သတင်း

နေ့စဉ်သတင်းအကျဉ်း

ဧပြီလ – ၁ – ၂၀၂၂

စစ်အာဏာရှင်ဆန့်ကျင်သည့် လူထုအပေါ် အာဏာသိမ်း စစ်ကောင်စီတပ်၏ အကြမ်းဖက်ပစ်သတ်မှုကြောင့် ယနေ့ ဧပြီလ (၁)ရက်နေ့အထိ အသက်သေဆုံးခဲ့ရသူ ( ၁၇၂၃ )ဦးအထိ ရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။ ထို့အပြင် စစ်ကောင်စီ၏ မတရားဖမ်းဆီးခဲ့ရသူ ( ၁၃၀၄၇ )ဦးအထိရှိခဲ့ကြောင်း AAPP ၏ ယနေ့ထုတ်ပြန်ချက်အရ သိရှိရပါသည်။

  • မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်မှ အာဏာသိမ်းပြီးနောက် ကရင်နီပြည်ဟု ခေါ်သည့် ကယားပြည်နယ်တွင် တိုက်ပွဲပေါင်း ၂၂၅ ကြိမ်ဖြစ်ပွားခဲ့ပြီး KNDF၊ PDF နှင့် KA ဘက်မှ ၁၀၁ ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှ ၉ ၃၃ ယောက်သေဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့ အင်အားစု ( PKPF ) က ယနေ့ထုတ်ပြန်သည်။ စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်ထိ ကောက်ယူထားသော စာရင်းများဖြစ်ပြီး လေကြောင်း တိုက်ခိုက်မှု ၁၀၈ ကြိမ်၊ အရပ်သားပြည်သူ သတ်ဖြတ်ခံရမှု ၂၄၇ ဦး၊ ပျက်ဆီးသွားသည့် အိမ် ၈၈၉ လုံးနှင့် ဘာသာရေးအဆောက်အအုံ ၁၄ လုံးပျက်စီးခဲ့သည်။

 

  • မနေ့ မတ်လ ၃၁ ရက်က စစ်ကောင်စီ လက်အောက်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်း ရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နဲ့ SSPP တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ တာပဲ ဖြစ်ပါတယ်။ တပ်ဆုတ်ခိုင်းတာနဲ့ ပတ်သက်ပြီး SSPP တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိ သူ ဒုဗိုလ်မှူးကြီး စိုင်းဆု က “ကျနော်တို့သွားတာက သူတို့ ဖိတ်လို့လေ။ အဲမှာ သွားတာက အဓိက ပြဿနာ နှစ်ခုပေါ့။ သူတို့ပြောတာက တောင်ပိုင်းမှာ ရောက်ရှိတဲ့သူပေါ့။ အရင်ကတည်းက ကျနော်တို့ ဌာနချုပ်က ဒီဘက်မှာရှိတယ်။ ကျနော်တို့ ရောက်နေတဲ့နေရာကို သူတို့က ဟိုနေရာ မသွားနဲ့ ဒီနေရာ မသွားနဲ့ ဒါတော့ သူတို့ရဲ့ ထုံးစံပဲ ပြောနေကျစကားပဲ။ တခြားအဖွဲ့အစည်းတွေကို တော့ ဟိုမသွားနဲ့ ဒီမသွားနဲ့ မပြောဘူး။ သူတို့လိုက်ပြီး ချဥ်းကပ်တာ မလုပ်ရင်တော့ ပြဿနာ မရှိဘူး။ ဒါပေမဲ့ ချဥ်းကပ်လာရင်တော့ ပြဿနာရှိနိုင်တယ်” လို့ ပြောပါတယ်။ အပြည့်အစုံကို ရွှေဖီ​မြေသတင်းဌာနတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

 

  • ယနေ့ ဧပြီလ ၁ရက် နံနက် ၁ နာရီခန့်တွင် ဒီးမော့ဆို၊ ကွိုင်ငံကျေးရွာ ဘုရားကျောင်းအနီး လက်နက် ကြီးကျရောက်ပေါက်ကွဲပြီး အသက် ၄၀ကျော် အမျိုးသားတစ်ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း၊ စကစတပ်က လူနေကျေးရွာရပ်ကွက်သို့ လက်နက်ကြီးများဖြင့် တမင်သက်သက် ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

 

  • ယနေ့ဧပြီလ ၁ ရက်​နေ့တွင် အင်တာနက်ဖြတ်တောက်ခံထားရတာ ၈ လ နီးပါးရှိလာပြီ ဖြစ်သည့် ဖားကန့်မြို့တွင် ပြည်သူများက စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးသပိတ် နှင့် KIA PDF NUG ထောက်ခံပွဲ ပြုလုပ်ခဲ့ကြသည်။ ဆန္ဒပြပြည်သူများက KIA PDF တိုက်ပွဲ တိုင်းမှာနိုင်ပါစေဟု ဆုတောင်းပေးခဲ့ကြပြီး NUG အစိုးရ ဒို့အစိုးရ ၊ အားတင်းထားပါ KIA မင်းတို့နဲ့အတူ ဖားကန့် ရှိတယ် ၊ အားတင်းထားပါ PDF မင်းတို့နဲ့ အတူ ဖားကန့်ရှိတယ် ၊ဖက်ဒရယ် ပြည် ထောင်စု ပေါ်ပေါက်ရေး ဒို့အရေး ၊ ဖက်ဒရယ် တပ်မတော်ပေါ်ပေါက်ရေး ဒို့အရေး ၊ အကြမ်းဖက် စစ်တပ် လုံးဝ အုပ်ချုပ် ခွင့်မရစေရ၊ အင်တာနက် ဖြတ် တဲ့ မင်းအောင်လှိုင် အဖွဲ့ အသေဆိုး နဲ့ သေပါစေ၊ နွေဦးတော်လှန်ရေး အရေးတော်ပုံအောင်ရမည်ဟု ကြွေးကြော်ချီတက် သပိတ် မှောက်ကြသည်။

 

  • လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာ ကျောင်းသားများ သမဂ္ဂမှ CDM ကျောင်းသူများ ဦးဆောင်ပြီး ယနေ့ ဧပြီလ ၁ရက်နေ့တွင် “တော်လှန်သွေးများပွက်ပွက်ဆူ ငါတို့လောင်းလုံးသူ” စာတန်းကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ရှမ်းပြည်နယ်၊ ဟိုပုံးမြို့ရှိ လူငယ်တွေက ပြည်သူတွေကို သတ်ဖြတ်နေတဲ့ အကြမ်းဖက် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်ကို ကျိန်စာတိုက် စီရင်ခြင်းသပိတ်ကို ယနေ့ လုပ်ဆောင်ခဲ့ကြပါတယ်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဧပြီ ၁ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး “အာဏာရှင်အမြစ်ဖြတ်ဖို့ တော်လှန်စိတ်နဲ့ အသက်ရှင်ပါ။ တော်လှန်စိတ်နဲ့ ရှေ့ဆက်ပါ။ အုပ်ချုပ်လို့မရနိုင်သရွေ့ ငါတို့ နိုင်ပြီးသား။ ( သံဃသမဂ္ဂ )” ခေါင်းစဉ် ဖြင့် ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဧပြီ ၁ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး အသံမတိတ်တဲ့ ပြည်ခွန် ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မုံရွာတွင် လက်ပံတောင်းတောင် လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီ ၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ” ငါတို့အားလုံး သွေးမအေး ဖက်ဆစ် တော်လှန်ရေး” စာတန်းကိုင် ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း ကလေးမြို့ရှိ တော်လှန် ပြည်သူများသည် ယနေ့ ဧပြီလ ၁ ရက်နေ့တွင် ၄၁၈ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ချီတက်ဆန္ဒပြကြသည်။

 

  • ဆားလင်းမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်ကို ကျေးရွာလူထု က ၃၈၇ ရက်မြောက်နေ့အဖြစ် အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်ချီတက်မှု ဧပြီ ၁ ရက်တွင် ပြုလုပ်ခဲ့သည်။

 

  • ယင်းမာပင်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေးပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင် မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၁ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ ထို့အပြင် စစ်ကိုင်းတိုင်း ယင်းမာပင်အရှေ့ခြမ်း ရွာငယ်လေးတစ်ရွာတွင်လည်း အကြမ်းဖက် ဖက်ဆစ် စစ်တပ် ဆန့်ကျင်ရေး ညသပိတ်ကို ပြည်သူများ စုပေါင်း၍ ယနေ့ ဧပြီ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

 

  • မကွေးတိုင်း၊ မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ပြည်သူလူထုပူးပေါင်းကာ ယနေ့ ဧပြီလ ၁ ရက်နေ့ ညပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်စစ်ကြောင်းဖြင့် ချီတက်ဆန္ဒ ဖော်ထုတ်ကြသည်။

 

  • ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)ရဲ့ B-08 မွမ်းမံသင်တန်းဆင်းပွဲကို အဖွဲ့သုံးဖွဲ့ ခွဲပြီး ကျင်းပပြီးစီးခဲ့တယ်လို့ ဒီနေ့မနက်အစောပိုင်းမှာ ထုတ်ပြန်လာပါတယ်။ တစ်ဖွဲ့က တိုက်ပွဲဝင်တဲ့ အဖွဲ့ဖြစ်ပြီး နောက်တစ်ဖွဲ့က ကင်းတာဝန်နဲ့ ကျန်တစ်ဖွဲ့က လေ့ကျင့်မှုတွေကို အဆက်မပြတ် ကြိုးစားနေကြတယ်လို့ ဖော်ပြထားပါတယ်။

 

  • အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ရိက္ခာတင် စက်လှေ ၆ စီးသည် ယနေ့နံနက် ၇ နာရီခန့်၌ ကျောက်ကြီးရွာမှ မြို့လှရွာဖက်သို့ စုန်ဆင်းထွက်ခွာစဥ် ဗိုလ်မိုဃ်းကြိုးဦးဆောင်သော မြို့လှ PDF တပ်မှ လမ်းခရီးမြစ်ကမ်းတနေရာတွင် စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ရိက္ခာတင်စက်လှေ အချို့ ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီဖက်မှ ထိခိုက်မှုအများအပြားရှိနိုင်သည်။ စစ်ကောင်စီဖက်မှ ပြန်လည်ပစ်ခတ်မှုများရှိခဲ့ပြီး အသေးစိတ်မသိရသေးပါဟု မြို့လှ PDF က ထုတ်ပြန်ထားသည်။

 

  • ကရင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ ဘက်ကို ထွက်ပြေးလာကြတဲ့ မြန်မာဒုက္ခသည် ၁၇ဝဝ ကျော်ကို နေထိုင်နိုင်ဖို့ ထိုင်းနယ်စပ်မှာ စီစဉ် ပေးထားတယ်လို့ ထိုင်းနိုင်ငံက ဒီကနေ့ထုတ် The Nation သတင်းစာမှာ ဖော်ပြထားပါတယ်။ မြန်မာဒုက္ခသည် ၁၇၅၉ ဦးကို ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းက နယ်စပ်ရွာသုံးခုမှာ ယာယီခိုလှုံနိုင်ဖို့ စီစဉ် ပေးထားတဲ့အကြောင်း တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးနဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက ကိုယ်စားလှယ်တို့ တာ့ခ်ခရိုင်မှာ ကြာသပတေးနေ့က တွေ့ဆုံတဲ့အချိန်မှာ ပြောခဲ့ကြတာပါ။

 

  • ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ မြို့သစ်ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသားတစ်ဦးမှာ ဒဏ်ရာများ နှင့် သေဆုံးသွားခဲ့ရသည့်ကိစ္စကို အမှုမှန်ပေါ်ပေါက်စေလိုကြောင်း မိသားစုဝင်များက တောင်းဆို ကြသည်။ သေဆုံးသူမှာ အသက်(၅၆)နှစ်အရွယ် ဦးမောင်ကြီးလှဆိုသူဖြစ်ပြီး မတ်လ ၂၂ ရက်နေ့က နေအိမ်မှထွက်သွားပြီးနောက် တစ်ပတ်ခန့်အကြာ မတ်လ ၃၀ ရက်နေ့တွင် ဒဏ်ရာများဖြင့် သေဆုံး နေသည့် ၎င်း၏ရုပ်အလောင်းကို မြောက်ဦးမြို့ ရင်ခွဲရုံတွင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင် များကပြောသည်။ ဦးမောင်ကြီးလှကို စစ်ဆေးစရာရှိသည်ဟု မြောက်ဦးမြို့နယ်ရှိ AA မှ ဖုန်းဆက် ခေါ်သဖြင့် အဖော်တစ်ဦးနှင့်အတူ ဘေးတွဲဆိုင်ကယ်ဖြင့်သွားရောက်ခဲ့မှ ဦးမောင်ကြီးလှနှင့် မိသားစု အဆက်အသွယ်ပြတ်သွားခဲ့သည်ဟုဆိုသည်။ ထို့နောက် မတ်လ ၃၀ ရက်နေ့ ည ၅ နာရီကျော် အချိန်တွင် ဦးမောင်ကြီးလှမှာ သွေးတိုးရောဂါနှင့်သေဆုံးသွားသည်ဟု လူနှစ်ဦးမှ မိသားစုထံလာ ရောက်အကြောင်းကြားခဲ့ကြောင်း သိရသည်။

 

  • ရှမ်းမြောက် တအာင်း(ပလောင်)ဒေသ မန်တုံမြို့နယ်မှာ တစ်ပတ်ကျော်ကြာတဲ့အထိ ဖုန်းလိုင်း ဖြတ်တောက်ခံထားရတာကြောင့် ဒေသခံတွေ အခက်အခဲ ကြုံနေရတယ်လို့ ဆိုပါတယ်။ မန်တုံမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ တတိယအပတ်ကစပြီး ဖုန်းလိုင်းတွေ ဖြတ်တောက်ခံရတာဖြစ်ပြီး တော့ ဒီနေ့အထိ ဖုန်းလိုင်းတွေ မရသေးပါဘူး။

 

  • ရခိုင်ပြည်နယ် အမ်းမြို့နယ် ကံမြင့်ကန် စစ်ဆေးရေးဂိတ်မှာ မတ်လ ၃၁ ရက်နေ့ မနေ့က ညနေပိုင်း မှာ မွတ်စလင်အမျိုးသား လေးဦး၊ အမျိုးသမီး ခြောက်ဦး စုစုပေါင်း ၁၀ ဦးကို ဖမ်းဆီး ရမိတယ်လို့ အမ်းတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်ကသည်ဟု RFA တွင်ဖော်ပြထား ပါတယ်။ စစ်တွေမြို့ကနေ ထွက်ခွာလာတဲ့ ကစ္ဆပနဒီ ခရီးသည်တင်ယာဉ်ရဲ့ ကုန်ပစ္စည်းတွေထားတဲ့ အခန်းထဲက နေ ဖမ်းဆီးမိတာပါ။  ဖမ်ဆီးရမိတဲ့ မွတ်စလင်တွေကို လဝကဥပဒေ ပုဒ်မ-၁၃(ခ) နဲ့ အမှုဖွင့်အရေးယူဖို့ ဆောင်ရွက်နေပြီး သူတို့ကို သိုဝှက် တင်ဆောင်လာတဲ့ ယာဉ်မောင်းနဲ့ ယာဉ် နောက်လိုက်ကိုလည်း အမှုဖွင့်အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်က ပြောပါတယ်။

 

  • ရှမ်းပြည်နယ်မြောက်ပိုင်း ကြူကုတ်(ပန်ဆိုင်း)မြို့နယ်ခွဲ မုံးပေါ်ကျေးရွာ ရင်ခွဲတောင်အနီးမှာ ဦးခေါင်း သေနတ် ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ရဲအုပ်အပါအဝင် ရဲတပ်ဖွဲ့ဝင် အလောင်း ငါးလောင်းကို မတ်လ ၃၁ ရက် မနေ့ ညနေ ပိုင်းမှာ ဒေသခံတွေက တွေ့ရှိခဲ့ပါတယ်။ မူဆယ် (၁၀၅) မိုင် ပါရမီ လူမှု ကူညီရေးအသင်းတာဝန်ခံ ဦးကျော်သန်း ရဲတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေကို ဒီမနက်မှာပဲ သွားရောက်သယ်ဆောင်ပြီး မူဆယ်ဆေးရုံကို ပို့ပေးခဲ့တယ်လို့ RFA ကို ပြောထား ကြောင်းသိရပါတယ်။

 

  • အကြမ်းဖက်စစ်ကောင်စီကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ခုခံတိုက်ခိုက်သွား မည်ဖြစ်၍ ပြည်သူ များကပူးပေါင်းပါဝင်ကူညီပေးကြရန် ထားဝယ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့မှာ မေတ္တာရပ်ခံထုတ်ပြန်သည်။ ပြည်သူလူထု၏ အခက်အခဲများနှင့် လိုအပ်ချက်များကို နားလည်သော် လည်း အကြမ်းဖက် စစ်ကောင်စီက ပြည်သူလူထုအပေါ် ခုတုံးလုပ် အကာအကွယ်ယူ တိုက်ခိုက်နေ မှုများအား ကာကွယ်နိုင်ရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

 

  • ဆီဆိုင်မြို့တွင် သောက်သုံးရေရှားပါးမှုကြောင့် ပြည်သူများမှ ရေကို သုံးရက်ခြားတစ်ကြိမ် ဝယ်ယူ သုံးစွဲနေရကြောင်း ဒေသခံပြည်သူများပြောပြချက်အရသိရသည်။ ရေတစ်စီးလျှင် ၇၀၀၀ ကျပ်ပေး ဝယ်ရသည့်အတွက် ပြည်သူများမှ အခက်အခဲရှိနေခြင်းဖြစ်သည်။ “အိမ်မှာလူတွေကများတော့ ရေဖိုးနဲ့တော်တော်လေးကုန်နေရတယ်။ တစ်ပတ်မှာ ၂ခါဝယ်ရတယ်၊ ပိုက်ဆံတွေက အဲ့ဒါနဲ့ပဲကုန် နေတာ၊ စားသောက်ကုန်တွေကလည်းဈေးတက်၊ ရေကလည်း မဝယ်လို့မရဘူး၊ မသုံးလို့လည်းမရ ဘူး၊ ရာသီဉတုကလည်းပူ၊ ရေကလည်း မချိုးဘူးဆိုရင် နေရတာအဆင်မပြေဘူး၊ တခါတလေ ညဖက်တွေအဝတ်ထလျှော်ရတယ်လေ” ဟု ဆီဆိုင်မြို့ဒေသခံ ဒေါ်နန်းမူက ပြောတဲ့အကြောင်း ခမ်းသားငေါဝ်  သတင်းဌာနတွင်ဖော်ပြထားသည်။

 

Related Articles

Back to top button