ဆောင်းပါးသုံးသပ်ချက်

 အပြောင်းအလဲတကယ်ဖြစ်ဖို့ ရင်ဆိုင်ကျော်လွှားရမည့် အခုအခံအတားအဆီးများ

‘ပြောင်းလဲချိန်တန်ပြီ’

ဤဆောင်ပုဒ်ကလေးကိုမြင်လိုက်လျှင် ၂၀၁၅ မတိုင်ခင်က လက်ရှိအာဏာရပါတီ၏ မဲဆွယ်စည်းရုံးရေး ဆောင်ပုဒ်ကို စာဖတ်သူတို့ ပြေးမြင်မိကြမည် ထင်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် အောင်နိုင်ပြီး အစိုးရဖွဲ့ခဲ့သည့် အစိုးရအသစ်၏ သက်တမ်း (၅) နှစ်ပြည့်ပြီး နောက်တစ်ကြိမ်ရွေးကောက်ပွဲ ပြန်လာဖို့လည်း သိပ်မဝေးတော့ပါ။ ၂၀၂၀ ဆိုလျှင် နောက်တစ်ကြိမ်ရွေးကောက်ပွဲ ပြန်လည်ကျင်းပကြတော့မည်ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် မဲထွက်ပေးကြသည့် လူထုအင်အားနှင့် ရွေးကောက်ပွဲရလဒ်ကို ကြည့်လျှင် မြန်မာပြည် လူထုက အပြောင်းအလဲကို မည်မျှငတ်မွတ်တောင်းတနေကြသည်ကို အထင်းသားတွေ့နိုင်ပါသည်။

ယခုလက်ရှိအချိန်တွင် အပြောင်းအလဲများကို မည်မျှ မြင်တွေ့နေရပြီလဲ။ မည်သို့သော အပြောင်းအလဲများ ဖြစ်ထွန်းလာခဲ့ပြီးပါပြီလဲ။ ဤသို့သော မေးခွန်းများကို ဖြေဆိုဖို့ရာတွင် ပြောင်းလဲတာတွေ မြင်ရပါပြီဟု ဆိုမည့်သူများရှိနိုင်သလို၊ အပြောင်းအလဲများကို မမြင်တွေ့ရပါဟု ငြင်းဆိုမည့်သူများလည်း ရှိမည်မှာ မလွဲပါ။ မည်သို့သော နေရာများတွင် ပြောင်းလဲပြီး မည်သို့သော နေရာများတွင် မပြောင်းလဲသေးပါဟု နယ်ပယ်တစ်ခုချင်းစီကို အသေးစိတ်ဆွဲထုတ်၍ ပြောကြမှသာဖြစ်နိုင်မည် ထင်ပါသည်။

သို့သော်လည်း ပြည်သူအများစုကတော့ မိမိတို့မျှော်မှန်းထားခဲ့သလောက် အကောင်းဘက်သို့ ပြောင်းလဲတိုးတက်လာခြင်းမရှိ၍ လက်ရှိအစိုးရအပေါ်မကျေနပ်မှု၊ ဝေဖန်ပြောဆိုမှုများကိုတော့ အထင်းသား မြင်တွေ့နေရသည်ကို မည်သူမျှငြင်းနိုင်မည်မဟုတ်ပါ။ နိုင်ငံတကာအသိုင်းအဝိုင်းကပင် ထင်သလောက် မစွမ်းနိုင်၍ လက်ရှိအစိုးရအပေါ် အားမလိုအားမရဖြစ်သည်များ၊ ဖိအားပေးသည်များနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။

သို့အတွက် စာရေးသူအနေဖြင့် လက်ရှိအစိုးရလက်ထက်တွင် အပြောင်းအလဲများကို မြင်ရသည် သို့မဟုတ် မမြင်ရပါဟု အဖြေပေးမည်မဟုတ်ပါ။ စာရေးသူတော့ လူလည်ကျပြီး ရှောင်ထွက်သွားပြီဟု မမြင်စေလိုပါ။ စာရေးသူ၏ အဓိက တင်ပြဆွေးနွေးလိုသည့် အချက်က လက်ရှိအစိုးရ၏ စွမ်းဆောင်ရည် မဟုတ်သလို၊ အပြောင်းအလဲကို ဖော်ဆောင်နိုင်သည် မဖော်ဆောင်နိုင်ဘူး ငြင်းလို၍လည်းမဟုတ်ပါ။ အဓိကတင်ပြလိုသည်က နိုင်ငံရေးစနစ်တစ်ခု၊ လူအဖွဲ့အစည်းတစ်ခု သို့မဟုတ် စီးပွားရေးစနစ်တစ်ခု အပြောင်းအလဲဖြစ်ပေါ်ရန်အတွက် အတားအဆီး၊ ခုခံတုံ့ပြန်မှုများကို တင်ပြလို၍ ဖြစ်ပါသည်။

အပြောင်းအလဲတစ်ခုဖြစ်ပေါ်ရန် လိုအပ်သည့် အခြေအနေများ၊ အပြောင်းအလဲ သီအိုရီများ၊ ဖော်မြူလာများကို ပညာရှင်များစွာက တင်ပြထားပြီးသားများ ရှိသည့်အတွက် စာရေးသူအနေဖြင့် အပြောင်းအလဲ မဖြစ်နိုင်သည့် အခြေအနေများ၊ တနည်းအားဖြင့် အပြောင်းအလဲဖြစ်ဖို့အတွက် အကြီးမားဆုံးသော အဟန့်အတားများကို ဆွဲထုတ်ဆွေးနွေးရန် စဉ်းစားမိခြင်းဖြစ်သည်။

အပြောင်းအလဲအတွက် အတားအဆီးဖြစ်စေသည့် (I) သုံးလုံး

အပြောင်းအလဲအတွက် အဓိကအတားအဆီးဖြစ်စေသည့် အကြောင်းအရာ (I) သုံးခုရှိသည်ဟု ဒွန်ကမ်ဂရင်းက သူ၏ ‘အပြောင်းအလဲဘယ်လိုဖြစ်သလဲ’ (How Change Happens) စာအုပ်တွင် ရေးသားခဲ့သည်။ Institutions – အဖွဲ့အစည်းများ၊ Ideas – အတွေးအခေါ်များ နှင့် Interests – အကျိုးစီးပွားများပင်ဖြစ်သည်။ ၎င်း (I) သုံးလုံးပေါင်းစုံမိသော အခါ အပြောင်းအလဲကို ဖော်ဆောင်နိုင်ရန် ကြီးမားသော အခက်အခဲတစ်ခုဖြစ်လာတော့သည်။

Institutions – အဖွဲ့အစည်းများ

အဖွဲ့အစည်းများတွင် ဆုံးဖြတ်ချက်များ ချမှတ်သည့် ပုံစံနှင့် အကောင်အထည်ဖော်သည့် ပုံစံတို့သည် အပြောင်းအလဲများအတွက် ကြီးမားသော အတားအဆီး ဖြစ်ပေါ်စေသည့်အထဲတွင် ပါဝင်သည်။ အဖွဲ့အစည်းများဟုဆိုရာတွင် အစိုးရဌာနများ၊ နိုင်ငံရေးပါတီများ၊ ကုမ္ပဏီများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများ အားလုံးအကျုံးဝင်သည်။ ထိုသို့အဖွဲ့အစည်းများတွင် တခါတရံ လက်ရှိအခြေအနေကို တည်မြဲရန် ဆက်လက်ထိန်းထားခြင်းဖြင့် မည်သူတစ်ဦီးတစ်ယောက်မှ အကျိုးအမြတ်မရနိုင်သော်လည်း စီမံခန့်ခွဲမှုပုံစံနှင့် အသင်းအဖွဲ့အတွင်း အရိုးစွဲနေသော အလေ့အကျင့်တို့က အပြောင်းအလဲအတွက် အဟန့်အတားဖြစ်စေသည်။ အဖွဲ့အစည်းအတွင်း ဆုံးဖြတ်ချက်တစ်ခုချမှတ်ရန် အဆင့်တွေများနေတတ်ပြီး တခါတရံ နောက်ဆုံးအပြီးသတ်ဆုံးဖြတ်ချက်က မည်သူ့ဆီကလာတာမှန်း မသိတော့အောင်ပင် ဖြစ်နေတတ်သည်။ အကျိုးဆက်အားဖြင့် ထိုသို့သော ကိစ္စရပ်များအတွက် တာဝန်ခံ၊ တာဝန်ယူမည့်သူများ ပျောက်နေတတ်သည်။ အဖွဲ့အစည်းအတွင်း မည်သူက အမှန်တကယ် လုပ်ပိုင်ခွင့်အာဏာရှိနေသည်ဆိုသည်ကို လေ့လာအကဲခတ်ဆန်းစစ်သင့်သည်။ ဥပမာအားဖြင့် ဗိုလ်ချုပ်ကြေးရုပ်လို ကိစ္စရပ်မျိုးကို ဆက်စပ်စဉ်းစားကြည့်နိုင်သည်။

Ideas – အတွေးအခေါ်များ

လူ့အဖွဲ့အစည်းအတွင်း အမြစ်တွယ်နေသည့် အတွေးအခေါ်အယူအဆများကလည်း အပြောင်းအလဲအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ခုဖြစ်သည်။ ဤသို့သော အတွေးအခေါ်များကို အာဏာရှင်များနှင့် နိုင်ငံရေး (သို့) ဘာသာရေးခေါင်းဆောင်များမှ ပုံဖော် သွတ်သွင်းထားတတ်သည်များလည်းရှိသည်။ ဥပမာအားဖြင့် လူမျိုးခြားတစ်ခု အပေါ်အမြင်၊ ဘာသာခြားတစ်ခုအပေါ်အမြင်တို့လည်း ဖြစ်နိုင်သည်။ နိုင်ငံအပေါ်တွင် မည်သို့သော ကိစ္စရပ်များသည် ခြိမ်းခြောက်မှု အန္တရာယ်တစ်ခုဖြစ်သည်ဟု ပုံဖော်ထားသည်မျိုးလည်း ဖြစ်နိုင်သည်။ သို့သော်လည်း ဤကိစ္စရပ်များသည် သက်သေပြလို့ရသည့် အကြောင်းအရာမျိုး ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။

တိကျသော ဥပမာတစ်ခုကိုပေးရလျှင် မာလဝီနိုင်ငံတွင် ဆင်းရဲမှု အပေါ်ခံယူထားသော အယူအဆဖြစ်သည်။ ၎င်းအယူအဆသည် ဆင်းရဲမွဲတေမှုတွင် နေထိုင်နေကြရသော သူများအတွက် မူဝါဒချမှတ်ရာတွင် အခက်အခဲတစ်ခုဖြစ်စေခဲ့သည်။ သုတေသနပညာရှင်များမှ မာလဝီမှ အထက်တန်းလွှာတစ်ခုဖြစ်သည့် ဘာသာရေးခေါင်းဆောင်များ၊ ပညာရှင်များ၊ နိုင်ငံရေးသမားများ၊ အစိုးရဌာန အရာရှိများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် အရပ်ဖက်အဖွဲ့အစည်းများမှသူများကို တွေ့ဆုံမေးမြန်းခဲ့ကြရာ ထိုပုဂ္ဂိုလ်အားလုံးမှ ဆင်းရဲမွဲတေမှုတွင် နေထိုင်နေရသူများအတွက် တစ်ဆင့်ပြန်လည်ထောက်ပံ့ပေးခြင်း မူဝါဒသည် ဆင်းရဲသူများကို ပို၍ ပျင်းရိစေနိုင်သည်ဟု ယူဆကြသည်ကို တွေ့ရှိရသည်။

ဤသို့သော လူ့အဖွဲ့အစည်းတစ်ခုတွင် တည်ရှိနေသည့် အတွေးအခေါ်အယူအဆများသည် ရာသက်ပန် ပြောင်းလဲ၍ မရတော့သည့် အခြေအနေတစ်ခုတော့မဟုတ်ပါ။ ၎င်းအယူအဆများနှင့် ဆန့်ကျင်ဘက် ရလဒ်ဖြစ်သည့် သက်သေ သာဓကများရှိလာခြင်း၊ ၎င်းအယူအဆများကို တွန်းလှန်သည့် လူထုဝေဖန်မှုများရှိလာခြင်း၊ လူထုလှုပ်ရှားမှုများနှင့် ဘေးတိုက်ဖိအားပေးမှုများရှိလာခြင်းတို့က အတွေးအခေါ်အယူအဆဟောင်းတစ်ခုကို ပြောင်းလဲမှုဖြစ်ပေါ်ရန် အထောက်အကူဖြစ်ပါသည်။ သို့သော်လည်း လူ့အဖွဲ့အစည်းတစ်ခုအတွင်း အမြစ်တွယ်ခိုင်မာနေသည့် အတွေးအခေါ်တစ်ခု ပြောင်းလဲလာရန်မှာ မျိုးဆက်တစ်ခုထက်မကလည်း ကြာတတ်ပါသည်။

Interests – အကျိုးစီးပွားများ

‘လူတစ်ယောက်ကို အကြောင်းအရာတစ်ခုအပေါ်တွင် နားလည်စေရန် ကြိုးစားရာတွင် ထိုလူရဲ့လစာက အဲဒီအကြောင်းအရာကို သူနားမလည်ရခြင်းအပေါ်တည်မီနေပါက အခက်အခဲတွေ့လိမ့်မည်ဖြစ်သည်’ ဟု စာရေးဆရာ အက်တွန်စင်ကလဲခ်က မှတ်ချက်ပြုခဲ့ဖူးသည်။ ဆိုလိုသည်မှာ ၎င်းအကြောင်းအရာကို မှန်ကန်စွာနားလည်သဘောပေါက်သွားပါက ထိုသူ၏ အကျိုးစီးပွားထိခိုက်နိုင်မည်ဆိုလျှင် သူ့ကိုနားလည်ရန် ပြုလုပ်ပေးနိုင်မည်မဟုတ်ပါ။  အာဏာရှိထားသူများ၊ ရာထူးရှိထားသူများက ၎င်းတို့၏ အကျိုးစီးပွား (ငွေ သို့မဟုတ် ရာထူးအာဏာ) ဆုံးရှူံးရမည့် အပြောင်းအလဲတစ်ခုနှင့် ရင်ဆိုင်ရမည်ဆိုလျှင် ထိုအပြောင်းအလဲကို ရှေ့ဆုံးမှ အားသွန်ခွန်စိုက် ပိတ်ဆို့တားဆီးမည့်သူများမှာ ၎င်းတို့ပင်ဖြစ်လိမ့်မည်။ အထူးသဖြင့် အပြောင်းအလဲတစ်ခုတွင် လူနည်းစုက အကျိုးစီးပွားဆုံးရှူံးမှုများပြီး လူအများစုက အကျိုးအမြတ်ရဖို့ အနည်းငယ်သာရှိနိုင်သည့် အခါမျိုးတွင် ထိုအကျိုးအမြတ်ဆုံးရှူံးမှုများမည့် လူနည်းစုက ပို၍ စနစ်တကျအားသွန်ခွန်စိုက်ဖြင့် အပြောင်းအလဲကို ပိတ်ဆို့ဖို့ကြိုးစားကြပါလိမ့်မည်။ ဥပမာအနေဖြင့် ရာသီဥတုပြောင်းလဲမှုအန္တရာယ်ကို ခြိမ်းခြောက်မှုတစ်ခုဖြစ်နေသည့် ကာဗွန်ဓာတ်ငွေ့ထုတ်လုပ်မှု လျှော့ချနိုင်ခြင်းသည် လူသန်းထောင်ပေါင်းများစွာအတွက် အကျိုးရှိစေမည်ဖြစ်သည်။ သို့သော် ၎င်းလူသန်းထောင်ပေါင်းများစွာအနေဖြင့် လောင်စာဆီထုတ်လုပ်နေသည့် ကုမ္ပဏီကြီးများ၏  အတိုက်အခံကို ဦီးစွာကျော်ဖြတ်ရမည်ဖြစ်သည်။

အကျိုးစီးပွားဆိုရာတွင် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အကျိုးအမြတ်များဟူ၍ အမြဲတစေ ယူဆ၍တော့ မရပေ။ တခါတရံတွင် အကျိုးစီးပွားသည် အခြားအကြောင်းအရာများလည်း ဖြစ်နေနိုင်သည်။ ‘အပြောင်းအလဲဘယ်လိုဖြစ်သလဲ’ (How Change Happen) ဆိုသည့် စာအုပ်တွင် ပါမောက္ခ ဒွန်ကမ်ဂရင်းက NGO တစ်ခုတွင် တာဝန်ထမ်းဆောင်ခဲ့သော ၎င်း၏ မိတ်ဆွေ မာစုဒ်မာ့ခ်ထံမှ သူကြားခဲ့ရသော ဇာတ်လမ်းတစ်ခုကို ပြန်လည်ဝေမျှထားသည်။

ပါကစ္စတန်နိုင်ငံမှ ရွာလေးတစ်ရွာတွင်ဖြစ်သည်။ ရွာသူရွာသားအများစုမှ လမ်းမကျယ်အသစ်တစ်ခုဖောက်ရန် ပူးပေါင်းဆောင်ရွက်ကြသည်။ ထိုလမ်းသစ်ဖောက်လုပ်ပြီးလျှင် ၎င်းတို့၏ လူမှုဘဝများပြောင်းလဲလာကြလိမ့်မည်ဟုလည်း ယုံကြည်ထားကြသည်။ သို့သော် ၎င်းလမ်းဖောက်မည့် လမ်းတစ်လျှောက်နေရာ တစ်ခုတွင် ယခင်က ဩဇာအာဏာ ကြီးခဲ့ဖူးသည့်သူတစ်ဦီး၏ မြေကိုဖြတ်၍ ဖောက်ရမည်ဖြစ်သည်။ သို့သော် ၎င်းပုဂ္ဂိုလ်သည် ထိုမြေကိုဖြတ်၍ လမ်းဖောက်ရန် လုံးဝသဘောမတူ ငြင်းဆန်ကန့်ကွက်သည်။ သို့နှင့် ရွာသူရွာသားများသည် အကူအညီတောင်းရန် မာစုဒ်မာ့ခ်ထံသို့ရောက်လာခဲ့ကြသည်။ ၎င်းရွာသည် လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲလှ၍ မာ့ခ်တို့သည် ဟယ်လီကော်ပတာဖြင့် မြေပိုင်ရှင်ရှိရာအိမ်သို့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ နာရီပေါင်းများစွာ မြေကို ဖြတ်၍ လမ်းဖောက်ခွင့်ပြုပေးဖို့ ရက်ရောပေးဖို့တောင်းဆိုသော်လည်း မရခဲ့ပေ။ နောက်ဆုံးတွင် မြေပိုင်ရှင်မှ သူ့ကိုခေါ်၍ ဟယ်လီကော်ပတာဖြင့် သူ့ခြံပေါ်မှ သုံးကြိမ်တိတိပျံသန်း၍ ပတ်ကြည့်ပြီးလျှင် ခွင့်ပြုမည်ဟုဆို၏။

အမှန်တကယ်မှာ ၎င်းပုဂ္ဂိုလ်သည် မြေဆုံးရှူံးမှာကို စိတ်ပူတာမဟုတ်ပဲ ၎င်း၏ အတ္တကိုသာ ရှေ့တန်းတင်ခြင်းဖြစ်သည်။ ရွာသားများသည် ၎င်း၏မြေကိုဖြတ်၍ လမ်းဖောက်လုပ်ရန် ၎င်းအိမ်သို့လာရောက်တောင်းဆိုမှု မပြုလုပ်ခဲ့ကြပေ။ ၎င်းထံသွားရောက်တောင်းဆိုရန်မှာ သိက္ခာကျသည်ဟု ခံယူကြသောကြောင့်ဖြစ်သည်။ ၎င်းပုဂ္ဂိုလ်အနေဖြင့်လည်း လက်ရှိသူ့အနေဖြင့် ဩဇာအာဏာမရှိတော့ချိန်တွင် ရွာသားများမှ ယခုကဲ့သို့ဆက်ဆံကြခြင်းအပေါ် မကျေနပ်ခြင်းပင်ဖြစ်သည်။ သူ၏ ဂုဏ်သိက္ခာနှင့် အရေးပါမှုကို တန်းဖိုးထားစေလိုခြင်းဖြစ်သည်။

အပြောင်းအလဲနှင့် မြန်မာ့အခြေအနေ

အပြောင်းအလဲတစ်ခုဖြစ်ပေါ်ရန်အတွက် လိုအပ်သော အခြေအနေများကို ပညာရှင်များမှ ရှုထောင့်အမျိုးမျိုးဖြင့် ဖော်ထုတ်ဆွေးနွေးခဲ့ကြသည်။ ဒန်နီမီလာကတော့ အပြောင်းအလဲနဲ့ ပါတ်သက်ပြီး ဖော်မြူလာတစ်ခုထုတ်ခဲ့သည်။

C = D x V x F > R

အပြောင်းအလဲ = လက်ရှိအခြေအနေကို မကျေနပ်ချက်များ x ဖြစ်ချင်သော ရည်မှန်းချက်ပန်းတိုင် x ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိရန် လက်တွေ့အကောင်အထည်ဖော်နိုင်သော ဆောင်ရွက်ချက်များ > အပြောင်းအလဲအတွက် အခုခံ အတားအဆီးများ

ဤနေရာတွင် သတိချပ်ဖို့လိုသည်မှာ အပြောင်းအလဲအတွက်လိုအပ်သော အချေအနေတစ်ခုချင်းစီကြားတွင် ရှိနေသည်မှာ မြှောက်ကိန်းဖြစ်သောကြောင့် ထိုအချက်များထဲမှ တစ်ခုခုက သုံည ဖြစ်နေလျှင်သော်လည်းကောင်း၊ တန်ဖိုးနည်းနေလျှင်သော်လည်ကောင်း စုပေါင်းတန်ဖိုးသည်လည်း နည်းနေမည်ပင်ဖြစ်သည်။ ထိုသို့ဆိုလျှင် အခုခံအတားအဆီးများကို ကျော်လွှားရန် ခက်ခဲပေလိမ့်မည်ဖြစ်သည်။

မြန်မာနိုင်ငံသည် အပြောင်းအလဲကို လိုလားနေသော၊ တောင့်တနေသော နေရာနယ်ပယ်များစွာရှိသည်။ လက်ရှိအခြေအနေများကို မကျေနပ်မှုကတော့ အားကောင်းလွန်းလှ၍ ပေါက်ကွဲထွက်လာမည်ပင်စိုးရသည်။ ပြည်သူလူထုတစ်ရပ်လုံးက နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အစရှိသဖြင့် နယ်ပယ်တော်တော်များများမှာပင် လက်ရှိအခြေအနေကို မကျေနပ်မှုတို့က ပြင်းထန်စွာရှိနှင့်နေပြီးဖြစ်သည်။ သို့သော် အခြားသော အချက်များဖြစ်သည့် ၎င်းနယ်ပယ်တစ်ခုချင်းစီတွင် လက်ရှိအခြေအနေမှ ပြောင်းလဲမည့် ဖြစ်နိုင်ချေရှိသော တိကျသည့် အနာဂတ်အမြင်များနှင့် ၎င်းအနာဂတ်ဦီးတည်ချက်များကို ခေါ်ဆောင်နိုင်မည့် လက်တွေ့လုပ်ငန်းဆောင်ရွက်ချက် အစီအစဉ်များနှင့် ပတ်သက်၍ကတော့  လက်ရှိမြန်မာနိုင်ငံ၏ အနေအထားကို စာဖတ်သူတို့ သိနေ၊ မြင်နေရပြီမို့အထူးတလည် မပြောလိုတော့ပါ။ သို့သော်အခြားတစ်ဖက်တွင်တော့ အထက်တွင်ဆွေးနွေးခဲ့သည့် အခုအခံအတားအဆီးများဖြစ်သည့် (I) သုံးလုံး၊ အဖွဲ့အစည်းများ၊ အတွေးအခေါ်များနှင့် အကျိုးစီးပွားများက အခိုင်အမာရှိနေသည်ကိုလည်း စာဖတ်သူတို့ ဆက်စပ်မြင်နိုင်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။

အချုပ်ဆိုရသော် နိုင်ငံတစ်နိုင်ငံအတွက် စနစ်တစ်ခုအပြောင်းအလဲ၊ လူ့အဖွဲ့အစည်းတစ်ခုအတွက် အပြောင်းအလဲတစ်ခုကို ဖော်ဆောင်ရာတွင် အခုခံအတားအဆီးများကို ကျော်လွှားရန်မှာ အဖွဲ့အစည်းတစ်ခု၏ အပြောင်းအလဲကို ဖော်ဆောင်ခြင်းထက်ပိုမိုခက်ခဲလိမ့်မည်ဖြစ်သည်။ ထိုသို့အပြောင်းအလဲကို ကြိုးစားကြရာတွင် အထက်တွင်ဖော်ပြခဲ့သော အခုခံအတားအဆီးများရှိနေမည်မှာ သဘာဝကျသလလို၊ ထိုသို့သော အခုအခံများကိုလည်း သေချာစွာနားလည်သဘောပေါက်ပြီး ဆန်းစစ်နိုင်ဖို့လည်း လိုအပ်သည်။ သို့မှာသာ ၎င်းအတားအဆီး အခုအခံများကို လက်တွေ့ကျကျနှင့် မဟာဗျူဟာကျကျ ကျော်လွှားနိုင်မည်ဖြစ်သည်။

(ရည်ညွှန်း။  ။ ဒွန်ကမ်ဂရင်း ရေးသားထားသည့် ‘How Change Happens’ စာအုပ်ကို ကိုးကားပါသည်။)

 

ထွဋ်မင်းမြတ်

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button