တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 29, April 18, 2025)

၁။ လားရှိုးမြို့ထဲ စစ်ကောင်စီအရာရှိအချို့စတင်ဝင်ရောက်လာပြီး MNDAA၊ တရုတ်တို့နှင့်သုံးပွင့်ဆိုင်အစည်းအဝေး ပြုလုပ်
 April 18, 2025
သျှမ်းပြည် လားရှိုးမြို့ထဲသို့ စစ်ကောင်စီတပ်မှ အရာရှိအချို့ စတင်ဝင်ရောက်လာပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ၊ တရုတ် အစိုးရကိုယ်စားလှယ်များနှင့် သုံးပွင့်ဆိုင် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၁၇ ရက်) နေ့လယ် ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ ရပ်ကွက် (၂) ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကောင်စီတပ်မှ အရာရှိအချို့သည် တရုတ်အစိုးရကိုယ်စားလှယ်များ လိုက်ပါလျက် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် သုံးပွင့်ဆိုင် အစည်းအဝေးပြု လုပ်ခဲ့ကြောင်း လားရှိုးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။“ကြားတာတော့ စစ်တပ်က အရာရှိတွေလာတယ်၊ တရုတ် အစိုးရ ကိုယ်စားလှယ်တွေကိုလည်း ခေါ်လာတယ်။ ဘယ်နှယောက်လဲ ဆိုတာတော့ မသိရဘူး။ မနေ့က (ဧပြီ ၁၇ ရက်) ဆင်နှစ် ကောင်ဟိုတယ်မှာ သူတို့ အစည်းအဝေး လုပ်ကြတယ်။ အဲ့ဘက်လမ်းကြောတလျောက် ကိုးကန့်တပ်သားတွေ လမ်းပိတ်ပြီး လုံခြုံရေးယူထားတာ တော်တော်များများပဲ”ဟု ၎င်းလားရှိုးဒေသခံ အမျိုးသားက ပြောဆိုသည်။ ဧပြီလ ၁၆ ရက် နေ့လယ်ပိုင်း ကတည်းက စစ်ကောင်စီတပ် အရာရှိအချို့နှင့် တရုတ်အစိုးရ ကိုယ်စားလှယ်များသည် မူဆယ်မြို့မှ ရဟတ်ယာဉ် နှစ်စီးဖြင့် လားရှိုးမြို့ လေယာဉ်ကွင်းသို့ လာရောက် ဆင်းသက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ တရုတ်၏ ဖိအားပေးမှုကြောင့် သင်္ကြန်အပြီး မြန်မာနှစ်ဆန်း (၁) ရက်နေ့ ဖြစ်သည့် ဧပြီလ (၁၇) ရက်အထိ လားရှိုးမြို့ပေါ်မှ MNDAA တပ်ဖွဲ့ဝင်များကို တပ် ဆုတ်ခွာရန် အချိန်ပေးထားကြောင်း သတင်းထွက်ပေါ်ခဲ့ပြီးနောက် လားရှိုးမြို့ပေါ်တွင် စစ်ကောင်စီ၊ MNDAA နှင့် တရုတ်ကိုယ် စားလှယ်များ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အလားတူ ဧပြီလ ၁၆ ရက်မှ ယမန်နေ့အထိ နှစ်ရက်အတွင်း စစ်ကောင်စီတပ်မှ Helicopter ရဟတ်ယာဉ် ၃ စီးခန့်ဖြင့် မူဆယ် – ကွတ်ခိုင် – သိန္နီ – လားရှိုး အနီးတဝိုက် ခေါက်တုံ့ခေါက်ပြန် ပျံသန်းသွားကြောင်း ဒေသခံများက ပြောသည်။ ထို့အပြင် လားရှိုးမြို့သို့ ဝင်ရောက်နိုင်သည့် ပြည်ထောင်စုလမ်းမကြီးပေါ် သီပေါ-လားရှိုးလမ်းပိုင်း နောင်မွန်ကျေးရွာတွင် ကိုးကန့်တပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်မှ အပြန်အလှန် သွားလာခွင့် ပိတ်ဆို့ထားပြီး တန့်ယန်း – မိုင်းရယ် – လားရှိုး လမ်းပိုင်းတွင် ဟိုယကျေးရွာ အနီး အလားတူ လမ်းပိတ်ထားကြောင်း သိရသည်။ယနေ့ (ဧပြီလ ၁၈ ရက်) မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထား သည့် လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်လွှဲအပ်မည်ဖြစ်ပြီး ယခင်ရက်များကတည်းက စစ်ကောင်စီ၏ စစ်ဘက်ရေးရာ လုံခြုံ ရေး (စရဖ) တပ်ဖွဲ့ဝင်များ အရပ်ဝတ်ဖြင့် လားရှိုးမြို့ထဲသို့ ဝင်ရောက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောဆိုသည်။“စစ်တပ်နဲ့ ကိုးကန့်တပ်ကို ကြားချဖို့ တရုတ်က လားရှိုးမှာ ကုန်သွယ်ရေးရုံးလိုမျိုး ဖွင့်မယ့်သဘောရှိတယ်။ စစ်တပ်ကလည်း ဒါကို သဘောတူမယ့် အခြေအနေ ရှိတယ်။ တရုတ်ရှိနေရင်တော့ နှစ်ဘက်လုံး သဘောတူထားတဲ့ အချက်တွေ မလိုက်နာချင် လည်း လိုက်နာရမယ့်သဘော ဖြစ်သွားမယ်”ဟု ဝါရင့် တော်လှန်ရေးရဲဘော် တစ်ဦးက ပြောသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA မှ လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်အပ်နှံပြီးလားရှိုးမြို့ပေါ်တွင် MNDAA ဆက်ဆံရေးရုံး ဆက်လက်ထားရှိမည့်အပြင် တရုတ် နိုင်ငံမှ ကုန်သွယ်ရေးရုံး ဖွင့်လှစ်မည့် ကိစ္စများကို နှစ်ဘက်တပ်ဖွဲ့မှ တရားဝင် ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။ လာမည့် ဧပြီလ (၂၂) ရက်တွင် တရုတ်၏ စီစဉ်ပေးမှုဖြင့် စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့သည် တရုတ်နိုင်ငံ ကူမင်းမြို့၌ ထပ်မံတွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောဆိုထားသည်။ Read in Full

၂။ AA တပ်ဖွဲ့ဝင်တွေလို့ဆိုကာ ARSA ကသတ်ဖြတ်ပစ်ခဲ့သူ ၄ ဦးမှာ ခမီကျေးရွာသားများသာဖြစ်တယ်လို့မိသားစုတွေပြောဆို
 April 17, 2025
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တယ်လို့ဆိုကာ အကြမ်းဖက်အဖွဲ့ ARSA က ရုပ်သံထုတ်လွှင့်ကာ သတ်ဖြတ်ပစ်ခဲ့သူ ၄ ဦးမှာ AA တပ်ဖွဲ့ဝင်တွေမဟုတ်ဘဲ ခမီကျေးရွာသားများသာဖြစ်ကြတယ်လို့ မိသားစုတွေက အခိုင်အမာပြောဆိုကြပါတယ်။ ဂုပ္ပီ (ခမီ)ကျေးရွာက အသတ်ခံခဲ့ရတဲ့ မောင်သာအေးကျော်ရဲ့ ဖခင်ဦးကျော်သာဦးက ” ဒီအာဆာတွေ ဗီဒီယိုကိုကြည့်တော့ ကျည် ဘောက်ထည့်ထားတဲ့အင်္ကျီတွေ ဝတ်ထားတဲ့သူတွေကို AA တပ်ဖွဲ့ဝင်တွေ ဆိုပြီး သတင်းလွှင့်တာကိုတွေ့ပါတယ်။  သာမာန်မသိ တဲ့လူတွေက အာဆာအကြမ်းဖက်အဖွဲ့က ဖမ်းဆီးလာတာ အေအေလို့ထင်ခဲ့ကြတယ်။ သေချာကြည့်လိုက်‌တော့ ကျွန်တော်သား မောင်သာအေးကျော်ကို မှတ်မိပါတယ်”လို့ ပြောကြားပါတယ်။ ARSA အကြမ်းဖက် အဖွဲ့ဟာ ဧပြီလ ၄ ရက်နေ့က ၂ မိနစ် ကျော် ကြာ ရုပ်သံတစ်ခုအား အွန်လိုင်းပေါ် ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီရုပ်သံဗီဒီယိုအထဲမှာ ARSA နဲ့ AA  နှစ်ဘက်အပြန် အလှန်ပစ်ခတ် တာမျိုး ဖန်တီးထားတဲ့  ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်နဲ့ အတူ စစ်သုံးပစ္စည်း အီကွေမန့် လွယ်ထားသူ ခမီအမျိုးသား ၄ ဦးကို  AA တပ် ဖွဲ့ဝင်တယ်လို့ဆိုကာ ထုတ်လွှင့်ပြသခဲ့ပါတယ်။ မောင်တောဒေသစစ်ရေးလေ့လာသူတစ်ဦးက‌ “သူတို့လုပ်ထားတဲ့ အွင်လိုင်း ပေါ် က Video ရုပ်သံက အာဆာနဲ့ အေအေတို့ တိုက်ပွဲကြီးတစ်ခုဖြစ်နေသလိုရိုက်ပြထားတယ်။ ခဏနေတော့ အရပ်သား ၄ ဦးကို အီကွေမန့်တွေ ဝတ်ပြီး AA တပ်ဖွဲ့ ဝင်တွေကို ဖမ်းဆီးရလာသလို အယောင်ဆောင်ပြီး ဖော်ပြခဲ့ကြတာ‌ တွေ့ရတယ်။ အမှန်တော့ သူတို့ လေးဦးဟာ အေအေနဲ့ ဘာမှ မဆိုင်တဲ့ အရပ်သား ခမီလူမျိုးတွေ ဖြစ်ကြတယ်”လို့ပြောပါတယ်။

ဒီရုပ်သံဖိုင်ကို အဲဒီ ခမီလူမျိုး လေးဦးအား သတ်ဖြတ်ပြီး ၅ရက် ခန့်အကြာမှာ အာဆာ အကြမ်းဖက် အဖွဲ့က ထုတ်လွှင့် လာခဲ့ခြင်းဖြစ်ပါတယ်။ အာဆာ အကြမ်းဖက်အဖွဲ့ရဲ့ သတ်ဖြတ်ခြင်း ခံခဲ့ရပြီး  သေဆုံးသွားခဲ့ရတဲ့ ခမီအမျိုးသားလေးဦးကတော့  ဘူးသီးတောင်မြို့နယ် အိုဗြူ (ခမီ) ရွာ မှ ဦးမောင်ဘ (၄၁)နှစ်၊ ဂုပ္ပီ (ခမီ) ရွာက မောင်သာအေးကျော် (၁၇) နှစ်၊ အောက်ဂန္ဒရူး (ခမီ)ရွာမှကိုမောင်ကြီး (၂၅) နှစ်နဲ့ မောင်တောမြို့နယ် မြဝတီ (ခမီ) ရွာမှ ကိုအောင်မြင့်ထွန်း (၁၉) နှစ် တို့ ဖြစ်ကြပါတယ်။ သူလေးဦးဟာ  ပြီးခဲ့တဲ့  မတ်လ ၂၉ ရက်၊ နံနက်ပိုင်းက မောင်တောမြို့နယ်၊ မြဝတီကျေးရွာမှ အောက်ဂန္ဒရူးရွာသို့ သွားကြစဉ် လမ်းခုလပ်မှာ ARSA အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခြင်းကို ခံခဲ့ကြရပါတယ်။  ARSA အဖွဲ့ရဲ့  ဖမ်းဆီးခြင်းကိုခံရပြီး တစ်ရက်အကြာ မတ်လ ၃၀ ရက်နေ့မှာ သူတို့လေးဦးရဲ့  အလောင်းတွေကို မေယုတောင်ခြေ မောင်တော-ဘူးသီး‌တောင် တောင်ကျော်လမ်းမှာ သေနတ် ဒဏ်ရာတွေနဲ့ ကျေးရွာသားတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။  သူတို့ ၄ ဦး၏ ရုပ်အလောင်းတွေကို မတ်လ ၃၁ ရက်နေ့မှာ  ကျေးရွာသားများက မီးသင်္ဂြိုလ်ခဲ့ကြတယ် သိရပါတယ်။ Read in Full

၃။  မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူနေအိမ် ၇ လုံးဝန်းကျင် ထိခိုက်ပျက်စီး
 April 17, 2025
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်တစ်နေရာကို ဧပြီလ ၁၆ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်ချိန်မှာ စစ်ကောင်စီက လေကြောင်းကနေ  တိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူနေအိမ် ၇ လုံးဝန်းကျင် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရ ပါတယ်။“ယမန်နေ့ညနေ ၅ နာရီ ၂၀ မိနစ်လောက်မှာ မင်းတပ်မြို့ပေါ်တစ်နေရာကို ပေါင် ၂၅၀ ဗုံးလို့ယူဆရတဲ့ ဗုံး ၂ လုံးကြဲချ ပြီး အကြောင်းမဲ့လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူနေအိမ် ၇ လုံးဝန်းကျင်ခန့် ထိခိုက်ပျက်စီးသွားတယ်လို့” မင်းတပ်ဒေသခံ HKL Mindat က ၎င်းရဲ့ လူမှု့ကွန်ယက်ဖေ့ဘုတ်မှာဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့မရှိတော့တဲ့ မင်းတပ် မြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းကနေ အခုရက်ပိုင်းအတွင်း မကြာခဏ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဧပြီ ၉ ရက်နေ့ တုန်းက လည်း မင်းတပ်မြို့နယ် ဖွီကျေးရွာကို ညကိုးနာရီ ဝန်းကျင်လောက်ကလည်း စစ်ကောင်စီ လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၈ လသားအရွယ်ကလေးငယ်အပါအဝင် စုစုပေါင်း ၆ ဦးသေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် ဧပြီလ ၁၃ ရက်နေ့ညနေ ၄ နာရီဝန်းကျင်လောက်မှာ မင်းတပ်မြို့မနှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းကို လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူထိခိုက်သေဆုံးမှုမရှိခဲ့ပေမယ့် ဘုရားကျောင်းဝင်းတွင်းက အဆောက်အဦးတွေ အကြီး ကျယ် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ မင်းတပ်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ CDF – Mindat ပါဝင်တဲ့ ချင်းညီနောင်နဲ့ မဟာမိတ်အဖွဲ့တွေက မင်းတပ်မြို့ကို စစ်ကောင်စီလက်ထဲကနေ အပြီးသိမ်းပိုက်ခဲ့ပြီး လက်ရှိ မင်းတပ်မြို့အုပ် ချုပ်ရေးကိုလည်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အုပ်ချုပ်ရေးအဖွဲ့က ဆက်လက်အကောင်အထည်ဖော်ဆောင် ရွက်နေတာဖြစ်ပါတယ်။ Read in Full

၄။  ကျုံဒိုး၊ ကမ်းနီးကျေးရွာနှင့် သရက်တောကျေးရွာကို နှစ်ဆန်း ၁ ရက်နေ့ လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦး သေဆုံး
 April 17, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီးကျေးရွာနှင့် သရက်တောကျေးရွာကို နှစ်ဆန်း ၁ ရက်နေ့ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ရာ ပြည်သူ ၁ ဦး သေဆုံးကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ပြောဆိုသည်။ ယနေ့ မြန်မာနှစ်သစ်ကူး နှစ်ဆန်းနေ့ ဧပြီလ ၁၇ ရက်နေ့ နံနက် ၈ နာရီအချိန် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ကျုံဒိုးမြို့၊ ဂျိုင်းမြစ်တစ်ဖက်ကမ်းရှိ ကမ်းနီ ကျေးရွာနှင့်သရက်တောကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းဖြင့် ဗုံးကျဲ တိုက် ခိုက်မှုကြောင့် သရက်တောကျေးရွာသားအမျိုးသား ၁ ဦးသေဆုံးပြီးကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ သည်။ “မနက်အစောကြီးကတည်းက လေယာဉ် ပတ်ပျံပြီးတော့ နံနက် ၈ နာရီလောက်မှာ ဗုံး ၂လုံးကျဲတယ်။ ကွင်းစပ်ကို ကျ ပေါက်တာမှာ ခြံထဲကျပြီး  ၃ ဘီးမောင်းတဲ့ ဦးလေးတစ်ယောက်ထိပြီးဆုံးတယ်။ ကလေး ၂‌‌ ယောက်အစမှန်တယ်။ ဒီဘက်ကမ်း မှာက တိုကိပွဲမရှိဘူး။ PDF လည်းမရှိဘူး။ မွန်အဖွဲ့ လည်းမရှိဘူး။ တိုက်ပွဲလည်းမရှိဘဲပစ်ချတာ။ ကမ်းနီ ကိုလည်းပစ်ချတယ်” ဟု သရက်တောရွာမှ ဒေသပြည်သူများက ပြောဆိုသည်။

လက်ရှိတွင် ကျုံဒိုးမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများဘက်သို့ ဘားအံ မြို့ဘက်မှ စစ်တပ်အင်အား ရာနှင့်ချီ ဖြည့်တင်းနေ ကြောင်း၊  ဂျိုင်းမြစ်၊အထ္ထရံ မြစ်၊ဟောင်သရောမြစ်ဆုံသည့် ဂျိုင်းမြစ်ဝနေရာတွင် နေဗီကမ်းထိုးစစ်ရေယာဉ် ၂စီး၊ တိုက်ကင်းရေ ယာဉ်ငယ်တစ်စီးဖြင့်လည်း စစ်အင်အား ဖြည့်တင်းနေကြောင်း၊ ကျုံဒိုး၊ကော့ကရိတ်လမ်းပိုင်းနေရာများတွင် စစ်တပ်က ပစ်ခတ် သည့် လက်နက်ကြီးများကျပေါက်ကွဲကြောင်း သိရှိရသည်။ ” မနေ့ကညနေပိုင်းကတည်းက ဖားအံပိုင်ဂျိုင်းတံတား၊ ကျားကလေး ဘက်အခြမ်း မှာ ဘားအံဘက်ကနေ စစ်ကူ ၂၀၀ လောက်ရောက်နေတာကနေ ကျုံဒိုးဘက်ကိုဝင်လာနေတယ်။ ဂျိုင်းမြစ်ဝမှာက စစ်သင်္ဘော ၃စီး ရောက်နေတယ်။ ကျုံဒိုးကော့ကရိတ်လမ်းမမှာကစစ်တပ်ဂိတ်တွေမရှိတော့ဘူး” ဟုကျုံဒိုးမှ စစ်ရေးသတင်းရင်း မြစ်က ရှင်းပြသည်။  သင်္ကြန်ကာလအတွင်း ကျုံဒိုးမြို့၊ ကျေးရွာမှ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းဖြင့်ဗုံးကျဲ မှု နှင့် လေကြောင်းတိုက် ခိုက်မှုတို့ကြောင့် အရပ်သားပြည်သူ ၁၅ ဦးခန့် သေဆုံးပြီး ရဟန်းသံဃာ ၁၀ပါး အပါအဝင်  ပြည်သူ  ၃၀ ကျော်ထိခိုက်ဒဏ်ရာရရှိထားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။ Read in Full

၅။ KSPP ဒုဥက္ကဌဟောင်း ဒေါ်ဒွဲဘူအပါအဝင် ၃၉ ဦးကို စစ်ကောင်စီက ဂုဏ်ထူးဆောင်ဘွဲ့ပေး
 April 17,2025
လုပ်ငန်းနယ်ပယ်အလိုက်ထူးချွန်ပြောင်မြောက်စွာကြိုးပမ်း ဆောင်ရွက်ခဲ့ကြသူများလို့ဆိုကာ ကချင်ပြည်နယ်ပြည်သူ့ ပါတီ KSPP ဒုဥက္ကဌဟောင်းဒေါ်ဒွဲဘူအပါအဝင် ၃၉ ဦးကို ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့် ကြောင်း စစ်ကောင်စီက ဒီနေ့မှာ ကြေညာ လိုက်ပါတယ်။ ဧပြီလ ၁၇ ရက်နေ့ရက်စွဲနဲ့ စစ်ကောင်စီကကြေညာခဲ့တာဖြစ်ပြီး ပြည်ထောင်စုစည်သူ သင်္ဂဟဘွဲ့ (စည်သူဘွဲ့)၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့(သီရိပျံချီဘွဲ့)၊ ဇေယျကျော်ထင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့၊ အလင်္ကာကျော်စွဲဘွဲ့ အမည်ရှိ တဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေကို စစ်ကောင်စီကချီးမြှင့်ခဲ့တာပါ။ အဲ့ဒီထဲမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အသစ် ပြန်လည်ဖွဲ့စည်းတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်အဖြစ်ပါဝင်လာခဲ့သူ KSPP ဒုဥက္ကဌဟောင်း ဒေါ်ဒွဲဘူကတော့ သင်္ဂဟဘွဲ့ (စည်သူဘွဲ့) အမည်ရှိတဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကချင်လူထုအကြား ကချင်အမျိုးသမီးနိုင်ငံရေးလှုပ်ရှားသူအဖြစ် လူထုထောက်ခံမှုရရှိခဲ့ရာကနေ ဒေါ်ဒွဲဘူဟာ ကချင် ပြည်နယ် ပြည်သူ့ပါတီ KSPP ကနေ နှုတ်ထွက်အပြီး စစ်ကောင်စီရဲ့အဖွဲ့ဝင်အဖြစ်ပါဝင်လာပြီးနောက်ပိုင်းမှာတော့ ကချင်လူထု အကြား ဝေဖန်မှုတွေခံခဲ့ရသူဖြစ်ပါတယ်။ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် နဲ့ အဖွဲ့ဝင်ဒေါ်ဒွဲဘူ တို့အဖွဲ့ ဟာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ ဆန်း ပိုင်းက မြစ်ကြီးနား၊ ပူတာအိုနဲ့ ဗန်းမော်မြို့နယ်တွေကို သွားရောက်ပြီးတော့ လက် ရှိစစ်ကောင်စီဖော်ဆောင်နေတဲ့ နိုင်ငံရေးလမ်းစဉ်အတိုင်းသွားဖို့၊ပြစ်မှုကျူးလွန်တာတွေမလုပ်ဖို့၊ NUG အပါအဝင် လက်နက်ကိုင် တော်လှန်နေတဲ့အဖွဲ့အစည်းတွေကိုရှောင်ရှားဖို့ လိုက်လံစည်းရုံးပြောဆိုခဲ့ဖူးပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် ရဲ့အမိန့်နဲ့ပေးအပ်ခဲ့တဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေကို ဝန်ကြီးဌာနက ဗိုလ်ချုပ် ၇ ဦး၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ၆ ဦး၊ ‌ဝန်ကြီးချုပ်နဲ့ ရုပ်ရှင်သရုပ်ဆောင် စုစုပေါင်း ၃၉ ဦးကို စစ်ကောင်စီက ဂုဏ်ထူးဆောင်ဘွဲ့တွေချီးမြှင့်ခဲ့ တာဖြစ်ပါတယ်။ Read in Full

၆။ PNO တပ်သားတစ်ဦး လက်နက်နှင့်တကွ PNLA ထံ ဝင်ရောက်ခိုလှုံလာ
 April 17, 2025
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ အတင်းအဓမ္မစုဆောင်းခံရတဲ့ PNO (ပအိုဝ်းပြည်သူ့စစ်) တပ်သားတစ်ဦးဟာ စစ်ကောင်စီတပ်သားတွေရဲ့ နှိပ်စက်မှုဒဏ်ကို မခံနိုင်တော့တာကြောင့် လက်နက်နှင့်တကွ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေး အဖွဲ့ချုပ် (PNLA) တပ်ဖွဲ့ထံ ဝင်ရောက်ခိုလှုံလာခဲ့တယ်လို့ PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံ ကပြောပါတယ်။ အဆိုပါတပ် သားဟာ ပြီးခဲ့တဲ့ ဧပြီလ ၇ရက်နေ့မှာ ဝင်ရောက်ခိုလှုံလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ “သူက ဒီတောင်ကြီးမြို့မှာပဲပေါ်တာဆွဲခံရတယ်။ စစ်ကောင်စီက ပေါ်တာဆွဲသွားတယ်။ အဲ့တာ စစ်ကောင်စီက PNO ကိုပေးလိုက်တာပေါ့လေ။ PNO နဲ့အတူ တိုက် ခိုင်းတာပေါ့လေ။ အဲ့တာ ရှေ့တန်းမှာ စစ်ကောင်စီနဲ့အတူသွားရတယ်တိုက်ရတယ်။ အဲ့တာ စစ်ကောင်စီနှိပ်စက်တာလည်းခံရ တယ်။” လို့ ခွန်ရိန်းယံက ဆိုပါတယ်။ အဆိုပါ တပ်သားဟာ တောင်ကြီးမြို့မှာ အလုပ်လုပ်နေစဥ် ချစ်သူမိန်းကလေးကို သွားတွေ့ ပြီး ပြန်လာရာကနေ စစ်ဆေးရေးဂိတ်တစ်ခုမှာ အတင်းအဓမ္မစစ်သားအဖြစ် စုဆောင်းခံခဲ့ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ နှိပ်စက်မှုတွေကို မခံနိုင်တော့ပဲ ထွက်ပြေးလွတ်မြောက်လာတဲ့ အဆိုပါ PNO တပ်သားတစ်ဦးရဲ့ ထွက်ဆိုချက်ကို လည်း ယမန်နေ့ ဧပြီလ ၁၆ ရက်နေ့မှာ PNLA ကထုတ်ပြန်ထားတာရှိပါတယ်။

ပအိုဝ်းဘာသာစကားနဲ့ စစ်ကောင်စီတပ်သားတွေရဲ့ နှိပ်စက်မှုအကြောင်းတွေကို ထွက်ဆိုလာတဲ့ အပေါ် ခွန်ရိန်းယံက အခုလို ပြန်လည်ပြောပြပါတယ်။ PNO ပြည်သူ့စစ် ၁၂ ဦးက ရှေ့တန်းမတက်ချင်လို့ အမိန့်မနာခံလို့ဆိုပြီး စစ်ကောင်စီက ပစ် သတ်လိုက်တယ်လို့ သူ့ထွက်ဆိုချက်ထဲမှာပါပါတယ်။ မျက်စိရှေ့မှာပဲလို့ပြောပါတယ်။ ပြီးတော့ရှေ့တန်းမှာလည်း PNO ပြည်သူ့ စစ်တွေကို စစ်ကောင်စီက လေးခွတွေနဲ့ ပစ်တာ၊ ဝါးဆစ်ပိတ်တွေနဲ့ ရိုက်တာ၊ ဓါးတွေနဲ့လှီးတာ သေတဲ့သူက သေ တာပေါ့လေ။ မသေတဲ့သူက ကျိုးတဲ့သူကကျိုး အများအပြားဖြစ်ကြတယ်ပေါ့။”လို့ ခွန်ရိန်းယံက ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေဟာ ကျေးရွာအတွင်းရှိ ပြည်သူတွေရဲ့ စည်းစိမ်ပစ္စည်းတွေကို ခိုးယူတာ ဓားပြတိုက်တာတွေလည်း လုပ်နေတာ ရှိတယ်လို့ အဆိုပါ PNO တပ်သားတစ်ဦးရဲ့ ထွက်ဆိုချက်အရ သိရပါတယ်။  လက်ရှိမှာတော့ လက်နက်နဲ့အတူ ဝင်ရောက်ခိုလှုံ လာတဲ့ တပ်သားတစ်ဦးကို ဆုငွေချီးမြင့်ကာ သူသွားချင်တဲ့နေရာ ပို့ဆောင်ပေးခဲ့တယ်လို့ PNLA တပ်ဖွဲ့ ဆီကနေ သိရပါတယ်။  Read in Full

၇။  ပလက်ဝမြို့နယ်တွင် အေအေတပ်ဖွဲ့က ဝတ်ပြုခွင့်နှင့် လူစုဝေးခွင့် တင်းကြပ်စွာတားမြစ်
 April 17, 2025
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ကုလက်ချောင်းတစ်လျှောက်တွင်ရှိသည့် ကျေးရွာများတွင် အေအေ အုပ်ချုပ် ရေးအဖွဲ့က ဒေသခံပြည်သူများ ဝတ်ပြုခွင့်နှင့် လူစုဝေးခွင့် ပိတ်ပင်တားဆီးမှုများကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မတ်လမှစတင်၍ တင်းကြပ်စွာပိတ်ပင်ထားကြောင်း ဒေသခံများမှ သတင်းပေးပို့ချက်အရ သိရသည်။ အေအေတပ်ဖွဲ့က ၂၀၂၅ ခုနှစ် မတ်လမှ စတင်၍ ဒေသခံပြည်သူများ လူသုံးဦးစုလျှင်ဓားမြမှုမြောက်ကြောင်းနှင့် လူငါးဦးစုလျှင်နိုင်ငံရေးအမှုမြောက်ကြောင်း‌ ပြောဆိုကာ လူစုလူဝေးမပြုလုပ်ကြရန် ပိတ်ပင်တားဆီးထားပြီးပြုလုပ်လာပါက အေအေတပ်ဖွဲ့၏ ဥပဒေအရအရေးယူအပြစ်ပေးခံရမည်ဖြစ် ကြောင်း ဒေသခံသတင်းအရင်း အမြစ်မှ သိရသည်။“အေအေတွေက ကုလက်ချောင်းမှာရှိတဲ့ ရွာတိုင်းရွာတိုင်းက ဘုရားကျောင်းမှာ ဝတ်ပြုဆုတောင်းတာတွေ မလုပ်ဖို့ပြောတယ်။ ခုဆိုရွာမှာ တနင်္ဂနွေနေ့တွေမှာ ဘုရားကျောင်းမှာ ဝတ်ပြုလို့မရတော့ဘူး။ ဒါပဲလားဆိုတော့ မဟုတ်သေးဘူး။ မတ်လတုန်းက ရွာမှာလူသေလို့ အသုဘမှာလည်း လူစုလူဝေးပြုလုပ်ခွင့်လည်း မပေးဘူး၊ အသုဘမှာဆို အိမ်ရှင်တွေနဲ့ ရွာသားနည်းနည်းလေးပဲ စောင့်လို့ပဲရတယ်။ အေအေတွေက ဘယ်လိုလုပ်တာလဲ မသိဘူး…” ဟု ကုလက်ချောင်းဒေသမှ အသက် ၄၃ နှစ်အရွယ် အမျိုးသားတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။

အေအေတပ်ဖွဲ့သည် တနင်္ဂနွေနေ့များတွင် ခရစ်ယာန်ဘုရားကျောင်းများ၌ ဒေသခံပြည်သူများကို ဝတ်ပြုခွင့်ကို လည်း တားမြစ်ပိတ်ပင်ထားပြီး သာရေး/နာရေးများတွင်လည်း လူစုလူဝေးမပြုလုပ်ရန် တင်းကြပ်စွာတားမြစ် ထားကြောင်း ဒေသခံများ ထံမှ သိရသည်။“အခုဆိုရင် အေအေတပ်ဖွဲ့က ကုလက်ချောင်းတလျှောက်မှာ လူစုလူဝေးပြုလုပ်ခွင့် မပေးတဲ့ပြင် ဟိုတလောက ခရစ်ယာန်အသင်းတော်တစ်ခုက ပါစတာနဲ့ တပည့်တော်တွေဟာ တစ်ခြားရွာမှာရှိတဲ့ သူတို့ရဲ့ အသင်းသူ/ သားတွေဆီကို ခရစ်ယာန်ဘာသာအရ ဝိဉာဉ်ရေးရာ ဆုတောင်းခွန်အားပေးတာတွေ၊ ဝတ်ပြုကိုးကွယ်တာတွေ ပြုလုပ်ဖို့ နယ်လှည့်ကွင်းဆင်းဖို့ သွားပြီး ပြန်လာတော့  ပါစတာနဲ့ သွားတဲ့သူတွေအကုန်လုံးကို အေအေတပ်ဖွဲ့က သူတို့ရဲ့ နယ်မြေအုပ်ချုပ်ရေးရုံး (ဒိုးချောင်းဝ ကျေးရွာ) မှာ ခေါ်ယူပြီး အစစ်အဆေးခံခဲ့ရတယ်လေ။ နောက်နောင်ကို ဒီလိုမလုပ်ဖို့အတွက် သတိပေးတာခံခဲ့ရပြီးတော့ အားလုံး လက်မှတ်ထိုးခဲ့ရတယ်။ တခြားဘာတွေ ပြောသေးလဲဆိုတာတော့ မသိတော့ဘူး။ အေအေတွေက ဒီလိုလုပ်တာတော့ မကောင်း ဘူး…” ဟု အသက် ၄၀ နှစ်အရွယ် ဒေသခံနောက်ထပ်တစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။ ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့ နယ်တွင် အေအေတပ်ဖွဲ့၏ အုပ်ချုပ်ရေးဖော်ဆောင်လာချိန်မှစတင်၍ ဒေသခံပြည်သူများကို အသွားအလာကန့်သတ်ခြင်း၊ တင်း ကြပ် စွာစစ်ဆေးမေးမြန်းခြင်း၊ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ CDF – Paletwa ကိုထောက်ပံ့သည်ဟုဆိုကာ ဖမ်းဆီးခြင်း များ ပြုလုပ်နေကြသည်ကို ဒေသခံပြည်သူများမှ သတင်းပေးပို့ချက်အရ သိရသည်။ Read in Full

၈။  လီဒိုလမ်းအနီး KIAနှင့်တိုက်ပွဲ စစ်ကောင်စီတပ်အထိနာ၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
 April 17, 2025
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မြစ်ကြီးနား- တနိုင်းသွား လီဒိုလမ်းပိုင်းရှိ လဝါးကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ် မတော်(KIA)နှင့် စစ်ကောင်စီတပ်၊ မင်းဇေသန့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီးအထိနာသည့်  စစ်ကောင်စီ တပ်က ကျေးရွာကို မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်းပြုလုပ်ခဲ့ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ” ဧပြီ ၁၅ ရက်နေ့ တိုက်တဲ့အချိန်မှာ သူတို့ဘက်အထိနာတဲ့ဟာတွေရှိတယ်။ အဲဒါ သူတို့က လေယာဉ်တွေခေါ်တယ်။ ဒရုန်းတွေနဲ့ ပြန်ပြီးမှ တိုက်လာပြီး လဝါးရွာကို အကြီးအကျယ် ရွာလုံးကျွတ်လောက်မီးရှို့လိုက်ပြီ သူတို့က။ စစ်ရေးက တော်တော်ပြင်းထန် တယ်။ သူတို့က လေယာဉ်နဲ့ ဗုံးသွားကြဲနေတာ”ဟု ကချင်သတင်းရင်းမြစ်က (ဧပြီ ၁၇ ရက်)တွင် ပြောသည်။ လဝါးကျေးရွာကို စစ်ကောင်စီတပ်နှင့် မင်းဇေသန့် ပြည်သူ့စစ်ပူးပေါင်းတပ်က ဧပြီ ဒုတိယပတ်တွင် စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ KIA နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအင်အား ၃၀၀ ကျော်သည် ဧပြီ ၁၃ ရက်ကစ၍ လဝါးကျေးရွာဘက်သို့ ထိုးစစ် ဆင်လာခြင်းဖြစ်သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ လဝါးကျေးရွာတိုက်ပွဲ အခြေအနေနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေး ပေ။ KIA နှင့်မဟာမိတ်ပူးပေါင်းတပ်များ အနေဖြင့် ၂၀၂၄ ဒီဇင်ဘာလဆန်းကတင်းက ထိုးစစ်ဆင်နေသည့် ဗန်းမော်မြို့သိမ်း တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်စခန်းအများစုကို တိုက်ခိုက်သိမ်း ပိုက်ထားနိုင်ပြီဖြစ်ကြောင်းနှင့် လက်ကျန် စကခ(၂၁) တပ်ဌာနချုပ်အပါအဝင် ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေကြောင်း KIA သတင်းပြန်ကြားရေးက ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း သတင်းဖော်ပြထားသည်။ စစ်ကောင်စီအနေဖြင့်လည်း ဗန်းမော်မြို့အပါအဝင် တိုက်ပွဲဖြစ်ပွားရာနေရာများ သာမက တိုက်ပွဲဖြစ်ပွားမှုမရှိသည့် နေရာများကိုပါ လေကြောင်းတိုက်ခိုက်ခဲ့ရာ ဧပြီ ဒုတိယပတ်အတွင်း KIA နယ်မြေများ အတွင်းသို့ လေကြောင်း၊ လက်နက်ကြီး ၊ ဒရုန်း တိုက်ခိုက်မှု အကြိမ် ၅၀၀ နီးပါးရှိကြောင်း အသိပေးထားသည်။ 

၉။  မတူပီမြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သင်းအုပ်ဆရာ တစ်ဦးအပါအဝင် ဒေသခံ ၅ ဦး ဒဏ်ရာရ
 April 18, 2025
စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ပေါ်ကို စစ်ကောင်စီတပ်က ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ခရစ်ယာန်သင်းအုပ်ဆရာ တစ်ဦးအပါအဝင် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရတဲ့ထဲ ၄ ဦးဟာ အရေးပေါ် ဆေးကုသမှုခံနေရကာနေအိမ်တချို့လည်း ထိခိုက်ပျက် စီးခဲ့တယ်လို့ မတူပီဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “သေဆုံးတာတော့ မကြားမိဘူး  ၅ ဦးထဲမှာမှ ပါစတာရဲ့   မိသားစုတစ်စုလုံး အကုန်လုံးပါသွားတယ် သူ့အိမ်အနားလောက်မှာ ကျတာမျိုးဖြစ်လို့  သူ့အိမ်ပါ အကုန်လုံး လုံးဝပျက်စီးသွားတာပေါ့ အဲလိုမျိုးအခြေအနေတော့ရှိတယ်” လို့ပြောပါတယ်။

လေကြောင်းကဗုံးကြဲတိုက်ခိုက်ခဲ့လို့ ခရစ်ယာန်သင်းအုပ်ဆရာမိသားစုဝင် ၃ ဦးစလုံးထိခိုက်ဒဏ်ရာရခဲ့ပြီး ခရစ်ယာန် သင်းအုပ်ဆရာကတော့ ခြေတဘက်ပြတ်သွားတယ်လို့ သိရပြီး ထိခိုက်ဒဏ်ရာရ ၅ ဦးထဲမှာ ၄ ဦးဟာ အရေးပေါ်ကုသမှု ခံယူနေ ရတယ်လို့လည်း သိရပါတယ်။ ချင်းညီနောင် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ကန်ပက်လက်၊ မင်းတပ် မြို့တွေကိုလည်း ဧပြီလ အစော ပိုင်းဝန်းကျင်ကစလို့ စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် လုပ်လာနေပြီး ဒေသခံပြည်သူတွေ ထိခိုက်သေ ဆုံးမှုတွေလည်း ရှိလာနေပါတယ်။ Read in Full

၁၀။ မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့တဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးကျော်သေဆုံး
 April 17, 2025
သင်္ကြန်ကာလအတွင်း မင်းလှမြို့နယ် ပုသိမ်၊ မုံရွာ လမ်းဘေးတလျောက်ရှိ ကျေးရွာတွေကို ကပစက အင်အားတွေနဲ့ စုဖွဲ့ပြီး စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) နဲ့ မဟာမိတ်တွေက ဟန့်တားတိုက် ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၃၀ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဧပြီလ  ၁၇ ရက်နေ့မှာ ACDF နဲ့မဟာမိတ်အဖွဲ့က ပူးတွဲထုတ်ပြန်ပါတယ်။ မင်းလှမြို့နယ်အတွင်း ဧပြီလ ၁၂ ရက်နေ့ကစလို့ ရပ်ရွာတွေကို စတင်စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဧပြီလ ၁၄ ရက်နေ့မှာ အရှိုချင်းကာ ကွယ်ရေးတပ်ဖွဲ့ (ACDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အထက်မင်းလှ)၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ ပြည်သူ့လွတ် လပ်ရေးတပ်တော် (PIO/PIA) တို့က ပူးပေါင်းပြီး ဖြတ်တောက် တိုက် ခိုက်ခဲ့ပြီးနောက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းတွေကို လက်ခံပူးပေါင်းနေတဲ့ မင်းလှမြို့နယ်ရှမ်းတပ်ကြီး တိုက်နယ် ရဲစခန်းကိုလည်း သတိပေးဟန့်တား တိုက်ခိုက်ခဲ့မှုတွေလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မင်းလှမြို့နယ်အတွင်း ပုသိမ်၊ မုံရွာ လမ်းဘေးတလျောက်ရှိ ကျေးရွာတွေကို စစ်ကောင်စီက မြေပြင်စစ်ကြောင်း၊ ဒရုန်း တွေနဲ့ စစ်ကြောင်းထိုးတိုက်ခိုက်မှုအကြိမ်ကြိမ်လုပ်ခဲ့ပြီး ရပ်သူရွာသားတွေရဲ့ပိုင်ဆိုင်မှုတွေကိုလည်း အဓ္ဓမသိမ်း ပိုက်တာပေါ်တာ ဆွဲပြီးငွေကြေးနဲ့ပြန်ရွေးခိုင်းတာတွေလုပ်နေတာကြောင့်ပြည်သူလူထုကိုကာကွယ်ရင်းအကြိမ်ကြိမ်ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ လည်းထုတ်ပြန်ထားပါတယ်။ ဒီလိုလုပ်ရပ်တွေကို သင်္ကြန်ကာလမတိုင်မှီကလည်းလုပ်နေသလိုသင်္ကြန်ကာလအတွင်းမှာလည်း ပြုလုပ်ကျူးလွန်နေတာကြောင့် အခုလို ဖြတ်တောက်တိုက်ခိုက်ခြင်းနဲ့ တန်ပြန်တိုက်ခိုက်ခြင်းဖြစ်တယ်လို့လည်း ACDF နဲ့ မဟာမိတ်အဖွဲ့ကဆိုပါတယ်။ Read in Full

၁၁။ ကျောက်ဖြူမြို့ အနီးဝန်းကျင်မှာ တိုက်ပွဲဆက်ဖြစ်နေ
 April 17, 2025
ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်မှာ တည်ရှိတဲ့ စစ်ကောင်စီ အမှတ် (၃၂) ရဲတပ်ရင်းအနီး အာရက္ခတပ်တော်( AA) နဲ့  စစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက ဒရုန်းတွေ၊ စက်တပ်လေထီးတွေနဲ့သာမက နေဗီတွေကပါ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသတွင်း စစ်မြေပြင် သတင်းရင်းမြစ်ဆီကနေ သိရပါ တယ်။ “စစ်ကောင်စီဖက်ကသေဆုံးတာ၊ လက်နက်ချ အညံ့ခံတာတွေတွေလည်းများနေပြီ။ ဒါကြောင့်  စစ်ကောင်စီက ဒရုန်းတွေ နဲ့ ပစ်တယ်။ ညဖက်ဆို စက်တပ်‌လေထီးတွေနဲ့ ပစ်တာ ပိုများလာတယ်။ နေဗီတွေကလည်း ပစ်တယ်” လို့ပြောပါတယ်။ 

ခုလို တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာနေတဲ့အတွက် စစ်ကောင်စီက ဒရုန်း၊ စက်တပ် လေထီးတွေနဲ့ သာမ က နေ‌ဗီပေါ်ကလည်း လက်နက်ကြီး ပစ်ကူမှုတွေကို အဆက်မပြတ် ပြုလုပ်နေတယ်လို့ ကျောက်ဖြူဒေသခံ အမျိုး သားတစ်ဦးက ကိုပြောပါတယ်။ ကျောက်ဖြူမြို့နယ်၊အမှတ် (၃၂) ရဲတပ်ရင်းအနီးအနားတွင်ဖြစ်ပွားနေတဲ့တိုက်ပွဲအ တွင်း စစ်ကောင်စီတပ်သားတချို့ (AA)ထံ လက်နက်ချ အလင်းဝင်းလာတာတွေရှိတယ်လို့ဆိုပါတယ်။ Read in Full

၁၂။  အများပြည်သူဆိုင်ရာနေရာတွေကို စစ်ကောင်စီတိုက်ခိုက်နေလို့ စစ်ရေးသတိရှိဖို့ မွန်ပြည်သစ်ပါတီ AD တိုက် တွန်း
 April 17, 2025
စစ်ကောင်စီဟာ လက်ရှိအချိန်ထိ ကျုံဒိုးမြို့အနီးတဝိုက်ရှိ ကျေးရွာတွေကိုလေကြောင်းသာမက လက်နက်ကြီးတွေနဲ့ပါ အဆက်မပြတ်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့သွားလာနေထိုင်ကြဖို့ မွန်ပြည်သစ်ပါတီ AD ကတိုက်တွန်းပါတယ်။ ဧပြီ ၁၅ ရက်နေ့က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ကမ်းနီကျေးရွာကို စစ်ကောင်စီ က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့မှုအပေါ်  မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က ဧပြီ ၁၇ ရက်နေ့မှာ သဘောထား ထုတ်ပြန် လာတာပါ။ ဘာသာရေးအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေနဲ့ နေအိမ်အဆောက် အအုံတွေကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ကျုံဒိုးမြို့အနီးအနားရှိ ပြည်သူတွေနဲ့ အခြားဒေသက ပြည်သူတွေအနေနဲ့ သတိထားကြဖို့ တိုက်တွန်းတာ ဖြစ်ပါတယ်။ ကမ်းနီစံပြကျေးရွာရှိ ဘုန်းကြီးကျောင်းနဲ့ အနီးတဝိုက်နေအိမ်တွေကို တိုက်ပွဲဖြစ် ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဧပြီ ၁၅ ရက်နေ့ ၁၂ နာရီလောက်မှာ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အနီးအနားရှိအခြား ကျေးရွာ တွေကိုလည်း အလားတူ အဆက်မပြတ်တိုက်ခိုက်ခဲ့တာပါ။ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် သုံးနှစ်သားအရွယ်ကလေး နှစ်ဦးနဲ့ (၂) သက်ကြီးရွယ်အိုအပါ အဝင် အရပ်သားခြောက်ဦး သေဆုံးခဲ့ရပြီး အရပ်သားခြောက်ဦးအပါအဝင် သံဃာတော် ကိုးပါး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

ဒါ့အပြင် အရပ်သားပြည်သူအများအပြား အထူးဖြင့် သက်ကြီးရွယ်အို၊ အမျိုးသမီးတွေနဲ့ ကလေး သူငယ်တွေ ဘေးလွတ် ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အတွက် လူသားချင်းစာနာထောက် ထားမှု အကူအညီတွေ ဆောင်ရွက်ပေးဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို မွန်ပြည်သစ်ပါတီ AD က တိုက်တွန်းတာပါ။ လက်ရှိ စစ်ဘေးသင့် ပြည်သူတွေ အတွက် အရေးပေါ်လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ရရှိနိုင်ရေး မွန်ပြည်သစ်ပါတီ AD ရဲ့ လူသား စာနာမှုဌာနကလည်း တတ်နိုင်တဲ့ဘက်က အကူအညီပေးသွားမယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက အာဏာဆုပ်ကိုင်ထားသရွေ့ ပြည်သူတွေအနေနဲ့ နောက်ထပ်အလားတူဖြစ်ရပ်မျိုး ကြုံတွေ့နေကြရဦးမှာဖြစ်လို့ ပြည်သူတွေရဲ့ နေ့စဉ်ဘဝအေးချမ်းလုံခြုံပြီး တန်းတူညီမျှမှုရှိတဲ့ လူ့အဖွဲ့အစည်းတည်ဆောက်ရေး အဓိကဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီ ပြုတ်ကျရေးအတွက် မွန်လူမျိုးတွေ အားလုံး ပူးပေါင်းလုပ်ဆောင်ကြမယ့် အချိန်ရောက်ပြီးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ပြည်သူလူထုတွေကို အကာအကွယ် ပေးနိုင်ရေးနဲ့ မွန်လူမျိုးတွေရဲ့ ကြမ္မာ မွန်လူမျိုးတွေဖန်တီးနိုင်ရေးအတွက် မွန်လူငယ်တွေနဲ့ မွန်ပြည်သူတစ်ရပ်လုံးက မွန်ပြည် သစ်ပါတီ AD နဲ့အတူ ပူးပေါင်းတော်လှန်ကြဖို့ နိုင်ငံရေးစစ်ရေး ဦးဆောင်အဖွဲ့ က ဖိတ်ခေါ်ထားပါတယ်။ 

၁၃။ ကော့ကရိတ်မြို့နယ်မှာ သင်္ကြန်အတက်နေ့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ ကိုယ်ဝန်ဆောင် ၁ ဦးသေဆုံး
 April 17, 2025
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မြောက်ကမ္မရိုက်ရွာကို စစ်ကောင်စီတပ်က သင်္ကြန်အတက်နေ့မှာ လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကိုယ်ဝန်ဆောင်တစ်ဦး သေဆုံးသွားခဲ့ပြီး အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ မွန် ပြည်လွတ်မြောက်ရေးတပ်တော် MLA က ဧပြီ ၁၆ ရက်နေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုအပေါ် ကျန်ရစ်သူမိသားစုနဲ့ ထပ်တူအလွန်ဝမ်းနည်းကြေကွဲရကြောင်း MLA က ဆိုပါတယ်။ မြောက်ကမ္မရိုက်ကျေးရွာဟာ ကျုံဒိုးမြို့ တောင်ဘက်ခြမ်း ဟောင်သရောမြစ်ဘေးနားမှာတည်ရှိတဲ့ ကျေးရွာ တစ်ရွာဖြစ်ပြီး အခုရက်ပိုင်းအတွင်း ကျုံဒိုးမြို့အနီးတစ်ဝိုက် ကျေးရွာတွေအပေါ် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတဲ့အတွက် ဒေသခံပြည် သူတွေအနေနဲ့ စစ်ရေးသတင်းတွေကို နားစွင့်ပြီး ဂရုတစိုက်နေထိုင်ကြဖို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA က သတိ ပေးထုတ်ပြန်ထားပါတယ်။ ကျုံဒိုးမြို့အနီး ကျေးရွာတွေဖြစ်ကြတဲ့ လေးတိုင်၊ နွားခြံကုန်း၊ အင်းကြီး၊ ကော့ဝါးလယ်ကျေးရွာတွေ ကို ဒီကနေ့ ဧပြီ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်း ဘုန်းကြီးကျောင်းတွေအပါအဝင် နေအိမ်အဆောက်အဦတွေ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောထားပါတယ်။ Read in Full

၁၄။ လဝါးကျေးရွာအုပ်စု စစ်ရှောင် ၁,၀၀၀ ကျော် ဆေးဝါးနှင့် အစားအသောက် အခက်အခဲဖြစ်
 April 17, 2025
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအုပ်စုက စစ်ဘေးရှောင်ပြည်သူ ၁,၀၀၀ ကျော်အတွက် ဆေးဝါးနဲ့ အစားအသောက်တွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လီဒိုလမ်းမကြီးပေါ်က ဖားကန့်-တနိုင်းသွား တဲ့လမ်းပိုင်းအတွင်းမှာရှိတဲ့ ရွာတွေမှာ ပြီးခဲ့တဲ့မတ်လကုန်ပိုင်းကတည်းက ကချင်လွတ်လပ်ရေးတပ်မ တော် (KIA) နဲ့ စစ်ကောင်စီ တပ်တို့ အကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် လဝါးရွာ၊ လဂေါင်ရွာနဲ့ ခွန်စိုင်ယန်ရွာတွေဘက်က ဒေသခံ ပြည်သူ တွေဟာ နမ္မတီး၊ မြစ်ကြီးနားနဲ့ မိုးကောင်းမြို့တွေဘက်ကို စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ စစ်ရှောင်တွေကို ကူညီနေသူတ ယောက်က “ဟုတ်ကဲ့ပါ။ အခုက လဝါးရွာက နေလို့မရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ စစ်ဘေး ခဏရှောင်နေတာပေါ့နော်။ အစားအသောက်တွေ ခက်ခဲနေပါတယ်။ အဝတ်တထည်၊ ကိုယ်တခုနဲ့ ထွက်လာကြတဲ့လူတွေ များတယ်ဆိုတော့ စစ်ရှောင် တွေဆိုတော့ အစားအသောက်၊ ဆေးဝါးတွေပေါ့ လိုအပ်နေပါတယ်” လို့ ပြောပါတယ်။ စစ်ရှောင်တွေထဲမှာ မသန်စွမ်းတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နို့တိုက်မိခင်တွေလည်း ပါဝင်ပြီး စစ်ရှောင်ကလေးသူငယ်တွေမှာ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်လာနေ တယ်လို့ ဆိုပါတယ်။ တိုက် ပွဲဖြစ်ပွားနေတဲ့ အနီးအနားက တောတောင်တွေဘက်မှာ ရှောင်တိမ်းနေကြတဲ့ ဒေသခံပြည်သူတချို့နဲ့ ရွာတွေမှာ နေအိမ်စောင့်ပြီး ကျန်ရစ်ခဲ့တဲ့ ဒေသခံအနည်းငယ်လည်း ရှိနေသေးတယ်လို့ သိရပါတယ်။

“ဟုတ်ကဲ့၊ အခု ကျနော်တို့ စစ်ရှောင်နေရတဲ့ လူတွေ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ အရမ်း ဆိုးဆိုးဝါးဝါး မကျန်းမာ မှုတွေဖြစ်တာတော့မရှိဘူး။ ဒါပမဲ့ အခု ဒီ လသားကလေးတွေ ဝမ်းလျှော ဝမ်းပျက်တာတွေ အနည်းငယ်တော့ ရှိလာတယ်ဗျ။ အခု ကျနော်တို့ လက်ရှိအချိန်မှာ အကြီးမားဆုံးအခက်အခဲတွေက နေဖို့နေရာတွေပါ။ ကျနော်တို့ကို နေရာချထားပေးတဲ့ အသင်းတော် တွေ၊ နေရာချထားပေးတဲ့ ဟောခန်းတို့ အဆောင်တို့တွေမှာတော့ နေနေရတယ်။ ဒါပေမဲ့ လူတွေများတော့ ကျဉ်းကျဉ်းကျပ်ကျပ် နဲ့ သိပ်နေဖို့ အဆင်မပြေတာတွေရှိတယ်။ အဲဒါကြောင့် အခုနေဖို့ ယာယီတဲ၊ ဝါးတဲ၊ မိုးကာတဲတွေ လုပ်ဖို့တော့ စီစဉ်နေတယ်။ အဲမှာ စီစဉ်နေတဲ့ထဲမှာ ကျနော်တို့ မိုးကာတွေ၊ ဝါးတွေ၊ ဘာတွေတော့ လိုအပ်နေတာ ရှိနေတယ်ဗျ။  အရေးပေါ် လိုအပ်နေတဲ့ အထဲမှာရော အခု အစားအသောက်နဲ့ ဆေးဝါးတွေပေါ့” လို့ စစ်ရှောင်တွေကို ကူညီနေသူက ပြောပါတယ်။ လီဒိုလမ်းမပေါ်မှာ ရှိတဲ့ ဝါရာဇွပ်ကျေးရွာအုပ်စုက ဒေသခံတွေဟာလည်း မြို့ပေါ်ကို ထွက်လာလို့ မရဘဲ ပိတ်မိနေတဲ့အတွက် တောတောင်တွေ ဘက်မှာ တိမ်းရှောင်နေကြရပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာ အဓိက လိုအပ်နေတယ်လို့ နမ္မတီး ဒေသခံတယောက်က ပြောပါတယ်။ နမ္မတီးဒေသခံက “လမ်းမလျှောက်နိုင်တော့တဲ့ အိုမင်းမစွမ်း သက်ကြီးပိုင်းတွေ၊ မိသားစုဝင်တွေ နာမကျန်းဖြစ်တဲ့သူတွေကို အရင်လာပို့ထားတယ်။ အသက်အရွယ်ကောင်းသေးတဲ့ လူငယ်အရွယ် အမျိုးသမီး၊ အမျိုးသားတွေ၊ ပြေးနိုင်မယ့် လူလတ်ပိုင်း တွေတော့မပြန်သေးဘူး။ သူတို့ လဝါးမှာပဲရှိသေးတယ်။ တချို့က ဝောာဘက်တိမ်းရှောင်ကြတယ်။ မြေးအဘွား ၂ ယောက် လည်း တောဘက်ပြေးတာမှာ သူတို့ စားစရာ ဟင်းမရှိတော့တာကြောင့်၊ ဆန်တွေ မရှိတော့တာကြောင့် မြေးကို တောမှာထား ခဲ့ပြီး အဘွားက ရွာထဲပြန်ယူတာ အဘွား တောထဲက ထွက်လာတာကြောင့် သူတို့ စစ်ကောင်စီတပ်သားတွေ ပစ်သတ်လိုက်တာ လို့ ပြောတယ်။ တောထဲကထွက်လာရင်က အဲလို အိမ်ကနေ ဆန်တွေ၊ ပစ္စည်းတွေ လာယူတာက တောထဲက လက်နက်ကိုင် တွေကို ထောက်ပံ့တာပဲ ဆိုပြီး ပစ်သတ်လိုက်တာလို့ ပြောတယ်” လို့  ပြောပါတယ်။ Read in Full

၁၅။ ထိုင်း – ကရင်နီနယ်စပ်က စစ်ရှောင်စခန်းမှာ ဆန်ရိက္ခာ ထောက်ပံ့မှုမရှိတော့တာကြောင့် အခက်ကြုံ
 April 18, 2025
ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ ကရင်နီပြည်နယ်စပ်က စစ်ရှောင်စခန်းတစ်နေရာမှာ ယခုမတ်လကစပြီး အလှူရှင်တွေဆီ က နေ ထောက်ပံ့မှုမရရှိတော့ဘူးလို့ စစ်ရှောင်စခန်းရဲ့ ဥက္ကဌဖြစ်သူ ခူးဖရေရယ်က ပြောပါတယ်။ ပြီးခဲ့တဲ့လတွေက ကျန်ရှိသေးတဲ့ လက်ကျန် ဆန်ကို စစ်ဘေးရှောင်တစ်ဦးကို ၃ ကီလိုနှုန်းနဲ့ ပေးဝေခဲ့တာ နောက်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ “ဒီမတ်လကနေ စပြီး ကျနော်တို့ရိက္ခာ မရရှိတော့ဘူးပေါ့နော။ လက်ကျန်နည်းနည်းပါးပါးရှိတယ်။ အဲ့ဒီဟာလေးနဲ့ဘဲ ကျနော်တို့ပြည်သူတွေကို ဝေမျှပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ လုံးဝကိုလုံလောက်မှုတော့မရှိဘူးပေါ့။”လို့ စစ်ရှောင်စခန်း ဥက္ကဌ ဖြစ်သူ ခူးဖရေရယ်က ပြောပါတယ်။ အမေရိကန်ရဲ့နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) က မြန်မာအပါအဝင် တခြားသောနိုင်ငံတွေကို ပေးနေတဲ့ အကူအညီတွေကို ဖြတ်တောက်ပြီးနောက်မှာ အလှူရှင်တွေကိုမှီခိုနေရတဲ့ စစ်ရှောင်စခန်းတွေမှာ ရိက္ခာရရှိမှု ပြတ်တောက်သွား တာပါ။ အဲ့ဒီ စစ်ရှောင်စခန်းမှာ လူဦးရေ ၃၀၀၀ ဝန်းကျင်ရှိပေမယ့် အကူအညီမရတော့တာကြောင့် နောက်ပိုင်းတွေမှာ ပြည်တွင်း ကနေရပ်ကို ပြန်သွားကြသူလည်း ရှိတယ်လို့ သိရပါတယ်။ ယခင်က USAID ကနေ ထောက်ပံ့မှုယူတဲ့ လူမှုအသင်းအဖွဲ့တွေဆီ ကနေတဆင့် ဆန်၊ ဆီ ၊ ဆား၊ ပဲ၊ ငါးခြောက် စတဲ့ ရိက္ခာခြောက်ကို ပုံမှန်ရရှိခဲ့တာပါ။

လက်ရှိမှာတော့ ကရင်နီအရေးပေါ်ကယ်ဆယ်ရေး(CTER-Karenni) ရဲ့ ထောက်ပံ့မှုကို မျှော်လင့်နေရသေးတယ်လို့ ဆို ပါတယ်။ ရေရှည် စားနပ်ရိက္ခာအတွက် ယခုနှစ်မှာတော့ စစ်ရှောင်စခန်းအနီးအနားမှာ တောင်ယာခုတ်ဖို့ စီစဉ်ဆောင်ရွက်နေ တယ်လို့ ဥက္ကဌ ခူးဖရေရယ်က ဆက်ပြောပါတယ်။“ဒီစစ်ရှောင်မှာကျတော့ နှစ်တိုင်းလိုလို စိုက်ပျိုးတာမျိုးတော့ မရှိဘူးပေါ့။ ဒါပေမယ့် ဒီနှစ်မှဘဲ ကျနော်တို့ တောင်ယာခုတ်ဖို့ စီစဉ်ပေးတာတော့ရှိတယ်။ ဒါပေမယ့် အခုမှ စခုတ်တယ်ဆိုတော့ နောက်နှစ် မှဘဲစားရမယ်ပေါ့။”လို့ ခူးဖရေရယ်က ပြောပါတယ်။ စစ်ရှောင်စခန်းမှာ စားဝတ်နေရေး ဖြေရှင်းနိုင်ဖို့အတွက် ဝင်ငွေရတဲ့ အလုပ် အကိုင်မရှိတာကြောင့် ရေရှည်မှာ ပိုမိုအခက်ကြုံနိုင်တယ်လို့ ပြောပါတယ်။ ဒါ့အကြောင့် တောင်ယာလုပ်ငန်းကိုသာ လုပ်ကိုင်ခွင့် ရရင် ဝမ်းရေးအတွက် တစ်နှစ်စာ ဖူလုံနိုင်တယ်လို့ စစ်ရှောင်စခန်းမှာနေထိုင်တဲ့ ဦးဗျားရယ်က ပြောပါတယ်။“တကယ်လို့ တောင်ယာပေးလုပ်ရင် စပါးမျိုး တပုံးစိုက်ရရင် စပါးအိတ် တစ်ဆယ်နှစ်ဆယ်လောက်ရရင် အဲ့တာတစ်နှစ်စာ စားလို့ရတယ်။“ လို့ ဦးဗျားရယ်က ပြောပါတယ်။ အဆိုပါ စစ်ရှောင်စခန်းမှာတော့ စစ်ရှောင်ဦးရေ ၃၀၀၀ ဝန်းကျင်ရှိပြီး ယခင်က လစဉ် လူ တစ်ဦး ကို ၁၅ ကီလိုနှုန်းနဲ့ ဆန်ထုတ်ပေးပြီး ၅ နှစ်အောက် ကလေးတွေကိုတော့ ၈ ကီလို ထုတ်ပေးတာပါ။ လစဉ် ပျမ်းမျှ ဆန်အိတ် ၆၀၀ နဲ့ ၇၀၀ ကြား ဆန်ပေးဝေရတယ်လို့ သိရပါတယ်။ Read in Full

၁၆။ တောင်ကြီးရောက် လားရှိုးစစ်ဘေးရှောင်ရာချီ စီးပွားရေးခက်ခဲ  ဝမ်းရေးကျပ်တည်း
 April 17, 2025
‘၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း’ ကြောင့် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့သို့ စစ်ဘေးရှောင်လာကြသော လားရှိုးမှ စစ်ဘေးရှောင်ရာဂဏန်း စီးပွားရေးခက်ခဲပြီး ဝမ်းရေးကျပ်တည်းနေသည်ဟု သိရှိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် စတင်ခဲ့ သော ‘၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း’ တိုက်ပွဲကြောင့် တောင်ကြီးမြို့သို့ စစ်ဘေးတိမ်းရှောင်လာသည့် သျှမ်းပြည်မြောက်ပိုင်း ဒေသခံများအနက် ယနေ့ကျန်ရှိနေသေးသော  လားရှိုးမြို့ဒေသခံ အယောက် ၃၀၀ နီးပါး စားဝတ်နေရေးခက်ခဲ နေသည်ဟု စစ်ဘေးရှောင်များကို ကူညီနေသည့် တောင်ကြီးမြို့ခံ တစ်ဦးက ပြောသည်။“ ပိဋိကတ်ကျောင်းမှာ ၂၀၀ ကျော်နဲ့ သျှမ်းစာပေနဲ့ ယဉ်ကျေးမှုမှာ ၈၀ ကျော် ကျန်တယ်၊ တချို့အိမ်ကဗုံးထိ ပြီးပျက်သွားပြီ၊ တချို့ကျ စစ်ပွဲကြောင့် ဆွေမျိုးတွေဆုံးရှုံး ရတာတွေ ရှိတော့ တချို့ဆို စိတ်ပိုင်းဆိုင်ရာထိခိုက်ပြီး မပြန်ကြရဲတာတွေရှိတယ်၊ ဒီမှာလဲ သူတို့နယ်မဟုတ်တော့ စီးပွားရေးလုပ်ရတာလဲ ကျပ်တည်းကြတာ ” ဟု ပြောသည်။ နယ်ခံမဟုတ်သောကြောင့် စီးပွားရေးလုပ်ရာတွင် ခက်ခဲကျပ်တည်းသည့် အကြောင်းကို တောင်ကြီးရောက် လားရှိုး စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။ အလားတူ MNDAA ကိုးကန့်တပ် ထိန်းချုပ်ထားသော လားရှိုးမြို့ တွင်လည်း စီးပွားရေး ကျဆင်းနေပြီး လောင်းကစားဝိုင်း၊ KTV ၊ အနှိပ်ခန်းနှင့် ပြည့်တန်ဆာလုပ်ငန်းပေါများလာသည့် အတွက် နောင်လာမည့် သားသမီးများအတွက်နှင့် လက်ရှိလူငယ်များ အိမ်ထောင်သည်များ အကျင့်စာရိတ္တပျက်ပြားလာမည်ကို လည်း စိုးရိမ်သည်ဟု ဆက်ပြောသည်။

“လားရှိုးကိုမပြန်ရဲသေးဘူး၊ ပြန်ရင်လည်း ဘာမှလုပ်စားလို့မရဘူးလေ၊ တစ်ခေါက်ပြန်ကြည့်သေးတယ် ဘယ်လိုမှ အဆင်မပြေဘူး၊ တောင်ကြီးမှာ နေဖို့အဆင်မပြေတော့တဲ့လူတွေ ပြန်သာသွားကြတာ၊ ပြန်သွားလည်းစျေးရောင်းတာနဲ့ လောင်း ကစားဝိုင်းမှာ ဝင်လုပ်တာလောက်ပဲရှိတယ်၊ တောင်ကြီးမှာလည်း ကိုယ့်နယ်မဟုတ် တော့ စီးပွား လုပ်စားတာမလွယ်ဘူး” ဟု ထိုစစ်ရှောင်အမျိုးသမီးက ဆိုသည်။ ထိုစစ်ဘေးရှောင်များကို နေစရာနှင့် ဆန်တို့ကို ထောက်ပံ့ပေးထားသော်လည်း ကျန်သည့်ဝမ်းရေးကိစ္စများကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြေရှင်းနေရသည်။ လက်တလောတွင်လည်း လာရောက်လှူဒါန်း သည့်အလှူရှင် များလည်း မရှိတော့ကြောင်း စစ်ရှောင်များကိုကူညီသည့် ထိုဒေသခံအမျိုးသမီးကဆက်ပြောသည်။“သျှမ်းစာပေနဲ့ယဉ်ကျေးမှု မှာ ရှိနေတဲ့ စစ်ဘေးရှောင်တွေ အတွက်တော့ နေဖို့နေရာ၊ ရေ၊ မီး အပြည့်စုံပေးထားပေး တယ်။ စားဖို့သောက်ဖို့ဆို ဆန် ပဲပေးထားနိုင်တာ၊ အလှူရှင်တွေလဲ မလာတော့ဘူးလေ၊ ကျန်တဲ့ ဟင်းသီးဟင်း ရွက် တို့၊ မီးသွေးတို့ဆိုရင် ကိုယ့်ဘာသာအလုပ်လုပ်ပြီး ရှာဝယ်၊ ရှာစားရတာပေါ့”  ဟု စစ်ဘေးရှောင်များ၏ အခက်ခဲများ ကို ပြောပြထားပါသည်။ Read in Full

၁၇။ ကျိုက်ထီးရိုးတွင် ပျူစောထီးတပ်ဖွဲ့ဝင် ၅ ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးထား မိသားစုဝင်များကိုမူ ပြန်လွတ်ပေး
 April 18, 2025
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ခြေ၊ ကင်မွန်းချောင်းကျေးရွာသို့ ရောက်ရှိနေသည့် ပျူစောထီး တပ်ဖွဲ့ဝင် ၅ ဦးကို တော်လှန်ရေးအင်အားစုများက ဖမ်းဆီးထားပြီး ၎င်းတို့နှင့် အတူပါ မိသားစုဝင်များအားလုံးကို ပြန်လွှတ်ပေး လိုက်ပြီးဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့သတင်းရင်းမြစ်ကပြောသည်။ ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့က ပဲခူးတိုင်း၊ ညောင်လေး ပင်မြို့နယ်ဘက်မှ ကျိုက်ထီးရိုးသို့ ရောက်လာသည့် ပျူစောထီး ခေါင်းဆောင်နှစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၅ ဦး၊ ၎င်းတို့၏ မိသားစု ဝင်များ စုစုပေါင်း လူ ၄၀ ကျော် ပါဝင်သည့်အဖွဲ့ကို ကဒက်ချောင်းရေတံခွန်ရှိ စားသောက်ဆိုင်တစ်ဆိုင်၌ ကျိုက်ထိုအခြေစိုက် တော်လှန်ရေး အင်အားစုက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို ရာဇဝတ်မှု၊ ပြစ်မှုကျူးလွန်ကြောင်း သတင်းပေးချက်အရ ဖမ်းဆီး လိုက်ခြင်းဖြစ်ပြီးအတူပါလာသည့် မိသားစုဝင်များကိုပြန်လွှတ်ပေးလိုက်ပြီးဖြစ်သည်ဟုတော်လှန်ရေးတပ်ဖွဲ့ဘက်ကပြောသည်။“ကားနံပါတ်ကအစ သတင်းပေးလို့ ဖမ်းလိုက်တာ ၅ ယောက်ပဲ။ မသက်ဆိုင်သူတွေကတော့ ပြန်လွှတ်လိုက်ပါပြီ။ ပစ်မှုတွေက တော့ ညောင်လေးပင်ဘက်မှာ တော်တော်များများ ကျူးလွန်ခဲ့တယ်။ စစ်ခံချက်ထဲမှာလည်း မိသားစုလိုက် အိမ်ထဲမှာကြိုးတုပ်၊ မီးရှို့သတ်တာတွေ အကုန်ပေါ်တယ်။ အဲဒီဘက်ကိုဆက်သွယ်ပြီး ကျနော်တို့ လုပ်သင့်တာဆက်လုပ်ပါမယ်” ဟု တပ်ဖွဲ့တာဝန်ရှိ သူက ပြောသည်။ ဖမ်းဆီးခဲ့သည့် အဖွဲ့ထဲတွင် အမျိုးသား ၂၅ ဦးနှင့် အမျိုးသမီး ၂၃ ဦးတို့ပါဝင်ပြီး ထိုထဲမှ ၄၃ ဦးကို ဧပြီလ ၁၆ ရက်နေ့က သထုံခရိုင် ဝင်းကံကျေးရွာမှ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်၍ ကျန်ရှိအမျိုးသား (၅) ဦးကို တော်လှန်ရေးအင်အားစုက သီးခြားဖမ်းဆီးခေါ်ဆောင်သွားသည်ဟု စစ်ကောင်စီထိန်းချုပ်သည့်မီဒီယာများမှ ဧပြီလ ၁၇ ရက်နေ့ တွင် ဖော်ပြသည်။

ဖြစ်စဥ်ဖြစ်ပွားရာ ကျိုက်ထိုမြို့နယ်သည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၁)၊ သထုံခရိုင် ထိန်း ချုပ် နယ်မြေအတွင်းဖြစ်၍ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကေအဲန်ယူ လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်-KNLA တပ်မဟာ(၁) ထံသို့ ကေအိုင်စီက စုံစမ်းမေးမြန်းရာ ဖမ်းဆီးထားသည့် မိသားစုဝင်များကို တော်လှန်ရေး အင်အားစု ဘက်က ပြန်လည်လွှတ်ပေးလိုက်ပြီဟု ပြောဆိုသည်။ တပ်မဟာ(၁) KNLA တာဝန်ရှိသူတစ်ဦးက “ဖမ်းဆီးတဲ့ဖြစ်စဥ်မှာတော့ ကျနော်တို့ ကေအဲန်ယူ မပါဘူး။ PDF ဘက်က လောလောဆယ် ပျူစောထီး ၅ ယောက်ကို ဖမ်းထားတယ်လို့တော့ သိရတယ်။ သူတို့မိသားစုတွေနဲ့ လာတာဆိုပေမယ့် မိသားစုတွေကို ပြန်လွှတ်ပေးလိုက်ပြီ” ဟု ပြောသည်။ စစ်ကောင်စီဘက်က ၎င်းဖြစ်စဥ် အပေါ် မဟုတ်မမှန်သတင်းဖြန့်နေခြင်းနှင့်ပတ်သက်၍ ဖြေရှင်းချက်ထုတ်ပြန်သွားမည်ဟု တော်လှန်ရေးအင်အားစုက ဖြည့်စွက် ပြော ဆိုသည်။ အလားတူ ကျိုက်ထိုမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီး များ၊ အုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီသတင်းပေးများကို တော်လှန်ရေးအင်အားစုများအပါအဝင် အမည်မသိ လက်နက်ကိုင် များက သတိပေးခြိမ်းခြောက်ခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းတို့ ပြုလုပ်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်ဟု သိရသည်။ Read in Full

၁၈။ ရခိုင်လွတ်မြောက်နယ်မြေတချို့မှာ အရပ်သားတွေ စကားပြောစက်သုံးစွဲလာမှု လေကြောင်းအန္တရာယ်ကျရောက်နိုင်
 April 18, 2025
ဖုန်းလိုင်းဖြတ်တောက်ခံထားရတဲ့ ရခိုင်က လွတ်မြောက်နယ်မြေတချို့မှာ အရပ်သားတွေဟာ ဝေါ်ကီတော်ကီလို့ခေါ်တဲ့ စကားပြောစက်တွေကို အခုနောက်ပိုင်း အသုံးပြုလာနေပြီး အဲလိုသုံးစွဲမှုဟာ စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကို ကျရောက် နိုင်တယ်လို့သိရပါတယ်။ ရခိုင်တစ်ပြည်လုံးနီးပါးမှာ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းဖြတ်တောက်ခံထားရတဲ့အတွက် တချို့မြို့တွေ နဲ့ ကျေးရွာတွေမှာ အချင်းချင်း ဆက်သွယ်ပြောကြားနိုင်ဖို့ အခုနောက်ပိုင်း အဲဒီစက်တွေကို အရပ်သားတွေက ဝယ်ယူသုံးစွဲမှုရှိ လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီစက်တွေထဲက တချို့စက်တွေမှာ ဖုန်းဆင်းကတ်မလို၊ ဖုန်းဘေလ်မလိုဘဲ သုံးမိုင်လောက်အကွာအဝေးအတွင်းသာ ဆက်သွယ်ပြောကြားလို့ရနိုင်တယ်လို့ သုံးစွဲသူတွေက ပြောပါတယ်။ အထိုင်စက်တပ် ဆင်ထားရင် အဲဒီထက် မိုင်အကွာအဝေးအများကြီး ပြောကြားလို့ရတယ်လို့လည်း ဆိုကြပါတယ်။ ဒါပေမဲ့ အဲဒီစက်ကို သုံးစွဲခြင်း ဖြင့် သုံးစွဲသူရဲ့ တည်နေရာတွေကို စစ်ကောင်စီဘက်က ဂြိုလ်တုကနေတဆင့် ခြေရာခံရရှိနိုင်တယ်လို့ အာရက္ခတပ်တော် (AA) အရာရှိတစ်ယောက်က ပြောပါတယ်။“အဲဒီစက်တွေက တည်နေရာတွေကို သိနိုင်တယ်။ အဲလို စိုးရိမ်စရာတွေရှိနေလို့ အဲဒီ စကားပြောစက်တွေနဲ့ ပြောနေတဲ့နေရာတွေကို ခြေရာခံပြီး မလုံခြုံဘူး။ အဲဒီစကားပြောစက်တွေက လေကြောင်းအန္တရာယ် တွေကို ပိုပြီးကြောင့်ကြရတယ်။ အဲဒီစက်တွေနဲ့ စကားပြောရင် တည်နေရာမပြောဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။

အဲဒီစက်တွေကို လက်ရှိမှာ ရခိုင်ကလွတ်မြောက်နယ်မြေတွေနဲ့ တော်လှန်ရေးနယ်မြေတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေ က အရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေကသာ များသောအားဖြင့်သုံးစွဲတတ်ကြတယ်လို့ သိရပါတယ်။ အဲဒီနယ်မြေတွေမှာ အရပ်သား တွေက အခုလို သုံးစွဲနေခြင်းဖြင့် စစ်ကောင်စီက စစ်ဘက်၊ အရပ်ဘက်ခွဲခြားမသိနိုင်ဘဲ မထင်ရင် မထင်သလို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်လာနိုင်တဲ့အတွက် အရပ်သားတွေသုံးစွဲမှုဟာ အလွန်အန္တရာယ်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။“ဖုန်းဆင်းကဒ်တွေနဲ့ ပြောတာထက်ပိုပြီး ဆိုးတယ်။ ဘယ်နားမှာ ပြောနေလဲဆိုတာ ချက်ချင်း ရန်သူဘက်က ဖမ်းလို့ရတယ်။ အရပ်သားသုံးတယ်ဆိုတာကို စစ်ကောင်စီသိမှာမှ မဟုတ်တာ။ ဒါတွေက စစ်ဘက်က လူတွေသုံးတယ်လို့ပဲ တန်းသိမှာလေ”လို့ ပြောပါတယ်။ အဲဒီစက်တွေကို တော်လှန်ရေးနယ်မြေတွေမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သုံးစွဲတဲ့အခါလည်း စစ်ကောင်စီက တည်နေရာကို မသိရှိနိုင်စေဖို့ နည်းပညာအရ ပြန်လည်ပြုပြင်ပြီး သုံးစွဲကြရတယ်လို့ သိရပါတယ်။ အဲဒီစကားပြောစက်တွေကို ပရဟိတလုပ်ငန်းတွေ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ဆေးရုံ၊ ဆေးခန်းတွေ၊ ကိုယ်ပိုင် ကျောင်းတွေ၊ ဟိုတယ်နဲ့ တည်းခိုခန်းတွေ၊ စားသောက်ဆိုင်တွေ၊ စက်ရုံ၊ အလုပ်ရုံတွေ၊ အထပ်မြင့်အဆောက်အဦတွေမှာလည်း အသုံးများကြတယ်လို့ သိရပါတယ်။ Read in Full

၁၉။ ကလေး-ဂန့်ဂေါကြား စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ကျော် သေဆုံး
 April 17, 2025
စစ်ကိုင်းတိုင်း ကလေးမြို့နယ်နဲ့ မကွေးတိုင်း ဂန့်ဂေါမြို့အကြားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၅ ခုကို တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့တွေ ၂ လကြာ ထိုးစစ်ဆင်သိမ်းယူခဲ့ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အများ အပြားရှိခဲ့တယ်လို့ CDF-KKG တပ်ဖွဲ့ထံက သိရပါတယ်။ CDF-KKG Major Operation စစ်ဆင်ရေးကို ချင်းအမျိုးသားတပ်မတော် (CNA) ရဲ့ စစ်ရေးကွပ်ကဲမှုနဲ့အတူ ချင်းကာကွယ်ရေးတပ်ဖွဲ့ ကလေး-ကဘော်-ဂန့်ဂေါ (CDF-KKG) ၊ ကျောင်းသားတပ်မတော် (ABSDF)နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ကလေး-ဂန့်ဂေါကြားမှာရှိတဲ့  ကမ်းပါးနီ၊ မှန်တော၊ အောင်သာယာ(အရှေ့၊ အနောက်) နဲ့ ကြံသာရွာစခန်းတို့ကို ၂ လကြာ ထိုးစစ်ဆင်သိမ်းယူခဲ့တာလည်း ဖြစ်ပါတယ်။“ကမ်းပါနီစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်နဲ့ ပျူစောထီး ၇၀ လောက် သေတယ်။ ပြီးတော့ မှန်တောနဲ့ အောင်သာယာကြားမှာ ၂၀ ဝန်းကျင်လောက်ရှိမယ်။ ကြံသာ ရွာမှာလည်း ၂၀ လောက်ရှိတယ်လို့ အတွင်းသတင်းတွေအရ သိရတယ်” လို့ CDF KKG ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောပါ တယ်။ ဒါ့အပြင် တော် လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီက ကလေးမြို့နယ် ထောက်ပို့တပ်ရင်းက စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကူအင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်ခဲ့သလို မုံရွာမြို့နယ်အခြေစိုက် တပ်ရင်းတွေက စစ်ကောင်စီတပ်သားနဲ့လည်း စစ်ကူအင်အား ဖြည့်တင်းမှုတွေ လုပ်ဆောင်တာတွေရှိခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်းမှာ သူတို့ (စစ်ကောင်စီ) ထိခိုက်ဒဏ်ရာရတဲ့သူတွေ အတော်များပြီး သေဆုံးကြတာတွေလည်းရှိတယ်” လို့ CDF KKG တာဝန်ရှိသူတစ်ဦးက ဖြည့်စွက်ပြောပါတယ်။

စစ်ကောင်စီ အခိုင်အမာတပ်စွဲထားတဲ့ ကမ်းပါးနီစခန်းကို CDF KKG ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁၂ ရက်မှာ သိမ်း ယူနိုင်ခဲ့သလို ကလေးမြို့တောင်ပိုင်းမှာရှိတဲ့ မှန်တောရွာနဲ့ အောင်သာယာ(အနောက်) တပ်စခန်းတွေကို ဖေဖော်ဝါရီ ၁၅ ရက် မတိုင်မီမှာ CDF KKG ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ကမ်းပါးနီ၊ မှန်တောနဲ့ အောင်သာယာတပ် စခန်းတွေကို CDF-KKG ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်မှုအတွင်း စစ်ကောင်စီက ၁၉ ကြိမ် ပြန်လည်ထိုးစစ်ဆင်ခဲ့သလို ၂ လ အတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ်ရေ ၁၀၀၀ ထက်မနည်း လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံနဲ့ ဒေသခံ နေအိမ် စုစုပေါင်း ၆၀ ကျော် ထိခိုက်ပျက်စီးခဲ့သလို အရပ်သားပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကာ ၄၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ CDF KKG ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနကလည်း ဧပြီ ၁၅ ရက်မှာ ထုတ်ပြန်ထားပါသေးတယ်။ Read in Full

၂၀။ ငါးလအတွင်း AA ဖမ်းဆီးခဲ့သည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၁၅၀ ကျော်အထိရှိ
 April 17, 2025
အာရက္ခတပ်တော်က ပြီးခဲ့သည့် ငါးလအတွင်း နတ်မြစ်ထဲ၌ ဖမ်းဆီးခဲ့သော ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား အရေ အတွက် သည် ၁၅၁ ဦးအထိရှိကြောင်း ပရိုသော်အာလို သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ တက္ကနာရှိ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ရင်း အမှတ် (၂) မှ ဗိုလ်ကြီး အာရှစ်ကာရာမန်၏ ပြောကြားချက်ကို ကိုးကားပြီး ယခုကဲ့သို့ ဖော်ပြလိုက်ခြင်း ဖြစ်သည်။ AA သည် ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသည့် မောင်တောမြို့နယ်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လ ၈ ရက်နေ့တွင် အပြီးသတ် သိမ်းယူခဲ့ သည်။ ထို့နောက်တွင် နတ်မြစ်တလျှောက်၌ ကင်းလှည့်စောင့်ကြပ်မှုများ ခပ်စိတ်စိတ် ရှိလာခဲ့သလို နတ်မြစ်အတွင်း ရခိုင်ရေပိုင် နက်၌ ငါးဖမ်းခွင့်ကိုလည်း တားမြစ်ထားသည်။ မောင်တောကို AA က သိမ်းယူခဲ့ပြီးနောက်ပိုင်း လက်ရှိအထိ ဖမ်းဆီးထိန်းသိမ်းခံ ခဲ့ရသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား စုစုပေါင်း ၁၅၁ ဦးရှိကာ ၎င်းတို့ထဲမှ ပြန်လွတ်လာသူ ၁၃၄ ဦးရှိကြောင်း အာရှစ်ကာရာမန် က ပြောကြားသည်။ ကျန်ရှိနေသူများ အမြန်ဆုံး လွတ်မြောက်လာရေးအတွက် AA နှင့် ဆက်သွယ်လျက်ရှိပြီး ရက်ပိုင်းအတွင်း သတင်းကောင်းကြားရနိုင်ခြေရှိသည် ဟုလည်း သူကပြောသည်။

နတ်မြစ်အတွင်း ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများ AA ထံတွင် ဖမ်းဆီးခံရမှုဖြစ်တိုင်း ဘင်္ဂလားဒေ့ရှ် မီဒီယာအများစုက အဖမ်းခံရသည်ကိုသာ အသားပေး ဖော်ပြသည်က များပြီး ဖမ်းဆီးခံရသည့်နေရာ၊ အထူးသဖြင့် ရေပိုင်နက် ကျူးလွန်မှု ရှိ၊မရှိ ဆို သည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြခြင်းမျိုး မရှိသလောက် နည်းသည်။ AA သည် ၎င်းတို့ ဖမ်းဆီးထားသည့် ငါးဖမ်းသမားများကို ပြန်လွှတ်မှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်များတွင် အဆိုပါ ငါးဖမ်းသမားများသည် ရခိုင်ရေပိုင်နက်ထဲသို့ ခိုးဝင်ငါးဖမ်းသဖြင့် ဖမ်းဆီးရခြင်းဟု ထည့်သွင်းဖော်ပြလေ့ရှိသည်။ ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်သည်နယ်စပ်ဧရိယာ ၂၇၀ ကီလိုမီတာခန့်ထိစပ်နေ သည်။ ဤအထဲ၌ နတ်မြစ်ကြောင်းတလျှောက် ၈၄ ကီလိုမီတာအထိ ဆက်စပ်နေသည့် ရေပြင်ဧရိယာလည်း ပါဝင်သည်။ တချိန် တည်း၌ နတ်မြစ်အတွင်း ဘင်္ဂလားဒေ့ရှ် အစိုးရ၏ ၅၈ ရက်တာ ငါးဖမ်းခွင့် ပိတ်ပင်မှုသည်လည်း ဧပြီလ ၁၅ ရက်နေ့တွင် စတင် အသက်ဝင်ပြီဖြစ်သည်။ ငါးသားပေါက်ခြင်း၊ ငါးမျိုးစိတ် ထိန်းသိမ်းခြင်းနှင့် ဆက်စပ်ပြီး မုတ်သုံအဝင်ကာလ၌ ယခုကဲ့သို့ ငါးဖမ်း ခွင့် ပိတ်ထားခြင်းဖြစ်သည်။ Read in Full

၂၁။ ရွေးကောက်ပွဲအောင်မြင်ဖို့ ပြည်သူတွေပူးပေါင်းပေးပါလို့ စစ်ခေါင်းဆောင်က နှစ်သစ်ကူးမှာ ပြောပြန်
 April 17, 2025
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီဇင်ဘာလမှာပြုလုပ်မယ့် ရွေးကောက်ပွဲအောင်မြင်ဖို့ ပြည်သူတွေ ပူးပေါင်းပေးပါ လို့ ဒီကနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူး မိန့်ခွန်းထဲ ပြောဆိုခဲ့ပါတယ်။ စစ်ကောင်စီအနေနဲ့ တည်ငြိမ်အေးချမ်းမှု လို အပ်နေလို့ ငြိမ်းချမ်းရေးရရှိအောင် လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်နိုင်ဖို့ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနဲ့ သာ ဖြေရှင်းဖို့ဖိတ်ခေါ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ဆိုပါတယ်။“ ပြည်သူ လူထုလိုလားတဲ့ ပါတီစုံ ဒီမိုကရေစီစနစ် ကိုအမြန်ဆုံးပြန်လည်အကောင်အထည်ဖော်ပေးနိုင်ဖို့အတွက် လာမယ့်ဒီဇင်ဘာလအတွင်းမှာ လွတ်လပ်ပြီးတရားမျှတမှုအပြည့် ရှိတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါတယ်။ ပါတီစုံဒီမိုကရေစီ စနစ်ကို အမှန်တကယ် လိုလားတယ်ဆိုရင် အဓိကဖြစ်တဲ့ရွေးကောက်ပွဲ အောင်အောင်မြင်မြင်ပြီးမြောက်နိုင်ဖို့အတွက် မိဘ ပြည် သူများအနေနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ် “ လို့ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးထွက်ပေါက်ရှာနေတဲ့ စစ်ခေါင်းဆောင်က ပြောခဲ့တာပါ။

ဒါ့အပြင် နိုင်ငံတော်နဲ့ နိုင်ငံသား အားလုံးရဲ့ အကျိုးစီးပွားကို အကောင်းဆုံး ဖော်ဆောင်ပေးနိုင်ဖို့ အစဉ်သဖြင့် ကြိုးပမ်း ဆောင်ရွက်နေတယ်လို့လည်း နိုင်ငံအနှံ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် နေသူက ဆက်ပြောပါတယ်။ နှစ်ဟောင်းမှာ ကြုံတွေ့ခဲ့တဲ့ ဘေးဒုက္ခတွေ၊ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကနေ အားနည်းချက် တွေကို သင်ခန်းစာယူ ဖော်ထုတ်ပြီး နှစ်သစ်မှာ အတွေးသစ်၊ အမြင်သစ်နဲ့ ဆက်လက်လျှောက်လှမ်းမယ့် ပါတီစုံဒီမိုကရေစီ ဖော် ဆောင်မှုမှာ နိုင်ငံသူနိုင်ငံသားများအားလုံးပူးပေါင်းကြပါလို့ ရက် ၂၀ အကြာ အပစ်ရပ်တယ်ပြောပြီး ဗုံးပတ်ကြဲနေတဲ့ စစ်ကောင်စီ ခေါင်း ဆောင်က မိန့်ခွန်းထဲထည့်ပြော သွားပါတယ်။ ငလျင်ဘေးဒဏ်သင့်ဒေသတွေအတွက် အိုးအိမ်နဲ့လမ်းပန်းဆက်သွယ်ရေး တွေ ပြန်လည်ထူထောင်ရေး လုပ်ငန်းနဲ့ အစိုးရရုံးဌာနတွေ ပြန်လည်တည်ဆောက်ရေးတွေဆောင်ရွက်မယ်ဆိုတဲ့အပြင် လာမယ့် ပညာသင်နှစ်မှာ ကျောင်းနေအရွယ်ကလေး အားလုံး မပျက်မကွက် ပညာသင်ကြားဖို့ကိုလည်း သူကပြောခဲ့ပါတယ်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုလိုအပ်နေပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိစေဖို့ တိုင်းရင်းသားတွေအနေနဲ့ ပြည်ထောင်စုစိတ်ထားကာ ပူးပေါင်း ပါဝင်ဖို့ယုံကြည်တယ်လို့လည်း နိုင်ငံတဝန်းထိုးစစ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း လက်နက်ကြီးတွေနဲ့ ဗုံးကြဲ တိုက်ခိုက်နေသူက သူရဲ့ မိန့်ခွန်းထဲ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ Read in Full

၂၂။  ထားဝယ်ထောင်က အကျဥ်းသား ၂၃ ဦးလွှတ်ပေးရာမှာ နိုင်ငံရေးအကျဥ်းသားတစ်ဦးသာပါဝင်
 April 17, 2025
မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ထားဝယ်အကျဥ်းထောင်ကနေ အကျဥ်းသူ၊ အကျဥ်းသား ၂၃ ဦးကိုလွှတ်ပေးခဲ့ရာမှာ နိုင်ငံ ရေးအကျဉ်းသားတစ်ဦးသာပါဝင်တယ်လို့ အကျဥ်းသားမိသားစုဝင်တွေက ပြောပါတယ်။ လွတ်မြောက်လာသူ အားလုံးနီးပါးဟာ ခိုးမှု၊ လုယက်မှုအပါဝင် ရာဇဝတ်မှုတွေနဲ့ ထောင်ကျနေသူတွေဖြစ်ပြီး နိုင်ငံရေးအကျဥ်းသားက တော့ တစ်ဦးသာပြန်လွတ်လာ တယ်လို့ အကျဥ်းသားမိသားစုဝင်တွေဆီက သိရပါတယ်။ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားကတော့ ၅၀၅-က ပုဒ်မနဲ့ ထောင်ကျခံနေရတဲ့ ကိုကျော်သူရ‌အောင်ဖြစ်ပြီး လွတ်ဖို့ရက်နီးနေသူလည်းဖြစ်တယ်လို့ သိရပါတယ်။“အစကနိုင်ကျဥ်း မိန်းက လေးတစ်ယောက်ပါတယ်ဆိုပြီး သတင်းထွက်လာတယ်။ တကယ်တမ်း မလွတ်လာဘူး” လို့ ထောင်ရှေ့မှာ သွားရောက် စောင့် ဆိုင်းနေတဲ့ အကျဥ်းသားမိသားစုဝင်တစ်ဦးက ပြောပါတယ်။ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသား ကိုကျော်သူရ‌အောင် ဟာလည်း လာမယ့်မေလမှာ လွတ်ရက်စေ့နေတဲ့သူဖြစ်တယ်လို့ နီးစပ်သူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီကတော့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ ကျခံဖို့ကျန်ရှိတဲ့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းချမ်းသာခွင့်ပြုတယ်လို့ ဒီနေ့မနက်မှာစာထုတ်ပြန်ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဥ်းထောင်၊ အချုပ် ထောင်တွေ က အကျဥ်းသားနဲ့ အကျဥ်းသူ ၄၈၉၃ ဦးလွတ်ငြိမ်းခွင့်ထဲမှာ ပါဝင်တယ်လို့ စစ်ကောင်စီကဆိုပါတယ်။ ထားဝယ်အကျဥ်းထောင် မှာ အခုလက်ရှိ နိုင်ငံရေးအကျဥ်းသားနဲ့ အကျဥ်းသူ ၄၀၀ ဝန်းကျင်အထိရှိနေတယ်လို့ နိုင်ငံရေးအကျဥ်းသား‌ဟောင်းတွေဆီက သိရပါတယ်။ စစ်ကောင်စီဟာ အာဏာသိမ်းပြီး လေးနှစ်ကျော်လာလအတွင်း အကျဥ်းထောင်တွေကနေ လွတ်ငြိမ်းခွင့်ပေးတာ တွေ အကြိမ်ရေအများအပြားရှိခဲ့ပေမဲ့ နိုင်ငံရေးအကျဥ်းသားကတော့ အနည်းအကျဥ်းသာပါဝင်ခဲ့ပါတယ်။ 

၂၃။ ပုလောတွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၅ ဦးကို  WY စိတ်ကြွဆေးပြားနှင့်အတူဖမ်းဆီးရမိ
 April 17, 2025
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် ဗိုလ်ကြီးတစ်ဦးအပါအဝင် ငါးဦးကို  WY စာတန်းပါစိတ်ကြွဆေးပြား ၁၈၀,၀၀၀ (တစ်သိန်းရှစ်သောင်း) ကျော်နှင့်အတူ ဖမ်းဆီးရမိကြောင်း ပုလောဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီ ၁၂ ရက်နေ့က ပလောက်မြို့ အမှတ်(၁၂) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းရှိ ဗိုလ်ကြီး စိုင်းထက်ကျော်မိုး အမည်ဖြင့် ရောက်ရှိလာသည့် ပါဆယ်ထုတ်ကို တိုင်းဗဟို ၁၂ လုံခြုံရေး ဂိတ်က ဖွင့်ဖောက်စစ်ဆေးရာ  WY စာတန်းပါစိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိ ခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးရမိသည့် WY စာတန်းပါစိတ်ကြွဆေးပြား တစ်သိန်းရှစ်သောင်းကျော်၏ ကာလတန်ဘိုးငွေ ၅၄၀,၀၀၀,၀၀၀ (သိန်းပေါင်းငါးထောင့်လေးရာ) ကျပ်ခန့်ရှိကြောင်းသိရသည်။ “စိုင်းထက်ကျော်မိုးဆိုတဲ့ ဗိုလ်ကြီးက ကျောင်းအုပ်ကြီးနဲ့ စစ်နယ် မြေမှူးအတွက် ငွေရှာပေးနေတဲ့သူပဲ။ သူ့ကြောင့် ဆေးစွဲနေတဲ့သူတွေလဲ ပုလောမှာမနည်းဘူး။ သူနဲ့ဆက်စပ်ပြီး အခု လောလောဆယ် ငါးဦးဖမ်းမိထားတယ်။ ဆက်ပြီးတော့လည်း ကွင်းဆက်တွေစုံစမ်းနေတယ်”ဟု ပုလောမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ ဗိုလ်ကြီး စိုင်းထက်ကျော်မိုးသည် ပလောက်မြို့ တိုင်းဗဟို ၁၂ ရှိပြည်သူ့စစ်မှုထမ်း သင်တန်းသားများကို သင်တန်းပေးနေသူဖြစ်ပြီး ၎င်းမှတစ်ဆင့် ကွင်းဆက်များကို ဆက်လက် ရှာဖွေစုံစမ်းရာ ပုလောမြို့မှ ဇင်ကိုဌေး၊ ဟိန်းစိုး၊ ဟိန်းထက်ကိုကို၊ ချစ်ဝမ်းကိုကို၊ သူရဇော်တို့ ငါးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပုလောမြို့ခံများထံမှ သိရသည်။ “လောလောဆယ် အရာရှိ ဗဟိုကင်းမှာချုပ်နှောင်ထားတယ်လို့သိရတယ်။ သူအခန်းထဲမှာ မူးယစ်ဆေးသုံးစွဲတဲ့ပစ္စည်းတွေလည်းတွေ့တယ်။ အရင် ကတည်းက သူမူးယစ်ဆေးဝါးသုံးနေတာကို မြို့ပေါ်ကအစအတော်များများသိတယ်။ ပုလောမြို့က မိန်းခလေးအချို့ကိုလဲ သူ ဖျက်ဆီးတာ မြင်တွေ့နေရတယ်။ ပြီးတော့ သင်တန်းက လူငယ်တွေကိုလည်း ဆေးတွေရောင်းတယ်”ဟု ပုလောမြို့ခံ တစ်ဦးက ဆက်လက်ပြောသည်။ လက်ရှိ ဗိုလ်ကြီး စိုင်းထက်ကျော်မိုးအား တိုင်းဗဟို ၁၂ တွင် ဖမ်းဆီးစစ်ဆေးနေပြီး ကျန်တရားခံ ပုလော မြို့ခံ ငါးဦးကို ခလရ ၂၈၅ ဗဟိုကင်း၌ ဖမ်းဆီး၍ စစ်ကောင်စီတပ်က စစ်ဆေးနေကြောင်း သိရသည်။ 

၂၄။ စနစ်ကျခိုင်မာတဲ့ အရပ်သားအစိုးရဩဇာခံစစ်တပ်‌ ပေါ်ပေါက်ဖို့ လိုအပ်တယ်လို့ BPLA ပြော
 April 17, 2025
စစ်ကောင်စီ စစ်တပ်ကို ဖြိုချနိုင်ဖို့အတွက် စနစ်ကျပြီးခိုင်မာတဲ့ အရပ်သားအစိုးရဩဇာကိုခံယူမယ့် စစ်တပ်တစ်ခု လို အပ်တယ်လို့ ဧပြီ ၁၇ ရက် ဗမာ့ပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က တပ်တည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနား မှာ ထုတ်ဖော်ပြောကြားထားပါတယ်။ စစ်ကောင်စီစစ်တပ်ရဲ့ ကိုယ်ကျိုးရှာအာဏာသိမ်းမှုကြောင့် ပြည်သူတွေ ဒုက္ခရောက်ခဲ့ရ တာကြောင့် စစ်အုပ်စုကို အပြီးတိုင်ဖယ်ရှားပြီး ပြည်သူလူထုအတွက် သာတူညီမျှမှု၊ လွတ် လပ်ငြိမ်းချမ်းမှုနဲ့ တရားမျှတမှုတို့ကို ဆောင်ကြည်ပေးနိုင်မယ့် နိုင်ငံတော်သစ်တစ်ရပ် ထူထောင်နိုင်ဖို့အတွက်လည်း လိုအပ်တယ်လို့ BPLA က ပြောပါတယ်။“ကျနော်တို့ အဓိကပြောချင်တာကစစ်အာဏာရှင်စနစ်အလွန် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ရွေးကောက်ပွဲ ကနေတက်လာမယ့် အရပ်သားအစိုးရရဲ့ဩဇာကိုခံယူတဲ့ ဖက်ဒရယ်အာမီ ပေါ်ပေါက်လာအောင် လုပ်ဆောင်ဖို့ ဖြစ်ပါတယ်”လို့ လည်း BPLA ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ပြောပါတယ်။ BPLA တပ်တော်အနေနဲ့လည်း တပ်ဖွဲ့ဝင်အင်အားများပြား ရေးထက် စည်းစနစ်ကျရေးကို အဓိကဦးစားပေးလုပ်ဆောင်နေပြီး အင်အားများပြီး စနစ်မကျပါက အချည်းနှီးသာဖြစ်သလို တပ်ဖွဲ့ဝင်တိုင်း စစ်ပုံကျဖို့၊တပ်ဖွဲ့ဝင်တိုင်းစည်းမျဉ်းစည်းကမ်းတွေကို မဖြစ်မနေသိနားလည်ကြဖို့နဲ့ ပြစ်မှုကျူးလွန်ပါက ရှောင်လွှဲ ခွင့်မရှိဘူးလို့လည်း ဆိုပါတယ်။

“စစ်အာဏာရှင်စနစ်ကိုတော်လှန်နေကြတဲ့ ယခုတော်လှန်ရေးကာလအတွင်းမှာလည်း လက်နက်ကိုင်တပ်ဖွဲ့တိုင်း သည် ဂုဏ်သိက္ခာနဲ့အညီ CoC နှစ်ရပ်ကို ခိုင်မာစွာတည်ဆောက်ပြီး လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်” လို့ ကိုလင်းလင်းက ဖြည့်စွက်ပြောပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီ ၁၇ ရက်က BPLA အမှတ် ၁၀၇ စစ်ဒေသကို ကရင်ပြည်နယ် စတင်ဖွဲ့စည်းတည်ထောင် ခဲ့ကာ ကရင်အမျိုးသားလွတ်လပ်ရေးတပ်မတော် (KNLA) နဲ့လည်း ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးတွေကို အတူပူးပေါင်း တိုက်ပွဲဝင်နေတာလည်း ဖြစ်ပါတယ်။ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ BPLA အမှတ် ၂၀၃ စစ်ဒေသက တပ်ဖွဲ့ဝင်တွေဟာ ၁၀၂၇ စစ်ဆင်ရေးတွေမှာ ပူးပေါင်းပါဝင်ခဲ့ပြီး အခု ၂၀၂၅ ခုနှစ်မှာ အမှတ် ၃၀၈ အညာစစ်ဒေသကိုလည်း တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။  လက်ရှိမှာလည်း အာရက္ခတပ်တော် (AA) နဲ့လည်း ပူးပေါင်း ဆောင်ရွက်မှုတွေရှိနေပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း မဟာမိတ်ဆက်ဆံရေး ချိတ်ဆက်ဆောင်ရွက်မှုတွေလည်း ရှိနေ တာ ဖြစ်ပါတယ်။ Read in Full

၂၅။ အထွေထွေထိုးစစ်ကြီးတရပ်ဆင်နွဲရန် ပြင်ဆင်နေဟု NUG ကာကွယ်ရေးဝန်ကြီးပြော
April 17, 2025
မြန်မာတနိုင်ငံလုံးအတိုင်းအတာဖြင့် အထွေထွေထိုးစစ်ကြီးတရပ် ဆင်နွှဲနိုင်ဖို့အတွက် ပြင်ဆင်နေကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်က ပြောသည်။ ၎င်းက “ အမျိုးသားညီညွတ် ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေဟာ ဒီအထွေထွေထိုးစစ်ကြီးအတွက် ပြင်ဆင်ကြိုးပမ်းနေ ကြရတယ်ဆိုတာ အသိပေးလိုတယ်”ဟု ပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ ကာကွယ်ရေးတပ်မတော် ဧရာ၀တီ တိုင်းစစ်ဌာန ဗျူဟာ (၂၉) အခြေခံစစ်ပညာ အပတ်စဉ် (၅) သင်တန်းဆင်းပွဲတွင် ပြောကြား သည့်မိန့်ခွန်းတွင် အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် စစ်ရေးဗျူဟာအရ အဆင့်(၃) ဆင့်ကို ဖြတ်ကျော် ရမှာဖြစ်ပြီး ပထမအဆင့်အနေနဲ့ တနိုင်ငံလုံးကွက် ပြည့်စစ်ရေးလှုပ်ရှားနိုင်အောင် ကြိုးစားခဲ့ကြရပြီး ဒုတိယအဆင့်အနေနဲ့ မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲကြရမှာဖြစ်ကြောင်းနှင့် တနိုင်ငံလုံးအထွေထွေထိုးစစ်ကြီးကတော့ တတိယအဆင့်အနေနဲ့ လုပ်ဆောင်ကြရမှာဖြစ်ကြောင်းဝန်ကြီးကပြောသည်။

လက်ရှိကာလသည် ဒုတိယအဆင့်ဖြစ်သည့် မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများ ဆင်နွဲနေရသည့် ကာလဖြစ်ပြီး တတိယ အဆင့် အထွေထွေထိုးစစ်ကြီးအတွက်ကိုလည်း မဟာမိတ်များနှင့် ပြင်ဆင်ဆောင်ရွက်နေကြောင်း ဦးရည်မွန်က ဆိုသည်။ ယင်း အပြင် တော်လှန်ရေးကာလ လေးနှစ်ကျော်လာချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် အောင်ပွဲများရရှိလာနေပြီ ဖြစ်ကြောင်းကိုလည်း ပြောသည်။ ယခု အခြေခံစစ်သင်တန်းဆင်းပွဲသည် ဧရာ၀တီတိုင်း မြစ်၀ကျွန်းပေါ် ဒေသကို အခြေပြုသည့် ရဲဘော်များဖြစ်သည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ပထမဆင့်ဗျူဟာဖြစ်သည့် ဒေသတိုင်းမှာ တပ်တည်ဆောက် ရေးနှင့် တပ်ဖြန့်နိုင်မှုအပေါ် ပိုမိုပြည့်စုံစေခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကဆိုသည်။ လက်ရှိ ကာလတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင် ရဲဘော်များအနေဖြင့်၊ ဧရာ၀တီတိုင်း၊  စစ်ကိုင်းတိုင်းနှင့် မကွေး တိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်း၍ စစ်ရေးဖော်ဆောင်မှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ Read in Full

၂၆။ ဖယ်ခုံတပ်ရင်း ( ၂ ) P3 – 1006 တပ်ရင်းက (၃)နှစ် အတွင်း ရဲဘော် ၃၁ ဦး ကျဆုံးခဲ့
 April 17, 2025
ရှမ်း-ကရင်နီနယ်စပ် ၊ ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ် (၁) ဗျူဟာ လက်အောက်ခံဖြစ်တဲ့ ဖယ်ခုံတပ်ရင်း(၂) P3 – 1006 တပ်ရင်း ဖွဲ့စည်းပြီး (၃) နှစ်အတွင်းမှာ ရဲဘော် ၃၁ ဦးကျဆုံးမှုရှိခဲ့တယ်လို့ ဒီကနေ့ ဧပြီလ ၁၇ ရက်နေ့မှာ ရှမ်းတောင် စစ်ဒေသ ဗျူဟာ(၁) အဖွဲ့ဆီကနေ သိရပါတယ်။ အဆိုပါ တပ်ရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ကာ ဒီကနေ့မှာ ၃ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့ တပ်ရင်း ဖွဲ့စည်းခြင်း ၃နှစ်ပြည့် အခမ်းအနားကိုလည်း မြေပြင်တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ ရှမ်းတောင် စစ်ဒေသ ဗျူဟာ(၁) ရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဒီရက်အခမ်းအနားမှာတော့ အဓိကလုပ်ဆောင်သွားတာက ကျဆုံးသွားတဲ့ရဲဘော်တွေကို စစ်ကြောင်းချီပြီး အလေးနီ ပြုတာရယ်၊ ကျဆုံးသွားတဲ့ ရဲဘော်မိသားစုတွေကိုလည်း ဂုဏ်ပြုတာလုပ်ခဲ့တယ်။” လို့ ရှမ်းတောင် စစ်ဒေသ ဗျူဟာ (၁) ရဲ့ တာ ဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ အဆိုပါ အခမ်းအနားမှာ ရှမ်း-ကရင်နီ စစ်တိုင်း‌ဒေသ၊ စစ်တိုင်းကွပ်ကဲ‌ရေးမှူး ကိုဂျေခမ်း၊ ရှမ်း တောင် စစ်ဒေသခွဲ၊ အမှတ်(၁) ဗျူဟာမှ ဗျူဟာမှူး ကိုနေကောင်း ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFနဲ့ မဟာမိတ် တပ်ပေါင်းစုတို့မှ ဂုဏ်ပြုပွဲအခမ်းအနားကို တက်‌ရောက် အားပေးခဲ့တယ်လို့ ရှမ်းတောင် စစ်ဒေသ ဗျူဟာ(၁)က ထုတ်ပြန်ထား ပါတယ်။ လက်ရှိ ဖယ်ခုံတပ်ရင်း(၂) P3- 1006 တပ်ရင်းလှုပ်ရှားနယ်မြေအတွင်းမှာတော့ စစ်ကောင်စီတပ်နဲ့ နှစ်ဖက် တိုက်ပွဲဖြစ် ပွားမှုမရှိဘဲ စစ်ရေးအခြေအနေ ငြိမ်နေတယ်လို့ စစ်ဒေသ ဗျူဟာ(၁) ရဲ့တာဝန်ရှိသူတစ်ဦးဆီကနေ သိရပါတယ်။ Read in Full

၂၇။ မကွေးတိုင်း မင်းတုန်းမြို့တွင် ရခိုင်အမျိုးသား ၂ ဦးအပါအဝင် ၄ ဦးဖမ်းဆီးခံရ
 April 17, 2025
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် ရခိုင်အမျိုးသား ၂ ဦးအပါအဝင် အရပ်သား၄ ဦးဖမ်းဆီးခံရကြောင်း သိရ သည်။ ဖမ်းဆီးခံရသူများမှာ ရခိုင်ပြည်၊အမ်းမြို့နယ်၊ဒိုင်ကြီးကျေးရွာမှ ကိုမောင်ဆန်းဌေး၊ကိုခင်မောင်ချိုနှင့် မကွေး တိုင်း၊ မင်းဘူး မြို့နယ်မှ ကိုအေးမင်းထွန်းနှင့် ကိုကိုကြီးတို့ဖြစ်ကြသည်။ ၎င်းတို့သည်မင်းတုန်းမြို့အဝင်အနီး၊ကန်ဒုတ်ဂိတ်တွင်ဧပြီ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီထံ ဖမ်းဆီးခံလိုက်ရသည်ဟုမင်းတုန်းဒေသခံတစ်ဦးက ပြော သည်။ ” သဖန်ရောင်ဖက်ကိုသွားရင် အဲဒီမှာကန်ဒုတ်ဂိတ်ဆိုတာရှိတယ်။အဲ့ဒီဂိတ်မှာ ဖမ်းဆီးခံရတယ်။သူတို့မှာ ကုန်ပစ္စည်းတွေပါလာတယ်။ဆေးဝါးတွေပါတယ်။ သောက်ဆေး၊ ထိုးဆေးတွေ။အဲ့ဒီဂိတ်မှာ စောင့်နေတဲ့ စစ်သားတွေက ဖမ်းသွားတာ။ ဒီနေ့အထိမလွတ်သေးဘူး”ဟု ပြောသည်။

အဆိုပါကုန်ပစ္စည်းများသည် အမ်းမြို့နယ်ဖက်ကို ပို့မည့်ကုန်ပစ္စည်းများဖြစ်သဖြင့် စစ်ကောင်စီမှ ပစ္စည်းနှင့်လူများကို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု  ပဒါန်းဒေသခံတစ်ဦးကပြောသည်။ “အရင်က အမ်းနဲ့မကွေးက ကူးသန်းရောင်းဝယ်ရေးလုပ်ကြ တယ်။ အမ်းကို AA ကသိမ်းလိုက်ပြီဆိုတော့ စစ်ကောင်စီထိန်းချုပ်ထားသေးတဲ့ ဒီမကွေးကနေပြီးရခိုင်ဖက်ကို ဘယ်သူမှမသွားရ ဘူး။ လမ်းတွေလည်းပိတ်ထားတယ်။ တွေ့ရင်ဖမ်းတယ်။ အရင်လည်းမကြာမကြာဖမ်းတယ်” ဟုပြောသည်။ ဒေသခံများမှာ စားဝတ်နေရေးကျပ်တည်းမှု၊ ကျန်းမာရေးအခြေအနေ ‌ဆေးဝါးရှားပါးမှုကြောင့်အခက်ခဲဖြစ်နေကြပြီး အသက်အန္တရာယ်ကြားက စစ်ကောင်စီထိန်းချုပ်ထားသည့်နယ်မြေအထိ ခက်ခဲစွန့်စားကာ ကုန်ရောင်း/ကုန်ဝယ်ပြုလုပ်နေကြရသည်ဟု ဒေသခံများက ပြောသည်။ အမ်းဒေသခံရခိုင်လူမျိုးများမှာလည်း အမ်းမြို့နယ်တွင် ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းမှစတင်ကာ တိုက်ပွဲဖြစ် ပွားခဲ့သည့်အချိန်မှစ၍ ပဒါန်းနှင့် မင်းဘူးစသည့်နေရာများကို စစ်ဘေးရှောင်နေကြခြင်းဖြစ်ကြောင်း သိရသည်။ 

၂၈။ ကျားဖြန့်လုပ်ငန်းတွေက ဖမ်းဆီးထားတဲ့ နိုင်ငံခြားသားတွေကို DKBA နေရာရွှေ့ပြောင်း
 April 18, 2025
ကရင်ပြည်နယ် မြဝတီမြို့ မှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေက ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသား ၂၇၇ ဦးကို ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA က သူတို့ထိန်းချုပ်ထားတဲ့ နေရာကနေ ဧပြီ ၁၈ ရက်နေ့မှာ နေရာရွှေ့ပြောင်းလိုက်ကြောင်း Khaosod သတင်းက ဖော်ပြပါတယ်။ သူတို့ကို ကရင်ပြည်နယ် မြဝတီမြို့နယ် မြဝတီအားကစားကွင်းကို ပို့ဆောင်ခဲ့ပြီး တာဝန်ရှိ သူတွေက စစ်ဆေးအတည်ပြုပြီးနောက်နေရပ်ပြန်ပို့ရေးတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ ဒီထဲမှာ အီသီယိုပီး ယား၊ ကင်မရွန်း၊ ရဝမ်ဒါ၊ နိုင်ဂျီးရီးယား၊ ဆီယာရာ လီယွန်၊ မာလာဝီ၊ ဇင်ဘာဘွေ နဲ့ ဗီယက်နမ် နိုင်ငံသားတွေပါဝင်ပါတယ်။

ဒီနိုင်ငံခြားသားတွေဟာ ဧပြီလ ၁၃ ရက်နေ့က သူတို့ကို ထိုင်းနိုင်ငံဘက်ကို ပို့ဆောင်ပေးဖို့ DKBA ကို ဆန္ဒပြတောင်းဆိုခဲ့ ကြတဲ့အထဲ ပါဝင်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။  ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွင်းက ကျားဖြန့်လုပ်ငန်းတွေက ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသား ၂၆၀ ဦးကို ထိုင်းနိုင်ငံကို ပထမအကြိမ် လွှဲပြောင်းပေးခဲ့ပါတယ်။ Read in Full

၂၉။ မလေးဝန်ကြီးချုပ် ထိုင်းတွင် စစ်ကောင်စီခေါင်းဆောင်နှင့် NUG ဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံ
April 18, 2025
ဧပြီလ ၁၇ ရက်နေ့က မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်ဘက်လုံးက အပစ်အခတ်ရပ်စဲရေးကို ဆက်လက် သက်တမ်းတိုးမည့် သဘော ထားများပြသခဲ့ကြသည်ဟု မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဗရာဟင်က ပြောကြားလိုက်သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးချုပ် အီဗရာဟင်က ယခုကဲ့သို့ ပြောလိုက်ခြင်း ဖြစ်သည်။“အပစ်အခတ်ရပ် စဲရေးတစ်ရပ်ရှိလာမှာဖြစ်သလို မလိုဘဲနဲ့ ရန်စမှုတွေလည်း ရှိမှာမဟုတ်ပါဘူး။ ဒီလိုမှမဟုတ်ရင်တော့ စာနာမှု အကူအညီပေးရေး အစီအစဉ်ကြီးတစ်ခုလုံးကျရှုံးသွားနိုင်ပါတယ်”ဟု ဝန်ကြီးချုပ်က ပြော သည်။“SAC ဝန်ကြီးချုပ်၊ NUG တို့နဲ့ ကျွန်တော့်ရဲ့ ကနဦး ဆွေးနွေးမှုတွေဟာ အရမ်းအောင်မြင်ခဲ့ပါတယ်” ဟုလည်း သူက ဆိုသည်။ မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့က ဧရာမငလျင် ကြီး လှုပ်ခတ်ခဲ့ပြီးနောက် အမျိုးသားညီညွတ် ရေးအစိုးရ NUG က အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သည်။ ထို့နောက်တွင် စစ်ကောင်စီကလည်း ရက် ၂၀ အပစ်ရပ်ကြောင်း ဧပြီလ ၂ ရက်နေ့၌ ကြေညာသည်။ သို့သော်လည်း စစ်ကောင်စီသည် နယ်မြေ အချို့၌ စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ကုလသမဂ္ဂနှင့်အခြားမြန်မာအဖွဲ့အစည်းများက ပြောကြား ထားသည်။

“ကျွန်တော်တို့ရဲ့ ဦးစားပေးကတော့ စာနာမှုအကူအညီ ပေးအပ်ရေးပါပဲ။ သူတို့အနေနဲ့ အပစ်အခတ် ရပ်စဲရပါမယ်။ စာနာမှုအကူအညီ ပေးအပ်ရေး အစီအစဉ်မှာ ပါဝင်ကူညီနေကြသူတွေ အားလုံးရဲ့ လုံခြုံရေးကို အာမခံချက် ပေးရပါမယ်” ဟု မလေးရှားဝန်ကြီးချုပ်က ပြောသည်။ အာဆီယံ၏ ရပ်တည်ချက်မှာလည်း အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို မြန်မာဘက် မှ လက်ခံဆောင်ရွက်လာအောင် အာဆီယံဘက်က ပိုမိုပါဝင် ဆောင်ရွက်ရန် ဖြစ်သည်ဟု ဝန်ကြီးချုပ်က ပြောသည်။ NUG နှင့် တွေ့ဆုံရာ၌လည်း အာဆီယံအနေဖြင့် NUG ၊ စစ်ကောင်စီတို့နှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်သလို စာနာမှုအကူအညီ များလည်း ဆက်လက်ပေးအပ်သွားမည်ဟု ပြောကြားခဲ့ကြောင်း အန်နဝါအီဗရာဟင်က ပြောသည်။ Read in Full

၃၀။ ဇွန်လကုန်အထိ အမဲလိုက်ခြင်းများ မပြုလုပ်ကြရန် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ သတိပေး
 April 17, 2025
ချင်းပြည်နယ်၊ မရာနယ်မြေအတွင်းနေထိုင်သော  မိဘပြည်သူများအနေဖြင့် ယနေ့မှစ၍ ဇွန်လကုန်အထိ အမဲလိုက်ခြင်း များကို မပြုလုပ်ကြရန် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ(MTC/MDF) က  သတိပေးချက်ထုတ်ပြန်သည်။ သဘာဝတော တောင် စိမ်းလန်းစိုပြေရေးနှင့် တောရိုင်းတိရိစ္ဆာန်များ မျိုးသုန်းပျောက်ကွယ်ခြင်းမရှိစေရန် ရည်ရွက်ချက်ဖြင့်ထုတ်ပြန်ခြင်းဟု သိရသည်။ ထို့ကြောင့် မရာနယ်မြေတွင် နည်းမျိုးစုံဖြင့် ငှက်ပစ်သတ်ခြင်း၊ ဖမ်းဆီးခြင်း အမဲလိုက်ခြင်း၊ မြစ်ချောင်းများတွင် ရှော့တိုက်ခြင်း၊ ဓာတုဆေးများ အသုံးပြုခြင်းနဲ့ မိုင်းခွဲခြင်းနှင့် ငါးဖမ်းခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ရဟု  မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ က  ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ပြင်းပြင်းထန်ထန် အရေးယူခြင်းခံရမည်ဟု  မရာနယ်မြေအုပ်ချုပ် ရေးကောင်စီက သတိပေးထားသည်။ လက်ရှိတွင် မရာနယ်‌မြေသည် စစ်ကောင်စီ ကင်းစင်ပြီဖြစ်ကာ MTC/ MDF အနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး စသည့် ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများနှင့် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ လည်ပါတ် နိုင်ရန် ဆောင်ရွက်လျက်ရှိနေကြောင်း သရသည်။ Read in Full

၃၁။  ပူတာအိုတွင် ဆင်သောင်းကျန်းသောကြောင့် ဒေသခံလေးဦးသေဆုံး
 April 18, 2025
ပူတာအိုမြို့နယ်၊ မူလာဒီကျေးရွာတွင် ယမန်နေ့က ဆင်တစ်ကောင် ဝင်ရောက်သောင်းကျန်းသဖြင့် အမျိုးသမီးလေးဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဆုတောင်းပွဲအတွက် တောထဲတွင်ဖက်ခူးရန်သွားစဉ် တိုက်ခိုက်ခံရသောကြောင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး အဆိုပါဆင်က ယမန်နေ့ည ၁၀ နာရီခန့်မှ ယနေ့နံနက်အထိ ကျေးရွာအတွင်း ဝင်ရောက်သောင်းကြမ်းခဲ့ သဖြင့် သုံးဦးထပ်မံသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။“အဲ့ဆင်က လွန်ခဲ့တဲ့ဒီဇင်ဘာလောက်က ဆင်းမောင်းသူကို ပေါင်ကျိုးအောင်လုပ်ခဲ့တာ။ အခုကတောထဲ ဖတ်ရှာတဲ့ အမျိုသမီးကို အပိုင်းပိုင်းအစစသတ်ဖြတ်ခဲ့တာ။ မနေ့ ညနေကျတော့ အိမ်တွေဖျက်ဆီးပြီး ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦး ထပ်ရိုက်သတ်သွားတယ်။ အဘွားတစ်ယောက်ကို သတ် ဖြတ်ကိုက်စားလို့ အလောင်းအပြည့်အစုံမရပါဘူး။ မနက် ၇ လောက်တော့ ဝရံတာကနေ ရိုက်ပုတ်ခံရတဲ့အဘွား ထပ်ဆုံးတာ” ဟုပြောသည်။ ဆင်က ကျေးရွာအတွင်းဝင်ရောက် လာချိန် ယမန်နေ့ည ၁၀ နာရီခန့်တွင် အမျိုးသမီးတစ်ဦး၊ ယနေ့ နံနက် ၄ နာရီ ခန့်တွင်တစ်ဦးနှင့် နံနက် ၇ နာရီခန့်တွင် တစ်ဦး တို့ကို ရိုက်ပုတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဆင် ကျေးရွာအတွင်း ဝင်ရောက်သောင်း ကျန်းစဉ် နေအိမ်အချို့လည်းပျက်စီးခဲ့ကြောင်း ဒေသခံအခြားအမျိုးသားတစ်ဦးကပြောသည်။

“မနေ့ကတောသွားတဲ့ အဒေါ်တစ်ယောက် အသတ်ခံရတယ်။ အကုန်လုံးအပိုင်းပိုင်းအစစ ရစရာမရှိအောင် ဖြစ်သွား တယ်။ အဲ့မှာ စစ်တပ်တွေကိုလည်း ပစ်ဖို့အကူအညီတောင်းကြတာ သွားတော့သွားကြတာ မပစ်ဘဲပြန်လာတော့ ညတုန်းက ရွာ အထဲထိဝင်ပြီး အိမ်လည်း သုံး၊ လေးအိမ်လောက် ဖျက်ဆီးသွားတယ်။ လူလည်းကလေးမွေးခါစမိခင်တစ်ဦးပါသွားတယ် အသက် ကြီးနဲ့ အဒေါ်နှစ်ယောက်လည်း မပြေးနိုင်လို့ပါသွားတယ်”ဟုပြောသည်။ လက်ရှိအချိန်တွင်အဆိုပါဆင်မှာ နမ်လီခနှင့် ရီကျော်ဒီး ကျေးရွာကြားရှိ တောထဲတွင်ရှိနေပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေနေကြောင်း သိရသည်။ ဆင်ဝင်ရောက် သောင်း ကျန်းခဲ့သော မူလာဒီကျေးရွာမှ ဒေသခံအချို့ကလည်း နီးစပ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလကလည်း မြစ်ကြီးနား – ပူတာအိုလမ်း၊ ဝဒတ်ကျေးရွာနှင့် မဆွမ်ဇွပ်ကျေးရွာကြားတွင် ခရီးသည်ကားများကို ဆင်ရိုင်း တစ်ကောင်တိုက်ခိုက်ခဲ့ရာ ယာဉ်မောင်းအမျိုးသားတစ်ဦးသေဆုံးခဲ့သည်။ Read in Full

၃၂။ တပ်ရင်း ၈၀၁၊ ရဲဘော် ၆၀ ကျော် နုတ်ထွက်စာတင်ထားတဲ့အပေါ် တာဝန်ရှိသူတွေတစုံတရာ တုန့်ပြန်မှုမရှိသေး
 April 18, 2025
နေပြည်တော် PDF တပ်ရင်း ၈၀၁ ရဲ့ တပ်ရင်းရဲဘော် ၆၄ ဦးက လက်မှတ်ရေးထိုးပြီး နုတ်ထွက်ခွင့်တောင်းဆိုထားတဲ့ အပေါ်သက်ဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) နဲ့ စစ်ဦးစီးအဖွဲ့တွေဆီကနေတစုံတ ရာတုန့်ပြန်မှုမရှိသေးဘူးလို့ နုတ်ထွက်စာတင်ထားတဲ့ တပ်ရင်း ၈၀၁ ရဲ့ တပ်ခွဲမှူးကပြောပါတယ်။“ဒါကျနော်တို့ အနေအထား၊ ကျနော်တို့ဆန္ဒကို ကျနော်တို့ ထုတ်ဖော်တာပေါ့နော်။ တစ်ဖက်ကတော့ တုန့်ပြန်မှု မပေးသေးပါဘူး။”လို့ တပ်ရင်း ၈၀၁ ရဲ့ တပ်ခွဲ မှူးက ဧပြီလ ၁၇ ရက်နေ့မှာ ပြောပါတယ်။ နုတ်ထွက်စာကို တပ်ဖွဲ့ဝင် ၆၄ ဦးက လက်မှတ်ရေးထိုးပြီး ဧပြီလ ၁၀ ရက်နေ့က တင်ပြထားကြောင်းလည်း အဆိုပါ တပ်ခွဲမှူးက ပြောပါတယ်။ ဖြစ်စဉ်နဲ့ ပါတ်သက်ပြီး တရားမျှတမှု ရရှိရေးအတွက် အမြန်ဆုံး ဆောင်ရွက်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာနကို ဧပြီလ ၅ရက်နေ့က စာပေးပို့ တောင်းဆိုထား ပေမယ့် တစုံတရာ တုန့်ပြန်မှုမရသေးဘူးလို့ ဆိုပါတယ်။ ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က နေပြည်တော် PDF ရဲ့ စစ်ထောက်ချုပ် ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်မှာ စစ်ထောက်ချုပ်အပါအဝင် အစ်ကိုဖြစ်သူ စစ်ဦးစီးချုပ်တို့က စစ်ဦးစီးချုပ်ရဲ့ လုံခြုံရေးအဖွဲ့ဝင် ရဲဘော်တစ်ဦးနဲ့ ထိုးကြိတ်ရန်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

ထိုးကြိတ်မှုမှာ ပါဝင်တဲ့ လုံခြုံရေးအဖွဲ့ဝင် ရဲဘော်တစ်ဦးရဲ့တောင်းဆိုမှုကြောင့် တပ်ရင်း ၈၀၁ တပ်ရင်းမှူးက ကူညီဖြေ ရှင်းရန် သွားရောက်ချိန်မှာ စစ်ဦးစီးချုပ်က ပြန်လည်ဆဲဆိုရန်ဖြစ်ခဲ့ကြောင်း နုတ်ထွက်စာတင်ထားတဲ့ တပ်ခွဲမှူးကပြောပါတယ်။ အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဧပြီလ ၃ ရက်နေ့မှာ စစ်ဦးစီးအဖွဲ့ နဲ့ ရဲဘော် အင်အား ၁၅၀ က စစ်ဦးစီးအရာရှိရဲ့ ညွန်ကြား ချက်ဖြင့် နေပြည်တော် PDF တပ်ရင်း ၈၀၁ ရဲ့ တပ်ရင်းမှူး နဲ့ တပ်ရေးဗိုလ်ကြီးတို့ကို အင်အားသုံးဖမ်းဆီးခဲ့တယ်လို့လည်း နုတ် ထွက်သွားတဲ့ ရဲဘော်တွေကပြောပါတယ်။“အဲဒီနေ့ဖြစ်စဉ်မှာကတော့ သူတို့က အင်အား အလုံးအရင်းနဲ့လာတယ်၊ စခန်းမှာ တပ်ရင်းမှူးနဲ့ တပ်ရေးဗိုလ်ကြီးနဲ့ ရဲဘော်အချို့ပဲ ကျန်နေတယ်။ အဲ့ချိန်မှာသူတို့က အကုန်လုံးပတ်ချာလည် ဝိုင်းထားပြီးတာ့ အဲလိုမျိုးဝင်ပြီးတော့ ခေါ်တာပေါ့ ခေါ်ပြီးတော့ ရှိသမျှလက်နက်အကုန်လုံးသိမ်းသွားတယ်။” လို့ တပ်ရင်း ၈၀၁ ရဲ့ စခန်းမှူး က ပြောပါတယ်။ လက်ရှိ ဧပြီလ ၁၈ ရက်နေ့အထိ တပ်ရင်း ၈၀၁ ရဲ့ တပ်ရင်းမှူး နဲ့ တပ်ရင်းဗိုလ်ကြီးကို ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။ ဖြစ်စဉ်နဲ့ပါတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကို ဆက်သွယ်မေးမြန်းထားပေမယ့် ဧပြီလ ၁၈ ရက်နေ့အထိ တစုံတရာ အကြောင်းပြန်ခြင်း မရှိသေးပါဘူး။ Read in Full

၃၃။  ဘုတ်ပြင်းတွင် ပျူစောထီးစခန်း တိုက်ခိုက်ခံရပြီး ပျူခေါင်းဆောင် ၁ ဦး သေဆုံး
 April 17, 2025
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ရွှေဂဲညိုရွာမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ပျူစောထီးစခန်းကို တိုက်ခိုက်ခဲ့ရာမှာ ပျူစောထီးခေါင်းဆောင်တယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ ဧပြီ ၁၆ ရက် မနက် ၃ နာရီဝန်းကျင်မှာ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ က ရွှေဂဲညိုရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံ ကိုနဂါး က “စစ်ကြောင်း ၂ အဖွဲ့ကနေပြီး စခန်းကို ဝင်ရောက်ပစ်ခတ်တဲ့အချိန်မှာ ပျူခေါင်းဆောင်တဦး ကျသွားတယ်။ ကျန်ပျူ စောထီးတွေက လက်နက်ချပြီး ပြေးတော့ လက်နက်တွေပါ သိမ်းဆည်းရမိတယ်” လို့ ပြောပါတယ်။

သေဆုံးသူ အသက် ၅၀ ဝန်းကျင်အရွယ် ဦးဌေးဝင်းမှာ တောင်ငယ်ရွာက ပျူစောထီးခေါင်းဆောင် ဖြစ်ပြီး ရွှေဂဲညိုရွာမှာ စခန်းလာချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ပျူစောထီးစခန်း ဝင်ရောက်တိုက်ခိုက်ရာမှာ ၄၀ မမ အပါအဝင် သေနတ် ၁၁ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ အခုလက်ရှိမှာ တော့ စစ်ကောင်စီဘက်က ရွှေဂဲညိုရွာမှာ အင်အား ၈၀ ခန့် နေရာချထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ Read in Full

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button