တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 73, October 7, 2022)

 

၁။ ကျောက်တော်မြို့နယ် ခေါင်းတုတ်ရွာက နေအိမ် ၁ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
October 6, 2022
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ခေါင်းတုတ်ကျေးရွာက နေအိမ်တလုံးကို အောက်တိုဘာ ၅ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကျောက်တော်မြို့နယ်အခြေစိုက် စ.ခ.က ၉ က စစ်ကောင်စီတပ်အင်အား ၆၁ ယောက်ဟာ မနေ့ည ၇ နာရီ လောက်မှာ ခေါင်းတုတ်ကျေးရွာကို ဝင်ရောက်ကာ ဒေသခံရွာသား နှစ်ယောက်ကို ဖမ်းဆီးစစ်ဆေးပြန်လွှတ်ပေးအပြီးမှာ ရွာသား ကိုမောင်ငြိမ်းရဲ့ အိမ်ကို မီးရှို့သွားတာလို့ ခေါင်းတုတ်ကျေးရွာသား တယောက်က ပြောပါတယ်။

“အဲဒီစစ်(…)တွေဟာ ပြန်ချင်ယောင်ဆောင်ပြီး ခေါင်းတုတ်ရွာ အနောက်ဘက်က ဆက်သွယ်ရေးတာဝါတိုင်နားမှာ ကင်းပုန်းဝပ်နေရာယူပြီး တနာရီ လောက်အကြာမှာတော့ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ယမ်းကားတာ။ ရွာထဲကို ပြန်ဝင်လာပြီး ကိုမောင်ငြိမ်းရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြလို့မီးလောင်ကျွမ်းခဲ့သလို ဘေးနားက လက်ဖက်ရည်ဆိုင်က ဝါးထရံ ကိုလည်း အနည်းငယ်မီးလောင်ခဲ့တယ်။ အဲဒီ စစ်(…)တွေက ပထမတကြိမ် ဝင်လာတော့လည်း ကိုမောင်ငြိမ်း ကို မေးတာဗျ။ ဒုတိယအကြိမ် ထပ်ဝင်လာတော့လည်း ကိုမောင်ငြိမ်းကိုပဲမေးတော့ မတွေ့တာနဲ့ ငါးမရတွင်းဖျက် ဆိုသလိုဘဲ နေအိမ်ကို မီးရှို့ ဖျက်ဆီးသွားကြတာ”။ ခေါင်းတုတ်ရွာမှာက အများစုက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေဖြစ်တာကြောင့် စစ်ကောင်စီတပ်ကို သတင်းပေးပို့တာဖြစ်နိုင်သလို ဖမ်းဆီးစစ်ဆေးခံခဲ့ရတဲ့ လူငယ်နှစ်ယောက်ကလည်း ကြောက်လန့်ပြီး ပြန် ဖြေခဲ့လို့ စစ်ကောင်စီတပ်တွေက ကိုမောင်ငြိမ်းကို လာရှာကာ နေအိမ်မီးရှို့သွားတာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ရခိုင်ပြည် နယ် မှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင်တပ်တော်တို့ အခုနှစ် သြဂုတ်လက စတင်ကာ တကျော့ပြန်တိုက် ပွဲတွေဖြစ်နေသလို မြို့အများ အပြားမှာ စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးတာ၊ ပရဟိတသမားတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးတာ၊ ခရီးသည် တင်ယာဥ်တွေနဲ့ ကုန်တင်ယာဥ်တွေ ကုန်းလမ်း၊ ရေလမ်းတွေအားလုံးကို ပိတ်ဆို့ပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့် ဖြတ်တောက်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

၂။ စစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲသဖြင့် ဘုန်းကြီး ၁ ပါး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်း မီးလောင်ပျက်စီး
October 6, 2022
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ မက္ကသာကျေးရွာကို အောက်တိုဘာ ၆ ရက် မနက် ၂ နာရီခွဲလောက်မှာ စစ်ကောင် စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကျေးရွာဘုန်းကြီးကျောင်း မီးလောင်ပျက်စီးသွားသလို ကျောင်း တွင်းရှိ ဘုန်းကြီးတပါး ဦးခေါင်းမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အခုလို လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်တာဟာ စစ်ကောင်စီရဲ့တပ်စခန်းနဲ့ ဒုတပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးတဲ့အပေါ် မကျေနပ်လို့ လာရောက်တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။ “ပြီးခဲ့တဲ့ရက်ပိုင်းက ဘုရားတောင်တပ်စခန်းက ဒုတပ်ရင်းမှူးအပါအဝင် စကစ က ၁၃ ယောက်သေတဲ့ ကိစ္စကို မကြေနပ်လို့ဖြစ်မယ်။ ဘာပဲပြောပြော စကစ က ဘုရားကျောင်း မှန်း မသိ။ ပြည်သူကို ပြည်သူလို့မမြင်။ အကြမ်းဖက်လုပ်ရပ်က ပိုပိုဆိုးဆိုးလာတယ်။ ကျေးရွာ ဘုန်းကြီးကျောင်း မီးလောင် ပျက်စီးပြီး ဦးပစဉ္စ်င်းတစ်ပါး ခေါင်းမှာ ဒဏ်ရာရသွားတယ်။ ဒေသခံပြည်သူတွေနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးတာတော့ မရှိဘူး။” ဟု ပြောပါတယ်။

စစ်ကောင်စီတပ်က မှော်ဘီလေတပ်စခန်းကနေ တိုက်လေယာဉ် ၃ စင်းနဲ့ ဘုန်းကြီးကျောင်းဝင်းအတွင်း ဗုံးလာကြဲသွား တာဖြစ်ပြီး အနီးပတ်ဝန်းကျင်မှာနေထိုင်တဲ့ ပြည်သူလူထုတွေ ထိတ်လန့်ကြောက်ရွံ့ပြီး အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ရတယ်လို့ KNU ကလည်း သတင်းထုတ်ပြန်ထားပါတယ်။ အလားတူ စက်တင်ဘာ ၂၇ ရက် ည ၁၂ နာရီလောက်က ကြာအင်းဆိပ်ကြီးမြို့နယ်၊ အဇင်းကျေးရွာအခြေစိုက်စစ်ကောင်စီတပ်စခန်းကို KNLA တပ်ဖွဲ့ဝင်တွေက ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့အပြင် စခန်းကိုပါ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ တပ်မဟာ ၆ ၊ ဒူးပလာယာခရိုင်၊ ဘုရားသုံးဆူမြို့နယ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် တွေမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA တပ်ဖွဲ့တို့ မကြာခဏတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။

၃။ မတူပီမြို့ အဝင်အထွက် ပိတ်ဆို့စစ်ဆေးမှုကြောင့် ဒေသခံတွေ အခက်တွေ့
October 6, 2022
ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကစလို့ စစ်ကောင်စီတပ်က မြို့အဝင်အထွက် ကို ပိတ်ထားတာကြောင့် မတူပီမြို့ကို စားသောက် ကုန်စည် မရောက်တာ သုံးပတ်နီးပါးရှိနေပြီး စားသောက်ကုန်တွေ ပြတ်လပ် မှာကို စိုးရိမ် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာလကုန်ပိုင်းက မတူပီမြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ မတူပီဒေသကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က အခုလို မြို့အဝင်အထွက် ပိတ် ထားတာဖြစ် ပြီး ခရီးသွားလာခွင့်နဲ့ ကုန်ပစ္စည်းသယ်ယူခွင့်ပါ ကန့်သတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ မတူပီမြို့ ပေါ် က ဈေးဆိုင်တချို့မှာ စက်သုံးဆီ ပြတ်လပ်နေပြီး စားသောက်ကုန် ဈေးတွေလည်း တက်နေတယ်လို့ ပြောပါတယ်။

မတူပီမြို့အဝင် မတူပီ – ပလက်ဝလမ်း၊ မတူပီ – ဟားခါးလမ်း၊ မတူပီ – မင်းတပ် လမ်း စတဲ့ လမ်း သုံးလမ်းပြီး အဲဒီလမ်း တွေ အားလုံးမှာ စစ်ကောင်စီတပ်က ဂိတ်ချပြီး အသွားအလာ တွေကို ပိတ်ဆို့စစ်ဆေးနေတာလို့ ဒေသခံ တွေက ပြောပါတယ်။ မတူပီမြို့ ပတ်လည်မှာလည်း စစ်ကောင်စီတပ်က အလံနီ ထောင်ထားတာရှိပြီး နေ့တိုင်း လိုလို လက်နက်ကြီးနဲ့ သေနတ်ပစ်သံ တွေကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၄။ မူဆယ်မြို့နယ် တရားသူကြီး သေနတ်ပစ်သတ်ခံရ
October 6, 2022
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် တရားသူကြီးတစ်ဦးသည် အောက်တိုဘာ ၆ ရက် ညနေ ၅ နာရီဝန်းကျင်၌ သေနတ်ပစ်သတ်ခံရကြောင်းသိရသည်။ အောက်တိုဘာ ၆ ရက် ညနေ ၅ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ပြည်ထောင်စုလမ်းမကြီး သုဟန်ပန်းချီရှေ့မှာ အမည်မသိလက်နက်ကိုင်တပ်ဖွဲ့မှ မူဆယ်မြို့နယ် တရားသူကြီး ရာဇာမင်းစိုးကို ပစ်သတ်လိုက်ကြောင်း မူဆယ်ဒေသခံ တစ်ဦးက ပြောသည်။ ” ပြည်ထောင်စုလမ်းမပေါ်က သုဟန်ပန်းချီရှေ့မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့ ၂ယောက်က ဆိုင်ကယ်နဲ့လာပြီး ပစ်တာ။ သေနတ် (၆)ချက်ပစ်လိုက်တယ်။ ပွဲချင်းပြီးသေဆုံးသွားတယ်” ဟု မူဆယ်မြို့ ဒေသခံ တစ်ဦးက ဆိုသည်။ အဆိုပါ သေနတ်ပစ်ခံရသည့် တရားသူကြီးသည် အသက် ၃၇ နှစ် သာရှိပြီး၊ ထိုသူသည် နာမည်ပျက်ဖြင့် နာမည်ကြီးနေသည့်သူဖြစ်ပြီး၊ အဂတိလိုက်စားမှုများလည်းရှိခဲ့သည့် သူတစ်ဦးဖြစ်ကြောင်း သိရသည်။

၅။ ရခိုင်အခြေစိုက် နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ပုဒ်မနှစ်ခုနဲ့ အမှုဖွင့်ခံရ
October 6, 2022
ရခိုင်ပြည်နယ် အခြေစိုက် နိရဉ္စရာသတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကို မဟုတ်မမှန်သတင်းတွေ ရေးသား တယ်ဆိုပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ – ၆၆ (ဃ)၊ ရာဇသတ်ကြီးပုဒ်မ – ၅ဝ၅(က) တို့နဲ့ အမှုဖွင့်ထား ကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ ရခိုင်နေ့စဉ်သတင်းစာက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့က မြောက်ဦးမြို့မှာ မိုင်းနင်းမိ သေဆုံးသွားတဲ့ ကိုသန်း ကျော်နိုင်ရဲ့ သတင်းကို ရေးသားဖော်ပြရာမှာ အဲဒီမိုင်းဟာ စစ်ကောင်စီတပ်က ထောင်ထား တဲ့မိုင်းဖြစ် တယ်လို့ ရေးသားဖော်ပြခဲ့တဲ့ အတွက် စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်ခံထားရ တာပါ။ အဲဒီနေ့က ရေးသားဖော်ပြခဲ့တဲ့ သတင်း ဟာ ဒေသခံတွေကို တိတိကျကျမေးမြန်းပြီးမှ ရေးသားခဲ့တာဖြစ်ပြီး စစ်ကောင်စီက လုပ်ကြံပြီး အမှုဖွင့်တာဖြစ်တယ်လို့ နိရဉ္စရာ သတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်က ပြောပါတယ်။ အခု စစ်ကောင်စီက အမှုဖွင့်ထားတာကို တရားရင်ဆိုင်သွားမှာ မဟုတ်ဘူးလို့လည်း ဦးခိုင်မြတ်ကျော်က ပြောပါတယ်။

“ကျနော်တို့ သတင်းလုပ်တာက ဒေသခံတွေ သေသေချာချာမေးပြီးတော့ သတင်းလုပ်တာပါ။ ဒီမိုင်းကို ဘယ်သူ ထောင်လဲဆိုတာ မြောက်ဦးတစ်မြို့လုံးသိပါတယ်။ အခု ရခိုင်မှာ ဖြစ်နေတဲ့ ပြဿနာ တွေကိုကြည့်လိုက်။ လက်နက်ကြီး ပစ်နေ တာ အိမ်တွေကို မီးရှို့နေတာ ဘယ်သူတွေလဲ။ ဒါက စစ်အုပ်စုက ကျူးလွန်နေတယ်ဆိုတာ လူတိုင်းသိတာပဲ။ သူတို့လုပ်တာကို တခြားသူတွေကို လွှဲချချင်တဲ့အတွက် သူတို့က ကြံဖန်ပြီးတော့ တရားစွဲတာပေါ့”စစ်ကောင်စီကတော့ အဲဒီနေ့က ပေါက်ကွဲတဲ့ မိုင်းဟာ ရက္ခိုင့်တပ်တော် (AA) က ထောင် ထားတဲ့ ဒေသန္တရ လက်လုပ်မိုင်းဖြစ်ပြီး လူထုအထင် အမြင်လွဲမှားအောင် မဟုတ် မမှန် သတင်းတွေ ရေးသားဖော်ပြခဲ့တာလို့လည်း ရခိုင်နေ့စဉ်သတင်းစာမှာ စွပ်စွဲပြောဆိုထားပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့ မှာရှိတဲ့ နိရဉ္စရာသတင်းဌာနရုံးခန်းကို ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ ကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်၊ ရဲ၊ စရဖနဲ့ အရပ်ဝတ်နဲ့ လူတစ်စု ဝင်ရောက်ရှာဖွေခဲ့ပြီး ရုံးကို ယာယီရပ်နားခဲ့ရပါတယ်။

၆။ မိုးဗြဲမြို့ ပြည်သူတစ်ဦး မှိုသွားရှာရင်း ပျောက်ဆုံးနေ
October 6, 2022
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ ပေါ်ဦး ၁ ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသားတစ်ဦး မှိုသွားရှာရင် ပျောက်ဆုံးနေ ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်တွင် အသက် (၂၈)နှစ် အရွယ်ရှိ မောင်သိန်းစိုး အိမ်အနီးပတ်ဝန်းကျင်နား မှိုထွက်ရင် ပျောက်ဆုံးသွားပြီး ယနေ့အချိန်ထိ အဆက်သွယ်ပြန်မရရှိသေးကြောင်း သိရသည်။ “ ၁ ရက်နေ့ကတည်းက ပျောက် သွားတာ။ အခုထိ အဆက်သွယ်ပြန်မရသေးဘူး။ သူအိမ်နားက အပေါ်ဖက်တက်သွားပြီး မှိုသွားရှာတာ။ အဲဒါနဲ့ ပျောက်သွားတာ” ဟု မောင်သိန်းစိုး၏ ရင်နှီးသူက ပြောသည်။ အဆိုပါ ပျောက်ဆုံးသွားသည့် နေရာသည် စစ်တပ်နဲ့ နီးကြောင်း သိရသည်။

ထိုအပြင် ကျန်ရှိနေသည့် မိသားစုဝင်များက ပျောက်ဆုံးနေသည့် မောင်သိန်းစိုးကို စိုးရိမ်နေကြောင်း သိရသည်။ “ အမျိုးမျိုးတွေးဖြစ်နေတယ်။ ဖမ်းသွားတာလား။ ဘယ်သူခေါ်သွားတာလဲမသိဘူးလေ။ သူဘာဖြစ်နေမလဲ စိတ်ပူတယ်။ ပြီးတော့ သူပျောက်သွားတဲ့နေရာက စစ်တပ်နဲ့ နီးတယ်။ စစ်တပ်ကလည်းသူကို ခေါ်သွားမလားစိုးရိမ်ရတယ်။ ကျနော်တို့ စစ်တပ်ကို သွားမေးကြည့်တော့ သူတို့လည်း မတွေ့မိဘူးလို့ ပြောတယ်” ဟု အထက်ပါသူက ပြောသည်။ မိုးဗြဲမြို့သည် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသဖြစ်ပြီး စစ်ကောင်စီမှ ပြည်သူများကို စစ်ဆေးဖမ်းဆီးမှုရှိနေ ကြောင်း သိရသည်။

၇။ ခေါင်လန်ဖူးမြို့နယ်တွင် ဆန်တစ်အိတ်လျှင် ကျပ် တစ်သိန်းခွဲအထိ စျေးမြင့်တက်
October 6, 2022
ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်တွင် လမ်းပမ်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ဆန်တစ်အိတ်လျှင် ကျပ်တစ်သိန်း ကျော် အထိ စျေးမြင့်တက်နေသည်ဟု သိရသည်။ ခေါင်းလန်ဖူးမြို့မှ ၄ ရက် ၅ ရက်ခန့်ကြာ ခြေလျှင်သွားရသည့် ရှိန်းခေါင် ကျေးရွာ၊ မတ်ဂျုံကျေးရွာ၊ မတ်ပေါ်ကျေးရွာ၊ ဇနင်ထီကျေးရွာ၊ ဇီထန်းကျေးရွာ၊ ဇီးယော့ကျေးရွာ စသည့် ခေါင်လန်ဖူးမြို့နယ် အတွင်းက ကျေးရွာပေါင်း ၁၀၀ ခန့်တွင် လမ်းပမ်း ဆက်သွယ်ရေးခက်ခဲနေမှုကြောင့် ဆန်တစ်အိတ်လျှင် ကျပ် တစ်သိန်းကျော် အထိ ပေးဝယ်နေရသည်ဟု ခေါင်လန်ဖူးမြို့မှ အမျိုးသားတစ်ဦးက ဒေသအခြေစိုက် KNG သတင်းဌာနသို့ ပြောဆိုထားကြောင်း ဖော်ပြထားသည်။ “ရွာတွေမှာတော့ တော်တော်စျေး တက်တယ် သူတို့ကဆန်ကို လားနဲ့ပဲထမ်းရတာလည်း ခေါင်လန်ဖူးကနေ တရုတ်နယ်စပ်တစ်ကြောက ခေါင်လန်ဖူးကနေပဲ ပို့နေရတာ အခုဆိုရင် ဆန်တစ်အိတ်ကို ၁၃၀၀၀၀ ကနေ ၁၅၀၀၀၀ အထိရှိ တယ်” ဟု ခေါင်လန်ဖူးဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အခုတော့ ကားလမ်လည်းပုံမှန်တော့မဟုတ်ပေမယ့် ကားတော့ရောက်တယ်လေး ပုံမှန်မဟုတ်ပေမယ့်တစ်ပတ်မှ တစ်ကြိမ် နှစ်ကြိမ်လောက်တော့ဆန်ရောက်တယ်။ ရွာတွေဘက်တော့ ၄ရက် ၅ရက် လားနဲ့ လူနဲ့ထမ်းရတာ ထမ်းခက ၅၀၀၀၀ အထိပေးရတယ်။ အဲ့ကြောင့် သယ်ယူခနဲ့ဆို ၁၀၀၀၀၀ ကျော်ပေးရတာ” ဟု ခေါင်လန်ဖူး ဒေသခံတစ်ဦးက ပြောသည်။ သို့သော် လည်းလာမည့်နိုဝင်ဘာလခန့်မှစတင်ကာ လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်လာပါက ဆန်စျေးပြန်ကျလာနိုင်ကြောင်း ဒေသခံ များ ပြောသည်။ လယ်ယာမရှိသည့် ခေါင်လန်းဖူးမြို့နယ်တွင် ပြောင်းဖူး၊ လူး၊ ဆပ်၊ ရှားကော စသည့် စိုက်ပျိုး သီးနှံပင် များနှင့် ရေခဲတောင်ထွက် သစ်ဉသစ်ဖုဆေးမြစ်များရှာဖွယ် ရောင်းချကာ အသက်မွေးဝမ်းကြောင်းပြုနေခြင်း ဖြစ်သည်။ “တရုတ် နယ်စပ် လမ်းမပိတ်လိုက်ရင်တော့အဆင်ပြေတယ်။ တရုတ်ဘက်ကတော့ နီးလေးနီးတော့ စျေးလည်းအဲ့လောက် မတက်ဘူး။ အခုက ကိုဗစ်ကြောင့် နယ်စပ်ပေါက်တွေပိတ်လိုက်လို့ စားသောက်ကုန်လူသုံးကုန်တွေက ပူတာအိုဘက်က ခက်ခက်ခဲခဲတင်နေ ရတော့ အကုန်စျေးတက်ပြီး ဒေသခံတွေက ခက်ခဲသထက်ခက်ခဲနေကြတာ”ဟု ခေါင်လန်ဖူး ဒေသခံတစ်ဦး က ပြောသည်။

၈။ စာသင်ခန်းမလုံလောက်သဖြင့် စာသင်ချိန်ကို ခွဲဝေအသုံးပြုနေရတဲ့ စစ်ဘေးရှောင်စာသင်ကျောင်း
October 7, 2022
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် တစ်နေရာမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်စခန်းတခုမှ စာသင်ကျောင်း တစ်ကျောင်း ဟာ စာသင်ဆောင် လုံလောက်မှုမရှိတဲ့အတွက် စာသင်ချိန်ကို ခွဲဝေ အသုံးပြုနေရတယ်လို့ စာသင်ကြားပေးတဲ့ CDM ကျောင်း ဆရာမ တစ်ဦးက ပြောပါတယ်။ “ စာသင်ဆောင်က မြင်တဲ့အတိုင်းပဲ တစ်ဆောင်ပဲ ရှိတယ်။ တစ်ဆောင်တည်းကိုမှ အခန်းက လေးခန်းပဲ ရှိတယ်ပေါ့။ တစ်ခန်းရဲ့ အကျယ်က ကိုးပေပဲ ရှိတော့ ဥပမာ Grade 4 လိုမျိုး အယောက် ၂၀ ရှိတဲ့ကလေးဆိုရင်တော့ လုံးဝကြပ်ကြပ်ညှပ်ညှပ်ပါ့ သင်ရတယ်။ ပြီးတော့ ဆရာ၊ဆရာမ အင်အားရော ဒီလိုကျောင်းဆောင်အခက်အခဲရော သင်ပုန်းရော ပေါ့ နေရာအခက်အခဲရော အဲ့ဒီအတွက်ကြောင့် ကျနော်တို့က မူလတန်းကို သုံးရက် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး သုံးရက်တနေကုန် အပြည့်သင်တယ်ပေါ့နော။ ကြာသပတေး၊ သောကြာ၊ စနေ သုံးရက်ကတော့ အလယ်တန်းကို သင်တယ် တစ်ပတ်ကို သုံးရက် သုံးရက်နှုန်းနဲ့ပဲပေါ့။” လို့ စာသင်ကြားပေးတဲ့ CDM ကျောင်းဆရာမ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောဆိုခဲ့ကြောင်း သိရပါတယ်။

မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာနဲ့ မိခင်ဘာသာစကားကို ဦးစားပေးသင်ကြားပေးနေပြီး ကျန်ဘာသာရပ်တွေကိုတော့ အလျင်းသင့်သလို ထည့်သွင်းသင်ကြားပေးတယ်လို့ သိရပါတယ်။ လက်ရှိစစ်ဘေးရှောင်စခန်းအတွင်း ကျောင်းသားဦးရေမှာ မူလတန်း ၆၀ ဦး၊ အလယ်တန်း ၂၃ ဦးနဲ့ အထက်တန်း ၈ ဦး ရှိတယ်လို့ သိရပါတယ်။ အထက်တန်းကိုတော့ စစ်ရှောင်စခန်းမှာ ဖွင့်လှစ်ထားနိုင်ခြင်း မရှိတာကြောင့် နီးစပ်ရာမှာ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။ စာသင်ဆောင်ကို ထပ်မံတိုးချဲ့ လိုပေမယ့် အလှုရှင်မရှိတာကြောင့် ယနေ့အချိန်ထိ မတိုးချဲ့နိုင်သေးဘူးလို့ ဆရာမက ဆက်ပြောပါတယ်။ “ဆရာမတွေကလည်း CDM လုပ်လာတဲ့သူတွေရှိတယ်။ Volunteer တွေ ရှိတယ်။ ကျနော်တို့လည်း သူတို့ကို ထောက်ပံ့မှု မပေးနိုင်ဘူးပေါ့။ သူတို့ရဲ့ စားဝတ်နေရေး နောက်ပြီး ဒီမှာနေတယ်ဆိုရင် ရေသွားခပ်ရမယ်။ ဟင်းရှာရမယ် စသဖြင့် သူတို့ရဲ့ အိမ်မှုကိစ္စတွေ ရှိမယ်ပေါ့။ အဲ့ဒီလိုတွေ လုပ်လို့ရအောင် ဆိုပြီးတော့ ကလေးလည်း စာသင်ခွင့်ရအောင် ဆရာ၊ ဆရာမလည်း သူ့ရဲ့ ဝမ်းစာရှာဖို့ အချိန်ရ အောင် နောက် ဒီလိုမျိုး အခက်အခဲလည်း ရှိတဲ့အခါကျတော့ သုံးရက်စီပဲ သင်ပေးနိုင်တာပေါ့။” လို့ စာသင်ကြားပေးတဲ့ CDM ကျောင်းဆရာမက ဆက်ပြောပါတယ်။ ယခုလို မိုးရာသီ စာသင်ကြားချိန်မှာ မိုးယိုတာကြောင့် မိုးကြီးရင်တော့ စာသင်ချိန်ကို ရပ်နားထားရတာတွေ ရှိခဲ့တယ်လို့ ဆရာမက ပြောပါတယ်။

၉။ စစ်ကောင်စီ လက်နက်ကြီးရမ်းသမ်းပစ်ခတ် ဖယ်ခုံ PDF (၂) ဦး ထိခိုက်ဒဏ်ရာရ
October 7, 2022
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီက လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဖယ်ခုံ ပြည်သူ့ ကာကွယ်ရေးတပ် PDF မှ (၂) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။ အောက်တိုဘာ ၆ ရက် ည ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီ၏ ဖယ်ခုံအမြောက်တပ် နှင့်လွိုင်ကော်အမြောက်တပ်တို့က ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းဆောင်ကန်းရွာကို လက်နက် ကြီး ပစ်ခတ်ခဲ့ကြောင်း သိရသည်။ “ မနေ့က စစ်ကောင်စီလက်နက်ကြီး ရမ်းသမ်းပစ်တာကြောင့် ဖယ်ခုံ PDF (၂) ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်။ တိုက်ပွဲဖြစ်ပွားတာမရှိဘူး။ သူတို့ဘက်က တစ်ဖက်သတ်ပစ်ခတ်လာတာ။ ထိခိုက်သွားတဲ့ PDF က ဒဏ်ရာ ပြင်းထန်တယ်” ဟု ဖယ်ခုံ PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ယမန်နေ့ ညနေပိုင်း စစ်ကောင်စီဘက်မှ တဖတ်သတ်ပစ်ခတ်ခဲ့ပြီးနောက် ယနေ့ (အောက်တိုဘာ ၇)ရက် နံနက်ပိုင်း တွင် မိုးဗြဲမြို့ ညောင်ဝိုင်း လွိုင်ကော်ဘက် ပီကင်းကောခူတို့မှာ စစ်ဆေးမှုတွေ ပြုလုပ်နေခဲ့ကြောင်းသိရသည်။ ထိုအပြင် စစ်ကောင်စီက ဆောင်ကမ်းဘက်ကို စစ်ရေးထိုးစစ်ဆင်ဖို့ ပြင်ဆင်သဖြင့် ပြည်သူများတစ်ချို့က နေရပ်ကို စွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်နေလျက်ရှိ အထက်ပါ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “ ဒီနေ့ မနက် ညောင်ဝိုင်းဘက်မှာ စစ်ဆေးမှုတွေ လုပ်နေပါတယ်။ စစ်ကောင်စီက ဆောင်ကမ်းဘက်ကို စစ်ရေးထိုးဖို့ပြင်ဆင်နေတယ်လို့ ကြားတယ်။ ပြည်တွေ အများလည်း ပြောင်းရွှေ့နေကြတယ်။ တစ်ချို့က ဆွေမျိုးရှိတဲ့အရပ်ကိုပြောင်းရွှေ့သွားကြတယ်” ဟု ၎င်းက ပြောသည်။

၁၀။ စစ်ကောင်စီယာဉ်တန်းကို KIA တိုက်ခိုက်သဖြင့် ကားနှစ်စီးမီးလောင်ပျက်စီး၊ စစ်ကောင်စီရမ်းပစ်သဖြင့် ပြည်သူတစ်ဦး သေဆုံး
October 7, 2022
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်တွင် ယမန်နေ့ညနေ ၅ နာရီခန့်က စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်မြောက် ရေးတပ် (KIA) က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ကားနှစ်စီးမီးလောင်ပျက်စီးသွားကြောင်း သိရသည်။ ကွမ်းလုံသို့ တက်လာသော ကား အစီး ၃၀ ပါရှိသည့် စစ်ကောင်စီယာဉ်တန်းကို နမ့်စလပ်ကျေးရွာအနီးတွင် ကေအိုင်အေက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “မနေ့က စကစတွေ အစီး ၃၀ ကျော်လောက်တက်လာတဲ့ချိန်မှာ ကေအိုင်အေ တွေ ပစ်လိုက်တဲ့ချိန်မှာ ကားနှစ်စီး လှဲကျမီးလောင်သွားတယ်။ အဲ့ကားနှစ်စီးလှဲသွားတော့ ကျန်တဲ့ကားတွေလည်း လမ်းဘေးမှာ ခဏရပ်ပြီး အဲ့မှာ တော်တော်ကြာအောင် ပစ်ကြတယ်” ဟုပြောသည်။

ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးပတ်ဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ပြည်သူ တစ်ဦး သေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။ “စစ်ကောင်စီကားတွေ တက်လာတဲ့ အချိန်မှာဖြစ်တာ စကစတွေ ရမ်းသမ်းပစ်တာပဲ ကြာနေတာ တကယ်ပစ်ကြတာက အဲ့လောက်မကြာဘူး ပြည်သူနေအိမ်တွေမှာ လည်း လက်နက်ကြီးကျပြီး တစ်ယောက်တော့ သေသွားတယ်။ သုံးယောက်ကတော့ ထိခိုက်ဒဏ်ရာရတယ် အိမ်တွေလည်း ထိတာရှိတယ်” ဟုသူကပြောသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ နမ့်စလပ်ကျေးရွာအနီး စက်တင်ဘာ ၂၈ ရက်နေ့ ကလည်း ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

၁၁။ မြဝတီတောင်ပေါ်လမ်း ဇာတ်သဘင်အဖွဲ့ ကားတိမ်းမှောက်မှုတွင် သေဆုံးသူ ၁၀ ဦးအထိရှိလာ
October 6, 2022
ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီတောင်ပေါ် အာရှလမ်းတွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့် မော်လမြိုင်မှ ပွင့်နေ ခြည်လူငယ်ဇာတ်သဘင်ကားတိမ်းမှောက်မှုတွင် ပွဲချင်းပြီး ၅ ဦးသေဆုံးပြီးနောက် ယနေ့နံနက်တွင် ဆေးရုံ၌ နောက်ထပ် ၅ ဦး ထပ်မံသေဆုံးသည့်အတွက် သေဆုံးသူ အားလုံးပေါင်း (၁၀)ဦး အထိရှိလာသည်ဟု မြ၀တီမြို့ကူညီကယ်ဆယ်ရေး အသင်းက ပြောသည်။ မြဝတီတောင်ပေါ်လမ်း၏ ဒေသအခေါ် ကွမ်းခြံကုန်းလမ်းပိုင်း အဆင်းကွေ့နေရာတွင် ယမန်နေ့ ညနေ ၄ နာရီ အချိန်ကျော်ခန့်က ယာဉ်အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာမှ ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် လူသေဆုံးမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု အလင်းသစ် Rescue Myawaddy အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်၊၊ ၎င်းက ” အခုလူနာ ၇ ယောက်ကို မော်လမြိုင်ဆေးရုံကြီးကို လွှဲပြောင်းပေးနေပါတယ်။ ကားကတော့ နှစ်စီးတက်လာ တာ။ တစ်စီးက ပျက်ပြီးကျန်ခဲ့တာ။ ကျန်တဲ့တစ်စီးက မှောက်တာ။ သေဆုံးသူက အားလုံးပေါင်း ၉ ဦး၊ နေရာမှာတင် ၅ ဦးသေ တယ်။ ဆေးရုံရောက်တော့ ၂ဦး ထပ်သေတယ်။ အခုမနက် သေဆုံး၂ ဦး။ မြဝတီဆေးရုံမှာအရေးပေါ်ကုသ ၁၂ ဦးကျန်တယ်၊ သေဆုံးတဲ့အထဲမှ ၂ နှစ်ကလေးပါတယ်။ ကလေးက ဆေးရုံရောက်မှသေတာ။ ကလေးအမေလက်ထဲကလွင့်ကျသွားတာပါ။ ဆေးရုံရောက်ပြီး အရေးပေါ်ကုသပေးပါတယ် မရတော့တာပါ။ အခုမနက်မော်လမြိုင် ဆေးရုံလည်းရောက်ယောကျ်ားလေး တစ်ဦးဆုံးပါတယ်”ဟု ပြောသည်။

ကားတိမ်းမှောက်မှုဖြစ်ပေါ်ခဲ့သည့် ပွင့်နေခြည်လူငယ်ဇာတ်အဖွဲ့သည် မြဝတီသို့ ပွဲကရန်သွားစဉ် ယခုလို ယာဉ် တိမ်းမှောက်မှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး လူနာများနှင့် သေဆုံးသူ (Death Body) အားလုံးကိုလည်း မော်လမြိုင်သို့ ပြန်လည်သယ် ဆောင်သွားနေကြောင်း သိရသည်။ အဆိုပါ အာရှလမ်းမပေါ်ရှိ ကွမ်းခြံကုန်းကွေ့နေရာသည် ယာဉ်မကြာခဏ တိမ်းမှောက်မှု ဖြစ်ပေါ်သည့် နေရာတစ်ခုလည်းဖြစ်သည်။

၁၂။ ဟားခါးမြို့ပြည်သူ့ဆေးရုံးတွင် အဖမ်းခံရသူများကို ပြန်လွှတ်ပေး
October 6, 2022
ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပြည်သူ့ဆေးရုံတွင် ယမန်နေ့ (အောက်တိုဘာ ၄ ရက်) မွန်းလွဲပိုင်းက လာရောက်ပြသသည့် လူနာများနှင့် လူနာစောင့် အယောက် ၂၀ ခန့်ကို စစ်ကောင်စီတပ်ဖွဲ့က အကြောင်းမဲ့ဖမ်းဆီးပြီး ယင်းနေ့ညနေပိုင်းတွင် ပြန်လွှတ် ပေးခဲ့သည်ဟု ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။ ဟားခါးမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးမြို့ ပြည်သူ့ ဆေးရုံသို့သွားရောက်ပြီး ဆေးရုံအဝင်/အထွက်များစစ်ဆေးကာ ဆေးရုံပြင်ပလူနာဌာနသို့လာပြသည့် လူနာနှင့် ဆေးရုံအတွင်းရှိ လူနာစောင့် စုစုပေါင်း အယောက် ၂၀ ဝန်းကျင်ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများအား ဟားခါးမြို့ ရဲစခန်းသို့ ပို့ဆောင်ထိန်းသိမ်းခဲ့ပြီးနောက် ဆေးရုံက ဝန်ထမ်းတစ်ချို့နှင့် အသင်းတော်လူကြီးတစ်ချို့က ပြန်လည်လွှတ်ပေးရန် သွားရောက်တောင်းဆိုခဲ့ရာ ယမန်နေ့ညနေ ၆ နာရီခွဲဝန်းကျင်တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

“မနေ့က အဖမ်းခံရတဲ့သူတွေထဲမှာ လူနာစောင့်တွေပါတယ် ပြီးတော့ ဆေးခန်းပြဖို့လာတဲ့ လူတစ်ချို့လည်းပါတယ်။ သူတို့ကို ဆေးရုံဝန်းထဲက ကွင်းပြင်မှာ စုထားပြီးတော့ စစ်သားတွေက အယောက် ၂၀ ပြည့်ပြီ သွားမယ်လို့ ပြောတယ်ဗျ။ အဖမ်းခံ ရတဲ့သူတွေကို ရဲစခန်းမှာ ဖုန်းတွေကို စစ်ပြီးတော့ ဘာမှမတွေ့လို့ ထင်တယ်၊ ညနေပိုင်းမှာ ပြန်လွှတ်ပေးတာဗျ။ သူတို့ကို ဆေးရုံ လူနာတင်ကားက သွားကြိုတယ်” ဟု ဟားခါးြမို့ဒေသခံတစ်ဦးက ပြောသည်။ ၎င်းတို့အား ရဲစခန်းတွင် စစ်ဆေးရာမှာလည်း ရဲဝန်ထမ်းများမှ ဖမ်းဆီးရသည့်အကြောင်းအရင်း မသိသည့်အတွက် အဖမ်းခံရသည့်သူများအား မည်သည့်ကိစ္စကြောင့် အဖမ်း ခံလာရသည်ကို ပြန်လည်မေးမြန်းခဲ့ကြသည်ဟု သိရသည်။ ၎င်းတို့ကို အထက်အမိန့်အရဟုဆိုကာ စစ်သားများက သွားရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

၁၃။ လေးဝေါ်(တောင်နီ)တွင် စစ်ဘေးရှောင် ဒေသခံတစ်ဦး၏ ဆိုင်ခန်း ဖောက်ထွင်းခံရ
October 7, 2022
မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးဝေါ် (တောင်နီ)နှင့် သေ့ဘောဘိုးကြားရှိ အိမ်သုံးလုံးအစုတွင် ပြီးခဲ့သည့် စက်တင်ဘာ လပိုင်းက စစ်ရှောင်နေရသည့် ဒေသခံတစ်ဦး၏ နေအိမ်ဆိုင်ခန်းတစ်လုံး ဖောက်ထွင်းခံခဲ့ရသည်ဟု အဖောက်ထွင်းခံရသူ ဆိုင်ရှင်က ပြောဆိုခဲ့ကြောင်း ဒေသအခြေစိုက် ကေအိုင်စီ သတင်းဌာနတွင် ဖော်ပြချက်အရသိရှိရသည်။ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)ဗဟို ဌာနချုပ်အနီး နေရာတစ်ဝိုက်တွင် တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် လေးဝေါ်ရွာ အိမ်သုံးလုံးအစုရှိ ဒေသခံပြည်သူများ စစ်ရှောင်နေကြရပြီး ယနေ့ နံနက်ပိုင်းတွင် ဆိုင်ခန်းပိုင်ရှင်က ရက်ကြီးခါကြီး အလှူလုပ်ရန်အတွက် ဆိုင်ခန်း ကိုပြန်လာကြည့်ရာတွင် ဆိုင်ထဲရှိ ဆန်၊ ဆီ၊ ဆား၊ ဘီယာ၊ မိန်းကလေးအသုံးအဆောင်စသည့် ပစ္စည်းများကိုမွှေနှောက် ဖျက်ဆီး ခံထားရသည်ဟု ဆိုင်ရှင်က ယခုလိုပြောသည်။ “အရင်တုန်းက ဝေါလေမှာတိုက်ပွဲဖြစ်တော့ ပြေးရတယ်လေ။ အိမ်သုံးလုံး အစုမှာ ပြီးခဲ့တဲ့လပိုင်း ကပြေးရတာပေါ့။ စက်တင်ဘာလမှာ စပြေးတော့ ပြန်လာလို့တော့မရသေးဘူး။ ရက်ကြီးခါကြီး လည်းဖြစ် တော့ ဒီနေ့မှ လူကြီးတွေကို ပြောပြီး ဆိုင်ကိုပြန်လာကြည့်တာ။ ဆိုင်မှာရှိတဲ့ ဘီယာ၊ အရက်၊ စပိုင် အကုန်လုံးလာနေ၊ လာစား တယ်။ ယူသွားတာတွေရော ဖျက်ဆီးသွားတာတွေရော အများကြီးပဲ။ ပြန်လာတွေ့တာတော့ DKBA ဘက်တံဆိပ် ပါတဲ့အင်္ကျီ ပြန်လာတွေ့တာပေါ့။ ဆန်၊ ဆီ၊ ဆား အကုန်လုံးသူတို့သယ်သွားတယ်”ဟုပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်များသည် KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ အတွင်း နယ်ကျော်၀င်ရောက် ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ၈ လကျော် ကြာမြင့်လာနေပြီဖြစ်ပြီး တိုက်ပွဲကြောင့် ဒေသတွင်း ကျေးရွာများမှ စစ်ဘေးရှောင်နေရသူ ၉၀, ၂၉၁ ဦးအထိရှိကြောင်း ကရင်အရပ်ဖက်အဖွဲ့အစည်းများ၏ ကနဦး ကောက်ခံ စုဆောင်းထားသည့်စာရင်းများအရ သိရသည်။ ပြီးခဲ့သည့်စက်တင်ဘာလ (၂)နေ့တွင်လည်း ကရင်ပြည်နယ်၊ ဒေါနတောင် အရှေ့ခြမ်း၊ မြဝတီမြို့တောင်ဘက်ရှိ DKBA ထိန်းချုပ်နယ်မြေ လေးဝေါ်နှင့် ဆုံဆည်းမြိုင် ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ ဝင်ရောက်နေရာယူ တပ်စွဲထားသောကြောင့် ၎င်းဒေသရှိ ဒေသခံရွာသားများအနေဖြင့် လုံခြုံရေးနှင့် သွားလာရေး အခက်အခဲ ကြုံတွေ့နေရကြောင်း သိရှိရသည်။

၁၄။ မောင်တောသို့ စစ်ကောင်စီတပ်က အင်အား ၆၀၀ ခန့် ထပ်တိုးချ
October 7, 2022
ရခိုင်ပြည်နယ်၊ မောင်တောဒေသကို အောက်တိုဘာ ၆ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီက နောက်ထပ် စစ်အင်အား ၆၀၀ လောက် တိုးချလာနေတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်လာမှာကို ဒေသခံတွေ အထူးစိုးရိမ်နေကြပါတယ်။ မောင်တောမြို့ ခံတယောက်က “ နေ့လယ်ပိုင်းမှာ စစ်ဇက်ရေယာဥ်နဲ့ စစ်အင်အား ၆၀၀ ကျော် ကညင်ချောင်းစီးပွားရေးဇုန်ကနေ အင်အား ဖြည့်လာ တယ်။ ၃၀၀ လောက်က မောင်တောမြို့ သီရိမင်္ဂလာခန်းမမှာ နေရာယူထားတယ်။ ကျန် ၃၀၀ ကျော်က နခခ ၅ မြို့သူကြီးစခန်းကို အင်အားဖြည့်တယ်။ ဒေသခံတွေကတော့ စိုရိမ်ကြမှာပေါ့။ လမ်းတွေလည်း ပိတ်ထားတော့ သွားလာဖို့က အဆင်မပြေ၊ စားနပ်ရိက္ခာက စျေးတက်၊ တိုက်ပွဲတွေ ပိုပြင်းထန်လာမှာကို စိုးရိမ်နေကြတယ်” လို့ ပြောပါတယ်။ စစ်ကောင်စီက မောင်တောဒေသကို စက်တင်ဘာ ၁၄ ရက်က ကညင်ချောင်း စီးပွားရေးဇုန်မှ ကစ္ဆပနဒီ ၁ နဲ့ ကစ္ဆပနဒီ ၃ သင်္ဘော ၂ စီးနဲ့ စစ်အင်အား ၆၀၀ ကျော် အင်အားဖြည့်တင်းခဲ့ပြီး အခုတဖန် စစ်ဇက်ရေယာဥ်နဲ့ နတ်မြတ်ဝမှတဆင့် မော်တော်ဘုတ်တွေနဲ့ ကညင်ချောင်း စီးပွားရေးဇုန်မှ ထပ်မံအင်အားဖြည့်တင်းလာတာလို့ ဆိုပါတယ်။

မောင်တောခရိုင်ပညာရေးမှူး ဓားထိုးခံရလို့ သေဆုံးခဲ့ပြီးနောက်ပိုင်း မောင်တော ၄ မိုင် လမ်းတလျှောက်မှာ မနက်ရော ညပါ စစ်ဆေးတာတွေ ပိုမိုတင်းကျပ်နေပြီး မောင်တောမြို့ပေါ်ရှိ လူမှုကူညီရေး ပရဟိတသမားတွေကို ဖမ်းဆီးဖို့ လိုက်ရှာ နေတာကြောင့် ပရဟိတသမားတချို့လည်း တိမ်းရှောင်ထွက်‌‌ပြေးနေတယ်လို့ မောင်တောဒေသ စစ်ရေးလေ့လာသူ တွေက ပြောပါတယ်။ မောင်တောဒေသကို စက်တင်ဘာ ၁၄ ရက်က ကစ္ဆပနဒီ သင်္ဘော ၂ စီးနဲ့ ရေကြောင်းမှ စစ်ကူရောက်လာတဲ့ တပ်မ ၇၇ က စစ်အင်အား ၆၀၀ ကျော်ဟာ စစ်ကြောင်း ၄ ကြောင်းခွဲပြီး မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာတွေအတွင်း အေအေ တပ်ဖွဲ့ဝင်တွေ နေထိုင်တယ်လို့ ယူဆတဲ့ ကျေးရွာတွေကို ဝင်ရောက်စစ်ဆေးနေတာပါ။ အခုတခါ စစ်ဇက်ရေယာဥ်နဲ့ စစ်အင်အား ၆၀၀ လောက် ထပ်တိုးချလာနေတဲ့အတွက် နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်လာမှာကို မောင်တောဒေသခံတွေ အထူးစိုးရိမ် နေကြတာလည်း ဖြစ်ပါတယ်။

၁၅။ အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ
October 7, 2022
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည် များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက်တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲ လာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှု ရပ်တန့်ခဲ့ပြီး၊ ၂၀၂၁ခုနစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးနောက် အင်းလေးကန်ကို လာရောက်လည်ပတ်သူများသည် မရှိသ လောက် နည်းပါးလာခဲ့ကြောင်း သိရသည်။ “ အင်းလေးကို နိုင်ငံခြားခရီးသွားမပြောနဲ့ ပြည်တွင်းက ဧည့်သည်တောင်မလာတော့ဘူး။ အင်းထဲမှာ လက်ယက်သမားတွေ၊ ဈေးသည်၊ ဟော်တယ်တွေ အကုန်နီးပါးနားထားရတယ်။ တချို့တွေလည်း ဆက်မလုပ် တော့ဘူး၊ ဒီနှစ်သီတင်းကျွတ်ကာလ ပိတ်ရက်တွေမှာတော့ ဘုရားလာဖူးတဲ့ ဧည့်သည်တွေကို မျှော်နေကြတာပေါ့” လို့ အသက် ၄၀ နှစ်အရွယ်ရှိ စက်လှေသမားတစ်ဦးက ပြောသည်။

“ ကိုဗစ်-၁၉ ရောဂါစဖြစ်လာကတည်းက မပေးလုပ်ဘူး။ ဒီနှစ်လည်းသူတို့မပေးလုပ်ဘူး၊ လှေလှော်ပြိုင်ပွဲလည်း မရှိဘူး။ ဘုရားလာဖူးတဲ့သူတွေတော့ နည်းနည်းပါးပါးတော့ ရှိတယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။ ထို့အပြင် စစ်အာဏာသိမ်း (၂) နှစ်နီးပါး ကာလအတွင်းမှာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ထိခိုက်ပျက်စီးလာခဲ့ပြီးနောက် ပြည်သူများ ၏ စားဝတ်နေရေးအတွက်လည်း တစ်နေ့ထက်တစ်နေ့ ပိုမိုကြပ်တည်း လာကြောင်း သတင်းသိရသည်။

၁၆။ စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် ငပသုန်တိုက်နယ်ဆရာဝန် ပြန်လွတ်လာ
October 7, 2022
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ဖမ်းဆီးခံရပြီး အဆက်သွယ်မရဘဲဖြစ်နေသည့် မြေပုံမြို့နယ် ငပသုန်တိုက်နယ် ဆရာဝန် ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်ဟု နီးစပ်သူများကပြောသည်။ ငပသုန်တိုက်နယ်ဆရာဝန် ဦးဝင်းနိုင်စိုးမှာ စက်တင်ဘာ ၂၇ ရက်က စစ်တွေမြို့ရှိ ပြည်နယ်ကျန်းမာရေးဌာနမှ ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဒေါက်တာဦးဝင်းနိုင်စိုး ဖမ်းဆီးမခံ ရမီ စက်တင်ဘာလ ၂၅ ရက်နေ့တွင် တာဝန်ကျရာ ငပသုန်ဆေးရုံအတွက် စစ်တွေမှတစ်ဆင့် ဆေးဝါးများစက်လှေဖြင့် မှာယူ တင်ဆောင်မှုရှိခဲ့ပြီး ထိုသို့တင်ဆောင်လာသည့် စက်လှေကို စစ်ကောင်စီ၏ ရေတပ်ကဖမ်းဆီးမှုရှိခဲ့သည်။ ထိုအခြေနေများကို ဖြေရှင်းရန် စက်တင်ဘာ ၂၆ ရက်နေ့တွင် ငပသုန်မှ သူ၏တပည့်ဖြစ်သူနှင့်အတူ စက်လှေဖြင့် စစ်တွေမြို့သို့လာရောက်စဥ် စစ်တွေ ပြည်နယ်ကျန်းမာရေးဌာနတွင် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်သည်။

ငပသုန်တိုက်နယ်ဆေးရုံမှာ အိမ်ခြေ ၁၀၀၀ ကျော်ရှိသည့် ငပုသုန်ကျေးရွာအပြင် တစ်ခြားအနီးအနားမှ ကျေးရွာ ၁၀ ကျော်ခန့်က အားထားနေရသည့်ဆေးရုံတစ်ခုဖြစ်သည်။ တိုက်နယ်ဆရာဝန်ဖမ်းဆီးခံရစဥ် အတောအတွင်းတွင်လည်း ကျန်မားရေးနှင့်ပတ်သက်၍ တာဝန်ကျဆရာဝန်ရှိမနေသည့်အတွက် အဆင်မပြေမှုတို့ရှိသည်ဟု ငပသုန်ဒေသခံများကဆိုသည်။ “ဆရာမရှိတော့ ဘယ်အဆင်ပြေမလဲ။ ဆေးရုံမှာ လက်ထောက်ဆရာဝန်တော့ရှိပါတယ်။ ဒါပေမဲ့ တာဝန်ကျဆရာဝန်ကပဲ အဓိကလေ။ ဒီဆေးရုံက တိုက်နယ်တစ်ခွင်လုံးအားကိုးနေရာတာပါ။ ဆရာက ကျနော်တို့အပေါ် စေတနာလည်းရှိတော့ ပိုပြီးအားကိုးနေရတယ်” ဟုပြောသည်။ ရခိုင်တွင် စစ်ကောင်စီဖက်မှ ဆေးဝါးသယ်ယူပို့ဆောင်ခွင့်တို့ကို ယခင်ပြည်မဖက်မှ တင်ပို့ခွင့်ကိုသာ နယ်လုံလက်မှတ်ဖြင့် ကန့်သတ်ခဲ့သော်လည်း လက်ရှိတွင်မူ ဒေသတွင်းဆေးဝါးသယ်ယူပို့ဆောင်ခွင့်တို့ကိုပင် တင်းကျပ်စွာကန့်သတ်ထားလျက်ရှိနေခြင်းဖြစ်သည်။

၁၇။ KNU တပ်မဟာ ၁၊ သထုံခရိုင်တွင် စက်တင်ဘာလအတွင်း တိုက်ပွဲများ၌ စစ်သား ၅၀ နီးပါး သေဆုံး၊ စစ်သား ၂ ဦး အလင်းဝင်လာ
October 7, 2022
ကရင်အမျိုးသားအစည်းအရုံး KNU၊ တပ်မဟာ ၁ သထုံခရိုင်တွင် စက်တင်ဘာလတစ်လအတွင်း၌ စစ်ကောင်စီတပ်နှင့် KNLA တပ်မဟာ ၁ ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲပေါင်း ၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၄၈ ဦးသေဆုံးကာ ၄၁ ဦး ဒဏ်ရာရကြောင်း KNU တပ်မဟာ ၁ က သတင်းထုတ်ပြန်သည်။ တိုက်ပွဲများတွင် အကြမ်းဖက်စစ်တပ်ဘက်မှ စစ်ကား ၁၀ စီး ပျက်စီးခဲ့ပြီး ခြောက်လုံးပြူး ၁ လက်၊ MA အမျိုးအစား သေနတ် ၂ လက်၊ ကျည်ကတ် ၈ ခု၊ ကျည်ဆံ ၃၉၀ တောင့်တို့ကို KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၅ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။ ယင်းအပြင် စစ်ကောင်စီကို စွန့်ခွာကာ စစ်သားနှစ်ဦးသည် လက်နက်နှင့်တကွ အလင်းဝင်လာကြောင်း KNU တပ်မဟာ ၁ က ထုတ်ပြန် သည်။ စစ်ကောင်စီတပ်ဖွဲ့များက နေ့စဉ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အများပြည်သူနေထိုင်ရာ ကျေးရွာများအတွင်းသို့ ရမ်းသန်းပစ်ခတ်နေခြင်းကြောင့် နေအိမ် ၄ လုံး၊ ကား ၁ စီး ထိမှန်ပျက်စီးပြီး အိမ်မွေး တိရစ္ဆာန် ကျွဲ၊ နွားများလည်း သေဆုံး ကြောင်း၊ ၎င်းတို့ စခန်းများ တိုးချဲ့ပြုပြင်ရန် ဒေသခံများကို သစ်နှင့် ဝါးများ အဓမ္မတောင်းယူကြောင်း သိရှိရသည်။

၁၈။ ထားဝယ် TPLF အဖွဲ့ ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်အခမ်းအနားသို့ KNLA၊ KNDF အပါအဝင် မဟာမိတ်အဖွဲ့များက စစ်အာဏာရှင် ချေမှုန်းရေး လက်တွဲဆောင်ရွက်မည်ဟု သဝဏ်လွှာပေးပို့
October 7, 2022
ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ TPLF ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်အခမ်းအနားသို့ ကရင်လွတ်မြောက်ရေး တပ်မတော် KNLA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အပါအဝင် မဟာမိတ် တော်လှန်ရေးအဖွဲ့များက စစ်အာဏာ ရှင် ချေမှုန်းရေး လက်တွဲဆောင်ရွက်သွားကြမည်ဟု သဝဏ်လွှာပေးပို့ ဂုဏ်ပြုကြသည်။ TPLF ကို ဖွဲ့စည်းပြီး စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေသည်မှာ ယမန်နေ့ အောက်တိုဘာလ ၆ ရက် တွင် တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။ လူမျိုးကြီးဝါဒကြောင့် ဖြစ်စေ၊ စစ်အာဏာရှင်တို့ကြောင့်ဖြစ်စေ ခေတ်အဆက်ဆက် ခံစားလာခဲ့ရသော အရာများ၊ ဖိနှိပ်အနိုင်ကျင့်ခံခဲ့ရမှုများ၊ လူ့အခွင့် အရေး ချိုးဖောက်ခံခဲ့ရခြင်းများတို့အား အဆုံးသတ်သင့်သောအချိန် ရောက်လာပြီဖြစ်သည့်အတွက် အဆုံးသတ်ပစ်ရမည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဒု-စစ်ဦးစီးချုပ် ဘောကျော်ဟဲက TPLF ဖွဲ့စည်းခြင်း တစ်နှစ်ပြည့် အခမ်း အနား သို့ သဝဏ်လွှာပေးပို့သည်။ ဖိနှိပ်ချုပ်ချယ်မှု၊ အနိုင်ကျင့်ဗိုလ်ကျမှုနှင့် လွှမ်းမိုးချုပ်ကိုင်မှုတို့ကို ဖြိုဖျက်ပစ်ရန် ဇွဲနပဲရှိမှု၊ စိတ်ရှည်သည်းခံမှု၊ ပူးပေါင်းလုပ်ဆောင်မှုများ ရှိရမည်ဖြစ်ကြောင်းနှင့် အချင်းချင်း အပြန်အလှန်နားလည်မှုနှင့် လက်တွဲလုပ် ဆောင်မှု လုပ်ရန် လိုအပ်ကြောင်း KNLA ဒုတိယ စစ်ဦးစီးချုပ်က သဝဏ်လွှာတွင် ရေးသားဖော်ပြသည်။

အလားတူ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ပေးပို့သော သဝဏ်လွှာတွင် TPLF ၏ နိုင်ငံရေး ရည်မှန်း ချက်နှင့် မူဝါဒများကို ထောက်ခံအားပေးပြီး ပြည်သူတစ်ရပ်လုံး လွတ်မြောက်ရေးအတွက် လက်တွဲလုပ်ဆောင်နိုင်မည်ဟု တထစ်ချယုံကြည်ကြောင်းနှင့် တတ်နိုင်သည့် အကူအညီများကို တတ်စွမ်းသ၍ ပံ့ပိုးကူညီသွားမည်ဟု ရေးသားဖော်ပြသည်။ ယင်းအပြင် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ကလည်း TPLF နှင့် အပြန် အလှန် ပူးပေါင်းဆောင်ရွက်မှုများကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်းနှင့် ပြည်သူ့အောင်ပွဲသို့ လက်တွဲညီညီ ချီတက်နိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ထားသည်။ TPLF ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်အခမ်းအနားသို့ KNLA၊ KNDF၊ မွန် MSDF-South၊ ပြည်သူ့တော်လှန်ရေးအင်အားစု (အနောက်ပိုင်းဒေသ)၊ ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပုလော)၊ ကစယ်ဒို ဖက်ဒရယ်စစ် ကြောင်း၊ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၊ ထားဝယ်ခရိုင် PDF တပ်ရင်း ၂၊ တနင်္သာရီအခြေစိုက် ကျောင်းသားသမဂ္ဂများ ကွန်ရက်တို့က ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြောင်း သိရှိရသည်။

၁၉။ ဖမ်းဆီးခံထားရသည့် AFP ပါတီဝင် ဦးမောင်ကောင်း ပြန်လွတ်လာ၊ ဦးကျော်လွင်ကို ဆက်လက်ဖမ်းထားဆဲ
October 7, 2022
ဖမ်းဆီးခံထားရသည့် ရခိုင့်ဦးဆောင်ပါတီ(AFP)၏ အကြံပေးပုဂ္ဂိုလ် ဦးကျော်လွင်နှင့် ဗဟိုကော်မတီဝင် ဦးမောင်ကောင်း တို့နှစ်ဦးအနက် ဦးမောင်ကောင်းမှာ အောက်တိုဘာလ ၆ ရက်နေ့ ည ၁၁ နာရီခန့်တွင် ပြန်လည် လွတ်မြောက် လာခဲ့ကြောင်းသိရသည်။ မည်သူမည်ဝါဟုမသိရှိရသော လူတစ်စုသည် အသက် ၇၀ အရွယ် ဦးမောင်ကောင်းအား မျက်နှာကို အဝတ်စဖြင့်ဖုံးအုပ်ပြီး နေအိမ်အနီးသို့ လာရောက်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် အသက် ၅၆ နှစ်အရွယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သူ ဦးကျော်လွင်ကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်ဟု မိသားစုဝင် များထံမှ သိရသည်။ “ဦးမောင်ကောင်းကို မနေ့က လူအိပ်ချိန်မှာ ပို့လာပါတယ်။ သူ့ကို မျက်နှာဖုံးအုပ်ပြီး အိမ်နားရောက်မှ ချသွား တယ်လို့ပြောတယ်။ ဦးကျော်လွင်ကတော့ မလွတ်လာသေးဘူး။ သူတို့နှစ်ဦးကို ဖမ်းဆီးသွားတာက အတူတူ။ ကားပေါ်က ဆင်းတဲ့အချိန်မှာတော့ တစ်ယောက်တစ်နေရာ ခွဲထားတယ်လို့ပြောတယ်”ဟု ဦးကျော်လွင်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

၄င်းတို့နှစ်ဦးကို အောက်တိုဘာလ ၄ ရက်နေ့က ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဖမ်းဆီးစဉ်ကလည်း မျက်နှာကိုဖုံးအုပ်ကာ ခေါ် ဆောင်ခံရခြင်းဖြစ်သည်။ မည်သူမည်ဝါက ဖမ်းဆီးသည်ကို လွတ်မြောက်လာသည့် ဦးမောင်ကောင်းကလည်း ထုတ်ပြောကြား ခြင်း မရှိပေ။ သို့သော် ဖမ်းဆီးသွားသည့်အဖွဲ့အစည်းမှာ ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်များဖြစ်နိုင်ကြောင်း မိသားစုဝင် များနှင့် ဒေသခံများက ခန့်မှန်းကြသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို ဆက်သွယ် မေးမြန်းရာတွင် ယင်းကိစ္စကို မသိရသေးကြောင်း တုန့်ပြန်သည်။ ရခိုင့်ဦးဆောင်ပါတီ(AFP) ပါတီဝင် ဦးမောင်ကောင်း ကိုပြန်လည်လွှတ်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်းနှင့် ဖမ်းဆီးထားသည့် အဖွဲ့အစည်းအနေဖြင့် ဦးကျော်လွင်ကိုလည်း အမြန် ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။ “ဦးမောင်ကောင်း တော့ လွတ်လာပြီ။ အသက်အရွယ်ကြီးတဲ့ ဦးမောင်ကောင်းကို လွှတ်ပေးလို့ကျေးဇူးတင်တယ်။ ဘယ်အဖွဲ့ဆိုတာကိုတော့ ဦးမောင်ကောင်းက မပြောသေးဘူး။ ဖုန်းနဲ့ပြောတာဖြစ်လို့။ အသက်ရွယ်ကြီးတဲ့၊ ကျန်းမာရေးမကောင်းတဲ့ ပုဂ္ဂိုလ်ကို ကိုယ်ချင်း စာပြီး ဒီလိုသူ့အိမ်အရောက် ပြန်ပို့ပေးတာကို ကျေးဇူးတင်တယ်။ နောက်ကိုကျော်လွင်ကို အမြန်ဆုံးလွှတ်ပေးဖို့လည်း တောင်း ဆို ပါတယ်။ ဝေဖန်ခြင်း၊ ထောက်ပြခြင်းကို လက်ခံတဲ့ အဖွဲ့အစည်းဖြစ်စေချင်တယ်။ ဘယ်အဖွဲ့အစည်းဖြစ်ဖြစ်ပေါ့”ဟု သူကဆို သည်။ ဦးကျော်လွင်သည် မောင်တောခရိုင်ပညာရေးမှူး အသတ်ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး ၄င်း၏လူမှုကွန်ရက်စာ မျက်နှာ တွင် အငြင်းပွားဖွယ်ရာစာတစ်ပုဒ်ကို ရေးသားခဲ့ပြီးနောက် ထိုသို့ဖမ်းဆီးခံရခြင်းဖြစ်သည်။

၂၀။ အာဏာသိမ်းမှုကို လက်မခံကြောင်း အစောဆုံး ဆန္ဒဖော်ထုတ်ခဲ့သူ KYN အဖွဲ့ဝင်စောဥက္ကာဦး အပါအဝင် ၄ ဦး ပြန်လည် လွတ်မြောက်လာ
October 7, 2022
စစ်တပ် အာဏာသိမ်းယူမှု ပြုလုပ်ခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကို လက်မခံကြောင်း ပထမဦးဆုံး လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်ခဲ့ကြသည့် မန္တလေးမြို့မှ ကရင်လူငယ်ကွန်ရက်-KYN (အထက်မြန်မာပြည်)တာဝန်ခံဖြစ်သူ စောဥက္ကာဦးအပါအဝင် ၄ ဦးကို ယနေ့ မန္တလေး ဗဟိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီးဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သူများက ပြောဆိုသည်။ ယနေ့ ပြန်လည် လွတ်မြောက်လာသူများမှာ စောဥက္ကာဦးအပြင် ဆန္ဒဖော်ထုတ်မှုကို ပထမဦးဆုံး ပြုလုပ်ခဲ့သူ မန္တလေးမြို့မှ တက္ကသိုလ် ကျောင်းသားများဖြစ်သည့် ကိုမင်းညီညီကွန်း(ရတနာပုံတက္ကသိုလ်)၊ ကိုပြည့်စုံအောင်နှင့် ကိုရဲဝင်းထွန်းတို့ဖြစ်ကြောင်း သိရသည်။ “အာဏာသိမ်းပြီးတဲ့ ၄ ရက်နေ့မှာ သူတို့ ၄ ယောက်အဖမ်းခံလိုက်ရတယ်။ ပြီးတော့ ကြားထဲမှာ သူတို့ကို ရုံးချိန်းတွေ ခေါ်ပြီးတော့ တော်တော်နဲ့ အမိန့်မချဘူး။ ပြီးမှ ဒီနှစ်မေလလောက်မှ အမိန့်ချလိုက်တယ်။ ပြီးတော့ အခု ပြန်လွတ်လာတာဖြစ်တယ်” ဟု စောဥက္ကာဦးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းတို့ကို ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့က အရပ်ဝတ်နှင့် ရဲများက ၎င်းတို့ ဆန္ဒဖော်ထုတ်နေစဉ် ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကာလရှည်ကြာ ဖမ်းဆီးထိန်းသိမ်းထားပြီးနောက် ယခုနှစ် မေလ ၂၅ ရက်နေ့တွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၉)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ တို့ဖြင့် မန္တလေး ဗဟိုအကျဉ်းထောင်(အိုးဘိုထောင်) အထူးတရားရုံးမှ ထောင်ဒဏ် ၁နှစ်နှင့် ၉ လ အမိန့်ချမှတ်ခံခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၃ လမ်းနှင့် ၇၄ လမ်းကြား၊ လမ်း ၃၀ ပေါ်ရှိ ဆေးတက္ကသိုလ်(မန္တလေး) ရှေ့၌ ဒေါက်တာ တေဇာဆန်းဦးဆောင်ပြီး အာဏာသိမ်းမှု ကို ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့ရာတွင် ဆန္ဒဖော်ထုတ်သူများကို အရပ်ဝတ် နှင့်ရဲများက ဝင်ရောက်ဖမ်းဆီးခဲ့ရာ ယခုပြန်လည် လွတ်မြောက်လာသည့် ကျောင်းသားလူငယ် ၄ ဦး ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှု ပထမဦးဆုံး စတင်ပြီးနောက် နိုင်ငံတစ်ဝှမ်း ဆန္ဒပြသပိတ်စစ်ကြောင်းများစွာ ပေါ်ထွက်လာခဲ့ပြီး မြန်မာ့နွေဦးတော်လှန်ရေး စတင်ပေါ်ပေါက် ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဆန္ဒပြမှုအရှိန်အဟုန်မြင့်မားလာမှုအပေါ် အာဏာသိမ်းစစ်တပ်ဘက်မှ အကြမ်းဖက် ဖြိုခွဲသည့်နည်းလမ်း များ ပြုလုပ်လာခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှု ဖြစ်ပေါ်လာခဲ့ပြီးနောက် လက်ရှိတွင် လက်နက်ကိုင်တော်လှန်သည့် အထိ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

၂၁။ နမ့်စန်မြို့နယ်ရုံးမှာ မှတ်ပုံတင်လုပ်သူများကို ကျပ် (၂) သိန်းဆီတောင်းယူ
October 7, 2022
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် မြို့နယ်ဦးစီးမှူးရုံးတွင် ယခုလတွင်း မှတ်ပုံတင်သွားလုပ်ကြသူများကို ဦးစီးမှူးက တစ်ယောက်ကို ကျပ် (၂) သိန်းဆီတောင်းယူနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့တဲ့ရက်ပိုင်းတွင် အသက် (၁၈) နှစ်အောက် ကလေးမှတ်ပုံတင်ကို မြို့နယ်ဦးစီးမှူးရုံးသို့ သွားလုပ်ရင်း ဦးစီးမှူးက မြန်မာကျပ်ငွေ (၂) သိန်းယူခဲ့ကြောင်း ပိုက်ဆံမပေးဆောင် လျှင် မှတ်ပုံတင်မလုပ်ပေးကြောင်း နမ့်စန်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောဆိုထားကြောင်း သိရသည်။ “ ရုံးထဲကို ရောက်လာပြီဆိုရင် ပိုက်ဆံအရင်တောင်းတယ်။ ပိုက်ဆံမပါရင် မပြုလုပ်ပေးဘူး၊ ဘယ်လိုမှ ဖြေရှင်းလို့မရဘူး။ ဦးစီးမှူးကို (၂) သိန်း ပေးလိုက်တော့ မှတ်ပုံတင်လည်း ရလာတယ် “ ဟု ၎င်းဒေသခံ တစ်ဦးက ပြောသည်။ ယခင်က မြို့နယ်ဦးစီးမှူးရုံးသို့ မှတ်ပုံတင်သွားလုပ်ရာတွင် ပိုက်ဆံတောင်းယူခြင်းရှိသော်လည်း အများအပြား တောင်ယူခြင်းမရှိခဲ့ကြောင်း စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပိုက်ဆံပိုတောင်းယူလာနေကြောင်း သိရသည်။

ထို့ပြင် မြို့နယ် ဦးစီးမှူးကို မှတ်ပုံတင်လုပ်ခ မြန်မာကျပ်ငွေ (၂)သိန်းမပေးသည့်အတွက် (၅)လကြာသော်လည်း ဦးစီးမှူးမှ အကြောင်းပြချက်အမျိုးမျိုးဖြင့် မှတ်ပုံတင် မထုတ်ပေးသေးကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် နမ့်စန်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ “ မှတ်ပုံတင်လုပ်နေတာလည်း (၅) လရှိနေပြီ။ ဦးစီးမှူးက အကြောင်းပြချက် အမျိုးမျိုးပဲ၊ အထက်ကို တင်ထားတယ် မကျလာသေးလို့၊ မရသေးဘူးလို့ပဲ အကြိမ်ကြိမ် ပြောလာနေတယ်။ ဒီချိန်ကပိုက်ဆံ ရှာလို့ခက်တဲ့ အချိန်မှာ စားဝတ်နေရေးအတွက်လည်း ဖြေရှင်းရသေး၊ သူတို့ကိုသိန်းနဲ့ချီပြီးပိုက်ဆံ မပေးနိုင်ဘူး “ ဟု နမ့်စန်ဒေသခံတစ်ဦးက ပြောသည်။

၂၂။ ထားဝယ် နိုင်ကျဉ်းဟောင်း ၁ ဦးကို စစ်ကောင်စီကပြန်ဖမ်းဆီးပြီး အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲ
October 7, 2022
တနင်္သာရီတိုင်း၊ ထားဝယ်အကျဥ်းထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသား ဟောင်း ကိုမျိုးမင်းဦးကို စစ်ကောင်စီက ပြန်လည်ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) နဲ့ တရားစွဲဆို ထားတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ နိုင်ငံရေးအကျဥ်းသားဟောင်း တဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မေလ အတွင်းက ပထမအကြိမ် အဖမ်းခံခဲ့ရတဲ့ ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသား ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုမျိုးမင်းဦးဟာ သပိတ်လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပုဒ်မ ၅၀၅(က)၊ ၅၀၅(ဂ) တို့နဲ့ တရားစွဲဆိုခံခဲ့ ရပြီး ခြောက်လလောက်အကြာ အောက်တိုဘာ ၂၀ ရက်မှာတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။ ပြန်လွတ်လာပြီးနောက် အားဖြည့်အချိုရည် ကုမ္ပဏီတခုမှာ ဝင်ရောက်အလုပ်လုပ်ကိုင်နေစဥ် ထားဝယ်မြို့၊ ခုံဝင်းဒပ်ရပ်ကွက်၊ ရပ်တော်မူဘုရားအနီးက ရုံးခန်းမှာ အခုနှစ် စက်တင်ဘာ ၁၂ ရက်၊ ညနေ ၄ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ဖမ်းဆီးတာ ခံခဲ့ရပြီး အခုလို အကြမ်းဖက်ပုဒ်မနဲ့ တရားစွဲဆိုခံခဲ့ရတာပါ။
ကိုမျိုးမင်းဦးနဲ့နီးစပ်တဲ့ ထားဝယ်မြို့ခံ လူငယ်တယောက်ကတော့ “သူက ပြန်လွတ်လာပြီး မြို့ထဲမှာ ပုံမှန်လို ပေါ်ပေါ် တင်တင် သွားလာနေကျပဲ။ သူ့ဟာသူ အေးဆေးနေတာ မဖမ်းလောက်တော့ဘူးထင်ပြီး နေနေတာဖြစ်မယ်။ သူ့ကို ဝင်ဖမ်းတာ က သူ့အလုပ်ခွင်မှာပဲ ဝင်ဖမ်းသွားတာ” လို့ ပြောပါတယ်။ ပုဒ်မ ၅၀(ည) ဟာ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတခုခုကို ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ လုပ်ငန်းတွေ ပြုလုပ်ပါက တရားစွဲဆိုခံရတဲ့ ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ်တသက်ထိ ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တဲ့ပုဒ်မ ဖြစ်ပါတယ်။

၂၃။ တော်လှန်ရေးခံယူချက်မရှိသူများ CDM မှာမပါဝင်နိုင်ရန် စိစစ်ဆောင်ရွက်မည်
October 7, 2022
ဗိုလ်မှူးမျိုးမင်းထွန်းဖြစ်စဉ်ကို သင်ခန်းစာယူပြီး တော်လှန်ရေး ခံယူချက်၊ ယုံ ကြည်ချက်မရှိသူတွေ CDMမှာ မပါဝင် လာနိုင်ရေး စနစ်တကျစီစစ်ဆောင်ရွက် မယ်လို့ CDM တပ်မတော်သားတွေက ဒီနေ့မှာထုတ်ပြန်ပါတယ်။ ဗိုလ်မှူး မျိုးမင်းထွန်း ဟာ CDMအဖြစ်ဝင်ရောက်လာပြီးမှ စစ်ကောင်စီလက် အောက်ကိုပြန်လည်ဝင်ရောက်သွားသူဖြစ်ပြီး CDM ပြုလုပ် မိတဲ့အတွက် နောင်တရကြောင်းနဲ့ ရရှားကိုတကယ်လည်းမသွားရကြောင်း ဗိုလ်မှူးမျိုးမင်းထွန်းပြောထားတဲ့ရုပ်သံကို အောက်တိုဘာ (၅)ရက် မှာ စစ်ကောင်စီဘက်ကထုတ်ပြခဲ့ပါတယ်။

ခမရ (၃၅၁) ယာယီတပ်ရင်းမှူး ဗိုလ်မှူးမျိုးမင်းထွန်းဟာ သူ့ရဲ့ သဘောဆန္ဒနဲ့အညီ CDM ပြုလုပ်ဖို့ ဆက်သွယ်လာ သူဖြစ်ပြီး သူဟာ တော်လှန်ရေးအပေါ် ယုံကြည်ချက်၊ ခံယူချက်မရှိတဲ့အပြင် တော်လှန်ရေးအင်အားစုတွေအတွက် သူသိရှိထား တဲ့ ပညာရပ်တွေနဲ့အတွေ့အကြုံတွေကို တစုံတရာမျှဝေခြင်းမရှိခဲ့ပေမယ့် ပြည်သူ့ဘက်ပူးပေါင်းလာတာကြောင့် ဘ၀လုံခြုံရေးနဲ့ လိုအပ်ချက်အားလုံးကို ဆောင်ရွက်ပေးခဲ့ကြောင်းနဲ့ မကြာမီကာလမှာ တတိယနိုင်ငံကိုသွားရောက်ရတော့မယ့် အခွင့်အရေးကို ရရှိထားသူဖြစ်ကြောင်းကို CDM တပ်မတော်သားအဖွဲ့အစည်းတွေဖြစ်တဲ့ ပြည်သူ့ရင်ခွင်၊ ပြည်သူ့ပန်းတိုင်၊ ပြည်သူ့သားကောင်း အဖွဲ့၊ People’s Soldiers Defense Force နဲ့ Breaking Brain Washed တို့က ပူးပေါင်းထုတ်ပြန်လိုက်တာပါ။ ဒါ့အပြင် Non-CDM ဒုတိယကျောင်းအုပ်ဆရာမဖြစ်တဲ့ သူ့အမျိုးသမီးကနေတစ်ဆင့် ဗိုလ်မှူးမျိုးမင်းထွန်းကို စစ်အုပ်စုဘက်က ဖိအားပေးပြော ဆိုမှုတွေရှိခဲ့တာကြောင့် “နွေဦးတော်လှန်ရေးတွင် မည်သည့်နေရာမှ ပါဝင်ခြင်းမပြုရ”ဆိုတဲ့ ကတိကို ဗိုလ်မှူးမျိုးမင်းထွန်း က ပေးခဲ့ရတယ်လို့လည်း CDMတပ်မတော်သားများထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၄။ ရခိုင်တွင် ပြီးခဲ့သည့်နှစ်ကထက် စပါးအထွက်နှုန်း (၂၅) ရာခိုင်နှုန်းအောက်‌ လျော့ကျသွားနိုင်
October 7, 2022
ရခိုင်တွင် ယခုနှစ်အတွင်း ‌လယ်ဧက (၇)သိန်းဝန်းကျင်သာစိုက်ပျိုးနိုင်ခဲ့ရာတွင် ပြီးခဲ့သည့်နှစ်ကထက် စပါးအထွက်နှုန်း (၂၅) ရာခိုင်နှုန်းအောက်‌ လျော့နည်းကျဆင်းသွားနိုင်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ က ပြောသည်။ ယခုနှစ် စိုက်ပျိုးရာသီမှာ မြေဆီ၊ မြေသြဇာစျေးနှုန်းများနှင့် စက်သုံးဆီစျေးနှုန်း‌များ အဆမတန်မြင့်တက်လာမှုများကြောင့် အပါအဝင် ရခိုင်က လယ်သမားတစ်ချို့ လယ်ယာလုပ်ငန်းခွင် စွန့်ခွာမှုများ ရှိ‌သလို လုပ်ကွက်ငယ်လယ်သမားတစ်ချို့မှာလည်း လယ်ဧက အနည်းအကျဥ်းသား စိုက်ပျိုးနိုင်ခဲ့၍ လယ်ယာစိုက်ပျိုးသည့် စိုက်ပျိုးမြေဧကများ လျော့နည်းကျဆင်းသွားနိုင်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ကပြောသည်။ ယခုနှစ်တွင် စိုက်ပျိုးမြေဧက (၁) သိန်းဝန်းကျင်အထိ လယ်ယာ မစိုက်ပျိုးနိုင်ခဲ့သည့်အပြင် စိုက်ပျိုးထားသည့် လယ်ယာမြေများမှာလည်း မိုးရေချိန်နည်းပါးသည့်အတွက် ပျက်စီးဆုံးရှုံးမှု များ အများအပြားရှိခဲ့ကြောင်းဆိုသည်။

ယင်းအပြင် လတ်တလောတွင် ရခိုင်ပြည်၊ မြောက်ပိုင်းမှာ ဖြစ်ပွားနေသည့် တစ်ကျော့ပြန် တိုက်ပွဲများကြောင့် ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ စသည်မြို့နယ်များက လယ်သမားများမှာ လယ်ယာလုပ်ငန်းခွင်ကို စွန့်ခွာပြီး နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်။ လယ်ယာလုပ်ငန်းလုပ်ကိုင်သူများမှာ ရာသီဥတုဖောက်ပြန်မှု ဒဏ်နှင့် မြေဆီ၊ မြေသြဇာ၊ စက်သုံးဆီစသော သွင်းအားစု စရိတ်မြင့်တက်မှုများကြောင့် လယ်စိုက်တောင်သူများအနေဖြင့် အရှုံးပေါ်နိုင်သည့် အနေအထားတွင်ရှိကြောင်း ဓညဝတီတောင်သူလယ် သမားဖွံ့ဖြိုးတိုးတက်ရေးအသင်းက ဆိုသည်။ လက်ရှိတွင် စပါးရိတ်သိမ်း ချိန် မ‌ရောက်သေး၍ အနည်းမျှဆုံးရှုံးနစ်နာမှုရှိသော်လည်း စပါးရိတ်သိမ်းချိန်အထိ တိုက်ပွဲများ ဆက်ဖြစ်နေမယ်ဆိုပါက စစ်ဘေး‌ရှောင်လယ်သမားများအတွက် ပိုမို ခက်ခဲနိုင်ကြောင်း ရသေ့တောင်မြို့နယ်က လယ်သမားတစ်ဦးက ဆိုသည်။

၂၅။ တောင်ကြီးမြို့ ကမ္ဘောဇသာမဏေကျော်စာမေးပွဲ ယခုနှစ်လည်းမကျင်းပနိုင်
October 7, 2022
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိအတုလမာရဇိန်ဆုတောင်းပြည့်မြတ်စွာဘုရား မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသည့် ကမ္ဘောဇသာမဏေကျော် စာမေးပွဲကိုယခုနှစ်မှာလည်းကျင်းပပြုလုပ်ရန် အလားလာမရှိကြောင်း သိရ သည်။ တောင်ကြီးမြို့ကမ္ဘောဇသာမဏေကျော်စာမေးပွဲကိုနေ့စဥ်သီတင်းကျွတ် လပြည့်ကျော်ကာလအတွင်းကျင်းပလေ့ ရှိသော် လည်း ရောဂါအခြေအနေနှင့် နိုင်ငံရေးအခြေအနေကြောင့် မကျင်းပနိုင်ခြင်းဖြစ်ကြောင်း သိရသည်။ “ဒီတောင်ကြီး သာမဏေ ကျော်စာမေးပွဲမကျင်းပဖြစ်တာ ကျန်းမာရေးကိစ္စကိုဗစ်ကတည်းကလေ ကျင်းပရင်ဖောင်တွေထိုးရပြီ စာမေးပွဲက သီတင်းကျွတ် ပြည့်ကျော်မှာဖြေတယ် ခုကဘာမှမကြားသေးတော့မဖြေဖြစ်လောက်ဘူး နိုင်ငံရေးအခြေနေနဲ့လည်း ဆက်စပ်နေတော့ ထပ်နား တာဖြစ်မယ် ဒါမဲ့ဒီနှစ်တော့ဟိုပုံးမှာသာမဏေကျော်စာမေးပွဲကျင်းပပေးတာမို့ သာမဏေကျော် စာသင်သားများတွက် အခွင့် အရေး တော့ဖြစ်လာတာပေါ့”ဟု ယခင်ကသာသနာလင်္ကာရ သာမဏေကျော် ကျောင်းတွင်ပညာသင်ဖူးသူ ဦးအရိယာလင်္ကာရ က ခမ်းသားငေါဝ်း ကိုမိန့်ကြားသည်ဟု သိရသည်။

ပအိုဝ်းဒေသ ဆရာတော်သံဃာတော်များ ဦးစီးကျင်းပပြုလုပ်သော”နာဂပုရသာသနာလင်္ကာရသာမဏေကျော်အသင်း ဟိုပုံးမြို့ နောင်တောင်ပရဟိတဘုန်းတော်ကြီးကျောင်းတွင် တန်ဆောင် မုန်းလဆန်း ၁၊၂၊၃ ရက်တို့၌ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။ ကိုဗစ်ကပ်ရောဂါနှင့် လက်ရှိမြန်မာနိုင်ငံအတွင်းရှိသာမဏေကျော်စာမေးပွဲအသင်း အတော်များများ ရပ်နားရခြင်းများနေသည့်အတွက် သာမဏေကျော်စာသင်သားကိုရင်များ၊သီလရှင် (ဆရာလေး)များ ၏ တစ်နှစ်ထက်တနှစ် သက်တော်ကြီးလာခြင်း၊အချိန်တစ်နှစ်ဆုံးရှုံးခြင်းအခက်ခဲဖြစ်နေကြောင်းသိရသည်။ သာမဏေကျော်စာသင်နေသည့်သီလရှင် (ဆရာလေး)တစ်ပါးက “သာမဏေကျော် စာမေးပွဲဆိုတာက အသက်အကန့်အသတ်နဲ့ရှိတော့ စာမေးပွဲ ရပ်နားနေရခြင်းက စာသင်သား တွေထိခိုက်တာအပြင် ဘုရားသာသနာရဲ့ယိုယွင်းခြင်းကိုလည်းသိသိသာသာကျစေတယ်”ဟု မိန့်ကြားသည်။ မြန်မာနိုင်ငံအတွင်း သာမဏေကျော်စာပေးပွဲကျင်းပပြုလုပ်သောအသင်းများသည်(၂၀)ကျော်ရှိပြီး သာမဏေကျော်စာမေးပွဲ ကာလသည် သီတင်း ကျွတ်လပြည့်ကျော်မှ တပိုတွဲလထိဖြစ်ပြီးမြို့နယ် ဌာနအလိုက်ဖြေဆိုရကြောင်းသိရသည်။

၂၆။ NUG အစိုးရက မြန်မာ့နွေဦးတက္ကသိုလ် စတင်ဖွင့်လှစ်ကြောင်း ကြေညာ
October 7, 2022
အဆင့်မြင့်ပညာကဏ္ဍမှ ကျောင်းသား၊ ကျောင်းသူတွေအတွက် ပညာရေးအစီအစဉ်တခုဖြစ်တဲ့ မြန်မာ့နွေဦးတက္ကသိုလ်၊ Myanmar Nway-Oo University (MNOU) ဖွင့်လှစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။ NUG အစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်ကို အထောက်အကူဖြစ်စေဖို့၊ စစ်အာဏာရှင် ဆန့်ကျင်ရေးကို အထောက်အကူဖြစ်စေဖို့၊ ကျောင်းသား၊ ကျောင်းသူတွေအတွက် စဉ်ဆက်မပြတ်ပညာရေးကို ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ အရည်အသွေးရှိ လူ့စွမ်းအားအရင်းအမြစ်တွေ မွေးထုတ်ပေးနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ကြားကာလ ပညာရေးပြင်ဆင်နေမှုတွေ ဆောင်ရွက်နေတယ်လို့ ပြီးခဲ့တဲ့ မေ ၆ ရက် ရက်စွဲနဲ့ ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။ ခုလတ်တလော ဖွင့်လှစ်လိုက်တဲ့ မြန်မာ့နွေဦးတက္ကသိုလ် (MNOU) ကတော့ ကြားကာလ ပညာရေးအတွက် ယာယီတက္ကသိုလ် ကောင်စီတွေ၊ ဘာသာရပ်အဖွဲ့တွေ စုစည်းပြီးတော့ ပူးပေါင်းတည်ထောင်ထားတဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ပြည်သူပိုင်တက္ကသိုလ် (Public University) တခုဖြစ်တဲ့အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ် (Autonomous University) အဖြစ် အခမဲ့ပညာရေးကို ဖော်ဆောင်မယ့် တက္ကသိုလ်တခုလည်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တက်ရောက်သင်ယူလိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ အွန်လိုင်းသင်ကြားရေး ပလက်ဖောင်းပေါ်ကတဆင့် တင်ပေးထားတဲ့ Formal Courses (ဘွဲ့ကြို၊ ဘွဲ့လွန် ပုံမှန်နေ့သင်တန်းနဲ့ အဝေးသင် သင်တန်းများမှ သင်ခန်းစာများ)၊ Core Curriculum Courses (တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးထားသော/ အခြေခံပညာ ပြီးမြောက်ထားသော ကျောင်းသား၊ ကျောင်းသူများအတွက် ဘာသာရပ်မိတ်ဆက် သင်ခန်းစာများ) နဲ့ Short Courses (လက်တွေ့အသုံးချ အသိပညာ၊ အတတ် ပညာရပ်ဆိုင်ရာ သင်တန်းများနဲ့ တတ်ကျွမ်းနားလည်မှုများ ပိုမိုရရှိစေနိုင်သော စွမ်းရည်မြှင့်သင်တန်းများ) ၃ မျိုးကိုတက် ရောက်သင်ကြားနိုင်မယ်လို့ ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကတော့ အခြေခံပညာကဏ္ဍမှာ စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုတဲ့သူတွေကို အသိအမှတ်မပြုဘူးလို့ ကနဦး ကြေညာချက် ထုတ်ပြန်ထားသလို စစ်ကောင်စီဖွင့်လှစ်တဲ့ တက္ကသိုလ်အသီးသီးမှာ တက်ရောက်သင်ကြားနေသူတွေကိုလည်း အသိအမှတ်မပြုဘူးလို့ ပြောထား တာပါ။ အကြမ်းဖက် စစ်ကောင်စီကတော့ တိုင်းပြည်အေးချမ်းတည်ငြိမ်နေတာကို ပြသချင်တာကြောင့် ပညာရေးနဲ့ ပတ်သက်ပြီး တက္ကသိုလ် မဟာဘွဲ့သင်တန်းတွေကစပြီး ဖွင့်လှစ်ထားပေမဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ထုတ်နေတဲ့ ကျောင်းသား သမဂ္ဂတွေ အပါအဝင် အခြေခံပညာရော အဆင့်မြင့်ပညာကဏ္ဍက ဆရာ၊ ဆရာမတွေကပါ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ အခုထိတိုင် တက်တက်ကြွကြွ ပါဝင်နေကြဆဲ ဖြစ်ပါတယ်။

၂၇။ နမ္မတူမှာ လောင်းကစား လုပ်သူတွေကို PSLF/TNLA ရဲ့ မြို့နယ် အုပ်ချုပ်ရေးဌာနက အရေးယူသွားမယ်လို့ ပြော
October 7, 2022
ရှမ်းမြောက် နမ္မတူမြို့နယ်အတွင်း လောင်းကစားတွေဖြစ်တဲ့ ဖဲနဲ့ မာကျိုင် ဆော့ကစားသူ များလာပြီး အိမ်တွင်း ပြဿနာတွေ ကြုံလာရတဲ့အတွက် ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်မှာ ဒေသခံတစ်ဦးက တအာင်းတပ်မတော် (PSLF/TNLA)ရဲ့ မြို့နယ်ရုံးသို့ အဆိုပါကိစ္စကို သွားရောက် တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။ လောင်းကစား လုပ်သူတွေကို တွေ့ရှိခဲ့ရင် ဒဏ်ငွေ ၁ သိန်း၊ ထောင်ဒဏ် ၁ လနဲ့ အိမ်ရှင်အဖြစ် လက်ခံဖွင့်လှစ်သူကို ဒဏ်ငွေ ၅ သိန်း၊ ထောင်ဒဏ် ၃ လ ချမှတ်သွားမယ်လို့ မြို့နယ် မှူးက ပြောပါတယ်။ “နမ္မတူမြို့ထဲမှာ ဒီလိုလောင်းကစား ဆက်လုပ်နေရင် ကျနော်တို့ လိုက်ဖမ်းမယ်။ ပြီးတော့ ထိုက်တန်တဲ့ ပြစ်ဒဏ်ပေးမယ်။ လောင်းကစား မလုပ်တာပဲကောင်းတယ်” ကျေးရွာထဲမှာ ဖဲနဲ့ မာကျိုင် ဆော့နေသူတွေအတွက် အိမ်ရှင်အဖြစ် လက်ခံသူဟာ ထမင်းကအစ ချက်ကျွေးပေးတယ်လို့ နမ္မတူမြို့နယ် ပန်လုံဒေသမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“လောင်းကစား ပြောတာနဲ့ လုံးဝ မကောင်းဘူးပေ့ါ။ ဆော့တဲ့သူရော ဦးဆောင်တဲ့လူရော ဖမ်းဆီးအရေးယူရမယ်” လောင်းကစားကိစ္စ တိုင်ကြားခဲ့တဲ့ ဒေသခံတစ်ဦးက “မြို့နယ်မှူးဆီ သွားတိုင်ခဲ့တယ်။ ယောကျာ်းက ဖဲပဲ ရိုက်နေတယ်။ နေ့တိုင်း ရိုက်တယ်။ အိမ်မှာလည်း အလုပ်တွေ ကူလုပ်ပေးတာ မရှိဘူး။ ထမင်းစားပြီးတာနဲ့ ဖဲဝိုင်းသွားပြီ။ ဒီကာလမှာ ငွေကြေး အခက် အခဲ ဖြစ်နေတဲ့ကာလလည်းဖြစ်တယ်။ ဒီလိုမတိုင်ရင် မိသားစုကို အရမ်းထိခိုက်လာမယ်” လို့ ပြောပါတယ်။ စစ်တပ် အာဏာ သိမ်းကာလအတွင်း နမ္မတူအပြင် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ်တွေမှာ လောင်းကစား ဝိုင်း တွေကို မြို့ပေါ်ရပ်ကွက်ထဲမှာ ပေါ်တင် ဖွင့်လှစ်လာကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button