တိုင်းရင်းသားများသတင်း

ကျောက်ကြီးမှာ လက်နက်ကြီး ထိမှန်တာကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

ဓါတ်ပုံ – KNU 

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ (၄)

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ဘောကထာကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ကျောက်ကြီးမြို့နယ် ဘောကထာကျေးရွာအတွင်းသို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က စစ်ကောင် စီတပ်က လက်နက်ကြီး တချက်ပစ်ခတ်ခဲ့တာကြောင့် အသက်(၅၀)ကျော်နဲ့ (၆၀)အရွယ်ဝန်းကျင်ရှိတဲ့ ဒေသခံနှစ်ဦး သေဆုံးပြီး (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ စစ်ကောင်စီတပ်က ကျေးရွာတွေထဲ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကျောက်ကြီးမြို့နယ် ဘောကထာကျေးရွာ၊ ပဒဲကောကျေးရွာနဲ့ မဘီကျေးရွာက အိမ်ခြေ စုစုပေါင်း(၈၃၇)အိမ်၊ လူဦးရေ (၄၀၇၇)ဦးဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျောက်ကြီးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ (၇)ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဟာ တပ်မဟာ(၅)ကနေ တပ်မဟာ(၃)နယ်မြေထဲကို ပြန်ဆင်းလာပြီးနောက် ထိုးစစ်ဆင်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေတာပါ။

အဲဒီတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေကို အတည်မပြုနိုင်သေးပေမယ့် စစ်ကောင်စီ တပ်က ထိုးစစ်ဆင်လှုပ်ရှားနေတဲ့အချိန်မှာ တောင်ပေါ်နေ ကရင်တိုင်းရင်းသားလူမျိုးတို့ရဲ့ နေအိမ်တွေနဲ့ စားနပ်ရိက္ခာတွေကို မွှေနှောက်ဖျက်ဆီးတာ၊ အိမ်မွေးတိရိစ္ဆာန်တွေကို ဖမ်းယူစားသောက် သတ်ဖြတ် ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

Related Articles

Back to top button