တိုင်းရင်းသားများသတင်း

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

                                                                       (No. 50, July 11, 2022)

၁။ ရခိုင်ပြည်နယ်အတွင်း အပြန်အလှန်ဖမ်းဆီးမှုများ ရပ်တန့်ရန် AFP ပါတီတောင်းဆို
July 11, 2022

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)ကြား အပြန်အလှန်ဖမ်းဆီးမှုများပြုလုပ်နေခြင်းကိုရပ်တန့် ရန် ရခိုင့်ဦးဆောင်ပါတီ(AFP)က ယနေ့ ဇူလိုင် ၁၁ ရက် ထုတ်ပြန် တောင်းဆိုလိုက်သည်။ ရခိုင့်ဦးဆောင်ပါတီက “ ယခုကာလ မှာ လယ်သမားများ၏ မိုးရာသီ လယ်ယာလုပ်ငန်းခွင်အစဖြစ်ရာ စစ်ဒဏ်ခံ ရခိုင်ဒေသ၏ စားနပ်ရိက္ခာလုံခြုံမှု အတွက် စစ်ပွဲ၏ ထိခိုက်မှုကို မခံရဘဲ လယ်ယာ လုပ်ငန်းများကို ဖြောင့်ဖြောင့်တန်းတန်း လုပ်ကိုင်နိုင်ရန် လိုအပ်လျက်ရှိနေပါသည်”ဟု ထုတ်ပြန် ချက်တွင် ပြောထားသည်။ ထို့နောက် ရခိုင်စစ်ပွဲ တကျော့ပြန် မဖြစ်ပွားနေရးအတွက် ရခိုင်ပြည်သူများ၏ ဆန္ဒအား ထင်ဟပ် လျက် မိမိတို့ ရခိုင့်ဦးဆောင်ပါတီက လိုလားပါကြောင်း၊ စစ်မဖြစ်စေရေးအတွက် နှစ်ဘက်တင်းမာမှုများကို လျှော့ချနိုင်သည့် နည်းလမ်းများဖြင့် အပြန်အလှန် ချဉ်းကပ်ကြရန် လိုအပ်လျက်ရှိနေကြောင်း ပြောသည်။ ရခိုင့်ဦးဆောင်ပါတီ က “သို့အတွက် အပြန်အလှန် ဖမ်းဆီးမှုများအား ရပ်တန့်ခြင်း၊ ဖမ်းဆီးထားသူများအား ပြန်လွှတ်ခြင်း၊ အမှုတစ်မှုချင်းအလိုက် တရားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ဘောင်အတွင်းမှ စွဲဆိုမှုရပ်တန့်ကာ ပြန်လွှတ်ပေးခြင်းတို့အား လုပ်ဆောင်ကြလျက် တင်းမာမှုကို လျော့ပါး စေလိုပါသည်။ မိုင်းနှင့် စစ်လက်ကျန်ပစ္စည်းများ ရှင်းလင်းရေးကဏ္ဍအား အရှိန်ရအောင်လည်း သက်ဆိုင် သူများက ပါဝင်ကြစေ လိုပါသည်”ဟု ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA ကြား စစ်ရေးတင်းမာလျက်ရှိပြီး အုပ်ချုပ်ရေး အားပြိုင်နေသည်။ အပြန် အလှန် ဖမ်းဆီးမှုများ အများအပြားဖြစ်နေခြင်းကြောင့် ဒေသခံများလမ်းပေါ်ထွက်၍ အလုပ်လုပ်ကိုင်ကာ စားဝတ်နေရေး အတွက် ဖြေရှင်းရန်ခက်ခဲလာကြောင်း ဒေသခံများကပြောသည်။ အများပြည်သူ ကုန်စည်စီးဆင်းရာ လမ်းကြောင်းများအား လုံခြုံရေးဂိတ်များတွင် ပိတ်ဆို့ခြင်းကြန့်ကြာစေခြင်းများ မဖန်တီးကြရန် ရခိုင့်ဦးဆောင်ပါတီက တိုက်တွန်းထားသည်။ ထို့နောက် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ တာရှည်လာသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် လတ်တလော ယာယီ တည်ငြိမ်မှု ပုံစံတစ်မျိုးမျိုးမှသည် ဂုဏ်သိက္ခာရှိရှိ သာယာဝပြောသည့် လူ့အဖွဲ့အစည်းများအဖြစ်သို့ ပြန်လည်တည်ဆောက် သွားနိုင်ရေးဟူသည့် ပန်းတိုင်အလို့ငှာ ရန်ဘက်တိုက်ပွဲဝင် အုပ်စုများအကြား နိုင်ငံရေးသဘောတူညီချက်များတည်ဆောက်နိုင် ရေးမှာ ဖြစ်သန်းရမည့် လုပ်ငန်းစဉ်အဆင့်တစ်ရပ်ဖြစ်သည်ဟု ရခိုင့်ဦးဆောင်ပါတီက ပြောသည်။ လက်ရှိတွင် ရခိုင်ပြည်နယ်မှာ တပ်မတော်နှင့် AA ကြား နားလည်မှုဖြင့် ယာယီအပစ်အခတ်ရပ်စဲထားသည်။ သို့သော် စစ်ရေးနှင့် အုပ်ချုပ် ရေး အားပြိုင်မှုများ ဖြစ်ပွားနေခြင်းကြောင့် တကျော့ပြန် တိုက်ပွဲများဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ https://cnimyanmar. com/…/politi…/politics-local/7494-

၂။ ချင်းပြည်နယ် လွတ်မြောက်နယ်မြေမှာ NUG ၏ ဦးဆောင်မှုဖြင့် အခြေခံကျောင်းများ ဖွင့်လှစ်
July 11, 2022

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဦးဆောင်မှုဖြင့် ချင်းပြည်နယ်မှ လွတ်မြောက်နယ်မြေကို ရောက်ရှိနေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို CDM ဆရာ၊ ဆရာမတွေက ဇွန်လကတည်းက စတင်ဖွင့်လှစ်ကာ ပညာသင်ကြားပေးနေ တယ်လို့ ဆရာ/ဆရာများထံမှ သိရပါတယ်။ လွတ်မြောက်နယ်မြေမှာရှိတဲ့ ဒေသခံကျောင်းတွေကို တာဝန်ရှိသူတွေထံ ငှားရမ်း ကာ ပညာသင်ကြားပေးခြင်းဖြစ်ပြီး တက်ရောက်ပညာသင်ကြားတဲ့ ကျောင်းသားကျောင်းသူများပြားတယ်လို့ CDM ကျောင်း ဆရာမအချို့က ဆိုပါတယ်။ “ဒီဒေသမှာ ရောက်ရှိနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ မီဇိုးရမ်ကျောင်းတွေ မှာလည်း ပညာသင်ကြားနေတဲ့အတွက် ဒီဒေသရဲ့ ကျောင်းပိတ်ရက်ဖြစ်တဲ့ စနေနေ့တိုင်းမှာ သင်ကြားပို့ချပေးနေပါတယ်၊ ဒီလို သင်ကြား ပို့ချတဲ့အခါမှာ မြန်မာစာ၊ သင်္ချာဘာသာနှင့် အင်္ဂလိပ်ဘာသာရပ်(၃) ဘာသာကို သင်ကြားပေးတာပါ၊ ဆရာ၊ ဆရာမ ရုံးခန်းမရှိ တဲ့အတွက် အချိန်ပိုင်းနားတဲ့အခါမှာ အခက်အခဲအနည်းငယ်တော့ရှိတယ်၊ သင်ကြားရေးနှင့် ပတ်သက်ပြီး မီဇိုးရမ်၊ ဆိုင်းရမ် ဘက်မှာတော့ အဆင်ပြေပါတယ်”လို့ CDM ကျောင်းဆရာတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

(KG)အတန်းမှ (၈)တန်းအထိ သင်ကြားပို့ချပေးလျှက်ရှိကာ (၄)လတစ်ကြိမ်ဖြင့် စာမေးပွဲစစ်ဆေးသွားမှာဖြစ်ပြီး (၉) တန်းနှင့် (၁၀)တန်းများကိုလည်း ဆက်လက်သင်ကြားပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒါ့ပြင် မီဇိုးပြည်နယ်၊ လုံးလေမြို့၊ လောင်တလိုင်မြို့နှင့် အခြားစစ်ဘေးရှောင်စခန်းတွေမှာလည်း ဆက်လက်ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက်နေတယ်လို့ တာဝန်ခံကျောင်းဆရာတစ်ဦးက ဆိုပါတယ်။ “ဆိုင်းရမ်မြို့မှာတော့ သင်ကြားရေးပိုင်းမှာ ပုံမှန်လည် ပတ်နိုင်ပြီ၊ ကျန်တဲ့ လုံးလေမြို့၊ လောင်တလိုင်မြို့နဲ့ အခြားစစ်ဘေးရှောင်စခန်းတွေမှာ ကျောင်းတွေဆက်လက်ဖွင့်လှစ် နိုင်ဖို့ အတွက် တာဝန်ရှိသူတွေထံ ကျောင်းဌားရမ်းတာတွေနဲ့ အခြားလိုအပ်ချက်တွေကိုလည်း အကုန်လုံးညှိနှိုင်းဆောင်ရွက် ပြီးပါပြီ၊ CDMersဆရာ၊ ဆရာမတွေလည်း လူဦးရေများပြားတဲ့အတွက် သင်ကြားရေးပိုင်းမှာ အခက်အခဲသိပ်မရှိပါဘူး၊ စနေနေ့နှင့် အခြားကျောင်းပိတ်ရက်တွေမှာ သင်ကြားပေးသွားမှာဖြစ်ပါတယ်၊ ကျောင်းသား၊ ကျောင်းသူမိဘတွေ အနေနဲ့လည်း ပူးပေါင်း ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်”လို့ အဆိုပါကျောင်းရဲ့ တာဝန်ခံကျောင်းဆရာတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။ လွတ်မြောက်နယ်မြေကို ရောက်ရှိလာကြတဲ့ CDM ဝန်ထမ်းတွေဟာ စားဝတ်နေရေးအတွက် ရုန်းကန်နေကြပြီး ယခု ကျောင်းသား၊ ကျောင်းသူတွေ ပညာသင်ကြားပေးတာနှင့် ပတ်သက်ကာ ဆရာ၊ ဆရာမတွေကို ထောက်ပံ့လစာပေးထားတာ မရှိသေးဘူးလို့ ဆရာ၊ ဆရာမတွေက ဆိုကြပါတယ်။

၃။ ဝိုင်းမော်မြို့မှာ KIA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်နေ
July 11, 2022

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ နန်ဇော်ယာန်ရွာနားက ကချင်လွတ်မြောက်ရေးတပ်မ တော် (KIA) တပ်ရင်း(၃) စခန်းဘက်ကို စစ်ကောင်စီတပ်နဲ့ လီဆူ ပြည်သူ့စစ်အဖွဲ့တွေ ဇူလိုင်လ ၁၀ ရက် မနေ့ညက စစ်ကြောင်းထိုး လာတာကြောင့် နှစ် ဖက်တိုက်ပွဲ ပြင်းထန်နေ တယ်လို့ KIA နဲ့ နီးစပ်သူတွေက ပြောပါတယ်။ နန်ဇော်ယာန်နဲ့ ဂွေရွတ်ယာန်ရွာကြားမှာ အဲဒီစစ် ကြောင်းကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ တာကြောင့် တိုက်ပွဲပြင်းထန်နေသလို ဇူလိုင်လ ၁၁ ရက် ဒီနေ့ညနေ ၃ နာရီ လောက် မှာ စစ်ကောင်စီဘက်က ရဟတ်ယာဉ်နှစ်စင်းနဲ့ပါ လာပစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနေ့လည်း မနက် ၁၀ နာရီလောက် ကနေစပြီး နန်ဇော်ယာန်ရွာနားမှာ တိုက်ပွဲဆက်ဖြစ်နေ တာလို့ KIA နဲ့ နီးစပ်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက RFA ကို ပြောပါ တယ်။ “မနေ့က ညနေပိုင်းကနေ သူတို့ တက်လာလို့ ၅ နာရီလောက်မှာ တိုက်ပွဲဖြစ်တယ်။ အဲမှာ စကစ ဘက်က အကျများ တယ်။ ဒီနေ့မနက်လည်း ၁၀ နာရီလောက်ကနေ သူတို့ လက်နက်ကြီးတွေနဲ့ ပြန်ပစ်ပြီး တိုက်ပွဲပြန်ဖြစ်တယ်။ ခုနက တော့ ရဟတ်ယာဉ်နှစ်စင်း နဲ့ လာပစ်သွားတယ်” ဝိုင်းမော်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ (၅၈) တပ်ရင်းကနေ တိုက်ပွဲဖြစ် တဲ့ရွာ ဘက်ကို လက်နက်ကြီးနဲ့ ၁၅ ချက်ခန့်ပစ်ခတ်ခဲ့တယ်လို့ ဝိုင်းမော်စစ်ဘေးဒုက္ခသည်စခန်းမှာ ရောက်နေတဲ့ နန်ဇော်ယာန်ရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

နန်ဇော်ယာန်ရွာက ဒေသခံတွေဟာ ၂၀၁၁ ခုနှစ်မှာ တစ်ကျော့ပြန်ဖြစ်ခဲ့တဲ့ ကချင်စစ်ပွဲတွေ ကတည်းက မြို့ပေါ်က စစ်ဘေးဒုက္ခသည် စခန်းတွေကို ထွက်ပြေးနေထိုင်နေကြရတာလို့ ဒေသခံတွေက ပြောပါတယ်။ “ဒေသခံတွေကတော့ ရွာမှာ မရှိကြတော့ဘူး။ ဒါပေမဲ့ ရွာကိုပြန်ပြီး တောင်ယာခုတ် လယ်လုပ်တဲ့ဟာတွေတော့ အိမ်ထောင် ၅၀ လောက်ရှိတယ်။ အခုက ကျနော်တို့အားလုံး လယ်ယာတောင်ယာ လုပ်နေတာတွေ အကုန်လုံး ပစ်ထားပြီး စစ်ဘေးဒုက္ခသည်စခန်း တွေမှာ ပြန်နေနေ ကြပြီ။ တိုက်ပွဲကတော့ ဖြစ်နေတုန်းပဲ။ ဝိုင်းမော်ကလည်း လက်နက် ကြီးတွေ ပစ်နေတယ်။ ခုနကလည်း ရဟတ်ယာဉ်နှစ်စင်းနဲ့ လာပစ်သွားတယ်” ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ KIA ရော၊ စစ်ကောင်စီရော နှစ်ဖက်စလုံးက သတင်း တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို RFA အနေနဲ့လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ https://www.rfa.org/burm ese/news/fighting-between-kia-and-military-council-in-waingmaw-07112022061239.html

၄။ မိုးမိတ်မြို့နယ်အတွင်း တိုက်ပွဲထပ်မံဖြစ်ပွား စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိ
July 10, 2022

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တို့ တိုက်ပွဲထပ်မံဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း သတင်းသိရသည်။ (ဇူလိုင် ၁၀) ရက် နံနက် ပိုင်း ၅ နာရီ ဝန်းကျင်မှ စတင်ကာ ပစ်ခတ်သံများ ကြားရပြီး ၆ နာရီ ၂၀ မိနစ်အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း မိုးမိတ်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တိုက်ပွဲက နှစ် နေရာဖြစ်ပါတယ်၊ စင့်ကင်ကျေးရွာနဲ့ မြို့သစ် ဘက်မှာဖြစ်တာ၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ကြတာ တိုက်ပွဲက တစ်နာရီကျော် ကြာပါတယ်၊ စစ်ကောင်စီဘက်က ခရိုင်မှူးတစ်ယောက်နဲ့ တပ်သား လေး ယောက် ဒဏ်ရာရတယ်၊ တစ်ယောက်သေတယ်” ဟု မိုးမိတ်ဒေသခံ အမျိုးသား တစ်ဦး က ပြောသည်။ ယင်းတိုက်ပွဲတွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့မှ စစ်ကောင်စီတပ် ဖွဲ့ကို စတင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“SSPP/SSA တပ်နဲ့ တိုက်ပွဲဖြစ်တာ မဟုတ်ဘူး၊ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့နဲ့ ဖြစ်တာ၊ မြို့သစ်ဘက်မှာ ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဝိုင်းခံထားရတဲ့ အနေအထားရှိတယ်၊ နမ့်မိတ်ချောင်းရဲ့ ဒီဘက်မှာက KIA နဲ့ PDF ရှိတယ်၊ ဟိုဘက် မှာ SSPP/SSA တပ်ဖွဲ့က နေရာယူထားတယ်”ဟု မိုးမိတ်ဒေသခံ အမျိုးသားက ဆက်ပြောသည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီ ဘက်မှ အရာရှိတစ်ဦးအပါအဝင် ၅ ဦးထိခိုက်ဒဏ်ရာရပြီး တစ်ဦး သေဆုံးကြောင်း နှင့် KIA, PDF ဘက်မှ တစ်ဦး ထိခိုက်ဒဏ်ရာ ရကြောင်းလည်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့နှင့် SSPP/SSA တပ်ဖွဲ့တို့၏ ထိပ်တိုက် ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း စစ်ရေးတင်းမာမှုများ ဖြစ်လာခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ https://burmese.shannews.org/archives/29087

၅။ BGF တပ်ဖွဲ့ဝင်များ စစ်ကောင်စီတပ်နှင့်အတူ အကြမ်းဖက်မှုများ ကျူးလွန်နေ
11 July, 2022

စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့် (BGF) တပ်ဖွဲ့ဝင်တွေဟာကိုယ်လူမျိုးတောင်မရှောင်တော့တဲ့ အကြမ်းဖက် ရက်စက်တဲ့အဆင့်ကို ရောက်နေပြီလို့ ကေအန်ယူ တပ်မဟာ ၅ တာဝန်ရှိသူက ပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့် (BGF) တပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ဒေသခံအရပ်သား ပြည်သူတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ် တာ၊ လူသားဒိုင်းအဖြစ် အသုံးပြုတာ၊ ပေါ်တာအဖြစ် အတင်းအဓမ္မခိုင်းစေတာ၊ ငွေကြေးအတင်းအဓမ္မကောက်ခံတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ကေအန်ယူက ဆိုပါတယ်။ ဒါ့အပြင် BGF တပ်ဖွဲ့ဝင်တွေဟာ တပ်စခန်းတွေကနေ ဒေသခံတွေရဲ့ ကျေးရွာတွေအတွင်းနဲ့ လုပ်ငန်းခွင်အတွင်းကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဇွန်လ အတွင်း က စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့် (BGF) ပူးပေါင်းတပ်တွေရဲ့ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် နေအိမ် ၇၅ အိမ်၊ ဘုန်းကြီးကျောင်း ၂ ကျောင်းနဲ့ စာသင်ကျောင်း ၂ ကျောင်း ထိမှန်ပျက်စီးခဲ့သလို လူနေအိမ် ၆၁ အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) တပ်မဟာ ၅၊ ဗိုလ်မှူးကြီး စောကလယ်ဒို (ပြောရေးဆိုခွင့်ရှိသူ)က” စစ်အာ ဏာရှင်ကို သစ္စာခံပြီး သူတို့လည်းစစ်အာဏာရှင်လိုပဲ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ထားမျိုးနဲ့ ကိုယ့်လူမျိုး တောင်ကိုယ်မရှောင်တော့ ကိုယ်လူမျိုးကိုပြန်ပြီးရက်စက်တဲ့ အဆင့်ကိုရောက်ရှိလာတဲ့အခြေအနေဖြစ်သွားပြီ”လို့ ဆိုပါတယ်။ စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ဝင်တွေဟာ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ ကိုယ့်လူမျိုးကို မကာကွယ် နိုင်တဲ့အပြင် ကိုယ်ကျိုးစီးပွားပိုမိုလုပ်လာတယ်လို့ KNDO အထူးကွန်မန်ဒို VENOM စစ်ကြောင်းမှူးကလည်း ပြောပါတယ်။ ဒါ့အပြင် ငွေကြေးရယူပြီး လောင်းကစားဝိုင်းဖွင့်တာ၊ မူးဆေးဝါးရောင်းချတာ၊ ကာစီနိုရုံဖွင့်လှစ်တာတွေနဲ့ ပြည်သူပိုင် မြေတွေ ကို သိမ်းယူတာတွေရှိတယ်လို့ ဆိုပါတယ်။ KNDO အထူးကွန်မန်ဒို VENOM စစ်ကြောင်းမှူး၊ ဗိုလ်မှူး စောဝင်းမြင့်က “ကရင် အချင်းချင်းစစ်မဖြစ်ချင်ပေမဲ့ အကြိမ်ကြိမ်သတိပေးထားတဲ့ကြားက ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ ကိုယ့်လူမျိုး ကို မကာကွယ်နိုင်တဲ့အပြင် ကိုယ်ကျိုးစီးပွားပိုမိုလုပ်လာတယ်” လို့ပြောပါတယ်။ http://burmese.dvb.no/arch ives/5 42804

၆။ ဖမ်းဆီးထားသည့် မွတ်ဆလင် အမျိုးသား ၈ ဦးအား AA ပြန်လွှတ်ပေး
July 11, 2022

ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးထိန်းသိမ်းထားသည့်ဘူးသီးတောင်မြို့နယ်မှ မွတ်ဆလင်အမျိုးသား ၈ ဦးကို ဇူလိုင် ၉ ရက်နေ့က ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၁နှင့် ၂၀၂၂ ခုနှစ်များက AA မှ ဖမ်းဆီးခဲ့သည့် ဘူးသီးတောင် မြို့နယ်၊ ဘုရားပြင်အောင်ဘရွာမှမော်လဝီမာမောက် တာမီ၊ ခေါ်လီမူလ္လာ၊ အာယက်ဖိုယက် ဖုံညိုလိပ် (မွတ်ဆလင်)ရွာမှ ရော်ဖီးမာမောက်တူဆောင်း၊ ဆွေယောစ်နိုရ်၊ နိုရ်ရူဆာဒိတ်၊ မာမောက်အာယာစ်နှင့် ရီချမ်းပြင်ရွာသစ်မှ ချုပ်ကူတို့ကို ပြန်လွှတ် ပေးလိုက်သည်ဟု AA ကပြောသည်။ ယင်းပြင် အစ္စလာမ်ဘာသာရီးပွဲတော် “ကုရ်ဘာနီနိ” အထိမ်းအမှတ်အဖြစ် ဘူးသီးတောင် မြို့နယ်က မွတ်ဆလင်ရွာပေါင်း ၂၂ ရွာမှ မွဆလင်အမျိုးသား၊ အမျိုးသမီး ဦးရေ ၄၅၀ အား အဝတ်အထည်များ လှူဒါန်းပေးခဲ့ ကြောင်းလည်း ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောဆိုသည်။ “ဒီလူတွေကို အစ္စလာမ် ဘာသာရီးပွဲ တော် “ကုရ်ဘာနီနိ”အထိမ်းအမှတ်အဖြစ် ရက္ခိုင်-မူဆလင် ချစ်ကြည်ရင်းနှီးမှု ပိုပြီးခိုင်မာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ လွှတ်ပေး တာဖြစ်ပါတယ်။ ပြီးတော့ မွတ်ဆလင်ရွာပေါင်း ၂၂ ရွာက အမျိုးသား၊ အမျိုးသမီး ၄၅၀ ဦးကိုလည်းအဝတ်အထည် တွေ လှူဒါန်းခဲ့တာရှိတယ်”ဟုပြောသည်။

၎င်းတို့ကို ဇူလိုင် ၉ ရက်နေ့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ၏ ရက္ခိုင်ပြည်သူ့ အာဏာပိုင် အဖွဲ့တာဝန်ရှိသူများက ဘူးသီးတောင်မြို့နယ်ကအတွင်းတွင် အာလဖာ(၂) စစ်ဒေသတွင် သက်ဆိုင်ရာမိသားစုများထံ အခမ်း အနားဖြင့် လွှဲပြောင်းအပ်နှံခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ပြောဆိုသည်။ ၎င်းတို့ ၈ ဦးကို မည်သည့်အတွက်ကြောင့် ဖမ်းဆီး ခဲ့သည် မည်သည့်အချိန်က ဖမ်းဆီးထိန်းသိမ်းခဲ့သည့်ဆိုသည်ကို ရက္ခိုင့်တပ်တော် AA က သီးခြားပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။

၇။ RCSS ရဲ့ ဌာနချုပ် လွိုင်တိုင်းလျန်းမှာ တောင်ကျရေကြောင့် လူ ၄ ဦး သေဆုံး
July 11, 2022

သျှမ်းပြည်တပ်မတော် (RCSS/SSA)ရဲ့ဌာနချုပ် လွိုင်တိုင်းလျန်းမှာ မနေ့မနက် ၂ နာရီကျော်က မိုးသည်းထန်စွာရွာ သွန်းပြီး တောင်ကျရေ ကြီးလာတာကြောင့် နေအိမ် ၇ လုံးအပြင် လူ(၁၀)ဦးကျော် မျှောပါ ဒဏ်ရာရကာ ၄ ဦး သေဆုံးသွား ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဖြစ်တာက ၂ နာရီ ၃၀ မိနစ်ဗျ။ မနက် ၂ နာရီ‌ တောင်ကျရေ ကျလိုက်တော့ အဲမှာ လူကအသက်ဆုံးရှုံးသွားတာ လေး ယောက်။ အားလုံး မျှောသွားတာက ဆယ်ယောက်ကျော်တယ်။ အိမ်ခြေကတော့ ပါသွားတာ ၇ အိမ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ သေဆုံးသွားသူတွေထဲမှာ ကျန်းမာရေးဝန်ထမ်း ၂ ဦးအပါအဝင် အသက် (၆၀) အရွယ် အမျိုးသမီးကြီးနဲ့ အသက် (၃၀)ခန့်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ‌ေတွထဲမှာ လသားအရွယ် ကလေး တစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦး၊ အမျိုးသား ၇ ဦး ပါဝင်ကြောင်း သိရပါတယ်။ “အဘွားကြီးတစ်ယောက်ရယ် မိန်းကလေးက ၂ ယောက်ပါတယ်။ ဖြစ်တာက ဆေးရုံနားလေ။ ဆရာဝန် ပါသွားတယ်။ ခါတိုင်းနှစ်တွေ အဲလို ဖြစ်ဖူးတာ မရှိဘူးဗျ။ ဆိုးဆိုး ရွားရွားဆို ဒီတနှစ်ပဲ ရှိတယ်။ လွိုင်တိုင်းလျန်း စတည်ထောင်ကတည်းက အခုမှ ဖြစ်ဖူးတာ” လို့ နောက်ထပ် နယ်ခံတစ်ဦးက လည်း ပြောပါတယ်။

လူတွေ အိပ်မောကျနေချိန် တောင်ကျရေတွေ ကြီးလာပြီးတော့ အိမ်တွေထဲ ရေတွေ စီးဝင်လာပြီး ချောင်းဘေးနား ကအိမ်တွေ မျှောပါသွားတာလို့ ဆိုပါတယ်။ “တောင်ပေါ်ကနေ ကျလာတဲ့ ကျောက်တုံးကျောက်ခဲကြီးတွေလည်း ပါသွားတယ်။ ဒါပေမဲ့ ဆေးရုံက မပါဘူးဗျ။ ဆေးရုံတော့ လွှတ်သွားတယ်။ ကံကောင်းတာပေါ့။ ဆေးရုံ ပါသွားရင်တော့ လူအများကြီး ပါသွား မှာ။ အလောင်းတော့ ၄ လောင်း ပြန်တွေ့တယ်။ မနက်အစောက မျှောသွားတာက ဆယ်ယောက်ကျော်တယ်။ ကျန်တာက တော့ မသေဘူး။ ထိခိုက်ဒဏ်ရာတော့ရတယ်” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။ လွိုင်တိုင်းလျန်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) ကျော်က တည်ထောင်ခဲ့ပြီး တည်ထောင်ပြီးချိန်ကတည်းက အခုလိုကြုံတွေ့ရတာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဒေသခံတွေဆီ က သိရပါတယ်။

၈။ စစ်ကောင်စီတပ်က တလန်ဇာရ်ရွာက အိမ် ၄ လုံး မီးရှို့
July 10, 2022

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဖလမ်း-ဟားခါးလမ်းမဘေးမှာရှိတဲ့ တလန်ဇာရ်ကျေးရွာက လူနေအိမ် ၄ လုံးကို စစ်ကောင်စီတပ်က ဇူလိုင် ၁၀ ရက်က မီးရှို့ကြတယ်လို့သတင်းရရှိပါတယ်။ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေဟာ ယနေ့ နေ့လည်ပိုင်းက တလန်ဇာရ်ရွာနဲ့ ရမ်ထလိုရွာကြားတွင် တိုက်ပွဲဖြစ်ပွားပြီး ဖလမ်းမြို့ တပ်ကုန်းကနေ လက်နက်ကြီးနဲ့ပစ်ကူကြတယ်လို့သိရတယ်။ ယနေ့ည ရမ်ထလိုကျေးရွာမှာ စစ်ကောင်စီတပ်တွေ ညအိမ်ကြ တယ်လို့ သိရ တယ်။ တလန်ဇာရ်ကျေးရွာကို စစ်ကောင်စီတပ်က ဒီနှစ်မေလ ၅ ရက်တွင် လူနေအိမ် ၁၇ လုံး မီးရှို့ကြပါတယ်။ ဇူလိုင် ၈ ရက် က တားလ်ရွာက လူနေအိမ် ၂၉ လုံးကို စစ်ကောင်စီတပ်က မီးရှို့ကြပါတယ်။

၉။ ရွှေကူတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် စက်လှေတိုက်ခိုက်ခံရပြီး လေဦးသေဆုံးဟုဆို
July 11, 2022

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် မင်းကျောင်းကုန်းကျေးရွာမှ ကျောက်ကြီးကျေးရွာသို့ ဧရာဝတီမြစ်အတိုင်း စက်လှေဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယနေ့နံနက် ၂ နာရီခန့်က တိုက်ခိုက်ခံရသောကြောင့် လေးဦးသေဆုံးသွားကြောင်း သိရသည်။ စက်လှေဖြင့်လိုက်ပါလာသော စစ်သည်အင်အား ၅၀ ခန့်ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း မြေပြင်သတင်းရင်းမြစ် အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။ “လက်နက်ကြီး Mytel ပြောင်း၊ ၅ လက်မ ပြောင်းကြီးတွေလေ။ အဲဒါမျိုးတွေကို ရီမုတ်မိုင်းနဲ့ ဆွဲလိုက်တာ။ အဲဒါဆွဲပြီးမှ လက်နက်ငယ် ပစ်လိုက်တာပါ့အေ။ လေးယောက်ကတော့ အတိအကျ သေသွားတယ်။ ပစ်ခံရတဲ့ စက်လှေတော့ ပျက်စီးသွား တာပေါ့။ တောက်လျှောက် ကမ်းပါးကို ထိုးစိုက်သွားလိုက်တာ စက်လှေက ရေထဲတစ်ပိုင်းမြုပ်သွားတယ်လေ” ဟုပြောသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မော်တော်စက်လှေနှစ်စီးဖြင့် လာရောက်ခေါ်ဆောင်ကာ ကျောက်ကြီးစခန်းသို ဝင်ရောက်သွားကြောင်း သူက ဆက်ပြောသည်။ ပစ်ခတ်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဗိုလ်မှူးသိန်းမြင့်အောင် ဦးဆောင်သည့် တပ်မ (၈၈) လက်အောက်ခံ ခြေမြန်တပ်ရင်း ခ.မ.ရ (၄၁၅) တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုကို မြို့လှ K-PDF တပ်ခွဲ (၁) ဗိုလ်မိုးကြိုး ဦးဆောင်သည့်အဖွဲ့က သွားရောက် ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ ကျောက်ကြီးရဲစခန်းသည်လည်း ဇူလိုင်လ ၃ ရက်နေ့က ဒရုန်းဖြင့် တိုက်ခိုက် ခံခဲ့ရသည်။

၁၀။ ရပ်စောက်မြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ နှင့် စစ်ကောင်စီတို့ စစ်ရေးလှုပ်ရှားမှုရှိနေ
July 11, 2022

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ စစ်ရေးလှုပ်ရှားမှုများ ရှိနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်တွင် ရပ်စောက်မြို့နယ် အတွင်းရှိ ကျောက်ဂူ ကျေးရွာအုပ်စု၊ နောင်လုံ ကျေးရွာအုပ်စု နှင့် နောင်ဝိုးကျေးရွာအုပ်စုဘက် သို့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့မှ သွားလာလှုပ်ရှားမှုများ ရှိနေကြောင်း ဒေသခံ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အရင်တုန်းကတော့ RCSS/SSA လှုပ်ရှားခဲ့ဖူးတဲ့ ဒေသပါ၊ ဒါပေမယ့် သူတို့က ဆုတ်ပေးလိုက်ရတယ်၊ ပြီးတော့ ပြန်ကပ်လာတဲ့ အနေအထားရှိတယ်၊ ဒါကြောင့် SSPP/SSA တွေက ပိုပြီး အင်အားဖြည့်တာတွေ့ရတယ်၊ ပြည်သူ တွေကတော့ သူတို့ ထိပ်တိုက် တိုက်ပွဲ ထပ်ဖြစ်မှာကို အရမ်းကြောက်နေတယ်” ဟု ကျောက်ဂူကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက စစ်ရှောင်ပုံ ဇူလိုင် ၈ ရက်နေ့ ညပိုင်းအချိန်တွင် စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိသည့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်သားများသည် ကျောက်ဂူကျေးရွာဘက် သို့ ရောက်ရှိလာပြီး တစ်ညစခန်းချ အိပ်သွားကြောင်း ဒေသခံများက ပြောသည်။ “RCSS/SSA ဘက်က အဲ့လိုရောက်လာတော့ SSPP/SSA ကလည်း ရွာနားမှာ တပ်စုတစ်စုရောက်လာတယ်၊ အဲ့နေ့ က တိုက်ပွဲဖြစ်မှာစိုးလို့ တချို့ပြည်သူက အထုပ်အပိုးတွေ ပြင်ဆင်ရတဲ့အထိ စိုးရိမ်စိတ်များနေရပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောဆိုထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းတွင် ကျောက်ဂူရွာအနီး SSPP/SSA နှင့် RCSS/SSA တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လူထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို တိုက်ပွဲကြောင့် နေအိမ်တချို့မီးလောင်ခြင်းများလည်း ရှိခဲ့ကြောင်းသိရသည်။ ရပ်စောက်မြို့ ပေါ်ရပ်ကွက်များတွင်လည်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တို့၏ စစ်ဆေးမေးမြန်းမှုများ တင်းကြပ်စွာရှိနေသဖြင့် ဒေသခံ ပြည်သူများအတွက် အခက်အခဲရှိနေကြောင်းသိရသည်။ “SSPP/SSA ဘက်က စစ်ရေးလှုပ်ရှားမှု အင်အားဖြည့် တင်းမှုတွေ ရှိလာပြီလို့ သတင်းထွက်လာတာနဲ့ စစ်ကောင်စီ ကလည်း လုံခြုံရေးတွေ တင်းကြပ်တော့တာပဲ၊ အခု မြို့ပေါ်မှာ ည ၈ နာရီ နဲ့ နံနက် ၄ နာရီကြား အပြင်မထွက်ရ အမိန့်ထုတ်လာတယ်” ဟု ရပ်စောက်မြို့နယ်မှ ဒေသခံလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့် ‘ကို ပြောသည်။ https://burmese.shannews.org/archives/29091

၁၁။ မြစ်ဆုံ ဒေါင်ပန်တွင် အကြီးစားရွှေတူးဖော်မှုကို သဘောတူပေးရန် ဒေသခံများထံ လက်မှတ် ကောက်ခံနေ
9 July 2022

မြစ်ဆုံဒေသ ဝိုင်းမော်မြို့နယ် ဒေါင်ပန်ကျေးရွာတွင် အကြီးစား ရွှေတူးဖော်နေသော စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့ စစ်အဖွဲ့သည် ၎င်းတို့ကို ဒေသခံများ ထောက်ခံသည့်ပုံစံဖြင့် လက်မှတ်ရေးထိုးခိုင်းနေကြောင်း ဒေသခံများထံမှ သိရ သည်။ မြစ်ဆုံဒေသတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများကို ကချင်ဒေသခံများ ကန့်ကွက်နေစဉ် စစ်တပ်နှင့်ဆက် နွယ်သူများ၊ ပြည်သူ့စစ်အဖွဲ့များသည် ဒေသခံများ၏ သဘောတူညီမှုဖြင့် ရွှေတူးဖော်နေသည့် အသွင်ဖော်ဆောင်လိုသော ကြောင့် ဇူလိုင်လ ၉ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ မလိယန်ရွေ့ပြောင်းကျေးရွာတွင် တစ်အိမ်ဝင် တစ်အိမ်ထွက် လက်မှတ်ရေး ထိုး ခိုင်းနေသည်ဟု ဒေါင်ပန်ဒေသခံ တစ်ဦးက KNG ကို ယခုလိုပြောသည်။ “ဒေါင်ပန်ရွာကို ရွှေတူးဖော်လိုက်ဖို့ ပြည်သူ့စစ်ရဲ့ ကိုယ်စားလှယ် ဦးလဖိုင်နော်အောင်က ရွာသားတွေကို သူတို့ ရွှေတူးဖော်လိုက်ပြီး ဘာမှ ပြန်မရမယ့်အစား သူတို့ပေးသလောက် ငွေဘဲယူလိုက်ရအောင်။ ဘာဘဲဖြစ်ဖြစ် သူတို့ရဲ့ ရွှေတူးဖော်မြေနေရာတွေ ဖြစ်သွားမှာဘဲ။ အဲ့ကြောင့် ဘာမှ ပြန်မရမယ့်အစား ဆိုပြီး သဘောတူခိုင်းတဲ့ ပုံစံနဲ့ လိုက်စည်းရုံးနေတယ်။ အဲ့လို လိုက်ပြောလို့ ရွာသားတစ်ချို့က တွေဝေနေကြတယ်။ တစ်ချို့က ကန့်ကွက် နေကြတယ်” ဟု ပြောဆိုသည်။

ယခုနှစ် မတ်လ မှ စတင်ပြီး ဒေသခံများကန့်ကွက်နေသည့်ကြား ဦးလဆန်အောင် ပြည်သူ့စစ်အဖွဲ့သည် ဒေါင်ပန် ကျေးရွာတွင် ရွှေတူးဖော်မှုကို ခွင့်ပြုခဲ့ပြီးနောက် လက်ရှိတွင် ကျေးရွာကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းဝင်နှင့် ကတ်သစ်လစ် ဘုရားကျောင်းဝင် ၂ ခု၏ မြေနေရာ ၆ ဧက ခန့်ကိုလည်း ရွှေတူးဖော်လိုက်ပြီ ဖြစ်ကြောင်းသိရသည်။ “ရွာကို ဖျက်ဆီးလိုက်မယ့် လုပ်ရပ်က လုံးဝ ကန့်ကွက်ပါတယ်။ အရင်းကတည်းက သူတို့ တူးဖော်လို့ ပျက်စီးသွားတဲ့ မြေနေရာတွေ လည်း မနည်းတော့ ဘူး။ ကျနော်တို့ရဲ့ ရွာ ကိုတော့ ဒီအတိုင်းလေးထားချင်တယ်။ ဒါတောင် အခု ရွာအထဲမှာ စတင်တူးဖော်နေတာတွေ လုပ်နေပြီ။ ဘုရားဝင်းတစ်ချို့ပါသွားပြီလို့သိရတယ်။ ရွာမှာ ဒေသခံတွေ နေလို့မရတော့ပေမယ့် နောက်နောင် မွေးမြူရေးလုပ်ငန်းတွေ ၊ လယ်ယာမြေ လုပ်ငန်းတွေ လုပ်ကိုင်လို့ရသေးတယ်။ အခုဆို မြစ်ဆုံတစ်ဝိုက် ရွှေတူးဖော်မှုတွေ ရှိနေတဲ့အတွက် နေရာဒေသ တွေလည်း အရင်ကထက် အရမ်းကျဉ်းမြောင်းသွားပြီ။ ဒါကြောင့် ရွာကို ဖျက်စီးမယ့် လုပ်ရပ်မျိုးက ကန့်ကွက်ပါတယ်” အထက် ပါ သတင်းအရင်းအမြစ်က ဆက်ဆိုထားသည်။ ဒေါင်ပန်ကျေးရွာတစ်ခုလုံးကို ဖျက်စီးစေမည့် ပြည်သူ့စစ်အဖွဲ့၏ လုပ်ရပ်ကို မလိယန်ကျေးရွာ အပါအဝင် မြစ်ဆုံအနီးတဝိုက် အောင်မြင်သာ၊ တန်ဖရဲ၊ ကျိန်ခရန်ခ၊ လုံဂါဇွပ်၊ ဒွမ်ဂန်၊ အာလမ်၊ အူဗျစ်နှင့် လမုန်ဇွပ် စသော ဒေသခံများလည်း ကန့်ကွက်မှု ရှိနေကြသည်။ https://burmese.kachinnews.com/2022/07/ 09/july9-

၁၂။ AA ကို ဆေးစိမ်ခြင်ထောင်ပေးသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရသည့် ကျန်းမာရေးဝန်ထမ်း ပြန်လွတ်လာ
July 10, 2022

ရက္ခိုင့်တပ်တော် AA ကို ဆေးစိမ်ခြင်ထောင်ပေးသည့်ဆိုကာ သံသယဖြင့် မောင်တောမြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ ငှက်ဖျားဌာနမှ ဆေးဘက်ကျွမ်းကျင်သူတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၃ ပတ်အကြာ ဇူလိုင် ၉ ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့တွင် စစ်တွေရှိပြည်နယ်ကျန်းမာရေးဌာနသို့ အလုပ်ကိစ္စ တစ်ခု နှင့် ရောက်ရှိလာစဉ် စစ်ဆေးစရာရှိသည်ဟုဆိုကာ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)များ၏ ဖမ်းဆီးခေါ်ဆောင် သွားခြင်း ကို ခံခဲ့ရပြီး ရက်ပေါင်း ၂၁ ရက်အကြာတွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။ ဖမ်းဆီးခံရပြီး ပြန်လွတ်လာသည့် မောင်တောမြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ ငှက်ဖျားဌာနမှ ဆေးဘက်ကျွမ်းကျင်(၃) ဦးစောမင်းနိုင် အဆက်အသွယ်ရကြောင်း အသေးစိတ်များအား မေးမြန်း၍ မရသေးဟု အမည်မဖော်လိုသည့် စစ်တွေမြို့ ပြည်သူ့ဆေးရုံးမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက Western News ကိုပြောသည်။ “လွတ်လာတာက သေချာပါတယ်။ မနေ့က နေ့လယ် ၂ နာရီလောက်က စရဖက ပြန်လွှတ် ပေး လိုက်တယ်လို့ကာယကံရှင်က ပြောတယ်။ အသေးစိတ်ကိုတော့ ကျနော်လည်း မမေးရသေးဘူး။ ကျနော်နဲ့ စကားပြောပြီး ပါဗျာ။ ဖမ်းဆီးခံရတဲ့အချိန်မှာ ထိခိုက်ဒဏ်ရာရထားတော့မရှိဘူး”ဟုပြောသည်။

ပြန်လည်လွတ်မြောက်လာသည့် ကာယကံရှင်ဖြစ်သူ မောင်တောမြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ ငှက်ဖျားဌာနမှ ဆေးဘက်ကျွမ်းကျင် ဦးစောမင်းနိုင်အား Western News က ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။ ရက္ခိုင့်တပ်တော် AA အား ဆေးစိမ်ခြင်ထောင်ပေးသည့်စွပ်စွဲချက်သည် မှန်ကန်မှုမရှိကြောင်း ယခုကဲ့သို့ အပြစ်မရှိဘဲ ကျန်းမာရေးဝန်တစ်ဦးကို စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)များက ရက်ရှည် ထိန်းသိမ်းစစ်ဆေးခြင်းအား မဖြစ်သင့် ကြောင်း စစ်တွေမြို့ ပြည်သူ့ဆေးရုံးမှ ကျန်းမာရေးဝန်ထမ်းများက ဝေဖန်ပြောဆိုသည်။ ဦးစောမင်းနိုင်ကို စစ်ဖက်ရေးရာလုံခြုံ ရေးတပ်ဖွဲ့ (စရဖ) က မည်သည့်နေရာတွင် ထိန်းသိမ်းခဲ့ပြီး မည်သည့်နေရာတွင် ပြန်လည် လွှတ်ပေးခဲ့ကာ လက်ရှိ မိမိနေ အိမ်သို့ ပြန်လည်ရောက်ရှိခြင်း ရှိ၊ မရှိဆိုသည်ကို အသေးစိတ်အချက်အလက်များကို မသိရသေးဘဲ ၎င်းနှင့် အတူလုပ်ကိုင်နေ သည့် မိတ်ဆွေ ကျန်းမာရေးဝန်ထမ်းများက ပြောဆိုသည်။ ထိုကိစ္စများနှင့် ပတ်သတ်၍ သိရှိနိုင်ဖို့ မောင်တော ကျန်းမာရေး ဌာနကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

၁၃။ တောင်ကြီးမြို့ ဝါးပြားလမ်းဆုံတွင် ရုပ်အလောင်းတွေ့ရှိ
July 11, 2022

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ဝါးပြားလမ်းဆုံနေရာတွင် သတ်ခံထားရသည့် ရုပ်အလောင်း ( ၂)လောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ယမန်နေ့ ဇူလိုင် ၁၀ ရက်နေ့ မနက် (၆) နာရီဝန်းကျင်တွင် ဝါပြားလမ်းဆုံ တွင် ရန်ဖြစ်ပြီး ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်း (၂)လောင်းကို တွေ့ရှိခဲ့ကြောင်း တောင်ကြီးမြို့ မျက်မြင် တွေ့ရှိသည့် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ တစ်ချို့ကလည်း အမှိုက်ကောက်သမား အချင်းချင်း ရန် ဖြစ်ကြတယ်လို့ပြောတယ်။ လူသေ အလောင်းကတော့ ၂ ခုရှိတယ်။ ဘယ်ချိန်ဖြစ်ကြတာလဲတော့မသိဘူး။ မနက်ပိုင်း ကျမတို့ ဘုန်းကြီးကျောင်းသွားမှပဲသိရတာ” ဟု ၎င်းအမျိုးသမီးက ပြောသည်။ အလားတူ တောင်ကြီးမြို့ ဒေသခံ အမျိုးသမီး တစ်ဦး ကလည်း “ ကျမတို့ မနက် ၄ နာရီခွဲကတည်းကတွေ့တာ။ ကျမတို့ဈေးသွား ရောင်းတာလေ။ အဲနားတွေ့တော့ အိပ်နေတယ် လို့ပဲထင်တာ။ ပုံမှန် အရက်သမား အိပ်နေတယ်လို့ ပဲထင်တယ်။ ၆ နာရီလောက်မှ ကျမတို့လည်း သိလိုက်ရတာ ကရုပ် အလောင်းတဲ့” ဟု ပြောသည်။

ထိုသေဆုံးသွားသည့်ရုပ်အလောင်း(၂)လောင်း၏ လည်ပင်တွင် ဓားလှီးခံထားရကြောင်းသိရသည်။ “ သေသွားတဲ့ ၂ ယောက်လုံးက လည်ပင်မှာ ဓားလှီးခံထားရတယ်။ သူတို့က ည ၁၀ နာရီကတည်းက သေနေပြီး လာပစ်ထားတာလို့ ပြောကြ တယ်။ ကျမလည်း အသေးစိတ်တော့ မသိရသေးဘူး။ တစ်ယောက်ကို တစ်ယောက်သတ်ကြတာတော့ မဖြစ်နိုင်ဘူး” ဒေသခံ အမျိုးသမီးထပ်မံတစ်ဦးက ပြောသည်။ အဆိုပါ သေဆုံးသွားသည့် ရုပ်အလောင်းကို တာဝန်ရှိသူ ရဲ နှင့် ဆေးရုံကားက လာရောက်သယ်ယူ သွားကြောင်းသိရသည်။ “ ရုပ်အလောင်းကိုတော့ သွားမကြည့်လိုက်ရဘူး။ သူများပြောတာတော့ ရဲတွေက မပေးကြည့်ဘူးတဲ့။ ပိတ်ထားတာ။ ပြီးတော့ ရဲ နှင့် ဆေးရုံကားက လာသယ်သွားတယ်လို့ ပြောကြတာပဲ” ဟု ဒေသခံ အမျိုးသမီး က ပြောသည်။ လက်ရှိ သေဆုံးနေသည့် ရုပ်အလောင်း (၂)လောင်းသည် ဇူလိုင် ၇ ရက်တွင် ပျောက်ဆုံးခဲ့သည့် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်သည့် လူငယ် (၂)ဦးဟုလည်း ပြောဆိုနေကြသည်။ သို့သော် သျှမ်းသံတော်ဆင့် သတင်း ဌာနမှ အတည်မပြုနိုင်သေးပေ။ https://burmese.shannews.org/archives/29104

၁၄။ ဖားကန့်တွင် ဓားဒဏ်ရာများဖြင့် သေဆုံးပုပ်ပွနေသည့် အမည်မသိအလောင်းတွေ့ရှိ
July 11, 2022

ဖားကန့်မြိုနယ် ဥရုချောင်းရှိ စက်လှေဆိပ်အနီး ယနေ့နေ့လယ် ၁၂ နာရီခန့်က ဓားခုတ်ခံထားရသည့် ဒဏ်ရာဖြင့် သေဆုံးနေသည့် အမည်မသိ အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်းသိရသည်။ မှော်ပုံကျေးရွာနှင့် ဖားပြင်ကျေးရွာအကြားရှိ စက်လှေဆိပ်တွင် အလောင်းမျောပါလာသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သွားရောက်ကူညီခဲ့သည့် ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။ “မိုးတအားများတော့ ရေကတအားများတယ်လေ၊ ရေနဲ့ပါလာတာ။ ရေကျသွားတဲ့အခါကြတော့ အလောင်းက တင်လာတာ။ အဲ့မှာ အလောင်းက ပုပ်ပွနေပြီ။ခြေထောက်မှာ ညာဘက်မှာ ဓားဒဏ်ရာနဲ့ ဗိုက်မှာလည်း ဓားဒဏ် ရာပါတယ်။ ဓားခုတ်ထားတဲ့ဒဏ်ရာနဲ့” ဟုပြောသည်။ သေဆုံးနေသူသည် အမျိုးသားတစ်ဦးဖြစ်ပြီး ပိုင်ရှင်မဲ့အလောင်း ဖြစ်နေ သောကြောင့် သုဿန်တွင် သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း သူကဆက်ပြောသည်။

၁၅။ ညောင်လေးပင်ခရိုင်၌ ကရင်အရပ်ဘက်လူမှုအဖွဲ့ဝင် ၁ ဦး သတ်ဖြတ်ခံရမှုအပေါ် ကေအန်ယူ ရှုတ်ချ
11 July, 2022

ညောင်လေးပင်ခရိုင်မှာ ကရင်အရပ်ဘက်လူမှုအဖွဲ့အစည်းအဖွဲ့ဝင် ဒေသခံတယောက်ဖြစ်တဲ့ စောလားကပေါ် (ခ) ဖားဘော် လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့အပေါ် ရှုတ်ချကြောင်း ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန် လိုက်ပါတယ်။ တပ်မတော်၊ မည်သည့် လက်နက်ကိုင်အဖွဲ့၊ အမိန့်ပေးသည့်အရာရှိ၊ အမိန့်ကို နာခံပြီး ကျူးလွန်ခဲ့သူ မည်သူမဆို ဟာ လူ့အခွင့်အရေးနဲ့ လူသားကျင့်ဝတ်၊ ဘာသာရေးကျင့်ဝတ်နဲ့ လူမှုရေးကျင့်ဝတ်တွေ ချိုးဖောက်တာဖြစ်ပြီး ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ ဒေသငြိမ်းချမ်းရေးကို ပျက်စေတဲ့အတွက် ကန့်ကွက် ရှုတ်ချတာလို့လည်းဆိုပါတယ်။ စောလားကပေါ်ဟာ ဇူလိုင် ၄ ရက်က ညောင်လေးပင်ခရိုင်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေ အတွက် ရိက္ခာနဲ့ တခြားလိုအပ်တဲ့ အရာတွေကို ဝယ်ယူဖို့ အသွားမှာ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။ စောလားကပေါ်ဟာ ညောင်လေးပင်ခရိုင် ဒေသခံ ကရင်အရပ်ဘက် လူမှုအဖွဲ့ အစည်းရဲ့အဖွဲ့ဝင် တဦးဖြစ်သလို ကရင်ပြည်တွင်း နေရပ်စွန့်ခွာသူများကော်မတီရဲ့ ကွင်းဆင်း ဝန်ထမ်းတဦးလည်း ဖြစ်ပါတယ်။

သူဟာ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းရဲ့ ဩဇာခံမှ မဟုတ်သလို ဘယ်လက်နက်ကိုင်အဖွဲ့ရဲ့ အဖွဲ့ဝင်မဟုတ်ဘဲ ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် တစ်စိုက်မတ်မတ်ကျရာ အခန်းကဏ္ဍမှာတာဝန်ကျေစွာ ထမ်းဆောင်တတ်တဲ့ အရပ် သားတယောက်သာာဖြစ်ကြောင်း ကေအန်ယူကသတင်းထုတ်ပြန်ထားပါတယ်။ သူ့ကိုသတ်ဖြတ်သွားသူတွေဟာ စစ်ကောင်စီ လက်ပါးစေ ပျူစောထီးအဖွဲ့ဝင်တွေဖြစ်တယ်လို့ ကေအန်ယူ တာဝန်ရှိတယောက်က ပြောပါတယ်။ “သူက စစ်ရှောင်တွေ အတွက် ဆန်သွားဝယ်ပေးဖို့သွားတာ။ သွားတာ စစ်တပ်ဂိတ်ကို ဖြတ်ပြီးတော့ကိုသွားတာ။ ဒါပေမဲ့ သူ့ကို မသိကြဘူး၊ ဒါပေမဲ့ ပျူစောထီးအဖွဲ့တွေက သူ့ကို သိတယ်။ ဘာလို့လဲဆိုတော့ ပျူစောထီးတွေက ရွာသားတွေပဲလေ။ အဲတော့ ပျူစောထီးအဖွဲ့က သူ့ကို သတ်လိုက်တာ။” စောလားကပေါ်ဟာ သတ်ဖြတ်ခံရတဲ့နေ့က စစ်ရှောင်တွေအတွက် လိုအပ်တဲ့ပစ္စည်းဝယ်ယူဖို့ ငွေကျပ် သိန်း ၅၀ သူ့နဲ့အတူ ပါသွားပြီး အဲဒီငွေတွေကိုပါ လုယူခံခဲ့ရတာဖြစ်ပါတယ်။ အဆိုပါ ငွေကျပ်သိန်း ၅၀ ဟာ ထွက်ပြေးတိမ်း ရှောင်နေရတဲ့ ဒေသခံပြည်တွေရဲ့ လက်ရှိ အဓိက လိုအပ်နေတဲ့ ဆန်နဲ့ အမိုးအကာ ဝယ်ယူဖို့ဖြစ်တယ်လို့လည်း ဆိုပါတယ်။ http://burmese.dvb.no/archives/542903

၁၆။ တရားမ၀င်ရွှေတူးဖော်မှုကြောင့် အင်းတော်ကြီးကန် ထိခိုက်
July 10, 2022

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်တော်ကြီး ဒေသမှာ တရားမဝင် ရွှေတူးဖော်မှုတွေ ကြောင့် UNESCO ရဲ့ ဇီဝ အဝန်းအဝိုင်းနယ်မြေ (Biosphere Reserve) အစိတ်အပိုင်း ဖြစ်တဲ့ အင်းတော်ကြီးကန်ဟာ ထိခိုက်ပျက်စီးမှု‌တွေ ဖြစ်နေတယ် လို့ ဒေသခံတွေက ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အင်းတော်ကြီးဒေသ မိုင်းနောင်၊ လုံတုံ၊ မမုန်ကိုင်စတဲ့ရွာတွေ အပါအ၀င် လုပ်ကွက် ၂၀၀ လောက်မှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ ရွှေတူး ဖော်ရာက ထွက်လာတဲ့ ရွံ့နွံတွေ အင်တော်ကြီးကန်ထဲ စီးဝင်တဲ့အတွက် ကန်ရဲ့ အကျယ်အဝန်းဟာ အရင်လောက် မရှိတော့ဘူး လို့ မိုင်းနောင်ရွာ ဒေသခံတစ်ဦးက ပြောပါတယ်။ “အင်းတော်ကြီးအိုင်က အစတုန်းကဆိုရင် အလျားက ၁၄ မိုင် အနံက ၇ မိုင်လို့ ပြောထားတာလေ။ အခုက အဲလိုမျိုး အကျယ်အဝန်း မရှိတော့ဘူး ။ စီးသွားတဲ့နွံတွေ ရွံ့ တွေက တစ်မိုင်လောက်ဝင် သွားတယ်” ဒီလို ရွှေတူးဖော်မှုတွေကြောင့် လယ်ယာမြေတွေပေါ် လုပ်ကိုင်စားသောက်လို့ မရတော့ သလို သောက်သုံးရေတွေ လည်း ခက်ခဲလာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရွှေတူးဖော်မှုဟာ လက်ရှိ ရွာနားတွေအထိ‌ရှိသလို မိုးညှင်း-ဖားကန့် လမ်းမကြီးနဲ့ ၁၅ ပေလောက်အကွာအထိပါ ရောက် လာတာကြောင့် လမ်းပျက်စီးသွားမှာကိုပါ စိုးရိမ် နေတယ်လို့ ပြောကြပါတယ်။ အင်းတော်ကြီး ဘေးမဲ့တောနဲ့ ပတ်ဝန်းကျင် ဒေသကို UNESCO ရဲ့ ဇီဝအဝန်းအ၀ိုင်းနယ်မြေ (UNESCO Biosphere Reserve) အဖြစ် ၂၀၁၇ ခုနှစ်မှာစပြီး စာရင်းသွင်း ထားတာပါ။ https://www.rfa.org/burmese/news/indawgyi-lake-affected-by-illegal-gold-mining-07102022030647.

၁၈။ အမ်းမြို့နယ်တွင် ကျောင်းသားတဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံး
10 July, 2022

ရခိုင်ပြည်နယ် အမ်းမြို့နယ် ကဇိုင်းကိုင်းကျေးရွာက ရှစ်တန်းကျောင်းသားတဦး ရွာအနီးက တောင်မှာ မျှစ်သွားချိုးစဉ် မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ ကျေးရွာသားတဦးက ပြောပါတယ်။ အသက် ၁၅ နှစ်အရွယ် ရှစ်တန်းကျောင်းသား မောင်စည်သူကျော်လင်း ဟာ ဇူလိုင် ၉ ရက်နေ့ စနေနေ့ ကျောင်းပိတ်ရက်မှာ ရွာအနီးကတောင် မှာ မျှစ်သွားချိုးစဥ် မြေမြှုပ်မိုင်း နင်းမိပြီး သေးဆုံးခဲ့ကာ ဇူလိုင် ၁၀ နေ့မနက်မှာမှ အလောင်းကို ရှာတွေတာလို့ ဆိုပါတယ်။ ရွာသားတဦးက “သူက ရှစ်တန်း ကျောင်းသားလေးပါ။ စနေနေ့ ကျောင်းပိတ်ထားတော့ ရွာအနီးက တောင်မှာ မျှစ်သွားချိုးဖို့ ဆိုပြီးသွားခဲ့တာ အဲဒီမှာ မိုင်နင်း သွားတာပါ။ မနေ့က ၉ နာရီလောက်မှာဖြစ်တာပါ။ ရွာသားတွေက ရှာဖို့လုပ်ကြပေမဲ့ စစ်တပ်က ဟန့်တားခဲ့တာတွေ ရှိတယ်။ အဲဒီတောင်မှာက စစ်တပ်က တပ်စွဲထားတာတွေရှိတော့ အလောင်းကိုလည်း နောက်ထပ် မြေမြှုပ်မိုင်း ပေါက်ကွဲမှာစိုးလို့ သိပ်လည်း အရဲစွန့်ပြီး မရှာရဲကြဘူး။ ဒီနေ့ မနက်ပိုင်းကတော့ သူအဖေက အလောင်းကို တွေ့ခဲ့တာပါ။ ခြေတဖက်ပြတ် သွား တယ်။ နောက်လက်မောင်းမှာ ဒဏ်ရာတွေရသွားတယ်။ သွေးထွက်လွန်ပြီး သေသွားတာ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

မိုင်းပေါက်ကွဲတဲ့ တောင်မှာ ရွာနဲ့ ၂ ဖာလုံလောက်သာ ကွာဝေးပြီး စစ်ကောင်စီက တပ်စွဲထားတာတွေရှိသလို မကြာ ခဏ မိုင်းပေါက်ကွဲလည်းရှိတာကြောင့် လူသူသွားရောက်တာ နည်းပါးတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။ ဇူလိုင် ၈ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် ပေါင်းတုတ်ကျေးရွာက ကလေး ၄ ဦး ခမရ ၃၇၇နဲ့ ၃၇၈ တပ်ရင်းကြားက တောင်အနီးမှာ နွားကျောင်းနေစဥ် မြေမြှုပ်မိုင်ပေါက်ကွဲကာ တဦး ခြေတဖက်ပြတ်သွားပြီး ကျန် ၃ ဦး ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်မှာ ဇူလိုင်လအတွင်း မြေမြှပ်မိုင်း ပေါက်ကွဲပြီး သေဆုံးသူ ၃ ဦးနဲ့ ဒဏ်ရာရရှိသူ ၅ ဦးအထိ ရှိဖြစ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းပေါက်မှုကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ ၃၀ နီးပါအထိ ရှိလာပြီဖြစ်ပါတယ်။ http://burmese.dvb.no/archives/542761

၁၉။ လောင်းလုံးမြို့ ဒလန်ပစ်ခတ်မှု (၇) နှစ်အရွယ် ကလေးသေဆုံး
July 10, 2022

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ဝေဒီရွာမှာဇူလိုင်လ ၉ ရက် မနေ့ည ၁၁ နာရီခွဲခန့်က စစ်ကောင်စီ သတင်းပေး ဒလန်လို့ စွပ်စွဲခံရသူကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက ဝင်ရောက်ပစ်ခတ်ရာမှာ နေအိမ်မှာရှိနေတဲ့ အသက် (၇) နှစ်အရွယ် မငုဝါနိုး သေနတ်ကျည်ဆန် ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။ ဦးလေးဖြစ်သူ ဦးကျော်ဟိန်းကို လာရောက်ပစ်ခတ်တာ ကာယကံရှင်ကိုမထိပဲ တူမဖြစ်သူနဲ့ ဇနီးကို ထိမှန်သွားတာလို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီရဲ့ ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။ “အိမ်ကိုဝင်ပစ်တာ၊ ဦးလေးကလွတ်သွားတယ်။ တူမနဲ့ မိန်းမကိုထိသွားတယ်။ တူမက ဆုံးသွားတယ်။ မိန်းမကတော့ ခြေထောက်ထိသွားတယ်။ ဒလန်ရှင်းတယ်ဆိုတာ ဥပဒေဘက်က ကြည့်ရင် ဥပဒေနဲ့ မညီဘူး။ တော်လှန်ရေးရဲ့ လိုအပ်ချက်အရ လုပ်တာ မပြောလိုပါဘူး။ ဒါပေမဲ့ မဆိုင်တဲ့မိသားစုတွေ ထိခိုက်တာမဖြစ်သင့်ဘူး။ တော်လှန်ရေးရဲ့ ပုံရိပ်ကိုလည်းထိခိုက်တယ်” ဒလန်ရှင်းလင်းရေးမှာ မဆိုင်တဲ့သူတွေထိခိုက်မှု ရှိနေတာတွေကို အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အနေနဲ့လည်း အရေးယူဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။

မငုဝါနိုးရဲ့ မိဘတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေရဲ့ ရန်ပြုမှုကြောင့် တိမ်းရှောင်နေကြရပြီး မငုဝါနိုး က‌တော့ ပစ်ခတ်မှုဖြစ်တဲ့ အဒေါ်ဖြစ်သူရဲ့နေအိမ်မှာ ခေတ္တလာရောက်နေထိုင်တာပါ။ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန် ရှိသူတစ်ဦးကတော့ ဒီကိစ္စမှာ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေ ပါဝင်ကြောင်း အတည်ပြုထားသလို ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ် လို့ သပိတ်ကော်မတီထံ ပြောထားကြောင်း သပိတ်ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး လောင်းလုံးမြို့နယ်ထဲက လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေလည်း အစည်းဝေးပြုလုပ်နေပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ် သွားမယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီဘက်က RFA ကို ပြောပါတယ်။ https://www.rfa.or g/burmese/news/7-year-old-chil-died-in-longlon-07102022022552.html

၂၀။ မိုးကောင်းတွင် မိုင်းပေါက်ကွဲမှုကြောင့် ရဲတဦး သေဆုံး
11 July, 2022

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ ဇူလိုင် ၁၀ မနက်ပိုင်းက မိုင်းထောင်ထားတဲ့ ခြင်းတောင်းကို သွားကန်ခဲ့တဲ့ ရဲ တဦး မိုင်းပေါက်ကွဲ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဈေးကုန်းရပ်ကွက် စည်ပင်သာယာဈေး မီးပွိုင့်အနီး စစ် (-) ၊ ရဲ (-) လို့ ရေးသားထားတဲ့ အလံကို ပြေးကန်စဉ် မိုင်းပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။ ဒေသခံတဦးက “မနက် ၄ နာရီခွဲ လောက် စည်ပင်သာယာဈေးအနီး မီးပွိုင့်မှာ စစ် (-) ရဲ (-) ရေးထားတဲ့ အလံကို ခြေထောက်နဲ့ ပြေးကန်တာ။ အဲဒီအလံ ဘေးနားက ခြင်းထဲ မိုင်းထည့်ထားပုံရတယ်။ ထပေါက်ကွဲပြီး ရဲလည်း ပွဲချင်းပြီး သေတာပဲ” လို့ ပြောပါတယ်။ နယ်ထိန်း ရဲတပ်ကြပ် တွတ်ပီ ဟာ မိုင်းပေါက်ကွဲခဲ့တဲ့အရှိန်ကြောင့် ခြေလက်တွေ ပြတ်တောက်ပြီး အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးခဲ့တာပါ။ http://b urmese.dvb.no/archives/542807

၂၁။ ကုန်တင်ကားသွားလာမှုကြောင့် ပျက်စီးသွားသည့် ရွာချင်းဆက်လမ်းများကို ဂိတ်ကြေးကောက်အဖွဲ့များ ပြုပြင်ပေး ရန် ဒေသခံများ လိုလား
July 10, 2022

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်မှတဆင့် မြန်မာပြည်အတွင်းသို့ အကောက်အခွန်မဲ့ ကုန်စည်တင်ဆောင်သည့် ကားများသည် ဒေါနတောင်လမ်းကြောအဟောင်းမှတဆင့် ကော့ကရိတ်-နဘူး-ထီလုံ-ဖားအံလမ်းတွင် သွားလာရင်း လမ်းပျက် စီးသည့်အတွက် လမ်းရှိဂိတ်ကြေးကောက်အဖွဲ့များက လမ်းပြုပြင်ပေးရန် ဒေသခံပြည်သူများက လိုလားနေကြသည်။ စစ်အာဏာသိမ်းပြီးနောက် အဆိုပါတရားမဝင်ကုန်တင်ကားများသည် မူလအာရှလမ်းမကြီးအတိုင်း လမ်းကြောင်းကို အသုံးမပြု ကြတော့ဘဲ ကော့ကရိတ်မှ ဖားအံမြို့အထိ ကျေးရွာချင်းဆက်လမ်းများကို ပြောင်းလဲအသုံးပြုကာ သွားလာ နေကြပြီး ၎င်းလမ်း တစ်လျှောက်ရှိ ကျေးရွာထိပ်များတွင် စစ်ကောင်စီတပ်၊ BGF နှင့် ဒေသတွင်း အပစ်ရပ် KNU/KNLA-PC အဖွဲ့များက အကောက် ခွန်ဂိတ်များ ဖွင့်လှစ်ကာ နေ့စဉ် ကောက်ခံလျက်ရှိကြောင်းလည်း သိရသည်။ ဒေသခံတစ်ဦးက “မိုးရွာလေ လမ်းက ပိုပျက်လာ လေပါပဲ။ ရွာက ဘုန်းကြီးတို့၊ ရွာလူကြီးတို့လည်း သူတို့ လက်နက်ကိုင် တွေကို လမ်းပြင်ပေးဖို့ သွားမပြောရဲကြဘူး။ အပစ်ခံ ရမှာ ကြောက်နေကြတယ်။ တံတားတွေလည်း ထီဖိုးစံ-နောင်တပွဲ ဘက်ဆိုရင် ၃/၄ ခုလောက် ကျိုးပျက်နေပြီ။ နဘူး၊ ဒေါ်လန်း၊ ထီလုံဘက်အထိဆို ဘယ်လောက်အထိ လမ်းပျက်စီးနေမ လဲဆိုတာ စဉ်းစားသာကြည့်တော့။ လက်နက်ကိုင်အဖွဲ့ဂိတ်တွေ ၃၀လောက်အထိရှိနေတော့ ရွာသား ကားတွေ၊ ဆိုင်ကယ်တွေ သွားလာရတာ ခက်မှခက်ပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။

ဒေါနတောင်ကြောလမ်းဟောင်းပေါ်တွင် စစ်ကောင်စီတပ်နှင့် BGF တပ်ဂိတ်များရှိပြီး ကျေးရွာများဘက်တွင်မူ BGF နှင့် KNU/KNLA-PC အဖွဲ့ ဂိတ်များရှိကာ လမ်းကြောင်းတစ်လျှောက် ဂိတ်ပေါင်း ၃၀ ခန့်ရှိကြောင်း၊ ထိုသို့ ရွာလမ်းများကို အသုံး ပြုသွားလာနေခြင်းကြောင့် ကျေးရွာလမ်းတံတားများ ပျက်စီးမှုများရှိပြီး ဒေသခံများအနေဖြင့် လမ်းပျက်စီးမှုကို ပြန်လည်ပြု ပြင်ပေးရန်အတွက်လည်း ဂိတ်တာဝန်ရှိသူများနှင့် သက်ဆိုင်ရာအဖွဲ့များကို မပြောဆိုရဲကြဘဲ ဖြစ်နေသည်။ သို့သော် ငွေကောက်ခံဂိတ်များမှ ဝင်ငွေရရှိသဖြင့် ဂိတ်ကြေးပေးဆောင်ကာ မိုးတွင်းကာလ သွားလာနေသည့် ကုန်ကား များကြောင့် ပျက်စီးခဲ့ရသည့် ရွာချင်းဆက်လမ်းများကို ပြန်လည် ပြုပြင်ပေးစေလိုကြောင်းလည်း နောင်တပွဲဒေသခံ တစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။ “ငွေတောင်းတဲ့ ဂိတ်ထောင်တဲ့ အဖွဲ့အစည်းက သူတွေ ရွာမှာ အိမ်တွေဆောက်၊ ကားတွေ ၀ယ်၊ ရွှေတွေ ၀ယ် တဲ့အထိ ၀င်ငွေကောင်းနေကြတယ်။ မှောင်ခိုကားတွေ ဖြတ်သွားနေတာ တစ်နေ့ကို အစီး တစ်ရာနဲ့ နှစ်ရာ၀န်းကျင်ရှိ တယ်။ ကားသေးတစ်စီး ၅ထောင်ကနေ ကားကြီးတင်လာတဲ့ ပစ္စည်းပေါ် မူတည်ပြီး ၃သောင်း၊ ၄သောင်း၊ ၅သောင်း ကောက် တာရှိနေတော့ တစ်နေ့ကို ငွေတောင်းဂိတ်တွေ ၀င်ငွေက သိန်းရာချီ ရှိနေတယ်၊၊”ဟု ၎င်းက ပြောသည်။ https://kicnews.o rg/2022/07/%e1%80%80%e1%80%af%e1%80%94%e 1%80%ba%e1%80%90%e1%80%84%e1%

၂၂။ ဖားကန့်မြို့ရှိ ရွှေညီကိုကားဂိတ်ကို စစ်ကောင်စီချိတ်ပိတ်
July 10, 2022

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိ ရွှေညီကိုကားဂိတ်ကို ဇူလိုင် ၈ ရက်နေ့ နံနက် ၅ နာရီခန့်က စစ်ကောင်စီ တပ်ဖွဲ့ဝင် များ လာရောက်ချိတ်ပိတ်သွားကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ ၁၀ ဦးနှင့် စစ်သား ၂၀ ဦးခန့်က ဆိပ်မူကျေးရွာနှင့် ဖားပြင်ကျေးရွာ လမ်းပေါ်ရှိ ရွှေညီကိုကားဂိတ်ကို ချိတ်ပိတ်သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြော သည်။ “ကားဂိတ်မှာကျည်ဆံတွေမိလို့ ချိတ်ပိတ်တာလို့ကြားတယ်။ စစ်ကောင်စီကပိတ်သွားတာ။ နန့်စီးအောင်မှာ ဟိုတလော ကတက်သွားတဲ့သတင်းလေ”ဟု ပြောသည်။ နန့်စီးအောင် စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဇွန်လ ၂၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရ သည့် ကျောက်စိမ်းနှင့် လက်နက်အချို့တင်ဆောင်လာသည့် အေဒီဗင်ကား၏ ကားဂိတ်ဖြစ်ကြောင်း သိရသည်။ ရွှေညီကို ကားဂိတ်သည် မန္တလေး-ဆိပ်မူ-ဖားကန့်-လုံးခင်း တိုက်ရိုက်ပြေးဆွဲသော ယာဉ်လိုင်းဖြစ်သည်။

၂၃။ ဖယ်ခုံမြို့မရဲစခန်းနှင့် ထွေအုပ်ရိပ်သာကို ဖယ်ခုံ PDF တပ်ရင်း-၂ က RPG နှင့် 79 တို့ဖြင့် ပစ်ခတ်တိုက်ခိုက်
July 11, 2022

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ မြို့မရဲစခန်းနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဧည့်ရိပ်သာတို့ကို ယမန့်နေ့၊ နေ့လည်ပိုင်းက RPG ၊ 79 သေနတ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း-၂ မှ ယမန်နေ့ ညပိုင်းအချိန်၌ ထုတ်ပြန်အသိပေးထားသည်။ အဆိုပါရဲစခန်းနှင့် ဧည့်ရိပ်သာကို ယမန့်နေ့ ဇူလိုင်လ ၁၀ ရက်၊ နေ့လည် ၁၂ နာရီဝန်းကျင်အချိန်ခန့်က ဖယ်ခုံမြို့ပြည်သူ့ကာကွယ်ရေးတပ်၏ တပ်ရင်း-၂ မှ ရဲဘော်များက သတိပေးပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ရဲနှင့် ထွေအုပ်အပါအဝင် NON-CDM ဝန်ထမ်းများသည် ယနေ့တိုင် စစ်ကောင်စီကိုသစ္စာခံ၍ ပြည်သူအပေါ်သစ္စာစောင့်သိမှုမရှိသည့်အတွက် သတိပေး ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်းအများစုသည် ဖယ်ခုံမြို့တွင် အခြေချနေထိုင်သူများနှင့် ဒေသခံများဖြစ်ကြောင်း ဖယ်ခုံ PDF တပ်ရင်း-၂ က အသိပေးထားသည်။

မိမိတို့၏ရေမြေတွင် နေထိုင်ပြီး ဒေသလူထုအကျိုးကို ရှေးရှုရန်နှင့် စစ်ကောင်စီယန္တရားလည်ပတ်မှုကို အထောက် အကူမပြုရန်၊ စစ်ကောင်စီလက်အောက်မှအမြန်ဆုံးထွက်ခွာကြရန်ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊တပ်ရင်း-၂ မှ ထပ်မံ သတိပေးလိုက်ကြောင်းကိုလည်း ယင်းထုတ်ပြန်ချက်၌ပါရှိသည်။ ဖယ်ခုံမြို့ပြည်သူ့ကာကွယ်ရေးတပ်၏ တပ်ရင်း-၂ ကို ယခုနှစ်၊ ဧပြီလ ၁၇ ရက်က စတင်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဖယ်ခုံမြို့နယ်အပြင် ကရင်နီ(ကယား)ပြည်နယ်တွင်း၌လည်း တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်း၍ စစ်ကောင်စီအား တွန်းလှန်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

၂၄။ တပ်မ ၄၄ မှ စစ်ကောင်စီတပ်သား ၅ ဦး CDM ပြုလုပ်ပြီး KNLA ပူးပေါင်းတပ်ထံ ခိုလှုံ
July 11, 2022

မြဝတီတောင်ဘက် ဖလူးဒေသ စစ်ကူအင်အားတိုး စစ်ကြောင်းထိုးလာသည့် တပ်မ ၄၄ လက်အောက်ခံ တပ်ရင်းများမှ စစ်ကောင်စီတပ်သား ၅ ဦး ဇူလိုင်လ ၉ ရက်နေ့ညတွင် စစ်ကြောင်းစွန့်ခွာ CDM(အာဏာဖီဆန်မှု) ပြုလုပ်ကြပြီး ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ထံ ခိုလှုံလိုက်ကြောင်း သိရသည်။ အဆိုပါ စစ်ကောင်စီတပ် သား များသည် ဇူလိုင်လ ၉ ရက်ညက ဒဏ်ရာရ စစ်သားလူနာများအား ပို့ဆောင်ပြီးအပြန်လမ်းတွင် KNLA ပူးပေါင်းတပ်နှင့် ဆက်သွယ် ကာ CDM ပြုလုပ်လာခြင်းဖြစ်သည်ဟု ပူးပေါင်းတပ်မှ တာဝန်ရှိသူများက ပြောသည်။ ထို CDM ပြုလုပ်လာသူများ အား KNU တပ်မဟာ ၆ တာဝန်ရှိသူများမှ နွေးထွေးစွာ ကြိုဆို စောင့်ရှောက်ထားသည်ဟု လေးကေကော်ဒေသ စစ်ရေး တာဝန် ရှိသူများက ပြောသည်။ https://kicnews.org/2022/07/%e1%80%90% e1%80%95%e1%80%ba%e1% 80%99-%e1%8 1% 84%e1%81%84

၂၅။ ရခိုင်တွင် ပြန်ပေးဆွဲမှု ထပ်မံမဖြစ်ပွားရန် လုပ်ဆောင်နေဟု AA ပြော
July 11, 2022

ရခိုင်ပြည်အတွင်း ပြန်ပြေးဆွဲသည့်ပုံစံမျိုး ဆက်လက်လုပ်ဆောင်မည်ဆိုပါက သည်းခံခွင့်လွှတ်သွားမည်မဟုတ် ဟု ရက္ခိုင့်တပ်တော် (ULA/AA) က ပြောကြား လိုက်သည်။ မောင်တောမြို့နယ်မှ ပညာရေးဝန်ထမ်းနှစ်ဦး ပြန်ပြေးဆွဲခံရခြင်းမှာ ရခိုင်ပြည်အတွင်း ပထမဆုံးအကြိမ်ဆိုလိုသကဲ့သို့ ပြန်ပြေးဆွဲခံရခြင်းလည်းဖြစ်ပြီး ထိုလုပ်ရပ်မှာ ရခိုင်ပြည်သူလူထုကို တိုက် ရိုက်ခြိမ်းခြောက် နေခြင်းဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုထားသည်။ “ဒီဟာက ဝန်ထမ်းပဲ ဖြစ်ဖြစ်၊ ဝန်ထမ်းမဟုတ်သူပဲဖြစ်ဖြစ် ဒီကိစ္စက ရခိုင်ပြည်သူတစ်ယောက်ချင်းစီရဲ့လုံခြုံရေးနဲ့ ဆက်စပ်တဲ့ကိစ္စဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့ နောက်ထပ်ဒီလိုကိစ္စမျိုးမဖြစ်ရအောင် ပြန်ပြေးဆွဲ လူတွေဖက်ကိုပဲဖြစ်ဖြစ် တစ်ခြား နည်းလမ်း တွေ နဲ့ပဲဖြစ်ဖြစ် နောက်ထပ်မဖြစ်ဖို့ အကောင်းဆုံးကြိုးစားထားတယ်” ဟု ရက္ခိုင့်တပ်တော်(ULA/AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ က ပြောသည်။ သို့သော် ရက္ခိုင့်တပ်တော် (AA) အနေဖြင့် မည်သို့နည်းလမ်းများနှင်ကြိုးစားဆောင်ရွက်ခဲ့သည်ကို ဦးခိုင်သုခက ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။

ပြန်ပြေးဆွဲမှုနှင့်ပတ်သက်၍ ထပ်မံမဖြစ်ပွားရေး ကြိုးစားမှုများဆောင်ရွက်ရာ၌ ရာနှုန်းပြည့် အပြည့် အဝတားဆီးနိုင်မှု မရှိဘဲ ဘင်္ဂလားဒေ့ရှ်ကဲ့သို့ နိုင်ငံအတွင်းမှာတောင်မှ ပြန်ပြေးဆွဲမှု နေ့တိုင်းဖြစ်ပွားနေသော်လည်း အပြည့်အဝ မတားဆီးနိုင် သေးကြောင်း ဦးခိုင်သုခက ဆက်၍ပြောသည်။ ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာတွင် တာဝန်ကျနေသည့် မူလတန်းကျောင်းအုပ် ဦးဘိုဝင်းနှင့် ကျောင်းဆရာမ ဒေါ်ဥမ္မာကျော်တို့နှစ်ဦးမှာ ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က အလုပ်ကိစ္စနှင့် မြို့နယ်ပညာရေးမှူးရုံးသို့သွားစဉ် ပြန်ပြေးဆွဲခံခဲ့ရသည်။ အဆိုပါ ပညာရေးဝန်ထမ်းနှစ်ဦးမှာ ပြန်ပြေးဆွဲသမားများမှ တောင်းဆို သည့် ဘင်္ဂလားဒေ့ရှ် တာကာငွေ သိန်း ၅၀ နှင့် ပြန်ရွေးခဲ့ရပြီး တစ်ပတ်ခန့်အကြာ ဇွန်လ ၂၃ ရက်နေ့တွင် ပြန်လည်လွတ် မြောက်လာခဲ့သည်။ “ဒီကိစ္စတွေဟာ ငွေကြေးပေးတဲ့ အစဉ်အလာရှိလာခဲ့မယ်ဆိုရင် နောက်ထပ်ဖြစ်လာဖို့အတွက် အန္တရာယ် ကြီးတယ်”ဟု ဦးခိုင်သုခ ပြောသည်။

၂၆။ ပင်းတယမြို့နယ်ဦးစီးမှူးပါလာသည့် စစ်ယာဥ်တန်း မိုင်းဆွဲခံရ၊ စစ်ကားနှစ်စီးပျက်စီး
11 July, 2022

ရွာငံ-ပင်းတယလမ်းပိုင်း၊ ညောင်ကုန်းနဲ့လက်ပံကြားမှာ ရွာငံ ပင်းတယမြို့နယ် ဦးစီးမှူး လိုက်ပါလာတဲ့ စစ်ယာဥ်တန်း ဇူလိုင် ၁၀ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်ကားနှစ်စီး ပျက်စီးသွားတယ်လို့ ကျောက်ဆည် နဂါးနီပျောက်ကျားတပ်ဖွဲ့က ပြောပါတယ်။ ရွာငံမြို့က ပြန်လာတဲ့ မြို့နယ်ဦးစီးမှူး ဦးအာကာလင်း လိုက်ပါလာတဲ့ စစ်ယာဥ် တန်း ၇ စီးကို ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ကျောက်ဆည်နဂါးနီပျောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ “သူတို့ကားတွေ လာမယ်လို့ သတင်းရထားလို့ အမြန်စီစဥ်လိုက်ရတယ်။ ပဒေသာမိုင်း ၁၅ လုံးနဲ့ မိုင်းဆွဲခဲ့တယ်။ ကားက နောက် ဆုံးကားနှစ်စီးထိသွားတယ်၊ နေရာတင် ထိုးရပ်သွားတာ။” ရွာငံနဲ့ ပတ်ဝန်းကျင်က လူနာတင်ကားတွေနဲ့ ဒဏ်ရာရ စစ်ကောင်စီ တပ်သားတွေကို ကုတင် ၇၀၀ စစ်ဆေးရုံကို ခေါ်ဆောင်သွားပြီး ဘယ်နှယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်ဆို မသိရသေးသလို မြို့နယ်ဦးစီးမှူး ဦးအာကာလင်းရဲ့ကား ထိခိုက်မှုရှိမရှိဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ အဆိုပါ မိုင်းခွဲတိုက် ခိုက်မှုကို ကျောက်ဆည်နဂါးနီပျောက်ကျားတပ်ဖွဲ့နဲ့ ရွာငံပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ကျောက် ဆည် နဂါးနီပျောက်ကျားတပ်ဖွဲ့က ဇူလိုင် ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ http://burmese.dvb.no/archives/ 542857

၂၇။ ပျောက်ဆုံးနေတဲ့ မိုးကုတ်က ပလောင်ကိုရင်လေး ၂ ပါး တစ်လကျော်ကြာတဲ့အထိ ရှာမတွေ့သေး
July 10, 2022

မန္တလေးတိုင်း မိုးကုတ်မြို့ ပရိယတ္တိစာသင်တိုက်မှာ သီတင်းသုံးနေထိုင်တဲ့ ပလောင်ကိုရင်လေး ၂ ပါးဟာ တစ်လကျော် ကြာတဲ့အထိ ပျောက်ဆုံးနေပြီး ဒီနေ့အထိ ရှာမတွေ့သေးဘူးလို့ သိရပါတယ်။ ကိုရင်လေး ၂ ပါးဟာ ဇွန်လ ၃ ရက်မှာ စာသင် တိုက်ကနေ ထွက်ပြေးခဲ့ရာမှ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ကျောင်းထိုင်ဆရာတော်တွေက လိုက်လံရှာဖွေခဲ့ပေမဲ့ မတွေ့သေးဘူး လို့ ပြောပါတယ်။ ပျောက်ဆုံးသွားတဲ့ ကိုရင်တစ်ပါးရဲ့ အစ်ကိုဖြစ်သူက “အခုချိန်ထိ ကျနော်တို့ ရှာလို့မတွေ့သေးဘူး။ မိုးကုတ် အထိ သွားရှာမလို့ ဘုန်းကြီးက မလာနဲ့တဲ့။ ကျနော်တို့လာရင် ပိုက်ဆံပဲ ကုန်မယ်တဲ့။ သူတို့တာဝန်ပဲထားပြီး ရှာပေးမယ် ပြောတယ်။ အမေတို့ကလည်း အတော်စိတ်ပူနေကြတယ်။ တစ်လကျော်ရှိပြီ။ ကလေးတွေ အသက်ရှင်ဖို့ပဲ မျှော်လင့်နေရ တယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။

လက်ရှိ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ကိုရင်လေး ၂ ပါး လူကုန်ကူးခံရမှာကို စိုးရိမ်နေရပြီး ကျောင်းထိုင်ဆရာတော်နဲ့ တာဝန်ရှိသူတွေ အမြန်ဆုံး ရှာဖွေပေးဖို့လည်း ၎င်းက ပြောပါတယ်။ မတ်လက ပရိယတ္တိစာသင်တိုက်သို့ လာရောက် သီတင်း သုံးကြတာဖြစ်ပြီး ပျောက်ဆုံးနေတဲ့ ကိုရင် ၂ ပါးဟာ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် စယ်နေကျေးရွာအုပ်စု ဖာပြန်ရွာမှ အရှင်ခေမာစရ (၁၂ နှစ်)နဲ့ ရှင်ကေသရ (၁၁ နှစ်)တို့ပဲ ဖြစ်ပါတယ်။

၂၈။ မိုင်းခေါင်ကျေးရွာအနီး စစ်ကောင်စီတပ်ကို KIA မိုင်းဆွဲ တိုက်ခိုက်
11 July 2022

မံစီမြို့နယ် (Manje) မိုင်းခေါင်ကျေးရွာအနီးတွင် ယနေ့ မွန်းလွဲပိုင်း ၁ နာရီခန့်က စစ်ကောင်စီ စစ်ကြောင်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ယနေ့ မဂျီဂုန် စစ်တပ်ဗျူဟာကုန်းမှ ဆင်းလာ သော စစ်ကောင်စီကား ၂ စီး နှင့် အင်အား ၁၀၀ ကျော်ပါသော စစ်ကြောင်းကို မိုင်းခေါင် နှင့် ဟန်ထက်ကြားတွင် KIA မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း မိုင်းခေါင်ဒေသခံတစ်ဦး က KNG ကို ပြောသည်။ “ခဏက ၁ နာရီလောက်ကပဲ မဂျီဂုန် စစ်တပ်ဗျူဟာ ကုန်းကနေ ဆင်းလာတာချိန် မိုင်းခေါင်နဲ့ ဟန်ထက်ကြားမှာ မိုင်းခွဲခံရတာဟုတ်တယ်။ အဲ့မှာ စစ်ကား ၂ စီးပါတယ်။ ကားထဲ မှာတော့ စစ်သားတွေမပါဘူး။ ပစ္စည်းတွေပဲပါတယ်။ ထိခိုက်မှု ဘယ်လိုရှိတယ်တော့ အသိအကျမသိဘူး။” ဟု ပြောသည်။

မိုင်းခေါင် နှင့် ၅ မိုင်အကွာတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နာရီဝက်ခန့် လက်နက် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ထိုနေရာအနီး လယ်ခင်းတွင် အလုပ်လုပ်နေသော ဒေသခံအမျိုးသားတစ်ဦး လက်နက်ထိမှန် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထိုစစ်ကြောင်းသည် ပြီးခဲ့သည့်အပတ်က မံစီမြို့မှ မဂျီဂုန်ဗျူဟာကုန်းသို့ စစ်အင်အားနှင့် ရိက္ခာသွားရောက်ပို့ဆောင်ပြီး ယနေ့အပြန်လမ်းတွင် မိုင်းခွဲတိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။ မံစီမြို့နယ် မိုင်းခေါင်ကျေးရွာ အနီးတဝိုက်တွင် စစ်ကောင်စီဘက်မှ ဖြတ်သန်းသွားလာမှု ပုံမှန်ပြုလုပ်နေပြီး KIA ဘက်မှလည်း မိုင်းခွဲ တိုက်ခိုက်မှုများကို ပြုလုပ်လေ့ရှိကြောင်း ဒေသခံများ ထံမှ သိရသည်။ https://burmese.kachinnews.com/2022/07/11/l-d-2/

၂၉။ ဟားခါးမြို့တွင် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ညနေပိုင်းတွင်ပြန်လွှတ်
July 11, 2022

ချင်းပြည်နယ် ဟားခါးမြို့ အမှတ် (၄) အခြေခံအထက်တန်းကျောင်းတွင် ဆော့ကစားနေသည့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဇူလိုင်လ ၁၀ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ညနေပိုင်းတွင်ပြန်လွှတ်ပေးခဲ့သည်ဟု သိရ သည်။ အဆိုပါ ကလေးငယ်အပါအဝင် ကလေးငယ် လေးယောက်တို့သည် ကျောင်းဝန်းထဲတွင် ဆော့ကစားနေခဲ့ကြပြီး ကျောင်းဆောင်ပြူတင်းပေါက်မှန်အား ပေါက်ခွဲမိခဲ့ရာ သူငယ်ချင်းသုံးယောက်မှာထွက်ပြေးကာ တစ်ယောက်တည်း ကျန်နေခဲ့ စဉ်တွင် စစ်ကောင်စီတပ်ဖွဲ့များရောက်ရှိလာကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဟားခါးဒေသခံတစ်ဦးထံမှသိရသည်။ အသက် မပြည့်သေးသော ဆယ်ကျော် သက်ကလေးငယ်ကို ယမန်နေ့ နေ့ခင်း နှစ်နာရီခွဲ ဝန်းကျင်ခန့်က စစ်ကောင်စီတပ်မှ ဟားခါးမြို့ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုသိရသည်။

ထို့နောက် အဆိုပါ ကလေးငယ်၏မိဘများနှင့်အတူ အသင်းတော်မှ သင်းအုပ်ဆရာများမှ ပြန်လည်လွှတ်ပေးရန် သွား ရောက်တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီး ယမန်နေ့ ညနေ ခြောက်နာရီဝန်းကျင်တွင် ပြန်လည် လွှတ်ပေးခဲ့သည်ဟု ဟားခါး ဒေသခံ တစ်ဦးကပြောသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ယမန်နေ့က စစ်ကား ၃ စီးဖြင့် အမှတ် ၄ အခြေခံအထက်တန်းကျောင်းသို့ ရောက်ရှိလာပြီး စစ်သားနှင့် အိုးခွက်၊ ပန်းကန် အသုံးဆောင်ပစ္စည်းများအား ကျောင်းဝန်းထဲသို့ချထားပြီးနောက် ပြန်လည် ထွက်ခွါသွားကြသည်ဟုသိရသည်။

                        မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button