သတင်း

ကျဆုံးခြင်းနီးစပ်နေတဲ့ စစ်ကောင်စီကို ထောက်တိုင်မပြုလုပ်ကြဖို့ KIO ဥက္ကဌတိုက်တွန်း

ကျဆုံးခြင်းနီးစပ်နေတဲ့ စစ်ကောင်စီကို ထောက်တိုင်မပြုလုပ်ကြဖို့ KIO ဥက္ကဌတိုက်တွန်း

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

ဩဂုတ် ၁၀ ရက်၊ ၂၀၂၃။

ကျဆုံးခြင်းနီးစပ်နေတဲ့ စစ်ကောင်စီကို ပြည်သူများအနေဖြင့် ထောက်တိုင်မပြုလုပ်ကြဖို့ ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့(KIO) ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဒီကနေ့ ဩဂုတ် ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ကချင် အာဇာနည်နေ့ အခမ်းအနား မိန့်ခွန်းကနေတဆင့် တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ဘက်ပေါင်းစုံကနေ ကျဆုံးနေပြီ ဖြစ်တဲ့ စစ်ကောင်စီဟာ သူ့တို့အသက်ရှင်သန်နိုင်ရေးအတွက် လက်နက်မကိုင်တဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး နိုင်ငံတကာအဆင့်ရှိတဲ့ ပြစ်မှုဆိုင်ရာ ရာဇဝတ်မှု (စစ်ရာဇဝတ်မှု)များကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာ ဖြစ်နေတယ်လို့ သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားတာပါ။

အဲဒီလို ဘက်ပေါင်းစုံကနေ ကျပ်တည်းပြီး ကျဆုံးခန်းရောက်နေပြီ ဖြစ်တဲ့ စစ်ကောင်စီကို အဖွဲ့အစည်းတချို့နဲ့ လူပုဂ္ဂိုလ်တချို့တို့ဟာ ကိုယ့်ကျိုးစီးပွားအတွက် အကျိုးအမြတ်ရှာကာ စစ်ကောင်စီရဲ့ ထောက်တိုင်ပြုလုပ်ပေးနေ တာကြောင့် စစ်ကောင်စီ သက်ဆိုးရှည်စေဖို့ ပြန်လည်ကူညီပေးနေရာရောက်နေတာကို သတိချပ်စေလိုတယ်လို့ သူက ဆက်လက် ထောက်ပြပါတယ်။

ဒါ့ကြောင့် ဘက်ပေါင်းစုံကနေ ကျဆုံးနေပြီး အရပ်သားလူထုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်ပြီး စစ်ရာဇဝတ် မှု များစွာ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အမြစ်ပြတ် ပြုတ်ကျနိုင်ရေးအတွက်  ပြည်သူ လူထုများ အနေဖြင့် မှန်ကန်တဲ့ နည်းပရိယာယ် တို့ဖြင့် ပူးပေါင်းပါဝင် ကူညီပေးဖို့ လိုအပ်သလို တော်လှန်ရေး အင်အားစုများ အနေဖြင့်လည်း မဟာဗျူဟာ၊ နည်းဗျူဟာ ကျကျမှန်ကန်စွာဖြင့် ရပ်တည် ဖော်ဆောင်သွားဖို့ လိုအပ်တယ်လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လက အထူးတိုက်တွန်းထားပါတယ်။

ဒီကနေ့ ဩဂုတ် ၁၀ ရက် နေ့မှာ ကျရောက်တဲ့ ကချင် အာဇာနည်နေ့ အခမ်းအနားကိုတော့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG) အပါအဝင် တော်လှန်ရေးအင်အားစုများက သဝဏ်လွှာအသီးသီး ပေးပို့ကြတာ တွေ့ရပါတယ်။

ဓါတ်ပုံ – KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို တွေ့ရစဉ်။ (ပုံဟောင်း) 

Related Articles

Back to top button