တိုင်းရင်းသားများသတင်း

ရခိုင်မှာ ၂၀၂၂ ခုနှစ်အတွင်း စစ်ဘေးရှောင် ဦးရေ ၈ သောင်းကျော် တိုးလာ

ဓါတ်ပုံ- နိရဉ္စရာ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၅

ရခိုင်ပြည်နယ်ဒေသမှာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ (၄)ရက်နေ့ထိ စစ်ဘေးရှောင် ဦးရေဟာ ၈၂၄၁၉ ဦးရေ တိုးလာတယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။ အဲဒီထဲမှာ မွေးကင်း ကလေးငယ် အရေ အတွက်ဟာလည်း ၂၁၀၁ ဦးထိ ပါဝင်နေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်ဒေသက မြို့နယ်အများစုမှာ ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတို့ကြား နှစ်ဖက်တိုက်ပွဲ ထပ်မှန်ပြင်းထန်ခဲ့တာကြောင့် မြို့နယ်အများက ဒေသခံများဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင် ကြရတာပါ။

နှစ်ဖက်တိုက်ပွဲ ပြန်လည်ပြင်းထန်လာတာကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့ အရပ်သားပြည်သူများဟာ အိမ်ထောင်စု ၂၀၃၅၇ စုထိရှိပြီး စစ်ဘေးရှောင်စခန်း ၁၅၀ မှာ တိမ်းရှောင်နေထိုင်နေကြတယ်လို့ သိရပါတယ်။

လက်ရှိ ရခိုင်တစ်ပြည်နယ်လုံးရှိ စစ်ဘေးရှောင် စခန်းများဟာ အခြေခံ စားနပ်ရိက္ခာလုံလောက်မှု မရရှိတဲ့အတွက် အခက်အခဲကြုံတွေ့နေရတယ်လို့ ဒေသ သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒါ့အပြင် အရင်နှစ်က ဆန်ရိက္ခာ ပုံမှန်ထောက်ပံ့ပေးနေတဲ့ လူကယ်ပြန်ကလည်း ဆန်ရိက္ခာ မထောက်ပံ့တာ အချိန် ၄ လကျော်ခန့်ကြာမြင့်နေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ နိုင်ငံတကာ အန်ဂျီအိုများနှင့် လူမှုအဖွဲ့အစည်းများဟာ ရခိုင်စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီ သွားရောက်ပေးနိုင်ဖို့ကိုလည်း တင်းတင်းကျပ်ကျပ် စစ်ကောင်စီက ပိတ်ပင်ထားခြင်း ခံနေရတာပါ။

လက်တလောမှာတော့ စစ်ကောင်စီဟာ စစ်ဘေးရှောင် စခန်းများသို့ စားနပ်ရိက္ခာ အကူအညီများကို ပိတ်ပင် ဖြတ်တောက်ထားသလို စစ်ဘေးရှောင်များကို နေရပ်သို့ မပြန် ပြန်အောင် ဖိအားပေးနေမှု လုပ်ဆောင်နေတယ်လို့ ဆိုကြပါတယ်။ စစ်ကောင်စီရဲ့ အဲဒီလုပ်ရပ်ဟာ လူမဆံသည့် လုပ်ရပ်ဖြစ်တယ် လို့လည်း ရခိုင်ပြည်သူများကြားမှာ ပြောဆိုဝေဖန်မှုများ ထွက်ပေါ်နေပါတယ်။

Related Articles

Back to top button