ဆောင်းပါး

မြန်မာနိုင်ငံတိုင်းရင်းသား လူမျိုးများအရေး၏ ထူးခြားသည့် ဝိသေသများ

နိဒါန်း

        မြန်မာနိုင်ငံသည် စွန်ပုံသဏ္ဍာန်ရှိပြီး ကုန်းပိုင်းအရှေ့တောင်အာရှနိုင်ငံဖြစ် သည်။ အရှေ့တောင်အာရှနိုင်ငံများတွင် အင်ဒိုနီးရှားပြီး လျှင် ဒုတိယအကြီးဆုံးနိုင်ငံ ဖြစ်သည်။ ဧရိယာအာကျယ်အဝန်းမှာ (၂၆၁၂၂၈)စုတုရန်းမိုင် (၆၇၆၀၀၀-sq km) ရှိသည်။ မြောက်မှ တောင်သို့ မိုင်ပေါင်း(၁၃၀၀)ကျော်၊ အရှေ့မှ အနောက်သို့ အကျယ်အဝန်းမှာ မိုင်(၆၀၀)ရှိသည်။ ပင်လယ်ကမ်းရိုးတန်းမှာ (၂၂၇၆ ကီလို မီတာ) ရှည်သည်။ နယ်စပ်ဒေသများမှာ မြောက်နှင့်အရှေ့ဘက်တွင် တရုတ်နယ်စပ်(၂၁၉၂ ကီလိုမီတာ) အနောက်မြောက်တွင် အိန္ဒိယ နယ်စပ် (၁၃၃၁)ကီလိုမီတာ)၊ နောက် ဘက်တွင် ဘင်္ဂလာဒေ့ရှ်၊(၂၅၆ ကီလိုမီတာ) အရှေ့နှင့်အရှေ့တောင်တွင် ထိုင်းနယ် စပ်(၂၀၉၆ ကီလိုမီတာ)၊ အရှေ့ဘက်တွင် လာအိုနယ်စပ်(၂၂၄ ကီလိုမီတာ)တို့ရှိကြ သည်။

        အဓိကတိုင်းရင်းသားလူမျိုး (၈)မျိုး (တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ -မျိုး) ရှိ သည်ဟုဆိုသည်။ လက်ရှိလူဦးရေမှာ သန်း(၆၀)ခန့်ရှိပြီး ၂၀၀၀ -ခုနှစ်(ခန့်မှန်း) စာရင်းအရ လူဦးရေအချိုးအစားမှာ –

ကချင်                (လူမျိုးနွယ်စု (၁၂) မျိုး)   ၁.၄ ရာခိုင်နှုန်း

ကယား              (လူမျိုးနွယ်စု (၉) မျိုး)     ၀.၄ ရာခိုင်နှုန်း

ကရင်                 (လူမျိုးနွယ်စု (၁၁) မျိုး)   ၆.၂ ရာခိုင်နှုန်း

ချင်း                    (လူမျိုးနွယ်စု (၅၃) မျိုး)   ၂ ရာခိုင်နှုန်း

ဗမာ                   (လူမျိုးနွယ်စု (၉) မျိုး)     ၆၆.၉ ရာခိုင်နှုန်း

မွန်                                                          ၄.၂ ရာခိုင်နှုန်း

ရခိုင်                   (လူမျိုးနွယ်စု (၇) မျိုး)     ၄.၂ ရာခိုင်နှုန်း

ရှမ်း                    (လူမျိုးနွယ်စု (၃၃) မျိုး)   ၁၀.၅ ရခိုင်နှုန်း

အခြား                (တိုင်းရင်းသားမဟုတ်သော လူမျိုးများ)        ၅.၇ ရာခိုင်နှုန်း

        ဘာသာကိုးကွယ်မှု အချိုးအစားမှာ ဗုဒ္ဓဘာသာဝင် ၈၉.၄ ရာခိုင်နှုန်း၊ ခရစ်ယာန်ဘာသာဝင် ၄.၉ ရာခိုင်နှုန်း၊ မူဆလင်ဘာသာဝင် ၃.၉ ရာခိုင်နှုန်း၊ ဟိန္ဒူ ဘာသာဝင် ၀.၅ ရာခိုင်နှုန်း၊ အခြားနှင့် ဘာသာမဲ့ ၁.၃ ရာခိုင်နှုန်း ရှိကြသည်။

        ၁၉၅၃-၅၄ စာရင်းများအရ မြန်မာနိုင်ငံတွင် မြို့ပေါင်း(၂၅၂)မြို့၊ ကျေးရွာပေါင်း (၂၀၀၀)ကျော်ရှိသည်။ မြန်မာနိုင်ငံ၏ မြေမျက်နှာအသွင်အပြင်ကို (ရူပ) အပိုင်းကြီး (၄)ပိုင်းခွဲခြားထားသည်။ ၄င်းတို့မှာ ရှေ့ဘက်ကုန်းမြင့်ဒေသ၊ အလယပိုင်းချိုမ့်ဝှမ်းဒေသ၊ အနောက်ဘက် တောင်တန်းဒေသ၊ ရခိုင်ကမ်းမြောင်ဒေ သ တို့ဖြစ်ကြသည်။

        မြန်မာနိုင်၏ ရာသီဥတုမှာ အပူပိုင်းရာသီဥတုမျိုး ဖြစ်သည်။ ၄င်းတွင် နွေ၊မိုး၊ ဆောင်း၊ ဥတုသုံးလီပါဝင်သည်။ မုတ်သုံလေ ရပ်ဝန်း တွင် ကျရောက်ပြီး မုတ်သုံရာသီ ရရှိသည်။ မြန်မာနိုင်ငံ၏ မြေဆီလွှာမှာ ကျောက်ဖြုန်း ကမ္ဘာမြေမည်း၊ နီညိုတောမြေ၊ ဝါညိုတော်မြေ၊ တောင်မြင့်မြေနီ၊ ဂဝံနှင့်ဂဝံဆန်မြေ၊ မြေဝါသံဝန်း၊ စနယ်မြေစေး၊ လယ်မြေ၊ နုန်းမြေ၊ သောင်ခုံတို့ဖြစ်သည်။

သံသယဆက်ထုံးများ

        Geo-politi8c အရအားသာချက်ရှိသော သဘာဝအရင်းအမြစ်များကြွယ်ဝပြီး လူသားအရင်းအမြစ်နှင့်တကွ ဖန်တီးယူနိုင်သော အခြားအားသာချက်များကြောင့် မြန်မာနိုင်သည် မြန်ဆန်သော ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် အစဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အလားအလာကောင်းများ တွေ့မြင်နေရပြီဖြစ် သည်။ နိုင်ငံရေးအရလည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို လိုလားသော အစိုးရ ရရှိခြင်း၊ အခြားသော အင်အားစုတို့ကလည်း ဆန္ဒရှိစွာ ပူးပေါင်းပါဝင်လာနေပြီဖြစ် သောကြောင့် မြန်မာနိုင်ငံ၏ တောက်ပသော အနာဂတ်အတွက် ပါရာဒိုင်းအရွေ့ (Paradigm Shift) တစ်ခုဆီသို့ ဦးတည်နေခြင်းကို နိုင်ငံတကာနှင့်ကုလသမဂ္ဂက လည်း အားရကျေနပ်ကြောင်း ပြောဆိုလျက်ရှိသည်။ ဤသို့သော အခြေအနေတွင် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးများသည် စိန်ခေါ်မှုတစ်ရပ် အဖြစ် ဆက်လက်ရှိနေ ဆဲဖြစ်သည်။

        မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးများအရေးသည် နာတာရှည်ရောဂါတစ်ခု နှင့်တူ၏။ ခေတ်အဆက်ဆက်ကဖြေရှင်းရန် ပျက် ကွက်ခဲ့သောကြောင့် ယခုအခါ အမြစ်ဖြတ်ကုသရန် အချိန်ကာလလိုအပ်နေ၏။ နာတာရှည်ရောဂါကို မည်သည့် ဆေးမြီးတို့နှင့်ကုသ၍ မရနိုင်သောကြောင့်ဖြစ်သည်။ ဘက်အသီးသီးသည် အတိတ်နှင့် ပစ္စုပန်တွင်ရှိနေသည့် သံသယများကို ရိုးသားပွင့်လင်းစွာ ဖော်ထုတ်ရန် လိုအပ်သည်။ သို့မှသာယုံကြည်တည်ဆောက်နိုင်မည်ဖြစ်သောကြောင့်ဖြစ်၏။ အတိတ်မှ သံသယံအချို့သည် မျက်မှောက်ထိရိုက် ခတ်သည်လည်းရှိသည်။ အကြောင်းမှာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးအားလုံး ပါင်ဝင်သော အတိတ်၏ သမိုင်းကြောင်းသည် အစဉ် အလာကြီးမားသောကြောင့် ဖြစ်၏။

        မြန်မာနိုင်ငံသည် သမိုင်းမတင်မီခေတ် ယဉ်ကျေးမှု ထွန်းကားခဲ့သော ဒေသ တစ်ခုဖြစ်သည်။ လူသားမျိုးနွယ်အစအဆင့်မြင့် “ပရိုင်းမိတ်”များ၊ ရုပ်ကြွေးအထောက်အထားများ တွေ့ရှိထားသည်။ ၄င်းအပြင် တကောင်း၊ ဗိသနိုး၊ သရေခေတ္တရာ၊ ဟန်လင်း၊ ဝေသာလီ၊ သုဝဏ္ဏဘူမိစသောမြို့ပြ နိုင်ငံများ၊ တိုင်းရင်းသားဒေသအသီးသီးတွင် တွေ့ရှိရ၏။ အေဒီ(၁၁)ရာစုအနော်ရထာမင်း ပုဂံကိုစတည် ထောင် ကာ ပဒေသရာဇ်ခေတ်စနစ် တစ်လျှောက်လုံးပုဂံ၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ တောင်ငူ၊ ညောင်းရမ်း၊ ကုန်းဘောင်တို့နှင့် အပြိုင် ရှမ်း၊ မွန်၊ ရခိုင် စသည့်တိုင်းရင်း သားလူမျိုးများသည် သူ့အင်ပါယာနှင့်သူ တည်ထောင်နေထိုင်ခဲ့စဉ်က အပြန်အလှန် တိုက်ခိုက်မှုများရှိခဲ့ကြသည်။

        သို့သော် လူများစု ဗမာပဒေသရာဇ်များသည် လူသူလက်နက်အင်အား သာလွန်သောကြောင့် အခြားတိုင်းရင်းသားလူမျိုးများကို မကြာမဏတိုက်ခိုက် သိမ်းသွင်းမှုတို့ ရှိခဲ့လေရာ နောင်တွင် တိုင်းရင်းသားလူမျိုးများအကြား သံသယံနှင့် မယုံကြည်မှုတို့ စွန်းထင် ကျန်ရစ်လေတော့၏။ ၁၈၈၅ ခုနှစ် ဗြိတိသျှတို့ မြန်မာနိုင်ငံကို သိမ်ပိုက်သောအခါ အထက်ပါသံသယနှင့် မယုံကြည်မှုတို့ လျော့နည်း စပြုလာခဲ့သည်။ ဗြိတိသျှ၏ ဖိနှိပ်မှုကို အတူခံစားကြရသောကြောင့် ဖြစ်သည်။ ထို့ကြောင့်လည်း ဗမာတိုင်းရင်းသားများနည်းတူ အခြား တိုင်းရင်းသားတို့ လည်း ဗြိတိသျှတို့အား ကိုလိုနီခေတ်ဦးကာလတွင်  ဒေသအလိုက် တိုက်ခိုက်ခဲ့ကြ ခြင်းဖြစ်သည်။ ဗြိတိသျှတို့၏ ဆင်းမ လားစက္ကူဖြူစီမံကိန်းနှင့် အောင်ဆန်း-အက်တလီစာချုပ်အပြီး ပေါ်ပေါက်ခဲ့သော ပင်လုံညီလာခံသည် ထိုသံသယများအား လျော့သွားပြီး ယုံကြည်မှုပိုရှိလာကြောင်းတို့၏ ပြယုဂ်တစ်ခုပင်ဖြစ်ခဲ့သည်။

        သို့ရာတွင် ဗြိတိသျှတို့သည် မြန်မာနိုင်ကို ဖွဲ့စည်းပုံအခြေခံဥပေဒဖြင့် တစ်ပြေး ညီအုပ်ချုပ်ခဲ့သည်မဟုတ်။ သွေးခွဲအုပ်ချုပ်ရေး (Divided and rule) နည်းဖြင့် အုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။ ၁၈၂၄ ခုမှစ၍ ရခိုင်ကိုရာထူးဌာန န္တရ မက်လုံးပေးသွေး ဆောင်စည်းရုံး အုပ်ချုပ်၏။ ကိုလိုနီခေတ်ဦးစောစောပိုင်းကာလ၌ မြန်မာတစ်ပြည်လုံး တွင် အိုင်စီအက်စ်(ICS) အရာရှိအများဆုံးမှာ ရခိုင်များဖြစ်၏။ ထို့နောက် ဗြိတိသျှတို့ သည် တောတောင်နေ နှိပ်စက်ခံကရင်လူမျိုးများကို ခရစ်ယာန်ဘာသာသွင်းစည်းရုံး ၏။ ၁၈၈၁ ခုနှစ်တွင် KNA ခေါ် ကရင်အမျိုးသားအဖွဲ့ကို တည်ထောင်ပေး၏။ ၄င်း သည် အိန္ဒိယကွန်ဂရက်ပါတီထက် (၄)နစ်စောပြီး YMBA ဗုဒ္ဒဘာသာ မြန်မာလူ ငယ်အသင်းထက် (၂၅)နှစ်ပင် စောနေ၏။ ၁၉၈၂ ခုနှစ်တွင် ကရင်ပညာတတ် ဆာစံစီဖိုးကသီးခြား ကရင်ပြည်နယ်တည်ထောင်ရန် တောင်းဆိုခဲ့ဖူး၏။

        ဤအကျိုးအဆက်သည် လွတ်လပ်ရေးရပြီးခေတ်ထိ ပါလာ၏။ ဗြိတိသျှအစိုးရ သည် မြန်မာပြည်မတိုက်ရိုက်အုပ်ချုပ်ခဲ့သော်လည်း တိုင်းရင်းသားလူနည်းစုများ အနက် လူဦးရေအများဆုံး ရှမ်းလူမျိုးကို ရှမ်းစော်ဘွားနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထား၏။ ရှမ်းပြည်ကို ဗြိတိသျှလက်အောက်ခံအဖြစ် သတ်မှတ်ထားသော်လည်း ကရင်နီနယ်ကို လွတ်လပ်တဲ့ နယ်မြေအဖြစ် သတ်မှတ်ထားပြန်၏။ ကချင်၊ လားဟူ၊ လီဆူ၊ ပလောင်၊ ‘ဝ’တို့နေထိုင်ရာ တောင်တန်းဒေသသည် ထိုအချိန်ကာ အလွန် ခေါင်းပြီးခေတ်နောက်ကျ၏။ ရှမ်းပြည်နယ် မြောက်ဘက်စွန်း ကိုးကန့်ဒေသည် ယူနန်တရုတ်များအခြေစိုက်ရာဒေသဖြစ်ပြီး ဗြိတိသျှ ကဘိန်းကို တရုတ်ပြည်အတွက် လဲလှယ် ကုန်အဖြစ် ပြန်သုံးစွဲရန်သာ အားရုံစိုက်၏။ ဗြိတိသျှ အစိုးရ၏ ပြည်မ၊ မြေပြန့်နှင့် တောင်တန်းဒေသစသည်ဖြင့် သွေးခွဲအုပ်ချုပ်မှုနှင့် အကျိုး ဆက်မှာ တိုင်းရင်းသားမျိုးနွယ်များကြား၌ အထူးသဖြင့် လူများစုဗမာနှင့် အခြားလူနည်းစု တိုင်းရင်းသားလူမျိုးများကြားတွင် သံသယ ဆက်ထုံးတစ်ခု ဖြစ်ပေါ် စေခဲ့သည်။ နောက်သံသယဆက်ထုံးတစ်ခုမှာ ၁၉၄၈ ခုနှစ်တွင် စတင်သည်။ ထိုကာလသည် လွတ် လပ်ရေးခေတ်ဦး ပြည်တွင်းစစ်ကာလလည်းဖြစ်သည်။ ၄င်းကို နိုင်ငံခြားသမိုင်းပညာရှင်အချို့က လွတ်လပ်ရေးချိန်စာ (The Curse of Independence of Burma) ဟု သုံးနှုန်းကြပါသည်။

        ဆိုလိုသည်မှာ နိုင်ငံတော်တည်ဆောက်ရေး (State Building) အတွက် လုံလောက်သော ပြင်ဆင်မှုမရှိဘဲ လွတ်လပ်ရေးကို အချိန်စောယူသောကြောင့် အခြေအနေကို မထိန်းသိမ်းနိုင်ဖြစ်ကာ ပြည်တွင်းစစ်မီးထဲရောက်ရှိသွားခြင်းဟု ဆိုလိုသည်။ ပြည်တွင်းဝါရင့် နိုင်ငံရေးအကဲခတ်အချို့ကလည်း ဤအဆိုကို ရာနှုန်း ပြည့်လာက်မခံသော်လည်း ဗမာအပါအဝင် တိုင်းရင်းသားအသီးသီးတို့သည် အတွေ့ အကြုံ အသိပညာနယ်ပယ်တွင် ရင့်ကျက်မှုနှင့်စွမ်းရည် (Capacity) တစ်စုံတစ်ရာ အားနည်းချက်ရှိသော အချက်ကိုတော့ ထောက်ပြခဲ့ကြဖူးသည်။

        ၁၉၄၇ ခုနှစ် ပင်လုံစာချုပ် ချုပ်ဆိုစဉ်က ဗိုလ်ချုပ်အောင်ဆန်းကိုယုံကြည်ကိုး စားမှုမျိုးကဲ့သို့ ၁၉၄၈ ခုနှစ် ဦးနုအစိုးရကို တိုင်းရင်းသား များယုံကြည်မှုမရှိခဲ့ခြင်းမှ စတင်ခဲ့ပါသည်။ မြန်မာနိုင်ငံရှိ ဗကပအမှူးပြုသော လက်ဝဲအင်အားစုတို့ကလည်း မြန်မာလွတ်လပ်ရေးဟု လည်းကောင်း၊ စစ်မှန်သော လုံးဝလွတ်လပ်ရေးကို တောင်းယူ၍မရ၊ တိုက်ယူမှရသည်ဟု ကြွေးကြော်နေချိန်တွင် ကျန်တိုင်းရင်းသားများ ကလည်း ဦးနုအစိုးရသည် ပြည်ထောင်စုအစိုးရမဟုတ်။ ဗမာဦးဆောင်သော အစိုးရ၊ ပြည်နယ်ပြည်မခွဲခြားကာ ဗမာပြည်ကို ဦးစားပေး တိုင်းပြည်တည်ဆောက်နေသော အစိုးရ၊ တိုက်ပွဲဝင်ခွဲထွက်မှ အခွင့်အရေးရမည်ဟု ပင်လုံစာချုပ်ဝင် တိုင်းရင်းသား များအပါအဝင် ကျန်တိုင်းရင်းသားတို့၏ သံသယံများ ပြည့်နှက်ခဲ့ရာမှ ပြည်တွင်းစစ် ရှိန်မြင့်လာခဲ့၏။ ပြည်တွင်းစစ်မီးလျှံသည် (၃)နှစ်ခန့်အတွင်း အရှိန်ကျ ခဲ့သော်လည်း ရပ်ဆိုင်းသွားခဲ့သည်တော့ မဟုတ်ပေ။

        နောက်သံသယအကျိုးအဆက်တစ်ခုလည်းရှိသေးသည်။ ပြည်တွင်းစစ်ကာ တွင်ပင် ဖြစ်သည်။ ရန်ကုန် အစိုးရ-အင်းစိန်အစိုးရဟု ပြောရလောက်အောင် အဆုံး အဖြတ်ပေးမည့် အအခြေအနေတစ်ရပ်တွင် တော်လှန်တိုက်ခိုက်ရေးအဓိက အင်အားစုတစ်ခုဖြစ်သည့် ဗကပသည် ဦးနုအစိုးရဘက်မှနေ၍ ကရင်များအောင်ပွဲ အခွင့်အလမ်းနှင့် လွဲချော်ကာ အင်အားနည်းသွားခဲ့ရသည်ဟုဆိုသည်။ ထိုဖြစ် ရပ်၌ ဗကပသည် လက်ဝဲမဆန်သော လူမျိုးကြီးဆန်သည့် အမှားတစ်ခုကို မှားခဲ့သည်ဟု ကရင်တို့ဘက်မှ ထူထောင်ရေးလုပ်ငန်းစဉ်နှင့် ဝါဒများပါရှိသည်။ ၁၉၆၂ ခုနှစ် မတ်လ(၁)ရက်နေ့တွင် ဖက်ဒရယ်မူနှင့် ပတ်သက်သော လူမျိုးပေါင်းစုံဆွေးနွေးပွဲ ဒုတိယနေ့ကိုကျင်း ပသည်။

        ၁၉၆၂ ခု မတ်လ(၂)ရက်နေ့တွင် မြန်မာနိုင်ငံ၏ ယိုယွင်းလျက်ရှိသော အခြေ အနေများကြောင့်ဟုဆိုကာ တပ်မတော် (တော် လှန်ရေးကောင်စီ)က နိုင်ငံတော်အာ ဏာကို သိမ်းပိုက်ခဲ့သည်။ ဤနေရာ၌ နှစ်ဖက်သောသံသယများကို ထင်ရှားစွာတွေ့ မြင်နိုင်သည်။ အကျိုးဆက်မှာ ၁၉၆၃ ခုနှစ် တော်လှန်ရေးကောင်းစီအစိုးရက ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ သံသယ ရေစီးကြောင်းတို့သည် ရပ်တန့်သွားခဲ့သည်မဟုတ်သေး။ ဆက်လက်စီးမျောခဲ့သည်။ ၁၉၈၈ ခုနှစ် “ရှစ်လေးလုံးအရေးတော်ပုံ” နောက်ပိုင်းတွင်မှ နှေးကွေးလျော့နည်းလာ ခဲ့သည်။

ထူးခြားချက်များ

        မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများအရေးနှင့်ပတ်သက်၍ ထည့်သွင်းစဉ်စားရမည့် ထူးခြားသောအချက်များမှာ အောက်ပါ အတိုင်းဖြစ်သည်။

(၁)    ဗမာတိုင်းရင်းသားမှအပ ကျန်တိုင်းရင်းသားလူမျိုးတို့၏ နယ်မြေများသည် မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် တည်ရှိနေကြသည်။

(၂)    ဗမာတိုင်းရင်းသားမှအပ ကျန်တိုင်းရင်းသားအာလုံးတို့၏ ဧရိယာအကျယ် အဝန်းသည် မြန်မာတစ်နိုင်ငံလုံး၏ ထက်ဝက်ခန့်ရှိလေ သည်။

(၃)    ဗမာတိုင်းရင်းသားမှအပ ကျန်တိုင်းရင်းသားအားလုံးတို့၏ လူဦးရေစုစုပေါင်း သည် ဗမာစုစုပေါင်းလူဦးရေခန့်( သို့) အနည်ငယ်သာ နည်းပါးသည်။

(၄)    တိုင်းရင်းသားလူမျိုးမျာ၏ တောတောင်ရေမြေသဘာဝစသည့်တို့သည် ဆွဲဆောင်မှုရှိခြင်းအပြင် တိုင်းရင်းသားဒေသများသည် မြေပေါ်၊ မြေအာက်၊ ရေပေါ် ရေအောက် ကြွယ်ဝဆုံးသော သဘာဝရင်းမြစ်များရှိနေသည်။

(၅)    ထိုသဘာဝအရင်းအမြစ်ကြွယ်ဝသော တိုင်းရင်းသားဒေသတို့သည် သဘာဝ ဘေးဒဏ်များကို အလူးအလိမ့်ခံစားရကာ ဆင်းရဲ မွဲတေမှုနိမ့်ကျလှသော အဆင့်များ တွင်ရှိနေကြသည်။

(၆)    မြန်မာနိုင်ငံသို့ ပျူလူမျိုးများဝင်ရောက်လာမှု မတိုင်မီနှင့် နောက်ပိုင်းအခြေချ လာသည့် လူမျိုးများထဲတွင် ဗမာလူမျိုးအပြင် ကရင်၊ ရှမ်း၊ ရခိုင်၊ ချင်းစသော တိုင်းရင်းသားလူမျိုးများဖြစ်ပေါ်လာမည့် အခြားသောမျိုးနွယ်စုတို့လည်း ဝင်ရောက် ခဲ့ကြကြောင်းတွေ့ရှိရသည်။

(၇)    အနော်ရထာမင်းပုဂံကို စတင်တည်ထောင်၍ ပဒေသရာဇ်ခေတ်ရောက်ရှိလာ သောအခါ ၄င်းနှင့်အပြိုင် ရှမ်း၊ မွန်၊ ရခိုင် စသည့် တိုင်းရင်းသား လူမျိုးစုတို့က လည်း ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေတို့ဖြင့် ပဒေသရာဇ် အမျိုးသားနိုင်ငံ (အင်ပါယာ) များထူထောင်ခဲ့ကြသည်။

(၈)    ထိုပဒေသရာဇ် ရှင်ဘုရင်၊ စော်ဘွား၊ ဒူဝါ၊ နယ်စားပယ်စားအကြီးအမှူးများ သည် အင်အားစုဆောင်ကာ ကြီးနိုင်ငယ်ညှင်း တိုက် ခိုက်၍ အင်ပါယာချဲ့ ထွင်ခဲ့ကြပြီး အထူးသဖြင့် အမြဲအင်အားကြီးသော ဗမာရှင်ဘုရင်တို့က ကျန်လူမျိုးစုများအပေါ် တိုက်ခိုက်သိမ်း သွင်းမှုတို့ မကြာခဏ ရှိခဲ့သည်။

(၉)    ၁၈၈၅ ခုနှစ် ကုန်းဘောင်းမင်းဆက် နောက်ဆုံးရှင်ဘုရင် သီးပေါမင်းကို  ဖမ်းဆီးပြီး အင်္ဂလိပ်က မြန်မာနိုင်ငံကို ကိုလိုနီဇတ် သွင်းပြီးနောက်တွင် ဗမာလူ မျိုးကဲ့သို့ပင် ကျန်တိုင်းရင်းသားလူမျိုးများကလည်း လွတ်လပ်ရေးတိုက်ပွဲ ပထမမျိုးဆက် အဖြစ် ဗြိတိသျှနယ် ချဲ့တို့အား ဒေသအလိုက်လက်နက်စွဲကိုင် ပုန်ကန်တော်လှန်ခဲ့ကြသည်။ လွတ်လပ်ရေးကြိုးပမ်းမှု ဒုတိယမမျိုးဆက်ဖြစ် သော ဆရာတော် ဦးဥတ္တမနှင့် ဗုဒ္ဓဘာသကလျာဏယုဝ အသင်းချုပ်အမှူးပြု သည့် ဝံသာနုခေတ်ကာလတွင်လည်း ကောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှု၊ တတိယမျိုးဆက်ဖြစ်သော ကျောင်းသားလူငယ်များ၊ သခင်များနှင့် တို့ဗမာ အစည်းအရုံးဦးဆောင်သည့် သခင်ခေတ်တွင်လည်း ကောင်း၊ လွတ်လပ် ရေးကြိုးပမ်းမှု၊ စတုတ္ထမျိုးဆက်ဖြစ်သော ဒုတိယကမ္ဘာစစ်ကြို စစ်တွင်းနယ်ချဲ့ နှင့် ဖက်ဆစ်ဂျပန် ဆန့်ကျင်ရေးကာလတွင် လည်းကောင်း၊ ပဉ္စမ မျိုးဆက်ဖြစ် သော ဒုတိယကမ္ဘာစစ်ပြီးကာလ လုံးဝလွတ်လပ်ရေးယူရေး ကြိုးပမ်းမှု ခေတ် (ပင်လုံစာချုပ်) ကာလတွင်လည်းကောင်း၊ ဗမာလူမျိုးများနှင့်အတူ ကျန်တိုင်း ရင်းသားတို့သည် လွတ်လပ်ရေးကြိုးပမ်းမှုတစ်လျှောက် ပါဝင်ခဲ့ကြသည်။

(၁၀)  ထိုတိုင်းရင်းသားတို့နှင့် ခေတ်အဆက်ဆက် ဗဟိုအစိုးရတို့ကြားတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာအခွင့်အရေးတို့၌ လည်းကောင်း (သို့) ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစသည့် လုပ်ပိုင်ခွင့်(အာဏာ) ဆိုင်ရာတို့တွင်လည်းကောင်း လွန်စွာ ကွာဟနေသည်။

(၁၁)  မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၃)ခု၊ (၁၈၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ)တို့ ရှိခဲ့ရာ (၃)ခုလုံးသည် အားနည်းချက်များစွာ ရှိနေကြောင်းဟု ဆိုကြသည်။

(၁၂)  လွတ်လပ်ရေးကြိုးပမ်းမှုမျိုးဆက်(၅)ဆက် ကာလတစ်လျှောက်မှာကဲ့သို့ ဗမာ တိုင်းရင်းသား လူငယ်ကျောင်းသားများနှင့် အခြားတိုင်းရင်းသားလူငယ် ကျောင်းသားများသည် သမိုင်းတစ်လျှောက်နားလညမှု၊ ယုံကြည်မှုအရှိဆုံး ကာလတစ်ရပ် ရှိခဲ့သည်။ ၄င်းမှာ ရှစ်လေးလုံးအရေးတော်ပုံကာလနှင့် ၁၉၈၈ စက်တင်ဘာ(၁၈) ရက်၊ တပ်မတော်အာဏာသိမ်းယူပြီးနောက် ပိုင်းကာလ တိုင်းရင်း သားပေါင်းစုံ လူငယ်ကျောင်းသားများ နယ်စပ်အသီးသီးခိုလှုံကာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်းစုံနှင့်(၂၅)နှစ်တာမျှ ရေရှည် ထိတွေ့ ဆက်ဆံမှု ကာလတစ်လျှောက်ပင်ဖြစ် သည်။

ဘလှိုင်(မြတ်ဇံဦး)

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button