တိုင်းရင်းသားများသတင်း

လေးကေစခန်းနှင့် တပ်ချိန်းတဲ့ စစ်ကောင်စီတပ်က အရပ်သား (၉)ဦးကို ဖမ်းဆီးပြီး လူသားဒိုင်းပြုလုပ်

ဓါတ်ပုံ- စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၇

 

ကေအဲန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ လေးကေစစ်ကောင်စီစခန်းသို့ နေရာလဲလှယ်တပ်ချိန်းသွားတဲ့ စစ်ကောင်စီ (ခမရ- ၄၀၁၊ ခမရ-၄၁၀) ပူးပေါင်းတပ်ဖွဲ့က ဝင်းတာပန် စစ်ကောင်စီစခန်းသို့ အပြန်လမ်းမှာ ဒေသခံအရပ်သား (၉)ဦးကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားခဲ့တယ်လို့ ကေအဲန်ယူ-ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

 

လူသားဒိုင်းကာအဖြစ် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ ကားမဲကျေးရွာနှင့် တာပေါခီး ကျေးရွာ တို့က ရွာသား (၆) ဦး၊ နော့ကတိုခီးက (၁) ဦး၊ ကျောက်တောင်ရွာသား (၁)ဦး၊ နို့တလာအောက (၁)ဦး စုစုပေါင်း (၉) ဦးတို့ ဖြစ်ကြတာပါ။

 

အဲဒီလူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတဲ့ထဲက စက်တင်ဘာလ (၆) ရက်နေ့မှာ ကားမဲရွာနှင့် တာပေါခီး ရွာသား (၆) ဦးကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း နော့ကတိုခီး၊ ကျောက်တောင်နှင့် နို့တလာအော ရွာသား (၃) ဦးကိုတော့ လွှတ်ပေးခြင်းမရှိသေးပဲ စက်တင်ဘာလ (၇) ရက်နေ့ ညနေ (၇) နာရီခန့်က ပိန္နဲတော စစ်ကောင်စီစခန်းကို လူသားဒိုင်းပြုလုပ်ပြီး ဆက်လက် ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

အခုလို ဒေသခံများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာဟာ သြဂုတ်လ (၃၀) ရက်နေ့က နယ်မြေခံ ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၊ ကရင့်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO)၊ မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့် လေးကေစခန်းသို့ တပ်ချိန်းရန် စစ်ကြောင်းထိုး လာသော စစ်ကောင်စီတပ်ဖွဲ့များတို့အကြား နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဖက်က (၆) ဦးသေ (၂)ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်နဲ့ဆက်စပ်နေတယ်လို့ ကေအဲန်ယူ-ဗဟိုရဲ့ ထုတ်ပြန်ချက်အရ နားလည်ရပါတယ်။

Related Articles

Back to top button