သတင်း

ဦးဖြိုးမင်းသိန်း၏ သက်သေထွက်ဆိုမှုမှာ အခြေအမြစ်မရှိကြောင်း နိုင်ငံတော်အတိုင် ပင်ခံ ​ဒေါ်​​အောင်ဆန်းစုကြည် ပြော

Photo: Inter Net

ဖက်ဒရယ်ဂျာနယ် (​အောက်တိုဘာ-၄)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲဆိုထားသော အဂတိအမှုအတွက် ရန်ကုန်တိုင်း ဒေသကြီး၀န်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း ၏ သက်သေထွက်ဆိုခဲ့မှုမှာ အခြေအမြစ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ တရားရုံးချိန်းတွင် ရှေ့နေများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့တွင် နေပြည်တော်ရှိ သီးသန့်တရားရုံး၌ ပြုလုပ်ခဲ့သော နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်၏ အဂတိအမှုနှင့်ပတ်သက်ပြီး အစိုးရသက်သေအဖြစ် ဦးဖြိုးမင်းသိန်းမှ ရွှေ ၇ ပိဿာနှင့် အမေရိကန် ဒေါ်လာ ၆ သိန်း ပေးခဲ့ကြောင်း ထွက်ဆိုခဲ့မှုအပေါ် ယနေ့ ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ မှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်သည်။

“သူကရွှေ ၇ ပိဿာနှင့် အမေရိကန်ဒေါ်လာ ၆ သိန်းမပေးဘဲနဲ့ ပေးတယ်လို့ပြောတာကို အခြေအမြစ်မရှိဘူးလို့ ပြောတာပေါ့။ ဒီနေ့မှ လူချင်းတွေ့မှပြောတာ ဟိုနေ့က စစ်ပြီးပြန်သွားရတာ” ဟု ၎င်း ၏ ရှေ့နေအဖွဲ့မှ တရားလွှတ် တော်ရှေ့နေ ဦးကြည်ဝင်း ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အပေါ် လရောင်တောစီမံကိန်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် မြေကွက်ဝယ်ယူသည့် ကိစ္စများနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှုဥပဒေပုဒ်မ(၅၅)ဖြင့် စွဲဆိုထားသည့် အမှုလေးခုရှိကြောင်း ရှေ့နေအဖွဲ့ ထံမှသိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် အပေါ် ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်နှင့်ပတ်သက်ပြီး ”အဂတိလိုက်စားမှု ဥပဒေနှင့် ပတ်သက်ပြီး တို့အမှုတွေလိုက်နေတာ သိန်းငါးရာတစ်ထောင် အဲ့တာတွေအကုန်ဖမ်းမိတာပဲလေ။ အခုဟာက ရွှေ ၇ ပိဿာဆိုတာကြီးက ပါမှပါမလာတာကြီးကို။ ရှာဖွေပုံစံနဲ့သွားရှာတာ ဘာမှမရှိတာ ” ဟု ရှေ့နေအဖွဲ့မှ ရှေ့နေတစ်ဦးကဆိုသည်။

“ဟိုနေ့က ကိစ္စနဲ့ဘယ်လိုပြောစရာရှိလဲ ပြောတော့သူက ကျနော့်က ထိုင်ထိုင်ချင်းကျနော့် ကို “All Absurd “လို့ပြောလိုက်ပါတယ်” ဟု ရှေ့နေအဖွဲ့မှတရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် ကပြောသည်။
ပြီးခဲ့သည့် မတ်လတတိယအပတ်တွင် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်လိုအပ်သည့်နေရာများတွင် သုံးရန်အတွက် ရွှေ ၇ ပိဿာနှင့် ဒေါ်လာ၆သိန်းကို အကြိမ်ရေခွဲပြီးပေးခဲ့ကြောင်း ထွက်ဆိုထားသည့် ဗီဒီယိုကို စစ်တပ်က ၎င်းတို့၏ ဝါဒဖြန့်မီဒီယာများမှ ထုတ်ပြန်ထားခဲ့သည်။

 

ယနေ့ရုံးချိန်း တွင် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ တို့နှင့် ပတ်သက်ပြီး စစ်ဆေးခဲ့သည်။ သဘဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ၂၅ နှင့်ပတ်သက်ပြီး လာမည့် ရုံးချိန်းတွင် စွဲချက်တင်မတင် အမိန့်ချမှတ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Related Articles

Back to top button