အောက်တိုဘာလ ၁၀ရက်နေ့မှစပြီး ဆက်သွယ်ရေးလိုင်းတစ်ခုဖြစ်သည့် MPT ဖုန်းလိုင်း များ ဖြတ်တောက်ခံထားရပြီး ဒေသခံများ ဆက်သွယ်ရေး ခက်ခဲမှုကြုံတွေ့ နေကြောင်းသိရသည်။ “ဒီဘက်မှာက များသော အားဖြင့် MPT ပဲ ကိုင်ကြတာများတယ်။ မနေ့က နံနက်ပိုင်း ၆နာရီလောက်ကနေ MPT ဖုန်းလိုင်း ဖြတ်ထားတယ်။ အခုက Telenor တစ်ခုတော့ ရသေးတယ်။ ဒါလည်း ဘယ်ချိန် ဖြတ်ခံရမလဲမသိဘူး။ အချင်းချင်းဆက်သွယ်ဖို့တောင် ခက်ခဲနေကြ တယ်”ဟု ချီဖွေဒေသခံတစ်ဦး ပြောသည်။ လက်ရှိ ချီဖွေဒေသတွင် MPT ဖုန်းလိုင်းဖြတ်တောက်ခံထားရသည့်အပြင် ယနေ နံနက် ပိုင်း အစောပိုင်းကတည်းက တစ်မြို့လုံး မွန်းလွှဲ ၃ နာရီဝန်းကျင်အထိ လျှပ်စစ်မီးများလည်း ဖြတ်တောက်ထားသည် ဟု သူက ဆက်ဆိုသည်။

“အခုဆို MPT ဖုန်းလိုင်းပါ မီးလည်းမလာဘူး။ ဒီမနက် အစောကြီးကဟုတ်ပြီ အခု ၃ နာရီဝန်းကျင်အထိမလာသေးဘူး။ တစ်ချို့က ဖုန်းလိုင်းရတဲ့သူတွေတောင် မီးမလာလို့ ဆက်သွယ်ရေးမရကြဘူး။ ချီဖွေဘက်ကို စစ်ယာဉ်တန်း တက်လာကြတယ် လို့လည်းပြောကြတယ်။ ဒါပေမယ့် ဖုန်းလိုင်းမရတော့ သေချာမပြောနိုင်ဘူး” ဟုပြောဆိုသည်။ ယခုလို ချီဖွေဒေသတွင် MPT ဖုန်း လိုင်းများဖြတ်တောက်ခံထားရမှုသည် အောက်တိုဘာလ ၉ ရက်နေ့ မြစ်ကြီးနားဘက်မှ ချီဖွေဘက်သို့ စစ်ကောင်စီ ယာဉ်တန်း တက်လာသောကြောင့် ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။ ချီဖွေဒေသတွင် ဆက်သွယ်ရေးအတွက် MPT နှင့် Telenor ဖုန်းလိုင်း ၂ ခုသာ ရရှိသေးသည့် ဒေသတစ်ခုဖြစ်ပြီး စစ်ရေးတည်ငြိမ်သည့် ဒေသတစ်ခုလည်း ဖြစ်သည်။

၂၇။ ကျောက်မဲမြို့နယ်စစ်ရှောင်များ ယခုနှစ်ကုန်ပိုင်းမှ နေရပ်သို့ ပြန်မည်ဟု တောင်းဆို
October 11, 20220
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် သျှမ်းစာပေ နှင့် ယဉ်ကျေးမှု ခန်းမမှ စစ်ရှောင်များ နှင့် မိုင်းငေါ့မြို့နယ်ခွဲ အတွင်းရှိ စစ်ရှောင်များ (၅၀၀၀) ခန့်သည် ယခုနှစ်ကုန်ပိုင်းမှ နေရပ်သို့ ပြန်မည်ဟု တောင်းဆိုလာကြောင်း သိရှိရသည်။ အောက်တိုဘာလ ပထမပတ်တွင် စစ်ရှောင်ကူညီရေး ကော်မတီများ နှင့် စစ်ရှောင်များက စစ်ကောင်စီမှ နေရပ်ပြန်လည် ပို့ဆောင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့စဉ် စစ်ရှောင်များက လာမည့် ဒီဇင်ဘာလကုန်ပိုင်းမှ နေရပ်သို့ ပြန်မည်ဖြစ်ကြောင်း တောင်းဆိုလာသည်။ နေရပ်ပြန်နိုင်ရန်အတွက် ဒေသတွင်း အခြေအနေစောင့်ကြည့်ပြီး အဆင်ပြေမှ နေရပ်သို့ ပြန်မည်ဖြစ် ကြောင်း ကျောက်မဲ စစ်ရှောင်ကော်မတီဝင် တစ်ဦးက ပြောသည်။ “ကျနော် နဲ့ စစ်ရှောင်တို့တွေ ဆွေးနွေးခဲ့တာက ဒီနှစ်ကုန်မှ နေရပ်ကို ပြန်မယ်။ ပြီးတော့ ပြန်မယ့် အချိန်ကျရင်လည်း အခြေအနေအရ ကြည့်ပြီး တိုက်ပွဲဆက်မဖြစ်ရင် ပြန်မယ်။ အခု နေရပ် ပြန်မယ့် ကိစ္စကို စစ်ကောင်စီ လက်အောက်ခံ သက်ဆိုင်ရာ ဌာနကို စာနဲ့တကွရေးပြီး တောင်းဆိုသွားမယ်“ ဟု ၎င်း ကော်မတီဝင် တစ်ဦး က ပြောသည်။

ထို့အပြင် နေရပ်သို့ ပြန်ရန်အတွက် ဒေသအတွင်း တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် နေအိမ်များ ပျက်စီးပြီး နေစရာ အိမ် များ မရှိကြောင်း မြေမြှုပ်မိုင်းများ ပေါများခြင်းကြောင့် နေထိုင်ရန်အတွက် လုံခြုံမှု မရှိသေးကြောင်း စစ်ရှောင်အမျိုးသား တစ်ဦးက ပြောသည်။ “တိုက်ပွဲက အဆက်မပြတ် ဖြစ်နေရင် ကျနော်တို့က ပြန်လို့မရသေးဘူး။ ပြန်ရင်လည်း နေထိုင်ဖို့ အိမ်ကလည်း မရှိတော့ဘူး။ မြေမြှုပ်မိုင်းတွေက မရှင်းလင်းရတာနဲ့ ပြန်ရင်လည်း လုံခြုံမှုလည်းမရှိ၊ အခု စစ်ရှောင်ထားတဲ့ နေရာက လုံခြုံမှု ရှိသေးတယ် “ ဟု ၎င်းစစ်ရှောင်တစ်ဦးက ပြောသည်။ (၂၀၂၁) ခုနှစ် အတွင်းတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကော်စီ ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) ၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့တွင်းရှိ ကျေးရွာ (၂၈) ရွာ နှင့် အိမ်ခြေ (၅,၀၀၀) မှာ နေရပ်မှ စွန့်ခွာရလာပြီး လက်ရှိအချိန်ထိ စစ်ရှောင်နေရဆဲကြောင်း သိရသည်။

 

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button