တိုင်းရင်းသားများသတင်း

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

(No. 12, February 15, 2021)

 

၁။ ချင်းပြည်နယ်၌ စစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် တနှစ်အတွင်း ပြည်သူ ၄၆ ဦး သေဆုံး
14 February, 2022

ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်း စစ်တပ်က အကြမ်းဖက် သတ်ဖြတ်လို့ သေဆုံးတဲ့ပြည်သူ ၄၆ ယောက်ကျော်ရှိခဲ့သလို စစ်တပ်ရဲ့ ယောဂကြောင့် စစ်ဘေးရှောင်ရင်း ဆေးဝါးနဲ့စားနပ်ရိက္ခာပြတ်တောက်ပြီး သေဆုံးခဲ့ရသူ တွေလည်း ရှိနေတယ်လို့ ချင်းပြည်နယ်ဒေသခံ CDF ခေါင်းဆောင်တွေက ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း AAPP ရဲ့ ၂၀၂၂ ဖေဖော်ဝါရီ ၁၁ ရက် အထိ မှတ်တမ်းတွေအရ ချင်းပြည်နယ်မှာ စစ်တပ်က အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အတွက် အပြစ်မဲ့အရပ်သားပြည်သူ ၄၆ ယောက်ကျော် သေဆုံးခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီး တစ်နှစ် ကျော်ကာလအတွင်း စစ်တပ်က အကြမ်းဖက်ပစ်ခတ်တာ၊ ဖမ်းဆီးနှိပ်စက်ရင်း လက်လွန်သေဆုံးတာ၊ လူသားဒိုင်းအဖြစ် အသုံး ပြုပြီး သတ်ဖြတ်တာတွေ ကြောင့် ချင်းပြည်နယ်ထဲက အပြစ်မဲ့ပြည်သူတွေ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

စစ်ကောင်စီက ချင်းပြည်နယ်၊ မြို့နယ် ၉ ခုထဲက တွန်းဇံမြို့နယ်ကလွဲပြီး ကျန်မြို့နယ် ၈ ခုမှာ အကြမ်းဖက်လူသတ်မှုတွေ ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီက ချင်းပြည်နယ်ထဲမှာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေဖြတ်တောက်ထားတာ၊ လမ်းပန်း ဆက်သွယ်ရေး မကောင်းမွန်တာတွေကြောင့် လက်တွေ့မြေပြင်မှာ သေဆုံးတဲ့နှုန်းဟာ AAPP ရဲ့စာရင်းထက် ပိုပြီးများပြားနိုင် တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်ရဲ့ပယောဂကြောင့် စစ်ဘေးရှောင်ရင်း ရိက္ခာနဲ့ဆေးဝါးပြတ်လပ်တာ၊ ရာသီဥတု ဒဏ်ခံရတာတွေကြောင့် သေဆုံးခဲ့ရသူတွေလည်းရှိခဲ့တယ်လို့ မင်းတပ် CDF တာဝန်ရှိသူက ပြောပါတယ်။

ချင်းပြည်နယ်၊ ဟားခါးမြို့၊ မတူပီမြို့တို့မှာလည်း စစ်ကောင်စီက အကြမ်းဖက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ မင်းတပ်မြို့ မှာတော့ ၂၀၂၁ ခုနှစ် ဧပြီလကုန်ပိုင်းကတည်းက စစ်ကောင်စီက ထိုးစစ်ဆင်အကြမ်းဖက်ခဲ့တာကြောင့် မြို့လုံးကျွတ်စစ်ဘေး ရှောင်ခဲ့ရပါတယ်။ ချင်းပြည်နယ်ထဲမှာ ခရိုင် ၄ ခု၊ မြို့နယ် ၉ ခု၊ မြို့ ၁၈ မြို့၊ ရပ်ကွက် ၆၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၆၄ အုပ်စု နဲ့ ရွာပေါင်း ၁၃၄၇ ရွာတည်ရှိပြီး လူဦးရေ ၅ သိန်းကျော်ထက်မနည်း စစ်ဘေးသင့်နေတာဖြစ်ပါတယ်။ စစ်ကောင်စီက ကန်ပက်လက်မြို့နယ်မှာ ပြည်သူ ၅‌ ယောက်၊ တီးတိန်မြို့နယ်မှာ ၃ ယောက်၊ ထန်တလန်မြို့နယ်မှာ ၄ ယောက်၊ ပလက်ဝမြို့ နယ်မှာ ၁၀ ယောက်ထက်မနည်း၊ ဖလမ်းမြို့နယ်မှာ ၅ ယောက်၊ မင်းတပ်မြို့နယ်မှာ ၄ ယောက်၊ မတူပီမြို့နယ်မှာ ၁၂ ယောက်၊ ဟားခါးမြို့နယ်မှာ ၃ ယောက်၊ စုစုပေါင်း အရပ်သားပြည်သူ ၄၆ ယောက်ကျော်ကို သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ ဧပြီ ၂၇ ရက်က တီးတိန်မြို့မြောက်ဘက်မှာ စစ်ကောင်စီက အသက် ၂၀ အရွယ် မောင်ထန်းမွမ်းလျန်ကို ချင်းပြည်နယ်ထဲမှာ အစောဆုံး အနေနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်ပြီး ၂၀၂၂ ဇန်နဝါရီ ၃၁ ရက်က ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီက ကိုမင်းရန်အောင် ကို ပစ်ခတ်သတ်ဖြတ်ထားတာဖြစ်ပါတယ်။

၂။ မိုင်းယော်မှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံရွာလုံးကျွတ် ထပ်မံပြေးရ
February 14, 2022

ရှမ်းပြည်နယ်မြောက်ပိုင်း လားရိူးမြို့နယ် မိုင်းယော်တိုက်နယ် ပန်သပြေနဲ့ လုံတောက်ကျေးရွာနီးနားတစ်ဝိုက်မှာ မနေ့ည ဖေဖော်ဝါရီ ၁၃ရက်နေ့ ညပိုင်းမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ အကြားတိုက်ပွဲ ပြင်းထန်မှုကြောင့် ဒေသခံတွေ ရွာလုံးကျွတ်ထွက်ပြေးနေကြရပါတယ်။ ပန်သပြေနဲ့ လုံတောက်ကျေးရွာခံတွေဟာ ဒီနေ့မနက်အစောပိုင်းမှာ ရွာလုံးကျွတ် မိုင်းယော်မြို့ပေါ်မှာ ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုင်းယော်ဒေသခံတစ်ဦး “မနေ့ည ၁၂ နာရီ ကစပြီး တိုက်ပွဲဖြစ်တယ်။ အသံက အကြယ်ကြီးပဲ မြို့ထဲတောင်ကြားရတယ်။ အဲနားမှာ ရှိတဲ့ ကျေးရွာတွေက အကုန် ထွက်ပြေးလာရတယ်။ MNDAAနဲ့ စစ်ကောင်စီတို့ ဖြစ်တယ်လို့တော့ ရွာသားတွေကပြောကြတယ်”လို့ ရွှေဖီမြေကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီက ညီနောင်မဟာမိတ်အဖွဲ့တွေရှိတဲ့နေရာကို စစ်ကောင်စီဘက်က လေယဉ်နဲ့ ညတွင်း လာပစ်ခတ် သွားတယ်လို့ သိရပါတယ်။ ဖုန်းလိုင်းအခက်ခဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ကျေးရွာသား စာရင်းအသေးစိတ်ကို တော့ မရရှိသေးပါဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်က စပြီး မိုင်းယော်တိုက်နယ် ဖာဖိန့် ကျေးရွာအနီး ညီနောင်ပိုင်းမဟာမိတ် အဖွဲ့ ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပြီး ဒီနေ့အချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။ မိုင်းယော်တိုက်နယ်မှာ ညီနောင်မဟာမိတ်အဖွဲ့ ၃ ဖွဲ့ဖြစ်တဲ့ တအာင်းတပ်မတော် TNLA၊ ကိုးကန့် MNDAA တပ်ဖွဲ့ နဲ့ ရခိုင်တပ်တော် AA တို့အပါအဝင် ကချင်တပ်မတော် KIA ရှမ်းပြည်တိုးတက်ရေးပါတီ SSPP စစ်ကောင်စီတို့ သွားလားလှုပ်ရှားတဲ့ နယ်မြေတွေဖြစ်ပါတယ်။

၃။ ကမ္ဘာကြီးသိပါစေ အစီရင်ခံစာ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ထုတ်ပြန်
February 14, 2022

စစ်အာဏာသိမ်း တစ်နှစ်တာကာလအတွင်း အစုအပြုံလိုက် သတ်ဖြတ်မှုတွေဖြစ်ခဲ့တဲ့ ကယားပြည်နယ်က လူ့အခွင့်အရေးချိုး ဖောက်မှုတွေနဲ့ ပတ်သက်ပြီး “ကမ္ဘာကြီး သိပါစေ” ဆိုတဲ့ အစီရင်ခံစာတစ်စောင်ကို ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG နဲ့ လူ့ အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ND-Burma တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအစီရင်ခံစာမှာ အနှစ် ၇၀ ကျော်ကြာ ပြည်တွင်းစစ်အတွင်း မြန်မာစစ်တပ်ရဲ့ ရက်စက် တဲ့ ဖိနှိပ်မှုတွေကို အစပျိုးထားပြီး၊ မကြာသေးခင်ကမှ ဖရူဆိုမြို့နယ် မိုဆိုရွာမှာဖြစ်ခဲ့တဲ့ အစုအပြုံလိုက် သတ်ဖြတ်မှုကို အဓိထား ဖော်ပြထားပါတယ်။ မိုဆိုရွာ အစုအပြုံလိုက်သတ်ဖြတ်မှုကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကနေ အမြန်ဆုံး အရေးယူနိုင်ဖို့အတွက် အခုလို အစီရင်ခံစာ ထုတ်ပြန်ရတာလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ညွန်ကြားရေးမှူး ကိုဗညား က RFA ကို ပြောပါတယ်။

“ဒီနောက်ဆုံးအဆင့်ထိ တကယ်လက်တွေ့ အပြစ်ကျူးလွန်တဲ့သူကို အပြစ်ပေး အရေး ယူနိုင်တဲ့ အထိဖြစ်အောင် ကျနော်တို့က စီစဉ်ထားတာရှိတယ်။ ကျနော်တို့ ဒီဘက်ခြမ်း ဒီနိုင်ငံတကာ အကူအညီနဲ့ သွားတာရှိသလို ကျနော်တို့ ပြည်နယ်ရဲ့ ဒီအစုလိုက် အပြုံ လိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ဒီဟာကို ကျနော်တို့ စနစ်တကျ လုပ်ထားမှု ရှိပြီး တော့မှ နောင်တစ်ချိန်ကျရင် အပြစ် ပေးအရေးယူနိုင်မယ့် စနစ်ကို ကျနော်တို့ ထူထောင်နိုင်ပြီးတော့မှ ဒီသက်ဆိုင်တဲ့သူတွေကို ကျနော်တို့ အပြစ်ပေး အရေးယူနိုင်ဖို့ ကျနော်တို့ မျှော်လင့်ချက်ရှိပါတယ်။ ကျနော်တို့ ဆက်လုပ်မယ့် လုပ်ငန်းစဉ်တစ်ခုတည်း မှာ ပါပါတယ်” ကယားပြည်နယ်မှာ ကရင်နီကာကွယ်ရေးတပ်တွေက စစ်ကောင်စီတပ်တွေကို လက်နက် ကိုင် တော်လှန်နေတာ မှန်ပေမယ့် ပြည်သူအများစု ကတော့ လက်နက်ကိုင်တော်လှန်ရေးနဲ့ ဘာမှမသက်ဆိုင်ဘဲ စစ်ကောင်စီရဲ့ ပစ်မှတ်ထား တိုက်ခိုက်တာကို ခံနေရတယ်လို့ ကိုဗညားက ပြောပါတယ်။ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံ ခမရ ၁၀၈ က မိုဆိုကျေးရွာကို ဝင်ရောက်စီးနင်းပြီး အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ရွာသား ၄၀ ကို ဖမ်းဆီး၊ လက် နောက်ပြန်ကြိုးတုပ်ပြီးမှ မီးရှို့သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း “ကမ္ဘာကြီး သိပါစေ” အစီရင် ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ဒီဇင်ဘာ ၂၄ ရက် မိုဆိုရွာက အစုအပြုံလိုက် အသတ်ခံရမှုမှာ အမျိုးသမီး ငါးဦး ပါဝင်ပြီး၊ အဲဒီအထဲမှာ အသက် ၁၅ နှစ် အောက် မိန်းကလေးငယ် တစ်ဦးလည်း ပါဝင် တယ်လို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်း ပွဲမှာ ကရင်နီပြည်နယ်ရဲတစ်ဖွဲ့ (KSP) က ပြောထားပါတယ်။ ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ရက်ကလည်း စစ်အာဏာသိမ်း တစ်နှစ်တာကာလ အတွင်း ကယားပြည်နယ်မှာ အရပ်သား ၂၁၂ ဦး သေဆုံး၊ ၂၆၈ ဦး အဖမ်းခံထားရပြီး ခရစ်ယန် ဘုရား ကျောင်းတွေ အပါအဝင် လူနေအဆောက်အဦ ၄၉၂ လုံး ထိခိုက်ပျက်စီး ခဲ့ကြောင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

 

၄။ ပူတာအိုနှင့် မချမ်းဘော့တွင် စစ်အင်အားဖြည့်ရန် ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ကို ညွန်ကြားထား
13, February 2022

လက်ရှိ စစ်ရေးတင်းမာနေသော ပူတာအို နှင့် မချမ်းဘော့ဒေသတွင် စစ်အင်အားဖြည့်တင်းရန် စစ်ကောင်စီ မှ ခေါင်လန်ဖူး ပြည်သူ့စစ်အဖွဲ့ကို ညွန်ကြားထားသည်ဟု သိရသည်။ ပူတာအိုတွင် စစ်ကောင်စီ၏ အင်အား အလွန်နည်းပါးနေသောကြောင့် ခေါင်လန်ဖူး ပြည်သူ့စစ်အဖွဲ့ကို ခေါ်ယူခြင်းဖြစ်သည်ဟု ပူတာအိုဒေသခံတစ်ဦးက KNG ကို ပြောသည်။ “မူလာရှီးဒီ ကျေးရွာ တစ်ချို့မှာတောင် ကတုတ်ကျင်း တူးထားပြီး လှုပ်ရှားနေပြီတဲ့။ မနေ့ကပဲ ရှိသေးတယ်။ စစ်အင်အား အတိအကျမသိပေမယ့် ဆင်းလာတာတော့သေချာပြီ ဘာလို့ဆိုတော့ ပူတာအိုမှာက အင်အား ဘာမှ မရှိတော့ဘူးလေ။ ခေါင်လန်ဖူးမှာပဲ ပြည်သူ့စစ် အင်အား များတာ။” ဟု ပြောသည်။

ထို့အပြင် ယခုအပတ်အတွင်း ပူတာအိုအခြေချ စစ်ဗျူဟာမှူး မှ ခေါင်လန်ဖူး ပြည်သူ့စစ်တပ်ဖွဲ့၏ စစ်အင်အားများကို ပူတာအို နှင့် မချမ်းဘော့သို့ အမြန်ဆုံးအင်အားဖြည့်ရန် ညွန်ကြားထားသည်ဟု အဆိုပါပြည်သူ့စစ်အဖွဲ့နှင့် ရင်းနီးသော အမည်မဖော်လို သူ ရဝမ်လူကြီးတစ်ဦးထံမှ ဆက်လက်သိရသည်။ လက်ရှိ မြစ်ကြီးနား- ပူတာအို လမ်းပိုင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၇ နှင့် PDF တို့မှ ထိန်းချုပ်ထားပြီး စစ်ကောင်စီ ပူတာအို ၄၆ ဗျူဟာတပ်ရင်းမှ စစ်အင်အားများကို ဖတ်မာကျေးရွာ ဘက်သို့ အလုံးအရင်းပို့ဆောင်ထားသောကြောင့် လုံရှာယန်နှင့် ဖတ်မာကျေးရွာအနီးတွင် နှစ်ဖက်တပ် စစ်ရေးတင်းမာနေဆဲ ဖြစ်သည်ဟု သိရသည်။

ပူတာအိုမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး ဆွမ်ပီယန်နှင့် လုံရှာယန်ကျေးရွာရှိ စစ်ကောင်စီတပ် စခန်းများကို KIA နှင့် PDF တို့မှ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် စစ်ကောင်စီမှ ဆွမ်ပီယန် ကျေးရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် လုံရှာယန်ကျေးရွာအနီး နှစ်ဖက် တပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ကာ ဒေသခံအချို့မှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးနေရဆဲဖြစ်ပါသည်။

၅။ လွိုင်ကော်မြို့ ပါကျဲရွာသားနှစ်ဦး မီးလောင်ကျွမ်းပြီး သေဆုံး
February 13, 2022

ကယား (ကရင်နီ) ပြည်နယ် လွိုင်‌ကော်မြို့နယ်က ပါကျဲရွာအနီးမှာ ဖေဖော်ဝါရီ ၁၀ ရက်က မီးလောင်ကျွမ်းခံထားရသူ နှစ် ယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက်က စံပြသုံးမိုင်၊ ပါကျဲရွာအနီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ စစ်ကောင်စီတပ်တို့ တစ်နေ့လုံး တိုက်ပွဲဖြစ်ခဲ့ပြီးနောက် အဲဒီနှစ်ယောက် သေဆုံးနေတာ တွေ့ရတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဘယ်သူဘယ်ဝါ ကျွန်တော်တို့လည်း မသိတော့ဘူးပေါ့။ နယ်ခံရဲ့ပြောပြချက်အရ သက်သေ အထောက်အထားအရတော့ ပါကျဲရွာသားတွေပါပဲ။ အဲဒီလို အတည်ပြုလို့ ရတယ်ပေါ့။ ရွာလည်းမီးရှို့တယ်၊ ပြီးမှ လူလည်း ရှို့တာပေါ့” မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်းမှာ စစ်ကောင်စီတပ်ဘက်က စစ်ဝတ်စုံတွေ ဝတ်ပေး ထားတယ်လို့ KNDF က ဖေဖော်ဝါရီ ၁၁ ရက်မှာ ထုတ်ပြန် ထားသလို ဒေသခံတွေရဲ့ အတည်ပြုချက်အရ ပါကျဲရွာသားတွေဖြစ်ပြီး ဘယ်သူတွေဆိုတာတော့ အတိအကျ မပြောနိုင်သေး ဘူးလို့ ဆိုပါတယ်။ ပါကျဲရွာအပါအဝင် လွိုင်ကော်မြို့နယ်ထဲက တခြားရွာတွေက ဒေသခံတွေလည်း စစ်ဘေးရှောင်နေကြရပြီး သေဆုံးသူ နှစ်ယောက်ဟာ ရိက္ခာပြန်ယူသူ ဒါမှမဟုတ် မရှောင်တိမ်းဘဲ ကျန်နေခဲ့သူတွေ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

၆။ ဗိုလ်ရှုသဘင်ပွဲ KNU တက်ရောက်တာ မရှိလို့ဆို
February 12, 2022.02

နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဗိုလ်ရှုသဘင် အခမ်းအနားကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ တက်ရောက် ခဲ့ရာမှာ ကရင်အမျိုးသား အစည်းအရုံး KNU က ကိုယ်စားလှယ် တက်ရောက်တာမရှိ ဘူးလို့ KNU က ပြောပါတယ်။ စစ်ကောင်စီက ထုတ်ပြန်တဲ့ အခမ်းအနား ဓာတ်ပုံတွေထဲမှာ KNU ရဲ့ ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ဟောင်း ပဒိုစောရွှေမောင်း တက်ရောက်ခဲ့ပေမယ့် KNU နဲ့ မသက်ဆိုင်ဘူးလို့ KNU ရဲ့ နိုင်ငံခြားရေး တာဝန်ခံ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။ “ပုဂ္ဂလိက တစ်ဦးချင်းပဲ တက်ရောက်တာပါ။ KNU ကို ဖိတ်တာတော့ ရှိပါတယ်။ ကျွန်တော်တို့ကတော့ မသွားဘူးလို့ နဂိုကတည်းက ယတိပြတ် ပြောထားပြီးသားလေ။ တစ်ဦးချင်းသွားတာဖြစ်လို့ အဖွဲ့အစည်းနဲ့ လုံးဝမဆိုင်ပါဘူး ” တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲက ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့ခုနှစ်ဖွဲ့နဲ့ လက်မှတ် မထိုးရသေးတဲ့ အဖွဲ့လေးဖွဲ့တို့ တက်ရောက်တယ်လို့ ဆိုထားပါတယ်။

NCA လက်မှတ်မထိုးရသေးတဲ့ ရက္ခိုင့်တပ်တော် (AA/ULA) က ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ညီ ကိုအောင်မြတ်ကျော်နဲ့ နိုင်ငံရေးမှူး ဦးဦးလှစော၊ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က လားရှိုး မြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်း၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) က ဗဟိုကော်မတီဝင် စိုင်းနော်လိတ်၊ မိုင်းလားအဖွဲ့ (NDAA) က ဆက်ဆံရေးအရာရှိကြီးမှူး စိုင်းမောက် တို့ တက်ရောက်ခဲ့ပါ တယ်။ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေထဲမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ မွန်ပြည်သစ်ပါတီ (MNSP) က နိုင်စိုက်ချမ်း၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) က ဒု-ဥက္ကဋ္ဌ ဒေါ်စောမြ ရာဇာလင်းနဲ့ စစ်ဦးစီးချုပ် ခိုင်စောမြ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ KNU-KNLA (PC)၊ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့နဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) က ဒူးပလာယာခရိုင် ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်း တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

၇။ ပင်လုံစာချုပ်ကို ဆုပ်ကိုင်ထားဆဲလို့ KIO ဒု-ဥက္ကဋ္ဌ ပြော
February 12, 2022

တိုင်းရင်းသားတွေအနေနဲ့ ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ကို ဆုပ်ကိုင်ထားဆဲပဲလို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်ကပြော ကြားလိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျ ရောက်တဲ့ ပင်လုံစာချုပ် ချုပ်ဆိုခဲ့တဲ့ ၇၅ နှစ်မြောက် အထိမ်းအမှတ်နေ့အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဦးဆောင် ပြုလုပ်တဲ့ အခမ်းအနားမှာ KIO ဒု-ဥက္ကဋ္ဌက ပြောခဲ့တာပါ။ စစ်အစိုးရ အဆက်ဆက်ဟာ ပင်လုံစာချုပ်ကို ပစ်ပယ်ထားခဲ့ကြပြီး ငြိမ်းချမ်းရေးကို အပေါ်ယံသဘောနဲ့ လိုသလို ပုံဖော်ခဲ့ကြတာတွေလည်း ရှိခဲ့တယ်လို့ KIO ဒု-ဥက္ကဋ္ဌက ဆိုပါတယ်။

“စစ်အာဏာရှင် အစိုးရအဆက်ဆက် ဖက်ဒရယ်မူကို ခွဲထွက်ရေးဖြစ်တယ်။ နိုင်ငံ ပြိုကွဲစေမယ့် မူဆိုပြီး နိုင်ငံရေးအာဏာကို ဆုပ်ကိုင်ထားနိုင်ဖို့အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုရေးဆွဲကာ အကာအကွယ်ယူခဲ့ကြပါတယ်” ပင်လုံစာချုပ်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ပြည်နယ်တွေရဲ့ ရပိုင်ခွင့်တွေ၊ လူမျိုးရေးအရ လွှမ်းမိုးမှုမရှိစေရေး၊ ပြည်ထောင်စုက ခွဲထွက်ခွင့်စတဲ့ ကတိကဝတ်တွေပြုခဲ့ပြီး ဒါကို တောင်တန်းနေ တိုင်းရင်းသားတွေ အနေနဲ့ တန်ဖိုးထား စွဲကိုင်ထားဆဲပဲလို့လည်း ပြောပါတယ်။

လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) က ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပယ်ဖျက်ပြီးဖြစ်တဲ့အတွက် ဖက်ဒရယ် လမ်းကြောင်းဟာ ပွင့်သွားပြီလို့ သူက ဆိုပါတယ်။ ဒါ့အပြင် (NUG) အနေနဲ့ ဒီဖြစ်ရပ်တွေအတွက် နစ်နာသူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ တောင်းပန်ပြီး လုပ်ဆောင်သင့်တာတွေကို ဆက်လက်လုပ်ဆောင်ဖို့ ဆိုထား ပါတယ်။

 

၈။ နမ္မတူမှာ လူငယ်အမျိုးသားတစ်ဦးက လင်မယား ၂ ဦးကို ဓားနဲ့ခုတ်ပြီး သတ်ဖြတ်
February 14, 2022

မနေ့ဖေဖော်ဝါရီလ ၁၃ ရက် ည ၁ဝ နာရီဝန်းကျင်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့ခံ လင်မယား ၂ ဦးကို လူငယ်အမျိုး သားတစ်ဦးက ဓါးနဲ့ခုတ်ပြီး သတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။ ဓါးခုတ်ဒဏ်ရာနဲ့ သေဆုံးသွားတဲ့ လင်မယား ၂ ဦးဟာ သတလ (၁ ) ရပ်ကွက် ညောင်ပင်လိုင်းမှာ နေထိုင်တဲ့ ဦးဝင်းအေးနဲ့ ဒေါရီဝင်းတို့ လင်မယားတို့ ဖြစ်ပါတယ်။ သွားရောက် ကူညီ ဆောင်ရွက်ပေးတဲ့ မေတ္တာရှင် လူမှုကူညီရေးအသင်းတာဝန်ရှိသူ ကိုချစ်မွှေးက ” ဓါးခုတ်တဲ့သူက သူတို့အိမ်ဘေးနားက လူပဲ လို့ပြောတယ်။ ဒေါ်ရီဝင်းက အိမ်ရှေ့မှာ တုတ်နဲ့ရိုက်ခံရတဲ့ ဒဏ်ရာတွေ တွေ့ရှိထားတယ်။ ဦးဝင်းအေးကတော့ သူအိမ်ဘေးနား က သံလမ်းဘေးမှာ ဓါးခုတ်ဒဏ်ရာနဲ့သေဆုံးတာတွေ့ရှိရတယ်” လို့ ပြောပါတယ်။ သေဆုံးသွားတဲ့ ဦးဝင်းအေးဟာ ခေါင်းမှာ ဓါးခုတ် ဒဏ်ရာ ၈ ချက်နဲ့ ဒေါရီဝင်းကတော့ တုတ်နဲ့ရိုက်ခံရတာကြောင့် မျက်လုံးပွင့်ထွက်သွားပြီး နမ္မတူပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ ကိုချစ်မွှေးက ဆက်ပြောပါတယ်။

“ဓါးခုတ်တဲ့ချိန်လည်း ဘယ်သူမှမတွေ့မိဘူး။ သူတို့နှစ်ယောက် သားသမီးတွေလည်း အိမ်ထောင်ပြုကြတော့ အိမ်ခွဲနေတာ သူတို့သား၊သမီးတွေပြောပုံအရဆိုရင် သူတို့မိဘက ခုတ်တဲ့သူနဲ့ ဘာရန်ငြိုးရန်စမှမရှိဘူးတဲ့။ ဘာကြောင့်ခုတ်တာလဲ မသိရသေ ဘူး” လို့ ပြောပါတယ်။ ၎င်းလင်မယား ၂ ဦးကို ဓါးခုတ်တဲ့ အမျိုးသားဟာ အသက် ၂၈ အရွယ်ဝန်းကျင် မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တစ်ဦးဖြစ်ပြီး သူ့ကို ရဲတွေက လာရောက်ဖမ်းဆီသွားပြီး အမှုဖွင့်အရေးယူထားနေတယ်လို့ သိရပါတယ်။ နမ္မတူမြို့နယ် မှာ မူးယစ်ဆေးဝါးသုံးစွဲမှုများပြားလာလို့ ခိုးဆိုးလုနှိုက်တွေ များပြားလာနေပြီး သက်ဆိုင်ရာ ဘက်က ဖြေရှင်းမှုတွေလည်း အားနည်းနေတယ်လို့ မြို့ခံတွေက ဝေဖန်ထောက်ပြပြောဆိုနေပါတယ်။

၉။ ဖားကန့်မြို့ပေါ်တွင် စစ်ကောင်စီတပ် စစ်ဆေးမှု တင်းကြပ်
Feburary 13, 2022

ကချင်ပြည်နယ်၊ ဖားကန့်မြို့မ ရဲစခန်းနှင့် ဗျူဟာကုန်း ကြားတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် အများအပြားက ပိတ်ဆို့ကာ လမ်းသွား လမ်းလာများကို စစ်ဆေးခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၉ နာရီမှ ၁၁ နာရီအထိ စစ်ဆေးခဲ့ရာ ဆိုင်ကယ် Tool box များ ဖွင့်စစ်ခြင်း၊ ကားအတွင်း ရှာဖွေခြင်း၊ လူငယ်များ၏ ဖုန်းများ စစ်ဆေးခြင်းများ ပြုသည်ဟု ဒေသခံ များထံက သိရသည်။

ဖားကန့်မြို့ မြို့နယ်စုပေါင်းရုံးရှေ့တွင် ယမန်နေ့ နံနက် ၆ နာရီကျော်က ဗုံးနှစ်လုံး ပေါက်ကွဲပြီးနောက် စစ်ဆေးမှုများ တင်းကြပ်ခြင်းလည်း ဖြစ်သည်။ ယခုရက်ပိုင်း အတွင်း ဖားကန့်မြို့တွင် ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားခြင်းကြောင့် အစစ်အဆေး တင်းကြပ် နေခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်သည်။ ဖားကန့်မြို့ကို စစ်ကောင်စီက အင်တာနက် ဖြတ်တောက်ထားသည်မှာ ခုနှစ်လနီးပါးရှိပြီ ဖြစ်သည်။

၁၀။ ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ ခါနာန်ဆေးရုံမှာ ဆေးဝါးကိရိယာ လိုအပ်ချက်ရှိနေဆဲ
February 11, 2022

ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ ဖွင့်လှစ်ထားတဲ့ ခါနာန်ဆေးရုံမှာ လူနာတွေကို ကုသပေးဖို့ ဆေးဝါးနဲ့ ဆေးကုသရေး ကိရိယာ တွေ လိုအပ်နေသေးတယ်လို့ ကုသရေးပိုင်းမှာကူညီပေးနေတဲ့ ပရဟိတ ဆေးဆရာမ တစ်ဦးက ပြောပါတယ်။ လူနာတွေကို ကုသပေးဖို့ ဆေးဝါးနဲ့ ကိရိယာတွေ မရှိတာကြောင့် တစ်ခြားဆေးရုံတွေကို လွဲပေးလိုက်ရတဲ့ လူနာတွေ အများကြီး ရှိနေတယ် လို့ ပရဟိတ ဆေးဆရာမက ဆက်ပြောပါတယ်။

“ သက်ကြီးပိုင်းနဲ့ ထိခိုက်ဒဏ်ရာပိုင်းအတွက် ပစ္စည်းမရှိဘူး။ အစွန်းစွန်ပြောမယ်ကွာ။ ကျမတို့ ကလေးမွေးမယ်ဆိုရင်တော့ အခု လောလောဆယ် ကလေးမွေးပေးဖို့ ပစ္စည်းက မရှိဘူး။ အဲ့လိုမျိုးဖြစ်နေတယ်။ ဆိုတော့ အကုန်လုံး လွဲရတယ်ပေါ့နော။ နှာစီး၊ ချောင်းဆိုကလွဲရင်။“ လို့ ပရဟိတ ဆေးဆရာမ ကပြောပါတယ်။ ဆေးဝါးတွေကိုဝယ်ယူတဲ့အခါမှာလည်း အချိန်နှစ်ပတ် သုံး ပတ်အထိ ကြန့်ကြာနေတာတွေ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် လူနာတွေအတွက် ( ultrasound ) အာထရောင် ဆောင်းနဲ့ လူနာ တင်ကား လည်းလိုအပ်နေသေးတယ်လို့ ပရဟိတ ဆေးဆရာမက ဆက်ပြောပါတယ်။ ခါနာန်ဆေးရုံဟာ ပြည်သူ့ကာကွယ်ရေး တပ်ဒီမော့ဆို (DMO-PDF ) ကနေ ဦးဆောင်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါ တယ်။

တစ်ရက်ကို လူနာ ပျှမ်းမျှ လူနာ ၃၀ လောက်အထိ ကုသပေးနေပြီး စနေနေ့နဲ့ တနင်္ဂနွေနေ့ကို အရေးပေါ်လူနာတွေသာ လက်ခံ ကုသပေးတယ်လို့ သိရပါတယ်။ ကရင်နီပြည်နယ်မှာ စစ်ဘေးဒုက္ခသည် တစ်သိန်းခုနစ်သောင်းကျော်ရှိပြီး ကျန်းမာရေးဆိုင်ရာ ဆေးကုသခွင့် အခက်အခဲတွေရှိနေကြပါတယ်။

၁၁။ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ဆန်ရိက္ခာပြတ်တောက်နေ
February 14, 2022

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ဆန်ရိက္ခာပြတ်တောက်မှုများရှိနေသည်ဟု စစ်ဘေးရှောင် စခန်းတာဝန်ခံများကပြောသည်။ စစ်ဘေးရှောင်စခန်းများတွင် ဇန်နဝါရီလ ပထမအပတ်က နောက်ဆုံးအကြိမ်ရောက်ရှိခဲ့ပြီး လက်ရှိတွင် ဆန်မရောက်သေးသောကြောင့် ဆန်ရိက္ခာအခက်ကြုံနေသည်ဟု ပြောကြသည်။ ဆန်ရိက္ခာအား ဒီဇင်ဘာ ၂၅ ရက်နေ့က နောက်ဆုံးရောက်ရှိခဲ့ပြီး ဆန်ရိက္ခာမရောက်တာ တစ်လကျော်ခန့်ရှိပြီးဖြစ်၍ လက်ရှိတွင် စားဝတ်နေရေးများအခက် အခဲနေသည်ဟု ပုဏ္ဏားကျွန်းမြိုနယ် စက်မှုဇုံစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးဝင်မောင်က Western News ကိုပြောသည်။

“ကျွန်နော်တို့ စခန်းမှာ ဆန်ရိက္ခာ မရောက်တာ တစ်လကျော်လောက်ရှိပြီး။ လူကယ်ပြန်က ဒီဇင်ဘာ ၂၅ ရက်နေ့က နောက် ဆုံးပေးခဲ့တာ။ အခုဆိုရင် ဆန်မရောက်တာ တစ်လကျော်လောက်ရှိပြီ။ ဆန်မရောက်တော့ ကျွန်တော်တို့အတွက် အတော် လည်းကို အခက်ခဲတွေရှိတယ်” ဟုပြောသည်။ ယင်းစစ်ဘေးရှောင်စခန်းတွင် သောက်သုံးရေ ရှားပါးမှုတွေရှိလာသော ကြောင့် ဆာရာ လူမှုကူညီရေး အဖွဲ့မှ မီးသတ်ကားဖြင့် တစ်ရက်လျှင် ရေနှစ်စီးနှုန်းဖြင့် ၂ လအတွက် လှူဒါန်းထားမှုကြောင့် လတ်တ လောတွင်အဆင်ပြေနေသည်ဟု ၎င်းကဆက်ပြောသည်။ အဆိုပါ စက်မှုဇုံ စစ်ဘေးရှောင်းစခန်းတွင် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာ၊ ပိန္နဲတောကျေးရွာ၊ သာစည်ကျေးနှင့် ပလက်ဝမြို့နယ် နှမဒါကျေးရွာများမှ စစ်ဘေးရှောင်အိမ်ထောင်စု ၁၆၈ စု၊ စုစုပေါင်းလူဦးရေ ၆၈၅ ခိုလှုံလျက်ရှိသည်။

ထို့အပြင် မြက်လှဲစစ်ဘေးစခန်းတွင်လည်း ဆန်ရိက္ခာမရောက်ရှိသည်မှာ တစ်လကြာမြင့်နေပြီဖြစ်ပြီး သောက်သုံးရေ ရှားပါးမှု နှင့်ပါ ကြုံတွေ့နေရသည်ဟု စခန်းတာဝန်ခံ ဦးဖြူသာအောင်က Western News ကိုပြောသည်။ “ကျွန်တော်တို့ စခန်းမှာ ဆန်ရိက္ခာ အခဲခက်ရှိနေတယ်။ ဆန်မရောက်တာ တစ်လကျော်ရှိနေပြီ။ လူကယ်ပြန်က ဇန်နဝါရီ ၆ ရက်နေ့က နောက်ဆုံးပို့ခဲ့တာ။ သောက်သုံးရေတွေလည်း အခက်ခဲတွေရှိလာတယ်။ မြက်လှဲကျေးရွာက ရေကန်တွေကလည်း သုံးခွင့်မရတော့ဘူး။ လောလော ဆယ် ဂဏန်းတောင်ကျေးရွာ ဘူတာအနီး ရေကန်တွေက ခပ်ယူပြီးအသုံးပြုနေကြရတယ်။ အခက်ခဲဆုံးကတော့ ဆန်ရိက္ခာမ ရောက်တာပေါ့” ဟုပြောသည်။

၁၂။ ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာတွင် ရွာသူ ၂ ဦး မိုင်းနင်းမိ ဒဏ်ရာပြင်းထန်
14 February, 2022

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာအုပ်စုထဲမှာ ဖေဖော်ဝါရီ ၁၂ ရက်က ရွာသူ အမျိုး သမီး ၂ ယောက် လမ်းသွားရင်းမိုင်းနင်းမိလို့ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ အသက် ၂၃ နှစ်ရွယ် နန်းမိုခေါင်နဲ့ ၁၉ နှစ်ရွယ် နန်းကြာဥ တို့ နှစ်ဦးဟာ ပြီးခဲ့တဲ့ စနေနေ့ ညနေပိုင်း ၃ နာရီကျော်လောက်မှာ ပန်ဆိုင်းရွာကနေ ကျောက်ဂူအုပ်စု နောင်ဝိုး ကျေးရွာကို ဆိုင်ကယ်နဲ့ပြန်လာစဉ် ကြိုးတံတားအလွန်မှာ မိုင်းနင်းမိပြီး လူတွေဒဏ်ရာရသလို ဆိုင်ကယ်အင်ဂျင်လည်း နှစ်ခြမ်း ကွဲပျက်စီးသွားတယ်လို့ ကျောက်ဂူဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူ့အမက ပန်ဆိုင်းရွာမှာအိမ်ထောင်ကျတယ်၊ အဲဒီနေ့က နောင်ဝိုးရွာကို ပြန်လာချင်တယ်ဆိုလို့ ညီမက ဆိုင်ကယ်နဲ့သွား ကြို လာတာ၊ အသွားတုန်းက ဘာမှမဖြစ်ဘူး၊ အပြန်ကြိုးတံတားအလွန် ကုန်းတက်ကြီးဆိုတော့ ဆိုင်ကယ်လီဗာမြှင့်ပြီး မောင်း တယ်၊ အဲဒီမှာ မြက်တွေနဲ့ ဖုန်းထားတဲ့မိုင်းကိုနင်းမိတာ၊ သူ့အမက တင်ပါးနှစ်ဖက်လုံးနဲ့ နံရိုးကြားမှာထိတယ်၊ ညီမက ပေါင်မှာ ရော၊ တင်ပါးမှာရော၊ နောက်ကျောမှာရော သူကဒဏ်ရာပိုပြင်းတယ်၊ ဖြစ်ဖြစ်ချင်း နှစ်ယောက်လုံး မေ့လဲသွားကြတယ်တဲ့၊ ရွာသားတွေ လာတွေ့ပြီး နောင်ဝိုးရွာနားက မြန်မာစစ်တပ်ဆီခေါ်သွားတယ်။ ဆေးမှူးက ဆေးထိုးပြီးရပ်စောက်ဆေးရုံကိုလွှဲ တယ်၊ ရပ်စောက်ဆေးရုံကလည်းဆေးဝါးမပြည့်စုံဘူး ဆိုပြီး တောင်ကြီးစဝ်စံထွန်းဆေးရုံကို ပြန်လွှဲပါတယ်၊ တောင်ကြီးရောက် တော့ ည ၁၀ နာရီကျော်ပြီ။” မိုင်းထိမှန်သူတွေဟာ လယ်ယာလုပ်ကိုင်တဲ့တောသူတောင်သားတွေသာဖြစ်ပြီး ငွေကြေးလည်းမ ရှိကြောင်း၊ ဆေးရုံလာတော့ ညီအစ်မ ၂ ယောက်ပေါင်း ကျပ် ၇ သောင်းသာရှိပြီး ဆေးကု သစရိတ်မှာ အနည်းဆုံး ၁၀ သိန်း ကျော်ကုန်ကျမှာမို့ အလှူရှင်လိုအပ်နေပါတယ်။ စေတနာရှင်တွေအနေနဲ့ ဖုန်းနံပါတ် ၀၉၇၅၅၉၂၂၉၅၂ ဒါမှမဟုတ် ၀၉၅၂၁၃၃၆၄ ကိုဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

ကျောက်ဂူကျေးရွာအုပ်စုထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က ရှမ်းတပ် SSPP ဦးဆောင်တဲ့ တပ်ပေါင်းစုနဲ့ ရှမ်းတပ် RCSS တို့တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်ကလည်း လေယာဉ်နဲ့ လာရောက်ပစ်ချတာကြောင့် တပ်သားတွေရော ဒေသခံတွေပါ သေဆုံး ဒဏ်ရာရခဲ့ကြပါတယ်။ အဆိုပါတိုက်ပွဲကြောင့် ကျောက်ဂူအုပ်စုရှိ ရွာပေါင်း ၁၀ ကျော်က ရွာသားထောင်နဲ့ချီ ထွက်ပြေး တိမ်း ရှောင်ခဲ့ပြီး အခုနေခါတိုက်ပွဲငြိမ်သွားလို့ ရွာကိုအသီးသီးပြန်လာကြ ပြီဖြစ်ပါတယ်။ ဒါပေမဲ့ အခုလိုမိုင်းနင်းမိတဲ့ ဖြစ်စဉ် ပေါ်လာ တာကြောင့် ရွာသားတွေ လယ်ယာလုပ်ငန်းခွင်ဝင်ဖို့ စိုးရိမ်နေကြပါတယ်။

၁၃။ မတူပီမြို့နယ်၌ ကြားကာလ ပညာရေး ကျောင်းသား ၅,၀၀၀ ခန့်ကို သင်ကြားနေ
February 14, 2022

ချင်းပြည်နယ် မတူပီမြို့နယ်၌ မတူပီမြို့နယ် ပညာရေး ဘုတ်အဖွဲ့ (ယာယီ) (Matupi Education Board ) က ဦးဆောင်ကာ ကျောင်း သား ဦးရေ ၅,၀၀၀ ခန့်ကို ကြားကာလ ပညာရေးအဖြစ် သင်ကြား ပေးလျက် ရှိသည်။ “ကျွန်မတို့ မူကြိုကနေ ၁၀ တန်းအထိ ဘာသာစုံ သင်ကြားပေးနေပါတယ်။ မူလတန်း အဆင့်ကို တော့ ကိုယ့်ဒေသ စကားနဲ့ သင်ကြားပြီး ကျန်တာတွေတော့ မြန်မာ၊ ချင်း နှစ်ဘာသာနဲ့ သင်ကြား ပေးနေပါတယ်” ဟု ဆရာမ တစ်ဦးက ပြောသည်။ မတူပီမြို့နယ်၌ ကလေးများ ကျောင်း ပညာ သင်ကြားရေးကို CDM ဝန်ထမ်းများ ၊စေတနာ့ ဝန်ထမ်းများနှင့် ဒေသလိုက် ပညာရေး ကော်မတီများက ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင် အကောင်အထည် ဖော်ခဲ့ကြပြီး ဆရာ ဆရာမ ဦးရေ ၄၈၀ က ကျောင်းသား၊ ကျောင်းသူ ၄,၉၄၆ ဦးကို သင်ကြားပေးလျက် ရှိသည်ဟု ဆိုသည်။

မြန်မာ ၊ အင်္ဂလိပ် ၊ သင်္ချာ ၊ ပထဝီ ၊ သိပ္ပံ နှင့် သမိုင်း ဘာသာရပ် များကို ကြားကာလ ပညာရေး အဆက်မပြတ် စေရန် သင်ကြား ပေးလျက်ရှိနေပြီး သင်ရိုးညွှန်းတမ်းများ အပြောင်းအလဲ ရှိလာ နိုင်သည်ဟု ဆိုသည်။ တိုက်ပွဲများ ဖြစ်ပွားလျက် ရှိနေသည့် မတူပီ မြို့နယ်အတွင်း ကြားကာလ ပညာ သင်ကြားနိုင်ရေး အခက်အခဲများစွာ တွေ့ကြုံရလျက် ရှိပြီး ကျောင်းဆရာများကို ထောက်ပံ့နိုင်ရေး ၊ စေတနာ့ ဝန်ထမ်းများ ကူညီပေးရေးနှင့် ကျောင်းသုံး စာရွက်စာတမ်းနှင့် ပရိဘောဂများလည်း လိုအပ်လျက် ရှိသည်။

၁၄။ တောင်ကြီး အေးသာယာမြို့သစ်၌ အမျိုးသား ၁၀ ဦးပါအဖွဲ့ကို စစ်တပ်က ဓာတ်ပုံပြ၍ ရှာဖွေနေ
February 14, 2022

ရှမ်းပြည်နယ် တောင်ပိုင်း ၊ တောင်ကြီးမြို့ အေးသာယာမြို့သစ်၌ စစ်တပ်က အမျိုးသား ဆယ်ဦး ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်ကာ ဓာတ်ပုံပြပြီး လိုက်လံ ရှာဖွေနေကြောင်း ဒေသခံများထံက သိရသည်။ အေးသာယာမြို့ နယ် အတွင်းရှိ အမျိုးသား အများစု ရှိနေတတ်သည့် ကေတီဗီ၊ အလုပ်ရုံ၊ တွင်ခုံနှင့် စက်ရုံများတွင် စစ်တပ်က ဓာတ်ပုံများ ပြကာ လိုက်လံရှာဖွေနေခြင်း ဖြစ်သည်။ “ဘယ်ကနေ စလဲတော့ မသိဘူး။ ခေါင်းဆောင်အပါအဝင် ဆယ် ယောက်ကျော် ပါတဲ့ အဖွဲ့တစ်ခုရဲ့ ပုံတွေရပြီး လိုက်ရှာတာ။ အေးသာယာ စက်မှုဇုန်ထဲလို့ သတင်းကြားတယ်နဲ့ တူပါတယ်။ မနေ့ကလည်း စက်ရုံ တစ်ရုံကို ဝင်စီးတယ်။ စက်ရုံထဲက လူတွေကို ပုံပြပြီး သိလား မေးတယ်။ စက်ရုံ အလုပ်သမားတွေကို ရုပ်တိုက်စစ်တာ။ အတင်း မေးတာတွေ လုပ်သွားတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောသည်။

“စက်မှုဇုန်ထဲကို တအား ဖိရှာနေတာ။ ဘယ်လောက်ထိဆို ကြံ့ခိုင်ရေးပါတီဝင်အိမ်တွေ၊ စစ်တပ်ထောက်ခံသူတွေ အိမ်တွေအထိ မယုံသင်္ကာနဲ့ အရှာခံ နေကြပါတယ်။ ည ၇ နာရီလောက် ဆိုရင် အင်အား အလုံးအရင်းနဲ့ ပိုက်စိတ်တိုက် မွှေပါတယ်။ အခုထိ တော့ ဖမ်းဆီးရမိတယ် ဆိုတာမျိုး မကြားသေးဘူး” ဟု အေးသာယာမြို့ခံ တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီ လအတွင်း ကလည်း ကရင်နီပြည်မှ ဒဏ်ရာ ရရှိ၍ အိမ်ပြန်လာသည့် ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး ဒလန် သတင်းပေးမှုကြောင့် အေးသာ ယာမြို့နယ်၌ ဖမ်းဆီးခံရပြီး သေဆုံးမှု ရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

၁၅။ စစ်တပ်ထုတ်ကုန်များ ဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီဘက်က တန်ပြန်လှုပ်ရှားမှု ပိုများလာ
14 February 2022

မြစ်ကြီးနားမြို့ပေါ် ကုန်စုံဆိုင်တွေမှာ ရောင်းချနေတဲ့ စစ်တပ်ထုတ် ဘီယာဖာ အများအပြားကို ဇန်နဝါရီလကုန်ပိုင်းမှာ KIO က ဝင်ရောက်ဖျက်ဆီးပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်သားတွေက အရပ်ဝတ်နဲ့ မြို့တွင်းလှုပ်ရှားမှုကို ပိုမိုလုပ်ရှားလာပြီး စုံစမ်းစစ် ဆေးမှုတွေ ပိုလုပ်လာနေတယ်လို့ သိရပါတယ်။ အဲလို စစ်ဆေးစုံစမ်းပြီး ရက်ပေါင်း ၂၀ အတွင်းမှာ မြန်ကြီးနား မြို့ပေါ်မှာတင် လူငယ်တွေ အများအပြားကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ မြစ်ကြီးနား မြို့ခံတယောက် က ပြောပါတယ်။ “နေ့တိုင်း နီးပါး ၊ ညတိုင်းနီးပါး စစ်တပ်က အရပ်ဝတ်နဲ့ရော ဝတ်စုံနဲ့ရော လူငယ်တွေကို စစ်ဆေးမှုတွေ ပိုတင်းကြပ်လာတယ်။ KIA တွေ ဒီလိုလုပ်တဲ့အပေါ်မူတည်ပြီး စစ်တပ်က KIA ပဲမြို့တွင်းဝင်ပြီး လုပ်တာတော့မဟုတ်ဘူး။ ဒါက လူငယ်တွေ မြို့ထဲရောက်နေပြီ။ PDF ကလေးတွေပဲ ထင်သွားပြီးတော့ လူငယ်တော်တော်များများကို လိုက်ပြီးစစ်ဆေးနေတယ်။ ပြီးတော့ အခန့်မသင့် စစ်ဆေး လို့ မရဘူး ပြေးရင်လည်း သေနတ်နဲ့ လိုက်ပစ်တယ်။ဒါမျိုးတွေ လုပ်နေတယ်။ ဒီကြားထဲမှာ ဖမ်းခံရတဲ့သူတွေလည်းရှိတယ်။” ဒါကြောင့် ဖေဖော်ဝါရီလဆန်းပိုင်း ကနေ ဒီကနေ့အထိ လမ်းပေါ်မှာ မတရားဖမ်းဆီးခံရတဲ့ လူငယ် ၁၀ ဦးထက်မနည်း ရှိနေပြီ လို့ မြို့တွင်းလှုပ်ရှားနေတဲ့ PDF နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့ ည ၁၁ နာရီခန့်ကလည်း မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအနီး ကားနဲ့ဖြစ်လာတဲ့ လူငယ် ၆ ယောက် ကို စစ်တပ်က လိုက်လံပစ်ခတ်ခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦး ရင်ဘတ်ကျည်ထိမှန်သေဆုံးသွားပြီးတော့ နောက်ထပ် လူငယ် ၅ ယောက် အဖမ်းခံရလိုက် ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါ့အပြင် အရပ်ဝတ်စစ်ကောင်စီတပ်သားတွေက မြို့တွင်း စျေးဆိုင်တွေမှာလှည့်ပတ်ပြီးတော့ပြည်သူလူထုက သပိတ်မှောက်ထားတဲ့ Mytel SIM ကပ်တွေ နဲ့ စစ်တပ်နဲ့ နီးစပ်တဲ့ ကုမ္ပဏီ တွေ ထုတ်တဲ့ ဘီယာတွေ ရောင်းချခြင်း ရှိမရှိ၊ မရှိရင် ဘာလို့ မရောင်းတာလဲ ဆိုပြီး လိုက်လံ မေးမြန်းနေတယ်လို့လည်း ဒေသခံတစ်ဦးက အခုလို ဆက်ပြောပါတယ်။

“စစ်တပ်ဘက်ကလည်း ပြန်ပြီး ရောင်းဖို့ ဖိအားပေးပြန်လိုက်ပြောတယ်။ စျေးဆိုင်တွေမှာ သူတို့ ထုတ်ကုန်ရောင်းမရောင်း လိုက်မေးပြီး တချို့တွေဆို မရောင်းဘူးဆိုရင် ဘာလို့မရောင်းတာလဲ၊ ဘယ်သူ မရောင်းခိုင်းတာလဲ၊ ဆိုတာတွေမေးပြီး သတင်း အချက်အလက်စုံစမ်းမှုနေတွေ ရှိနေတယ်။” ဒါကြောင့် စစ်တပ်ထုတ်ကုန်တွေကို ရောင်းချခြင်းမပြုတော့တဲ့ ဆိုင်ရှင်တွေက ဘက်တော့ အခက်အခဲတွေ့ကြုံနေရပြီး အချို့ကတော့ ကုန်ပစ္စည်းပြတ်လပ်နေကြောင်း ပြောဆိုခဲ့တယ်လို့ ကုန်စုံဆိုင်ပိုင်ရှင် တစ်ချို့ဆီကသိရပါတယ်။ ကချင်ပြည်နယ်က မြို့ကြီးတွေမှာ စစ်တပ်ရဲ့ ထုတ်ကုန်ပစ္စည်း သပိတ်မှောက် ဖျက်ဆီးတဲ့ လှုပ်ရှားမှု တွေကို KIA က တတ်နိုင်သမျှလုပ်ဆောင်နေပေမယ့် ဝယ်ယူအသုံးပြုနေတဲ့ ပြည်သူလူထုရှိနေသရွှေ့ အောင်မြင်မှာမဟုတ်ဘူး လို့ ဒီလှုပ်ရှားမှုမှာပါဝင်တေဲ့ လူငယ်တွေက ပြောပါတယ်။

၁၆။ စစ်ကောင်စီ ငြိမ်းချမ်းရေးကမ်းလှမ်းချက် PDF ကို ရှင်းလင်းရန်အတွက်သာဖြစ်ကြောင်း KNU တပ်မဟာ(၅)မှူး ပြောဆို
February 14, 2022

အာဏာသိမ်းစစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းမှု ရည်ရွယ်ချက်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ချေမှုန်းရန်အတွက်သာဖြစ်သည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောမူဟဲက ဖေဖော်ဝါရီလ ၁၄ ရက် ယနေ့တွင် မူတြော် ခရိုင်သတင်းစဉ်သို့ ပြောဆိုထားသည်။ “လက်ရှိ PDF အနေအထားက သူတို့အတွက် ကြီးမားတဲ့အခက်အခဲတစ်ခုဖြစ်စေတယ်ဆိုတာ သူတို့ သိ တယ်။ အဲဒါ ကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ အပစ်အခတ်ရပ်စဲလိုက်မယ်ဆိုရင် PDF ကို ရှင်းလင်း မှု တွေ လုပ်ဆောင်မယ်ပေါ့။ ဒါက သူတို့အစီအစဉ်တစ်ခုပဲ။”ဟု ဗိုလ်မှူးချုပ်စောမူဟဲက ကရင်ဘာသာဖြင့် ပြောဆိုသည်။

လက်ရှိစစ်ကောင်စီသည် အဖက်ဖက်မှအခက်အခဲအကြပ်အတည်းနှင့် ရင်ဆိုင်နေရသည်ကို အခွင့်အရေးရယူနိုင်ရန် တိုင်းရင်း သားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအား ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းချက် လုပ်ဆောင်လာ ခြင်းဖြစ်ပြီး ၎င်းတို့တွင် အခက်အခဲတစ်စုံတစ်ရာမရှိပါက မည်သည့်အခါမျှ ငြိမ်းချမ်းရေးကမ်းလှမ်းလာမည်မဟုတ်ဘဲ အပြတ်ချေမှုန်းရေး ကိုသာ တစိုက်မတ်မတ် လုပ်ဆောင်လိမ့်မည်ဟုလည်း ဗိုလ်မှူးချုပ်စောမူဟဲက ဆက်ပြောသည်။ နေပြည်တော်တွင် ဖေဖော်ဝါရီ လ ၁၂ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီ ဦးဆောင်ကျင်းပသည့် ဗိုလ်ရှုသဘင်နှင့် စိန်ရတုပြည်ထောင် စုနေ့ ဆွေးနွေးပွဲသို့ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့်အဖွဲ့မှလွဲ၍ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့်အဖွဲ့အပြင် NCA လက်မှတ်မထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကို ထာဝရငြိမ်းချမ်း ရေးအတွက် ဖိတ်ခေါ်သည်ဆိုပြီး စစ်ကောင်စီဘက်က ဖေဖော်ဝါရီလ ၆ ရက်နေ့က ကမ်းလှမ်းခဲ့မှုအပေါ် KNLA တပ်မဟာ(၅)၊ တပ်မဟာမှူးက ထောက်ပြပြောဆိုခဲ့ခြင်းဖြစ် သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူလူထုရော၊ KNU/KNLA ရော၊ PDF ရော၊ ကျနော်တို့ တော်လှန်ရေးအင်အားစုများ အားလုံး ညီညွတ် မှုကို အခွင့်ကောင်းယူပြီးတော့ အခက်ခဲဆုံးအချိန်တွေကို ရင်ဆိုင်မယ်။ အရဲစွန့်မှုတွေကို ဆောင်ရွက်မယ်။ နိုင်ကိုနိုင်ရမယ် ဆိုတဲ့ယုံကြည်ချက်နဲ့ နောင်မျိုးဆက်နဲ့ နောက်ထပ်မျိုးဆက်တွေကို အခုနေနေရတဲ့ နိုင်ငံမျိုးထက်သာ တဲ့ ပိုကောင်းတဲ့နိုင်ငံ မျိုးမှာနေကြရအောင် ကြိုးစားဆောင်ရွက်သွားမှာဖြစ်တယ်။”ဟု သူကပြောသည်။ သူက “ဒီငြိမ်းချမ်းရေးကမ်းလှမ်းမှုဟာ စစ်ကောင်စီက အခွင့်အရေးရယူဖို့အတွက် လုပ်ဆောင်ချက်တစ်ခုသာ ဖြစ်ပါတယ်။ အဲဒါ ရန်သူရဲ့ပရိယာယ်ကို ကျနော်တို့ ခေါင်းဆောင်တွေကမသိရင် မှားနိုင်တယ်ပေါ့နော်။ သူတို့တွေ မသွားကြတာ ကျနော်တို့ ကရင်ပြည်သူတွေအတွက် ကောင်းမွန် တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။”ဟု ပြောသည်။

 

၁၇။ မွန်အမျိုးသားနေ့မှာ ရုံး၊ စာသင်ကျောင်း မသွားပဲ အလုပ်ပိတ်ရက်သတ်မှတ်ရန် NMSP တိုက်တွန်း
February 14, 2022

ဖေဖော်ဝါရီ ၁၆ ရက်တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုမွန်အမျိုးသားနေ့မှာ မိမိတို့၏ လုပ်ငန်းခွင်များ၊ ရုံးများ၊ စာသင်ကျောင်းများ မတက်ရောက်ကြရန်နှင့် အလုပ်ပိတ်ရက်သတ်မှတ်ရန် ပြည်တွင်းပြည်ပရှိ မွန်လူထုတစ်ရပ်လုံးကို မွန်ပြည် သစ်ပါတီ (NMSP) က တိုက်တွန်းခဲ့သည်။ မွန်အမျိုးသားနေ့ကို ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးရန် NMSP၊ မွန်သံဃာတော်အဖွဲ့ အစည်းများ၊ အရပ်ဖက်မွန်လူမှုအဖွဲ့အစည်းများနှင့် မွန်လူထုများက အစိုးရအဆက်ဆက်ထံ တောင်းဆိုခဲ့ပြီး အသိအမှတ်ပြု ပေးခြင်း မရှိခဲ့သည့်အတွက် မိမိတို့ကြမ္မာ မိမိတို့ဖန်တီးခွင့်ရှိရ မည်ဆိုသည့်အတိုင်း မွန်အမျိုးသားနေ့ရုံးပိတ်ရက်ကို မိမိတို့အသိ စိတ်ဓါတ်ဖြင့် ထုတ်ဖော်သွားကြရန် ဖေဖာ်ဝါရီ ၁၁ ရက်နေ့တွင် NMSP ကြေညာချက်ထုတ်ပြန်၍ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

မွန်လူငယ်တစ်ဦးဖြစ်သူ မင်းစိုက်မနိက်က “ဘယ်လူမျိုးမဆို အထွဋ်အမြတ်ထားတဲ့ နေ့ထူးနေ့မြတ်တစ်ရက်ကို ရုံးပိတ်ရက် တစ်ရက်အပြည့်ခံစားနိုင်ဖို့ သတ်မှတ်ပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့နိုင်ငံမှာ တခြားလူမျိုး၊ တချို့ဘာသာဝင် တွေတောင်မှ ရုံးပိတ်ရက်ခံစားခွင့် ရရှိထားတယ် ကျနော်တို့ နိုင်ငံသားဘက်တွေဖြစ်ကြည့်ရင် ကျနော်တို့ မွန်လူမျိုးတွေရဲ့ နေ့ထူးနေ့မြတ် မွန်အမျိုးသားနေ့ကို တရားဝင်ရုံးပိတ်ရရှိနိုင်ဖို့ဆိုတာ တော်တော်လေးကို ရုန်းကန်နေရဦးမှာ လက်လှမ်းမီနိုင်ဖို့ တော်တော်လေး ကြိုးစားရဦးမှာ” ဟု ပြောသည်။

ယခု ကျင်းပမည့် မွန်အမျိုးသားနေ့ဗဟိုအခမ်းအနားကို မော်လမြိုင်မြို့ ရာမညရဌ ဗုဒ္ဓတက္ကသိုလ်ကျောင်းတွင် လူဦးရေ အကန့် အသတ်နှင့် ကျင်းပသွားမှာဖြစ်သလို NMSP ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသတွင်းလည်း ဘင်ခရာစစ်ကြောင်း၊ အလံတင် စစ်ရေးပြအခမ်းအနားများနှင့် ကျင်းပရန် ပြင်ဆင်ထားကြောင်း သိရသည်။ မွန်ပြက္ခဒိန်တွင် နှစ်စဥ်တပို့တွဲလပြည့်ကျော် (၁) ရက်သည် မွန်အမျိုးသားနေ့ဖြစ်ပြီး နိုင်ငံတကာပြက္ခဒိန်အရ ယခုနှစ်အတွက် ဖေဖော်ဝါရီ ၁၆ ရက် ဗုဒ္ဓဟူးနေ့မှာ ကျရောက် သည်။

 

၁၈။ စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် တိုက်တွန်းမှု ခရစ်ယာန် အသင်းတော်များ ကောင်စီ ပြန်တောင်းပန်
February 14, 2022

စစ်ကောင်စီ ကျင်းပမည့် ငြိမ်းချမ်းရေး အကြို ညှိနှိုင်း အစည်းအဝေးနှင့် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ခေါ် တိုက်တွန်းခဲ့မှု အပေါ် တောင်းပန်ကြောင်း မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီက ဖေဖော်ဝါရီ ၁၄ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံတော်ကြီး ထာဝရ ငြိမ်းချမ်းရေး အတွက် မေတ္တာရပ်ခံ စာကြောင့် အဖွဲ့ဝင် အသင်းတော်များ၊ ပူးပေါင်း ဆက်သွယ်သော အဖွဲ့အစည်းများ၊ ခရစ်ယာန် ညီအကို မောင်နှ မများ များစွာ စိတ်အနှောက်အယှက် ဖြစ်စေသည့်အပြင် စိတ်ထိခိုက် ဝမ်းနည်းစေကြောင်း ကြားသိရသဖြင့် အနှုးအညွတ် တောင်းပန် အပ်ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီ၏ ငြိမ်းချမ်းရေး အကြို ညှိနှိုင်း အစည်းအဝေးနှင့် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန် ထုတ်ပြန်ပြီး နောက် ခရစ်ယာန် ဘာသာဝင်များကြား ဝေဖန်မှုများ ပြင်းထန်ခဲ့ပြီး Myanmar Student Christian Movement – Magway Region က ယင်း ထုတ်ပြန်ချက်အပေါ် ပြင်းထန်စွာ ရှုံ့ချကြောင်းနှင့် ပြန်လည် တောင်းပန်၍ တာဝန်ရှိသူများ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ သည်။ ယင်းသို့ ဆောင်ရွက်ခြင်း မပြုပါက အသင်းနှင့် ပူးပေါင်းမှုမှ နုတ်ထွက်ကာ MCC က ပြုလုပ်မည့် သင်တန်း အစည်းအဝေး များသို့ ကိုယ်စားလှယ် စေလွှတ်တော့မည် မဟုတ်ကြောင်း Myanmar Student Christian Movement က ထုတ်ပြန်ထားသည်။ မြန်မာ နိုင်ငံတက္ကသိုလ် ခရစ်ယာန်လုပ်ငန်းကလည်း ဖေဖော်ဝါရီလ ၁၃ ရက် နေ့စွဲဖြင့် ၎င်းတို့၏ ရပ်တည်ချက်ဖြင့် ကိုက်ညီခြင်း မရှိ သောကြောင့် ကန့်ကွက်ရှုံ့ချကြောင်းနှင့် ပူးပေါင်း လုပ်ကိုင်နေသည့် လုပ်ငန်းများ အကန့်အသတ်မရှိ ရပ်ဆိုင်းကြောင်း ကြေညာ ထားသည်။

 

၁၉။ ဟားခါးမြို့၌ စစ်သင်တန်းတက်ဟု စွပ်စွဲ၍ စစ်ကောင်စီတပ်က လူငယ် ၂ ဦးကို ဖမ်းဆီး
February 15, 2022

ချင်းပြည်နယ်၊ ဟားခါးမြို့၌ ချင်းအမျိုးသား တပ်မတော် (CNA) တွင် သင်တန်းတက်ပြီး ပြန်လာသူဟု စွပ်စွဲ၍ လူငယ် အမျိုး သမီးတစ်ဦးနှင့် အမျိုးသား တစ်ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း သိရသည်။ မြို့သစ်ရပ်ကွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် အသက် ၁၉ အရွယ် မမြတ်မွန်သင်းနှင့် မောင်ဆိုင်းရပ်စ်ငွန်မန်း တို့နှစ်ဦး ထန်တလန်မြို့နယ် အိုင်ဘူးရ် ကျေးရွာမှ ဟားခါးမြို့သို့ လာရောက်စဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ “ကောင်မလေးက ရန်ကုန်မှာ နေတယ်၊ ကိုဗစ်တွေဖြစ်တော့ ကျောင်းမတက်နိုင်လို့ သူရဲ့ဇာတိရွာ အိုင်ဘူးရ်ကို လာလည်တာ၊ အခုရန်ကုန်ကို ပြန်ဖို့ ဟားခါးကိုအသွား ကောင်လေးက ဆိုင်ကယ်နဲ့ လိုက်ပို့တာကို မတရား စွပ်စွဲပြီး ဖမ်းလိုက်ကြတာ” ဟု မိသားစုဝင်များနှင့် နီးစပ်သူက ပြောသည်။ စစ်ကောင်စီဂိတ် တွင် စစ်ဆေးစဉ် ဖုန်းအတွင်း လက်နက်ကိုင် ဝတ်စုံဖြင့် ပုံတွေ့သည်ဟု ဆိုကာ ဖမ်းဆီးကြောင်း ဟားခါးရဲစခန်းတွင် ချုပ်နှောင် စစ်ဆေးနေကြောင်း ဆိုသည်။

ဖမ်းဆီးခံရသည့် လူငယ်အမျိုးသား၏ ဖခင်သည် ဓမ္မဆရာဖြစ်ပြီး ၎င်းလူငယ် နှစ်ဦး ရွာတွင် နေထိုင်စဉ် စေတနာ့ဝန်ထမ်း ပရဟိတ လုပ်ငန်းများသာ လုပ်ကိုင်၍ ချင်းကာကွယ်ရေး တပ်ဖွဲ့များနှင့် ပတ်သက်မှု မရှိကြောင်း ဒေသခံက ပြောသည်။ စစ်ကောင်စီ ဝါဒဖြန့် Fifty Two News သတင်းတွင် “အကြမ်းဖက် အဖွဲ့ဝင် ၂ ဦး ဖမ်းမိ” ဆိုသော ခေါင်းစဉ်ဖြင့် ရေးသားထား၍ စစ်ကြောရေးတွင် နှိပ်စက်ခံရကာ အသက်အန္တရယ်ရှိနိုင်ကြောင်း အကြမ်းဖက် ပုဒ်မများဖြင့် မတရားစွဲဆို ခံရမည်ကို စိုးရိမ် ကြောင်း မိသားစုနှင့် နီးစပ်သူက ဆိုသည်။ ၎င်းတို့အား ဖေဖော်ဝါရီလ ၁၅ ရက် ယနေ့အထိ မည်သည့် နေရာတွင် ချုပ်နှောင် ထားသည်ကို အတိအကျ မသိရကြောင်း မိသားစုဝင်နှင့် နီးစပ်သူထံမှ သိရသည်။

၂၀။ စီတာပူရပ်ကွက်ရှိ မိဘမဲ့ကလေး ပြုစုစောင့်ရှောက်ရေးကျောင်းတစ်ခုတွင် ကျောင်းသူ/သားများ အစာအဆိပ်သင့်
February 15, 2022

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် သီတာအေး(၅)တွင် ဖွင့်လှစ်ထားသည့် Grace Happy Land မိဘမဲ့ကလေးပြုစုစောင့်ရှောက်ရေး ကျောင်း‌နေ ကျောင်းသူ/သားများ အစာအဆိပ်သင့်ပြီး မြစ်ကြီးနားဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရ‌ ကြောင်း သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် အလှူရှင်မိသားစုတစ်စုမှ ကလေးများ စားသောက်ရန် ကျောင်းသို့ ဒံပေါက်လာ လှူဒါန်းခဲ့ပြီး အဆိုပါ ဒံပေါက်စား ပြီးနောက်ပိုင်း ကလေးများ စပြီးဖျားလာကြောင်း ကျောင်းနှင့် နီးစပ်သူတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်သို့ ပြောသည်။

“ကလေးတွေက ပုံမှန်ထမင်းစားချိန် မနက် (၈) နာရီမှာ အလှူ ရှင်မိသားစု လှူထားတဲ့ ဒံပေါက်စားကြတယ်။ အဲဒါစားပြီး သိပ်မကြာဘူး၊ ကလေးနှစ်ယောက် သုံးယောက်လောက် စပြီးအန်လာတယ်။ ပုံမှန်ရိုးရိုးဖျားတာပဲထင်ပြီး မက်ခလောင်တွေခြစ် ပေးပြီး ဆေးတိုက်ထားသေးတယ်။ နောက်တော့ ဒံပေါက်စားတဲ့ ကျောင်းသားအားလုံးဖြစ်လာတယ်။ တချို့ကလေးတွေဆို လဲတောင်လဲကျ သွားတယ်။အားလုံးပေါင်း (၅၂) ယောက်ဟုတ်တယ်။ အဲဒါနဲ့ အလောတကြီး မြစ်ကြီးနားဆေးရုံကြီးကို ပို့ဆောင်ကြတာပေါ့ “ဟု ဆိုသည်။ Grace Happy Land မိဘမဲ့ကလေးပြုစုစောင့်ရှောက်ရေးကျောင်းတွင် ယခုကဲ့သို့သော ဖြစ်စဥ် သည် ပထမဆုံးအကြိမ်ဖြစ်ပြီး အစာအဆိပ်သင့်သူများ အားလုံး ဆေးရုံကြီးတွင် ဆေးကုသမှု ဆက်လက် ခံယူနေ‌ကြောင်းလည်း သိရသည်။

 

၂၁။ ကျုံဒိုး ကရင့်ရိုးရာမီးပုံပွဲ လောင်းကစားဝိုင်းများသာ စည်ကား၊ ဒေသခံများ ဝေဖန်နေ
February 14, 2022 36

နှစ်စဉ် ကျင်းပလေ့ရှိသည့် ကျုံဒိုးမြို့နယ်လုံးကျွတ်မီးပုံပွဲသည် ကရင့်ရိုးရာ၊ ယဉ်ကျေးမှုနှင့် ဘာသာရေးကို ပေါင်းစပ်သည့်ပွဲ တော် တစ်ခုဖြစ်သော်လည်း ယခုနှစ်ကျရောက်သည့် ၁၉၆ကြိမ်မြောက် ကျုံဒိုးမီးပုံပွဲတွင် လောင်းကစားဝိုင်းများဖြင့်သာ စည် ကားစွာ ထည့်သွင်းကျင်းပနေသဖြင့် ဒေသခံပြည်သူများအကြား ဝေဖန်မှု မြင့်တက်လျက်ရှိသည်။ ကျုံဒိုးမီးပုံပွဲကို ဖေဖော်ဝါရီလ ၈ ရက်မှ စတင်ဖွင့်လှစ်ကာ ဖေဖော်ဝါရီလ ၁၅ ရက်၊ တပို့တွဲ လပြည့်နေ့အထိ ရက် သတ္တပတ်ကြာ ကျင်းပမည်ဖြစ်သော်လည်း ဖွင့်ပွဲမတိုင်မီတွင် ဇန်နဝါရီလ ၁၉ ရက်နေ့ကတည်းက နယ်ခြားစောင့် တပ်-BGF တပ်နယ်(၄) တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန် က ဦးစီး၍ ပွဲတော်အကြိုအနေဖြင့် ကြိုဖွင့်လှစ်ထားကာ ဇာတ်ပွဲ၊ စတိတ်ရှိုးအပြင် လောင်းကစားဝိုင်းများ၊ ဂိမ်းရုံများကို ဖွင့်လှစ် ခွင့်ပြုခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယခုအချိန်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ မျိုးကွဲသစ် အိုမီခရွန်မှာ နိုင်ငံအတွင်း ကူးစက်မှုမြင့်မားလာနေသဖြင့် ကပ်ရောဂါ ကျန်းမာရေးဆိုင်ရာ ထည့်မတွက်ဘဲ ပွဲတော်စည်ကားရေးကိုသာ အဓိကထား၍ စီစဉ်ကျင်းပနေသည့်အတွက် ဒေသခံအများစု က ပွဲခင်းဘက် သွားလာရမည်ကို စိုးရိမ်နေကြကြောင်း အမည်မဖော်လိုသူ ကျုံဒိုးဒေသခံ အမျိုးသမီးတစ်ဦးက ယခုလို ပြော သည်။ “အခု လုပ်နေတာတွေက ရိုးရာ မီးပုံပွဲဆိုပေမယ့် စီးပွားရေး သိပ်ဆန်လွန်းတယ်။ လောင်းကစားမျိုးစုံနဲ့ ဂိမ်းရုံတွေပါဖွင့် ပြီး ဒေသလူထုရဲ့ငွေတွေကို လိမ်ညာယူနေကြတယ်။ နစ်နာနေတဲ့ ပြည်သူတွေဘက် သူတို့ မကြည့်ဘူး။ အဲ့ဒါကြောင့် သူတို့လုပ် တဲ့ ပွဲခင်းကို မသွားဘူး။ ကျမတို့က ကရင်ရိုးရာပွဲဖြစ်ပြီး ရိုးရာကန်တော့ရမှာမို့ မီးပုံကန်တော့ပွဲတော့ သွား ကန်တော့ကြ မယ်။”ဟု ၎င်းဒေသခံအမျိုးသမီးက ပြောသည်။

ကိုဗစ်ပိုး မျိုးကွဲသစ် အိုမီခရွန်တွေ့ရှိမှု မြင့်မားလာသည့်အတွက် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးကရင်ရိုးရာ မီးပုံပွဲ တော်ကို လူစုလူဝေးဖြင့် ဆောင်ရွက်နေခြင်း၊ ပွဲတော်ကျင်းပသည့် ကွင်းထိပ်မုခ်ဦး ပတ်ဝန်းကျင်တွင် ရိုးရာမီးပုံပွဲ အခင်းအကျင်း များအား ပေါ်လွင်စေသည့် အပြင်အဆင်များ၊ ကရင့်ရိုးရာယဉ် ကျေးမှုပြခန်းများ မရှိဘဲ BGF တပ် နယ်(၄) ခေါင်းဆောင် ဗိုလ်မှူး မုတ်သုန်နှင့် အာဏာသိမ်း စစ်ကောင်စီအဖွဲ့ ပိုစတာ ဗွီနိုင်းများကိုသာ ဆိုင်းဘုတ်ထောင် ပြသထားသည့်အတွက် ၎င်းတို့ဩဇာ သက်ရောက်ရေး ရိုးရာပွဲတော်ကို အကြောင်းပြ လုပ်ဆောင်နေကြောင်း ဒေသခံ များအကြား ဝေဖန်မှတ်ချက်ပေးနေကြသည်။

 

၂၂။ ကွတ်ခိုင် လူငယ် (၃)ဦး KIA ဖမ်းဆီးခေါ်ဆောင်သွား
February 14, 2022

သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့နယ် လူငယ် အမျိုးသား (၃)ဦး ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)မှ ဖမ်းဆီးခေါ် ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။ ကွက်ခိုင်မြို့နယ် ယုံးမောကျေးရွာအုပ်စု နားငူးကျေးရွာတွင် ဖေဖော်ဝါရီ (၁၁)ရက် ည (၉)နာရီခန့်၌ လူငယ် အမျိုးသား (၃)ဦးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးသွား သဖြင့် လက်ရှိချိန်ထိ သက်ဆိုင်ရာ မိဘများ၊ ရွာသူကြီးများ သွားရောက်တောင်းဆိုထားကြောင်း သိရသည်။

“ကချင်တပ်တွေ လာဖမ်းသွားတယ်။ စစ်သားစုဆောင်းသွားတဲ့သဘော။ သူတို့ တပ်ရဲ့ ပေါ်လစီဆိုပြီးတော့ ယူသွားတယ်။ ခု လက်ရှိ သူတို့ (၃) ယောက်စလုံး ယုံးမေကျေးရွာအုပ်စုမှာ ရှိထားတယ်လို့ သိရတယ်” ဟု ကွက်ခိုင်မြို့နယ် နားငူးကျေးရွာက ဒေသခံ တစ်ဦးက ပြောသည်။ ထိုဖမ်းဆီးသွားသည့် သျှမ်းလူငယ် (၃)ဦးသည် အသက် (၁၃)နှစ်အရွယ် စိုင်းဆန်လှ၊ အသက် (၁၆)နှစ်အရွယ် စိုင်းဆန်လိုင်း နှင့် အသက် (၁၈)နှစ်အရွယ် စိုင်းဆန်ယော့ တို့ ဖြစ်သည်။

“အဲ့လောက်အသေးစိတ်တော့ ကျနော်တို့လဲ မကြားမိပါဘူး။ ပြောချင်တာက ရှေ့တန်းမှာ ဖြစ်တဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ကျနော်တို့လဲ စစ်သားမစုဆောင်းဘူးလို့ မပြောပါဘူး။ အောက်ခြေမှာဖြစ်တဲ့ဟာ ဖြစ်ပါတယ်”ဟု (KIA) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး နော်ဘူ က သျှမ်းသံတော်ဆင့် ကို ပြောသည်။

၂၃။ ၁၄ နှစ်မြောက် ပဒိုမန်းရှာလားဖန်း အောက်မေ့ပွဲအခမ်းအနား ၎င်း၏ အုတ်ဂူရှိရာတွင် ပြုလုပ်
February 15, 2022 16

ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကျရောက်သည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်း ကျဆုံးခြင်း ၁၄ နှစ်မြောက် အောက်မေ့ပွဲ အခမ်းအနားကို ၎င်း၏အုပ်ဂူရှိရာနေရာတွင် နှစ်စဉ် အစဉ်အလာ မပျက် ပြုလုပ်ခဲ့ကြသည်။ ကျန်ရစ်သူ တော်လှန်ရေး လုပ်ဖော်ကိုင်ဖက် ခေါင်းဆောင်များ ဦးဆောင်၍ ညနေ ၅ နာရီခွဲ အချိန် တွင် စတင်ပြုလုပ်ခဲ့ပြီး အခမ်း အနားတွင် ကေအဲန်ယူ တွဲဘက်အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ ဗဟို ကော် မတီဝင် ပဒိုစောသမိန်ထွန်း အစရှိသည့် ခေါင်းဆောင်များမှ တက်ရောက်၍ အောက်မေ့ဖွယ် အမှတ်တရ စကားများအသီးသီး ပြောဆိုသွားခဲ့ကြသည်။

ထိုသို့ အမှတ်တရ စကားပြောဆိုရာ၌ ပဒိုမန်းရှာလားဖန်းသည် မြန်မာပြည်၏ နိုင်ငံရေးလောကတွင် တော်လှန်ရေးလောက သာမက မြန်မာ့နိုင်ငံရေးတစ်ခုလုံးတွင် ဩဇာလွှမ်းမိုးမှု ကြီးမားခဲ့ကြောင်း၊ ထိုသို့ နိုင်ငံရေး ဩဇာကြီးမားလာမှုကြောင့် လုပ်ကြံ သတ်ဖြတ်ခြင်းခံခဲ့ရခြင်းဖြစ်ပြီး ၎င်းကျဆုံးရခြင်းသည် ကရင့်တော်လှန်ရေးအတွက်သာမက မြန်မာ့နိုင်ငံရေးအတွက်ပါ အကြီး မားဆုံးသော ဆုံးရှုံးမှုကြီးဖြစ်ကြောင်း ၎င်း၏ လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်ခဲ့သူ ပဒိုစောသမိန်ထွန်းက ယခုလိုထည့်သွင်းပြော ဆိုသွားခဲ့သည်။ “သူ့ရဲ့ ဩဇာက ကြီးမားတယ်။ တောမှာနေပေမဲ့ မြို့က နိုင်ငံရေးခေါင်း ဆောင်တွေ၊ နိုင်ငံရေးသမားတွေကို ထိန်းချုပ်လို့ရတယ်။ အဲ့ဒီအဆင့်ထိရှိတယ်။ နောက်ပြီးမှလည်း တိုင်းရင်းသား တပ်ပေါင်းစုမှာလည်း သူက အကုန်လုံးချုပ် ကိုင်ပြီး စီမံကိန်းအတိုင်း သူလုပ်နိုင်တယ်။ သူ့ရဲ့ စီမံကိန်း၊ သူ့ရဲ့ လမ်းညွန်အတိုင်း အားလုံး လုပ်ရတယ်။ အဲ့လောက်ထိ သူ့ရဲ့ ဩဇာရှိတယ်” ဟု အခမ်းအနား၏ အမှတ်တရစကားတွင် ထည့်သွင်း ပြောဆို သွားခဲ့သည်။

ကေအဲန်ယူ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ပဒို မန်းရှာလားဖန်းသည် လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ၎င်း၏ နေအိမ်တွင် မသမာသူများ၏ လုပ်ကြံ သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ယနေ့ ကျရောက် သည့် သူ၏ အောက်မေ့ဖွယ်နေ့ကို ၎င်း၏ ဇာတိမြေရှိရာ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့ နယ်၊ တောကျောင်းကျေးရွာတွင်လည်း ကရင်လူငယ်များစုပေါင်း၍ လွမ်းသူပန်းခွေချ အလေးပြုခဲ့ကြသလို အောက်မေ့ဖွယ်ကို အွန်လိုင်း လူငယ်စကားဝိုင်းများနှင့် အခြားသော နေရာဒေသ တချို့တွင်လည်း အောက်မေ့ပွဲအခမ်းအနားများ အသီးသီး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

၂၄။ သီပေါ မိုင်းထိ လူနာနှင့် ပျက်စီးသွားသည့်နေအိမ် ပြန်ပြင်ရန် အကူအညီ လိုအပ်နေ
February 14, 2022

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ်တွင် ယခုလ အစောပိုင်းက နေရပ်ပြန် စစ်ရှောင်များထဲမှ မိုင်းထိ ဒဏ်ရာရခဲ့သည့် လူနာ နှင့် နေအိမ်လက်နက်ထိမှန် ပျက်စီးခဲ့သည့် ဒေသခံများ အကူအညီ လိုအပ်နေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့က သီပေါမြို့နယ် ကျင်သီကျေးရွာအုပ်စု တွန်ဆောက်ကျေးရွာမှ ဒေါ်ခင်ဌေး နှင့် ၄င်း၏ သားတစ်ဦး အပြင် မန်ဆိုင်း ကျေးရွာမှ စိုင်းကော တို့ မိုင်းထိ ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် လားရှိုးပြည့်သူ့ဆေးရုံ၌ တက်ရောက်ကုသနေကြောင်း သိရသည်။

“ဒဏ်ရာက သိပ်ပြီး မသက်သာသေးဘူး၊ ဒေါ်ခင်ဌေးဆို လက်တွေ မလုပ်နိုင်သေးဘူး၊ ပတ်တီးစည်းထား ရသေးတယ်။ သူတို့က လားရှိုးမှာ အသိတွေမရှိတော့ သွားဖို့လာဖို့လည်း ခက်တယ်။ ပြီးတော့ ပိုက်ဆံလည်း နည်းနေတာ” ဟု အဆိုပါ လူနာများကို ကူ ညီပေးနေသည့် သီပေါဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက သီပေါ မြို့နယ် ကျင်သီကျေးရွာအုပ်စုအနီးတဝိုက် တိုင်းရင်းသား လက်နက်ကိုင်များ ဖြစ်သည့် မြောက်ပိုင်းမဟာမိတ်တပ် ပေါင်းစုနှင့် RCSS တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒေသခံ ရာချီ ဘော်ကြိုဘုန်းကြီးကျောင်းတို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ဇန်နဝါရီလကုန်ပိုင်း တိုက်ပွဲငြိမ်သွားပြီးနောက် နေရပ်ပြန်သွားသည့် ဒေသခံပြည်သူများထဲမှ ဒေသခံ ၃ ဦး မြေမြုပ်မိုင်းထိမှန် ဒဏ်ရာရရှိခဲ့ပြီး လက်ရှိအချိန်ထိ ဆေးဝါးကုသမှု ခံယူနေရဆဲဖြစ်သည်။ ထို့အပြင် တွန်ဆောက်ကျေးရွာတွင် လက်နက်ထိမှန် ပျက်စီးသွားသည့် နေအိမ်လည်း ပြန်လည်ပြုပြင်ရန်အတွက် အခက်ခဲ ကြုံနေကြောင်း သိရသည်။ “လောင်ခွန်ရွာမှာ လက်နက် ထိမှန်တာကတော့ သူ့တို့ ပြန်ပြင်ထားပြီ။ တွန်ဆောက်ရွာက တစ်အိမ်ကတော့ တော်တော်ပျက်စီးသွားတယ်။ ခေါင်မိုးတွေ ဟောင်းလောင်းကို ဖြစ်နေတော့တာ။ အဲ့တာ ပြန်ပြင်ဖို့လည်း ငွေကြေးက မတတ်နိုင်ဘူးလို့ ပြောတယ်”ဟု နီးစပ်သူ အမျိုးသမီး တစ်ဦးက ဆိုသည်။

၂၅။ ပူတာအို ရေခဲတောင်‌တက်ခရီးသည် နည်းလာသဖြင့် ဒေသခံများ အခက်အခဲကြုံ
14 February, 2022

၂၀၂၂ ခုနှစ်မှာ ကချင်ပြည်နယ် ပူတာအိုရေခဲတောင်တက်ခရီးသည်တွေ နည်းပါးလာတာကြောင့် ရေခဲတောင်ခြေက ရွာခံတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ၀င်ငွေ နည်းပါးလာတာကြောင့် ဒေသခံတွေ အခက်အခဲကြုံနေကြရပါတယ်။ “ခါတိုင်းနှစ်ဆို ဇီယာဒမ်းရွာရဲ့ အိမ်တိုင်းမှာ ခရီးသွား ဧည့်သည်တွေ အပြည့်ပါပဲ။ ၂၀၂၂ ခုနှစ်တော့ လူတွေ သိပ်မလာတော့ဘူး။ တစ်ပတ်ကို တစ်ဖွဲ့၊ နှစ်ဖွဲ့လောက်ပဲ ရေခဲတောင်ကို တက်နေကြတယ်။ ခရီးသည်မလာတော့ ရွာခံတွေလည်း ဝင်ငွေမရကြဘူး” လို့ ဒေသခံ တဦးက ပြောပါတယ်။ ရေခဲတောင်ခြေရွာတွေ ဒေသခံတွေဟာ ခရီသွားတွေလာရောက်ပါက လမ်းပြအနေနဲ့ မိသားစု၀င်ငွေကို တစ်ဖက်တစ်လမ်းမှ ရရှိနေကြတာလို့ ခရီးသွားတစ်ဦးက ပြောပါတယ်။

“ရေခဲ‌တောင်တက် ခရီးသွားများအားလုံးက ရေခဲ‌တောင်ခြေရွာတွေမှာ တည်းရတယ်။ အထူးသဖြင့် ခါးလန်ရွာနဲ့ ဇီယာဒမ်းရွာ တို့မှာ တည်းရပါတယ်။ သူတို့ဆီမှာတည်းတဲ့ ခရီးသည်တွေက လမ်းပြခေါ်တာရှိတယ်။ မဟုတ်ရင် ဟင်းဖိုးဆိုပြီးပေးတော့ မိသားစု အပို၀င်ငွေရပါတယ်။” ကိုဗစ်-၁၉ ကာလနဲ့ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပူတာအိုရေခဲတောင်တက် ခရီးသွား နည်းပါးလာတာကြောင့် ရေ‌ခဲတောင်ခြေ ဒေသခံတွေ ၀င်ငွေနည်းလာသလို ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူ အခက် အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

၂၆။ AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသူ ၇၀ ကျော် ကျန်ရှိနေသေး၊ ၎င်းတို့အား လွှတ်ပေးရန် မိသားစုဝင် များပြော
February 14, 2022

ရက္ခိုင့်တပ်တော် AA နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ ၇၀ ကျော်ခန့်ကျန်ရှိနေသေးပြီး ၎င်းတို့အား အမြန်ဆုံးပြန်လည်လွှတ်ပေးရန်လိုသည်ဟု မိသားစုဝင်များနှင့် လူ့အခွင့်ရေး ဆောင် ရွက်နေသူများကပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့က ရက္ခိုင့်တပ်တော် AA နှင့် ဆက်စပ်သည်ဟု ဆို ကာဖမ်းဆီးခံထားရသူ ၄၆ ဦးအား လွှတ်ပေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သော်လည်း ၄၃ ဦးသာပြန်လည်လွှတ် မြောက်လာခဲ့သည်ဟု လူ့အခွင့်ရေးလှုပ်ရှာသူများကပြောသည်။ နိုင်ငံရေးအကျဉ်းသားများအရေး ကူညီဆောင်ရွက်ပေးနေသည့် စာရေးစာရာ ဝေဟင်အောင်၏ စာရင်းများအရ AA နှင့် ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူများမှာ စစ်တွေအကျဉ်းထောင်တွင် ၁၃ ဦး၊ ကျောက်ဖြူထောင်တွင် ၁၈ ဦး၊ မြောက်ဦးအချုပ်တွင် ၁၀ ဦး၊ ဘူးသီးတောင်ထောင်တွင် ၅ ဦး၊ အင်းစိန်ထောင်တွင် ၈ ဦး၊ မန္တလေးထောင်တွင် ၆ ဦးနှင့် သံတွဲထောင်တွင် ၉ ဦးခန့် အသီးသီးကျန်ရှိနေသေးသည်။

လက်ရှိအချိန်အထိ ပြန်မလွတ်သေးသူများထဲတွင် စစ်ရေယာဉ်ပေါ်တွင် ဖမ်းဆီးရိုက်နှက်ခံခဲ့ရသည့် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာသား ၅ ဦးအပါဝင် ဖမ်းဆီးတရားရင်ဆိုင်နေရသူ ၇၀ ကျော် ကျန်ရှိနေသေးသည်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့ က AA နှင့် ဆက်စပ်မှုဖြင့် ဖမ်းဆီးသူများအား ပြန်လွတ်ပေးခဲ့သည့်အထဲမှာ သားဖြစ်သူမပါခဲ့၍ စိတ်ထိခိုက်ခံစားရကြောင်း ဖမ်းဆီးခံထားရသူများ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုကြောင်း ကျောက်ဆိပ်ကျေးရွာမှ ကိုညီညီအောင်၏ မိခင်ဖြစ်သူ ဒေါ်နီနီအေးက Western News ကိုပြောသည်။

“ ရက္ခိုင့်တပ်တော် AA အကြမ်းဖက်အဖွဲ့စည်းက ရုပ်သိမ်းကတည်းက အကြမ်းဖက်မှုနှင့် ဖမ်းဆီး တရားစွဲ၊ ထောင်ချထားတဲ့ သူ တွေကိုပြန်လွှတ်ပေးရမယ်။ တရားဥပဒေအရလည်း သူတို့ကိုလည်း အမှုကို ရှေ့ဆက်ပြီးစစ်ဆေးခွင့် မရှိသလို စစ်လို့လည်း မရတော့ဘူး။ တရားရေးမဏ္ဍိုင်အရဆိုရင် ဒီလူတွေကိုလွှတ်ကိုလွှတ်ပေးရမယ်။ လူ့အခွင့်ရေးအရဆိုရင်လည်း ဒီလူတွေ ဟာ အပြစ်တစ်စုံတရာမရှိဘဲမတရားရင်ဆိုင်နေရသလိုဖြစ်နေတယ်။ လူမှုရေးအရဆိုရင်လည်း မိသားစုတွေအတွက် တော်တော် လည်းကိုခက်ခဲမှုတွေရှိတယ်။ ဒီလူတွေကို ထောင်ဝင်စာ သွားတွေ့ရတာတို့ မိသားစုစားဝတ်နေရေအရရော တော်တော်လည်း ကိုအခက်ခဲဖြစ်စေတယ်”ဟုပြောသည်။ အကြမ်းဖက်မှုမှလွှတ်ပေးသည်ဟုဆိုကာ လွှတ်ပေးပြီး ထောင်ဝရောက်မှ တခြားတစ်မှု အတွက်ဟု ဆိုကာ ပြန်ဖမ်းဆီးသွားခြင်းက လူတစ်ဦး၏ စိတ်ပိုင်းဆိုင်ရာ အလွန်ထိခိုက်မှုတွေရှိစေပြီး ကျန်ရှိနေသေးတဲ့ သူတွေ ကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်ဟု ရခိုင်လူအခွင့်ရေးကာကွယ်မြင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက Western News ကိုပြောသည်။

၂၇။ မြစ်ကြီးနား ရဲစခန်းတွင် မိုင်းပေါက်ကွဲပြီး ရဲ ၃ ဦး ဒဏ်ရာရ
15 February, 2022

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပလနရဲစခန်း အမှတ် (၃) မှာ ဖေဖော်ရီ ၁၃ ရက်က ကိုယ်တိုင်ထောင်ထားတဲ့ မိုင်းနင်းမိပြီး ရဲလုံခြုံရေးတပ်ဖွဲ့ဝင် ၃ ယောက်လောက် ဒဏ်ရာရသွားတယ်လို့ တပ်တွင်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ တပ်တွင်းက အမည်မဖော်လိုသူတဦးက “ရဲစခန်းရဲ့ ပတ်ပတ်လည်မှာ သူတို့လုံခြုံရေးအတွက် မိုင်းတွေ ထောင်ထားကြတယ်။ နေ့မှာစောင့် တဲ့ ရဲတွေက ထောင်ထားတာပါ။ ညမှာ အလှည့်ကျတဲ့ရဲတွေက နင်းမိပြီး ပေါက်ကွဲမှုဖြစ်သွားတယ်။ ၃ ယောက်လောက်က ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်။ ဒဏ်ရာတော့ အရမ်းမများဘူး”လို့ ပြောပါတယ်။

ပလန အမှတ် (၃) ရဲစခန်းက စစ်တပ်အာဏာသိမ်းပြီးစကတည်းက လမ်းသွားလမ်းလာ ပြည်သူတွေကို နေ့တိုင်း စစ်ဆေးမှု တွေ တင်းတင်းကျပ်ကျပ် ပြုလုပ်နေတဲ့ဂိတ်တခုဖြစ်ပါတယ်။ အခင်းဖြစ်တဲ့နေ့က အဆိုပါ စစ်ဆေးရေးဂိတ်မှာ ပေါက်ကွဲ သံကြားရတဲ့အတွက် အနီးအနားနေ ပြည်သူတွေ ထိတ်လန့်သွားခဲ့တယ်လို့ သိရပါတယ်။ ရပ်ကွက်ရှိပြည်သူတဦးက “ပေါက်ကွဲ မှုက အရမ်းကျယ်ပြီး လူတွေ အတော်အများက ကြောက်လန့်လို့ မြေကြီးမှာ ၀ပ်ကြတယ်။ အိမ်တောင်တုန်တယ်။ ဗုံးသံအပြီးမှာ ရဲစခန်းဘက်က ရမ်းပြီး သေနတ်ပစ်တာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

မြစ်ကြီးနား ပလန (၂၉) တပ်ရင်းမှာ လွန်ခဲ့တဲ့ ၃ လလောက်ကလည်း တပ်ရင်းပတ်ပတ်လည် ထောင်ထားတဲ့မိုင်းကို ဗိုလ်ကြီး တစ်ယောက်က ကင်းလှည့်စစ်ဆေးချိန် တက်နင်းမိပြီး ဒဏ်ရာပြင်းထန်စွာရရှိလို့ ယနေ့အထိ နေအိမ်မှာပဲ ဆေးကုသမှုခံယူ နေတယ်လို့ သိရပါတယ်။ မြစ်ကြီးနားမြို့မှာ ဖေဖော်ရီလ ၁၄ ရက် မနေ့ညက ပေါက်ကွဲမှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သလို ပစ်ခတ်မှုတွေလည်းရှိခဲ့ပြီး တပ်ကုန်းရပ်ကွက် စံပြလမ်းအနီး ည ၇ နာရီလောက်က ပေါက်ကွဲမှုမှာတော့ လူ ၄ ယောက် ဒဏ်ရာ ရသွားပါတယ်။

 

၂၈။ မိုင်းယော်ဒေသ စစ်ရေးပြင်းထန် ဒေသခံ ရာချီထွက်ပြေး
February 14, 2022

သျှမ်းပြည်မြောက်ပိုင်း မိုင်းယော်တိုက်နယ် ပန်သပြေကျေးရွာအုပ်စုနှင့် လွိုင်စန့်ကျေးရွာ အုပ်စုတွင်းရှိ ဒေသခံများ တိုက်ပွဲ ကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ (ဖေဖော်ဝါရီ ၁၃ ရက်)နေ့တွင် မြောက်ပိုင်းမဟာမိတ်နှင့် စစ်ကောင်စီတို့တို က်ပွဲကြောင့် ဖေဖော်ဝါရီ ၁၄ ရက်တွင် ဒေသခံများ မိုင်းယော်တိုက်နယ် နှင့် လားရှိုးမြို့နယ်တွင်းသို့ ထွက် ပြေးတိမ်းရှောင်နေရကြောင်း မိုင်းယော် တိုက်နယ်မှ အသက် ၄၀ ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တိုက်ပွဲက မနေ့ည ၈ နာရီ ကနေ ၁ နာရီထိဖြစ်တယ်။ စစ်ကောင်စီက လေယာဉ် ၂ စီးလောက်နဲ့ ပန်သပြေဘက်မှာ လာတိုက် တာ။ ဒီနေ့တော့ ပန်သပြေနဲ့ လွိုင်စန့်က ဒေသခံတွေက ဆက်တိုက် ထွက်ပြေးလာနေပြီ။ တချို့ကတော့ လားရှိုးမြို့နယ်ထဲ ထွက်ပြေးသွားနေကြပြီ၊ မိုင်းယော်မှာတော့ ၅၀၀ ကျော်လောက်ရှိမယ်” ဟု အသက် ၄၀ ကျော် အမျိုးသား က ဆိုသည်။ တိုက်ပွဲ ကြား ထွက်ပြေးတိမ်းရှောင်လာသူများသည် အများစုက အသက်ကြီးသူများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန် သည်များဖြစ်ပြီး လက်ရှိအချိန်ထိ ဒေသခံများ ဆက်လက်ထွက်ပြေးနေရကြောင်းသိရသည်။ “အခုလည်း ပြည်သူတွေ ထွက် ပြေးတိမ်းရှောင်လာနေတယ်။ တချို့က ကိုယ်ပိုင် ဆိုင်ကယ်၊ ကားတွေနဲ့ စီးပြီး ထွက်ပြေးလာနေပြီ။ အမျိုးသမီး၊ အသက်ကြီး သူတွေ အရင်ထွက်ပြေးလာကြတာ။ အိမ်မှာတော့ လူငယ်ပိုင်း၊ လူကြီးပိုင်းတွေဘဲ ကျန်တော့တယ်” ဟု အထက်ပါ စစ်ရှောင် များကို ကူညီပေးနေသည့် အမျိုးသားက ပြောသည်။

ယမန်နေ့ ည မြောက်ပိုင်းမဟာမိတ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်သည် တပ်မ ၉၉ ဖြစ်ပြီး လက်ရှိတွင်လည်း စစ်အင်အားဖြည့်တင်းနေလျက်ရှိကြောင်း သိရသည်။ မိုင်းယော်တိုက်နယ်အတွင်း သွားလာလှုပ်ရှားနေသည့် တိုင်းရင်းသား လက်နက်ကိုင်များသည် ကချင်လွတ်မြောက်ရေး တပ်မတော် KIA၊ ကိုးကန့်တပ်မတော် MNDAA၊ တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် TNLA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့ ဖြစ်ကြောင်း သိရသည်။

၂၉။ ကံပေါက်ရွာသား နှစ်ဦးအား စစ်ကောင်စီက ဖမ်းဆီး၊ တစ်ဦးကို ခံဝန်ဖြင့် ပြန်လွှတ်
14 February, 2022

တနင်္သာရီတိုင်း ရေဖြူမြိူ့နယ် ကံပေါက်ဒေသမှာ ဖေဖော်ဝါရီ ၁၁ ရက်ညက လူငယ်နှစ်ဖြစ်တဲ့ မောင်တိုးအောင်နဲ့ မောင်နိုင်ဝေထွန်း တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက် ည ၁၁ နာရီခွဲလောက်မှာ သူတို့နှစ်ဦး ကံပေါက်ဆေးရုံမှာ အိပ်နေတဲ့အချိန် စစ်ကောင်စီတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါ တယ်။ ဖမ်းဆီးခံရတဲ့ လူငယ်နှစ်ဦးဟာ ကံပေါက်ဒေသအကျိုးပြု ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်နေသူတွေဖြစ်ပြီး လက်ရှိ လည်း ကံပေါက်တိုက်နယ်ဆေးရုံမှာ ဝိုင်းဝန်းကူညီပေးနေကြကာ ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာ မသိရဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူ ၂ ဦးအနက် မောင်နိုင်ဝေထွန်းကိုတော့ ကံပေါက်နယ်မြေရဲစခန်းက အာမခံ ခံဝန်နဲ့ လက်မှတ်ထိုးခိုင်းပြီး ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။ မောင်တိုးအောင်ကိုတော့ ကံပေါက်မောရဝတီ ရေတပ်စခန်းဌာနချုပ် စစ်ကြောရေးမှာ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အရင်က မောင်တိုးအောင်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်တယ်ဆိုပြီး ထောင်ဒဏ် ၁ လ ချမှတ်ခံခဲ့ရဖူးပါတယ်။ ထောင်ကပြန်လည်လွတ်မြောက်လာပြီးတဲ့ နောက် မောင်တိုးအောင်ဟာ ပရဟိတ လုပ်ငန်းတွေကိုသာ လုပ်ကိုင်နေတာဖြစ်ပြီး ရွာထဲမှာလည်း အနေအေးဆေးသူဖြစ်ကာ အခုအချိန်အထိ ဘာအမှုနဲ့ဖမ်းဆီးစစ်ဆေးနေတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

 

၃၀။ ရွာငံတွင် အသက်၂၁ အရွယ် လူငယ်တစ်ဦးကို စစ်ကောင်စီပစ်သတ်
15 February, 2022

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာက ကိုဇင်မင်းခိုင်ကို ဖေဖော်ဝါရီလ ၁၄ ရက် ညနေပိုင်း တောခြံက အပြန်လမ်းမှာ စစ်ကောင်စီတပ်သားတွေက အကြောင်းမဲ့ ပစ်သတ်လိုက်ပြီး ကျေးရွာတွင်းနေ လူငယ် ၃ ဦးကိုလည်း မတရား ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ သေဆုံးသွားတဲ့ အသက် ၂၁ နှစ် အရွယ် ကိုဇင်မင်းခိုင်ရဲ့ အလောင်းကိုလည်း နာရေးကားနဲ့ ကလောကို ယူဆောင်သွားပြီး မိသားစုဆီ အခုထိပြန်မပေးဘူးလို့ ဆို ပါတယ်။ ဒါ့ပြင် ကျေးရွာထဲရှိ အသက် ၁၈ နဲ့ အသက် ၂၀ အရွယ် လူငယ် ၃ ဦးကိုလည်း အကြောင်းမဲ့ဖမ်းဆီးသွားပြီး ဘယ် ကို ဖမ်းသွားတယ်ဆိုတာတော့ မသိရပါဘူး။

စစ်ကောင်စီတပ်သားတွေ ပစ်ခတ်မှုကြောင့် ‌သေဆုံးသွားသူ ကိုဇင်မင်းခိုင်ဟာ အသက် ၁၆ နှစ်အရွယ်ကတည်းက ဖခင်၊ အစ်ကိုတွေနဲ့အတူ ကယားပြည်နယ် မော်ချီးသတ္တုတွင်းမှာ အလုပ်လုပ်ကိုင်ခဲ့ပြီး မိဘကို ပြုစုလုပ်ကျွေးနေသူဖြစ်တယ်လို့ သိရ ပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၃ နာရီကျော်လောက်မှာ ရွာအနောက်ဘက်အခြမ်းရှိ တောင်ယာစိုက်ထားတဲ့ တောင်တန်း တစ်လျှောက်လုံးကို စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်တွေ ရှိတယ်ဆိုပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၃၁။ စစ်ကောင်စီကို စွန့်ခွာတဲ့ စစ်သားနဲ့ ရဲ ၁၆ဝဝဝ ခန့်ရှိပြီဟု CDM အရာရှိတွေပြော
February 14, 2022

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကနေ အာဏာဖီဆန်ပြီး ထွက်ပြေးသူဦးရေဟာ ၁၆ဝဝဝ ခန့်ရှိပြီလို့ CDM အရာရှိတွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ကနေ CDM မှာ ပါဝင်လာတဲ့ အရာရှိကြီးတစ်ဦးက နေပြည်တော်ရဲတပ်ဖွဲ့ဌာနချုပ်က သူတို့ ရရှိတဲ့ သတင်းတွေကို ကိုးကားပြီး အာဏာသိမ်းပြီး နောက်ပိုင်း ထွက်ပြေးစွန့်ခွာသူ အရေ အတွက်ကို အခုလိုပြောဆိုပါ တယ်။ “နေပြည်တော်မှာ ရှိတဲ့ ရဲတပ်ဖွဲ့ဌာနချုပ်မှာ ကျနော်တို့ လျော့နည်းသွားတဲ့ အင်အားတွေက ၇ဝဝဝ ကျော်မှာရှိတယ်။ အဲဒီ ၇ဝဝဝ ကျော် မှာ ပင်စင်၊ သက်ပြည့်ပင်စင်၊ နှုတ်ထွက်တို့၊ မကျန်းမာ တို့တွေ နုတ်လိုက်လို့ ရှိရင်တော့ CDM လုပ်ထားတဲ့ ရဲက ၆ဝဝဝ ကျော် လောက်မှာ ရှိတယ်။ တကယ်တမ်း စာရင်းပေးသွင်းနိုင်တဲ့ ရဲကတော့ ၂၅ဝဝ နဲ့ ၃ဝဝဝ ကြားရှိတယ်။ ကျန်တဲ့ သူတွေကတော့ အကြောင်း အမျိုးမျိုးကြောင့် ဆက်သွယ်လို့ မရတဲ့သူတွေ၊ အင်တာနက် မကောင်းတဲ့ နေရာမှာ နေတဲ့သူတွေ၊ EAO နယ်မြေမှာ ရှိသူတွေ၊ PDF ထဲမှာ ရှိတဲ့သူတွေကတော့ ဆက်သွယ်လာခြင်း မရှိဘူး” ပြည်သူနဲ့ ပူးပေါင်းခဲ့တဲ့ ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဗိုလ်ကြီး မင်းမောင်မောင်ကလည်း အခြေအနေအရ စစ်ကောင်စီကို စွန့်ခွာသူဦးရေကို အတိအကျသိဖို့ခက် ကြောင်း၊ ဒါပေမယ့် တစ်သောင်းကျော်ပြီလို့ သူခန့်မှန်းကြောင်း ပြောပါတယ်။

“တစ်သောင်း ကျော်ပြီပေါ့။ ပြည်သူဘက်ကို ပုံစံမျိုးစုံနဲ့ပေါ့နော်။ CDM ခေါင်းစဉ်အောက်ကို ဝင်လာတာ ရှိတယ်၊ Local PDF အောက်ကို တိတ်တဆိတ် ပူးပေါင်းသွားတာ ရှိတယ်။ ပုံမှန် လူမသိ သူမသိ ကိုယ်ယောင်ဖျောက်ပြီးတော့ တပ်ပြေးဘဝနဲ့ ငြိမ် သက်စွာနေတဲ့ အဖွဲ့တွေ ရှိတယ်” ဒီအတောအတွင်း လက်ရှိတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ကျဆုံးတဲ့ ဦးရေ အထူးများပြား နေတယ်လို့ တိုင်းရင်းသားအဖွဲ့တွေ ဒေသခံ PDF တွေကပြောပေမယ့် စစ်ကောင်စီဘက်က အတည်ပြုခြင်း မရှိပါဘူး။ ဗိုလ်ကြီး မင်းမောင်မောင်ကတော့ စစ်ကောင်စီဟာ သူတို့အင်အား အကြီးအကျယ်ယိုယွင်းနေတာကို ဖုံးကွယ်နေတယ်လို့ ပြောပါတယ်။ အခုလို CDM အရာရှိတွေရဲ့ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကို လတ်တလော သိရှိနိုင်ခြင်း မရှိသေးပါဘူး။

၃၂။ ရခိုင်တွင် ၁ ပတ်အတွင်း ကိုဗစ်ပိုးတွေ့သူ ၃၄ ဦးထိရှိလာ
February 15, 2022

ရခိုင်ပြည်နယ်တွင် ဖေဖော်ဝါရီ ၈ ရက်နေ့မှ ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိ တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့သူ ၃၄ ဦးထိရှိခဲ့သည် ကို ရခိုင်ကိုဗစ်စောင့်ကြည့်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်။ ဖေဖော်ဝါရီ ပထမအပတ် တွင် ကိုဗစ်ပိုးတွေ့သူ ၄ ဦးသာရှိခဲ့သော်လည်း ဒုတိယပတ်ထဲတွင် ၃၄ ဦးထိမြင့်တက်လာနေပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့ ၁ ရက် အတွင်း ၁၀ ဦးကျော်အထိ ကိုဗစ်ပိုးတွေ့ရှိရသည်။ ရခိုင်ရှိ ၁၇မြို့နယ်ထဲတွင် စစ်တွေမြို့မှာ ပိုးတွေ့နှုန်းအများဆုံးဖြစ်ပြီး လေယာဉ်စီးမည့်ခရီးသည်များကို ကိုဗစ်စစ်ဆေးရာမှ အများဆုံး ကိုဗစ်ပိုးတွေ့ရှိနေခြင်းဖြစ်သည်။ ကိုဗစ်ပိုးတွေ့မှုများလာ နေသလို လက်ရှိတွင်လည်း ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်မှာ မြန်မာနိုင်ငံအတွင်း ကူးစက်ပျံ့နှ့နေပြီဖြစ်သည့်အတွက် ကိုဗစ်ပိုး တွေ့သူများကို အိုမီခရွန် ဟုတ်၊ မဟုတ်စစ်ဆေးသွားမည်ဟု ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနကပြောဆိုသည်။

ဖေဖော်ဝါရီဒုတိယပတ်အတွင်း ကိုဗစ်ပိုးတွေ့နှုန်းဆက်တိုက် မြင့်တက်နေသည့်အတွက် ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီး လျှင်လည်း လေယာဉ်ဖြင့်ခရီးသွားမည်ဆိုပါက ကိုဗစ်ထပ်မံစစ်ဆေးရမည်ဟု ရခိုင်ပြည်နယ်ကျန်း မာရေးဦးစီးဌာနက ဖေဖော်ဝါရီ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။ ရခိုင်ပြည်နယ်အတိုင်းအတာအနေဖြင့် ကိုဗစ်တတိယလှိုင်းအတွင်း ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိ ကိုဗစ်ပိုးကူးစက်ခံရသူ ၅၂၈၆ ဦးနှင့် သေဆုံးသူ ၅၀၁ ဦးထိရှိနေပြီဖြစ်သည်။

၃၃။ MNDAA နှင့် တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်မှ ၈ ဦး သေဆုံး
February 15, 2022

သိန္နီမြို့နယ် အထူးဒေသ(၁) မူပန်ခရိုင်တွင် ဖေဖော်ဝါရီလ ၁၃ ရက် ညနေပိုင်းက စစ်ကောင်စီ တပ်နှင့် မြန်မာ အမျိုးသား ဒီမိုကက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၈ဦး သေဆုံးခဲ့ ကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲတွင် အပြန်အလှန် ပစ်ခတ်မှု ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး MNDAA ဘက်မှလည်း တဦး ကျဆုံး ခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်ဘက်မှ MNDAA တပ်မဟာ ၂၁၁ ၏ ခံစစ်နေရာများကို ဗုံးကြဲ ရန် တိုက်လေယာဉ်များ စေလွှတ်ခဲ့ပြီး MNDAA ထိန်းချုပ်နယ်မြေ မန်ရန်တပ်စခန်းနှင့် ရှိကျိကျတောင်ကုန် နယ်မြေများသို့ စက်သေနတ်များနှင့် စနိုက်ပါရိုင်ဖယ်များကို အသုံးပြုကာ ကျည်မျိုးစုံနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

 

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button