တိုင်းရင်းသားများသတင်း

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

                                                                                       (No. 46, June 28, 2022)

၁။ လွိုင်လင်လေးမြို့မှာ ကျောင်းဖွင့်နေတဲ့ ဆရာ၊ ဆရာမ ခြောက်ဦးကို KSP ဖမ်းဆီးစစ်ဆေးနေ
June 27, 2022
ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ခွင့်ပြုချက် ဒါမှမဟုတ် ဒေသခံတွေရဲ့ ခွင့်ပြုချက်မရှိဘဲ စစ်ကောင်စီ ရဲ့ ညွှန်ကြားမှုနဲ့ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ် သင်ကြားနေတဲ့ ကျောင်းဆရာ၊ ဆရာမ ခြောက်ဦးကို ဖမ်းဆီးစစ်ဆေး နေတယ်လို့ ကရင်နီ ရဲတပ်ဖွဲ့ (KSP) က ထုတ်ပြန်ပါတယ်။ ကရင်နီပြည်ရဲတပ်ဖွဲ့ အမှတ် (၅) ရဲစခန်းနယ်မြေမှာ ခွင့်ပြုချက်မရှိ ဘဲ ကျောင်းဖွင့် စာသင် နေတယ်လို့ ဒေသခံတွေက တိုင်ကြားလာတာကြောင့် အခုလို ခေါ်ယူစစ်ဆေးနေတာလို့ ထုတ်ပြန်ချက် မှာ ပါဝင်ပါတယ်။ ကယားပြည်နယ် လွိုင်လင်လေးမြို့၊ အောင်မင်္ဂလာရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်း က ကျောင်းဆရာနှစ်ဦးနဲ့ ဆရာမလေးဦး စုစုပေါင်းခြောက်ဦးကို ဇွန်လ ၂၄ ရက်နေ့က ကရင်နီ ရဲတွေနဲ့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) ရဲ့ တပ်ရင်း – ၁၂ က တပ်ဖွဲ့တွေ ပူးပေါင်းပြီး ဖမ်းသွားတာပါ။

ကရင်နီကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ဒေသမှာ စစ်ကောင်စီရဲ့ ပညာရေးကိုပါ ခွင့်မပြု ထားတာကြောင့် အခုလိုအဖမ်းခံရတာ ဖြစ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လွိုင်လင်ဒေသခံတစ်ဦးက ပြောပါတယ်။ “အဓိက ကတော့ ကရင်နီကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ဒေသတွေမှာ စစ်ကောင်စီ က လုပ်တဲ့ ပညာရေးမျိုးတွေ ဘယ်ဟာ မျိုးမှ ခွင့်မပြုထားဘူး။ ဒီဘက်ကလည်း ဘာမှ မလုပ်လောက်ဘူးလို့ သူတို့ထင်ပုံရတယ်။ ပညာရေးလုပ်တာပဲဆိုပြီး တွေးပြီး လုပ်တာလို့ ထင်တာပဲ။ ဒါပေမဲ့ ဘယ်ရမလဲ။ ဒီလိုနေရာမျိုးတွေမှာ စစ်တပ်ရဲ့ ယန္တရား လည်ပတ်စေတဲ့ ဟာမျိုးတွေ လုပ်တဲ့ ဟာမျိုးတွေကျရင်တော့ ဘယ်ခွင့်ပြုမလဲ” ကရင်နီပြည်နယ်အတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြားကာလ ပညာရေး ကျောင်းတွေ ဖွင့်လှစ်ထားသလို ကရင်နီပြည် ပညာရေးဘုတ်အဖွဲ့တွေက ဖွင့်လှစ်ထားတဲ့ ပညာရေးကျောင်းတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ကရင်နီ ရဲတပ်ဖွဲ့ (KSP) ကတော့ ဖမ်းထားတဲ့ ဆရာ၊ ဆရာမတွေရဲ့ စစ်ဆေးပေါ်ပေါက်ချက် အပေါ် မူတည်ပြီး စီရင်ချက်တွေ ချမှတ်မယ်လို့ မနေ့က ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းဖော်ပြ ထားပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်အချက်အရ အာဏာသိမ်းပြီးနောက်ပိုင်းကနေ ၂၀၂၂ ခုနှစ်၊ မေလ ၂၇ ရက်နေ့ အထိ အသတ်ခံရတဲ့ ပညာရေးဝန်ထမ်း ၄၀ ဦးအထိ ရှိခဲ့ပြီး ဒဏ်ရာရရှိခဲ့တဲ့ ပညာရေး ဝန်ထမ်း ၁၄ ဦးနဲ့ ပျောက်ဆုံးနေသူ ၁၁ ဦးရှိတယ်လို့လည်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။ https://www.rfa.org/burmese/news/kayan-teachers-arrested-06272022064327.html

၂။ ကွတ်ခိုင်မြို့နယ်၌ PSDA နှင့် အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်မှ ၃ ဦးထက်မနည်း သေဆုံး
June 28, 2022
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့(PSDA)နှင့် အာဏာသိမ်း စစ်တပ်တို့ ဇွန်လ ၂၄ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်မှ ၃ဦးထက်မနည်းသေဆုံးခဲ့ကြောင်း PSDA မှ ယနေ့နံနက် အစော ပိုင်း၌ ထုတ်ပြန်ထားသည်။ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာနှင့် ပန်ကိုင်ကျေးရွာကြား၊ လားရှိုး-မူဆယ်ပြည်ထောင်စု လမ်းမကြီးဘေးတောင်ကုန်းတစ်ခုပေါ်၌ စစ်ကောင်စီတပ်၏ တပ်မ-၉၉ လက်အောက်ခံ တပ်ရင်းခရမ ၄၁၇ မှ ကင်းပုန်းဝပ်ပြီး စစ်ရေးလှုပ်ရှားမှုပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်ဟု PSDA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့ကြောင့် PSDA ၏ ၁၁၁ တပ်ရင်းနှင့် ၂၂၂ တပ်ရင်းပူးပေါင်းအဖွဲ့က ဇွန်လ ၂၄ ရက်၊ နံနက် ၅ နာရီဝန်းကျင်အချိန်က အဆိုပါကင်းပုန်းဝပ်လှုပ်ရှနေသည့် စစ်တပ်အား သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူများထံ အသိပေးထားသည်။

အဆိုပါတိုက်ပွဲဖြစ်စဉ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ တပ်ရင်း ၄၁၇ မှ ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်း ရှိကြောင်း၊ PSDA ရဲဘော်များ အထိအခိုက်အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း ယင်းထုတ်ပြန် ချက်၌ ဖော်ပြထားသည်။ ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့(PSDA)ကို ယခင်နှစ်၊ မေလ ၁ ရက်က စတင်ဖွဲ့စည်း ထားခြင်းဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း‌ဒေသ၌ အခြေစိုက်လှုပ်ရှားနေခြင်းဖြစ်ကာ စစ်ကောင်စီတပ်နှင့် မကြာခဏတိုက်ပွဲ ဖြစ်ပွား နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ကြောင်း သိရသည်။

၃။ ဥကရစ်ထစခန်းတိုက်ပွဲ ပြင်းထန်ဆက်ဖြစ်နေပြီး နှစ်ဖက်တပ်များ ကျဆုံးဒဏ်ရာရ၊ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ပစ်ကူ
27 June, 2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့နယ်ခွဲအတွင်းရှိ စစ်ကောင်စီရဲ့ ဥကရစ်ထ တပ်စခန်းမှာ တိုက်ပွဲပြင်း ထန်ဆက်လက်ဖြစ်ပွားနေပြီး ဇွန် ၂၇ ရက် ညနေ ၄ နာရီခွဲလောက်က စစ်ကောင်စီလေတပ်က လေယာဉ်တွေနဲ့ ပစ်ကူ ပေး ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဥကရစ်ထစခန်းမှာ ခြေကုပ်ယူထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ KNDO အထူးကွန်မန်ဒိုတပ်ရင်း VENOM စစ်ကြောင်း၊ KNDO ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကနေ MPA ကင်းထောက်လေယာဉ်၊ YAK-130 Jet လေယာဉ် ၂ စီးနဲ့ ၁၀ ကြိမ်နီးပါးလာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ VENOM သတင်းရင်းမြစ်က ပြောပါတယ်။ “လေကြောင်းကနေ ၄ နာရီခွဲလောက်က MPA ကင်းထောက် လေယာဉ်၊ YAK-130 Jet လေယာဉ် ၂ စီးနဲ့ ၁၀ ကြိမ်လောက်ပစ်ပြီး ပြန်သွားတယ်။ KNDO ဘက်က ထိခိုက်မှုမရှိဘူး။” စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ရာမှာ မြန်မာ-ထိုင်းနယ်စပ် ကိုက် ၅၀၀ ဝန်းကျင်လောက်အထိ ကျည်တွေ ကျရောက်ပေါက်ကွဲပြီး ပြောင်းစိုက်ခင်းတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဥကရစ်ထခြေကုပ်စခန်းကို KNDO အထူးကွန်မန်ဒိုတပ်ရင်း စစ်ကြောင်းမှူး စောဝင်းမြင့် ဦးဆောင်တဲ့ VENOM စစ်ကြောင်းက ဇွန်လ ၂၅ ရက် ညကတည်းက စတင်ပြီး ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး နှစ်ဘက်ရဲဘော်တွေ ကျဆုံးမှုတွေလည်းရှိနေပါတယ်။ စစ်ကောင်စီဘက်မှအယောက် ၂၀ လောက်သေဆုံးပြီး အယောက် ၃၀ ထက် မနည်း ထိခိုက် ဒဏ်ရာရရှိရာ စစ်ကောင်စီက သေဆုံးစစ်သည်တွေရဲ့ အလောင်းတွေကို ပြန်လည်ကောက်ယူခြင်းမရှိဘူးလို့ ရှေ့တန်း တိုက်ပွဲ ဆင်နွဲနေတဲ့ KNDO ရဲဘော် တယောက်က ပြောပါတယ်။ အဆိုပါ စစ်ကောင်စီရဲ့ ဥကရစ်ထ စခန်းဟာ မြဝတီ၊ သေ့ဘောဘိုး၊ ဝေါလေမြို့သစ်အဝင် မုလအိ၊ စုကလိလမ်းပိုင်းလမ်းဆုံမှာ စခန်းတည်ဆောက်ထားတာဖြစ်ပြီး စစ်ရေးအရအချက်အချာကျတဲ့ စခန်းတစ်ခုဖြစ်တယ်လို့ ကေအန်ယူသတင်းရင်းမြစ်ထံက သိရပါတယ်။ http://burmese.dvb.no/archives/540675

၄။ မိုးကောင်းတွင် ပြည်သူ့စစ်နှင့် ကေအိုင်အေပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား
June 28, 2022
ထုံးရေပေါက်ပြည်သူ့စစ်တပ်ဖွဲ့နှင့် ကေအိုင်အေပူးပေါင်းတပ်ဖွဲ့တို့ မိုးကောင်းမြို့နယ် ထုံးရေပေါက်ရွာအနီးတွင် ယမန် နေ့ မွန်းလွှဲ သုံးနာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကချင်ပြည်နယ်၊ မိုးကောင်းမြို့ ထုံးရေပေါက်ရွာအနီးတွင် ယမန်နေ့က ပြည်သူ့စစ်တပ်ဖွဲ့နှင့် ကေအိုင်အေပူးပေါင်းတပ်ဖွဲ့တို့ ၁၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားပြီးနောက် ဟိုပင်မြို့အခြေစိုက် ခြေမြန် တပ်ရင်း ခ.မ.ရ (၅၂၁) မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောပြ သည်။ “အခုလည်း ၅၂၁ မှာ လူအင်အားပြန်စုနေတယ်လို့ပြောတယ်။ သူတို့ ပြန်တိုးလာရင်တော့ ဆက်ပြီးပြန်ဖြစ် လာနိုင်ချေရှိ သေးတယ်။ ခဏက အချိန်အထိတော့ သူတို့လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာရှိတာပေါ့” ဟုပြောသည်။ လက်ရှိ အချိန် တွင် နန်းမား၊ ဆားမှော်၊ မိုးညှင်းမြို့မှ စစ်ကောင်စီတပ်တွင် စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်နေကြောင်း သူကပြောသည်။

ထုံးရေပေါက်ဒေသခံများသည် တိုက်ပွဲကြောင့် ငါးမိုင်ကျေးရွာ၊ ပင်းဘောကျေးရွာ၊ ကုန်းတန်းကြီးကျေးရွာနှင့် ဟိုပင်မြို့ များသို့ တိမ်းရှောင်နေကြောင်း မြေပြင်သတင်းရင်းမြစ်တစ်ဦးကဆိုသည်။ “ရွာတွေ ထိခိုက်တာတော့မရှိဘူး။ အခု လောလော ဆယ်တော့ ထုံးရေပေါက်ပြည်သူတွေ တိမ်းရှောင်နေရတဲ့အခြေအနေပေါ့။ ဒါပေမဲ့ စစ်ကောင်စီတွေကတော့ ပြည်သူတွေကို သေနတ်ထောက်ပြီးမှ ဘယ်သူမှ မတိမ်းရှောင်ဖို့ ပြန်ခေါက်ခိုင်းတယ်လို့ သတင်းကြားနေတယ်”ဟုပြောသည်။ စစ်ကောင်စီ လက်အောက်ခံ စစ်အောင် ဦးဆောင်သော ဒေသအခေါ် ရှမ်းနီပြည်သူ့စစ်သည် အင်အား ၃၀ ဝန်းကျင်ခန့်ရှိပြီး မိုးကောင်းမြို့ ထုံးရေပေါက်ကျေးရွာတွင် အခြေချကြောင်းသိရသည်။

၅။ နိုင်ငံရေးကြပ်တည်းနေချိန် ကျိုင်းတုံဟော်နန်းပုံစံတူ ကျပ်သိန်း ၄ သောင်းကျော် ကုန်ခံပြီး တည်ဆောက်မည်
June 28, 2022
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ သျှမ်းစော်ဘွားဟော်နန်းပုံစံတူကို စစ်ကောင်စီအုပ်စုမှ ကျပ်သိန်းပေါင်း လေးသောင်း ကျော် အကုန်ကျခံပြီး တစ်နှစ်အတွင်းအပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ကျိုင်းတုံ ဟော်နန်း အသစ်ကို တစ်နှစ်အတွင်း ပြီးစီးအောင် ဆောက်လုပ်မည့်အကြောင်း နှင့် အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင်ကိုယ်တိုင် ဦးဆောင်တာဝန်ယူကာ ကျပ်သိန်းပေါင်း လေးသောင်းကျော် အကုန်ကျခံ ဆောက်လုပ်မည် ဖြစ်ကြောင်းသိရသည်။ ဇွန်လ ၂၇ ရက်တွင် ကျိုင်းတုံမြို့မှ သံဃာတော်များ၊ ဂေါပကများ နှင့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ နှင့် စစ်ကောင်စီဝင်များ စုပေါင်းကာ ဟော်နန်းအသစ်ဆောက်လုပ်မည့် မြေနေရာ၌ ပရိတ်ရွတ်ခြင်း လုပ်ဆောင်ခဲ့ ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မနေ့က သံဃာတော် ၈ ပါး နဲ့ ဒုတိုင်းမှူး အပါအဝင် ဂေါပကတွေ၊ ဌာနဆိုင်ရာနဲ့ စစ်ကောင်စီ ဝင်တွေ စုပေါင်းပြီး ကျိုင်းတုံ ဟော်နန်းသစ်ဆောက်မယ့် မြေနေရာပေါ်မှာ ပရိတ်ရွတ်ခဲ့တယ်၊ တစ်နှစ်အတွင်း ပြီးစီးအောင် လုပ်မယ်၊ ကုန်ကျစားရိတ်အတွက် သိန်းပေါင်း လေးသောင်းကျော်ကိုလည်း စစ်ကောင်စီက တာဝန်ယူသွားမယ်”ဟု သျှမ်းပြည် ရှေးဟောင်းအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ရေးအသင်း မှ လုံးစိုင်းဆမ်တစ်ဆေ က သျှမ်းသံတော်ဆင့် ကို ပြောသည်။

အဆိုပါ ဟော်နန်းကျိုင်းတုံအသစ်ကို ယခင်မူလဟော်နန်း ပုံစံအတိုင်းပြန်လည်တည်ဆောက်မည့်အကြောင်းနှင့် လာမည့် ၂၀၂၃ ဇူလိုင်လအတွင်း ပြီးစီးအောင် မင်းဒင်ကုမ္ပဏီမှ တာဝန်ယူ လုပ်ဆောင်သွားမည်ဟု သိရသည်။ “ဒီဟော်နန်း အသစ်ကိုလည်း လက်ဆင့်ကမ်းအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်သွားဖို့ ပြည်သူတွေနဲ့ သံဃာတော်တွေ လက်ထဲ အပ်ပြီး စစ်ကောင်စီတွေဘက်က အပ်သွားမယ်လို့လည်းသိရတယ်” ဟု လုံးစိုင်းဆမ်တစ်ဆေက ပြောသည်။ ထပ်မံတည် ဆောက်မည့် ကျိုင်းတုံဟော်နန်းအသစ်သည် နောင်တုံဘက်သို့ မျက်နှာမူ တည်ဆောက်မည်ဖြစ်ပြီး အရှေ့မျက်နှာစာ ၁၀၁ ပေ နှင့် အနောက်မျက်နှာစာ ၁၂၁ ပေ ရှိနေကြောင်း သိရသည်။ ၁၉၀၆ ခုနှစ် ကျိုင်းတုံစော်ဘွားကြီး စဝ်ကွန်ကျောက် အင်းထလိုင် မှ တည်ဆောက်ထားသည့် သျှမ်းသမိုင်းဝင် ကျိုင်းတုံမြို့ အထင်ကရ စော်ဘွားကြီးများ၏ အမွေအနှစ်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် အာဏာသိမ်း နဝတ စစ်အစိုးရက ၁၉၉၁ ခုနှစ် နိုဝင်ဘာ ၉ ရက် မနက် ၇ နာရီ ၄၁ မိနစ်က မိုင်းခွဲဖြိုချ ဖျက်ဆီးခဲ့သည်။ https://burmese.shannews.org/archives/28836

၆။ လွိုင်လင်လေးမြို့တွင် စစ်ကောင်စီတပ်နှင့် ကရင်နီတပ်ဖွဲ့များ စစ်ရေးတင်းမာနေ
28 June, 2022
ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေကြား ပြီးခဲ့ရက်ပိုင်းကစ စစ်ရေးတင်းမာနေပြီး ဇွန် ၂၈ ရက်နေ့ ဒီနေ့ မနက်ပိုင်းမှာတော့ ပစ်ခတ် တိုက်ခိုက်မှု တွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “စစ်တပ်က လွိုင်လင်လေးဘက်ကို စစ်ကြောင်းထိုးလာတာ နှစ်ရက်ရှိပြီ။ ပြီးခဲ့တဲ့ရက်ကတော့ လက်နက်ကြီး နှစ်ချက် သုံးချက်နဲ့ လက်နက်ငယ်အသံအနည်းငယ်ထွက်တယ်၊ ဒီကနေ့တော့ လက် နက်ကြီးငယ် ပစ်ခတ်သံကြားတာ ပိုများတယ” လို့ ဒေသခံတဦးက ပြောပါတယ်။

လွိုင်လင်လေးမြို့ဟာ လွိုင်ကော်- ဆီဆိုင်- တောင်ကြီးသွားကားလမ်းမကြီး နံဘေးမှာတည်ရှိပြီး စစ်ကောင်စီတပ်ရဲ့ အထိုင်တပ်ရင်း ၁ ရင်းရှိပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဒေသခံကာကွယ်ရေးတပ်တွေက လွိုင်လင်လေးမြို့ ရဲတပ်ဖွဲ့စခန်းကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ဖျက်ဆီးခဲ့တာကြောင့် စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာရုံး အားလုံး ပိတ်သိမ်း ထားရပါတယ်။ လွိုင်လင်လေးမြို့မှာ ကရင်နီတပ်မတော် KA၊ KNDF နဲ့ PDF တပ်ဖွဲ့တွေ စစ်ရေးလှုပ်ရှားနေပါတယ်။ http://burmese.dvb.no/archives/540763

၇။ KNU နယ်မြေအတွင်းရှိ ကျေးရွာ(၁၅) ရွာကို စစ်ကောင်စီ ခြိမ်းခြောက်မောင်းထုတ်နေ
June 27, 2022
ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၃)နယ်မြေ၊ ကျောက်ကြီးမြို့နယ်အတွင်း ရွာ(၁၅)ရွာရှိ ကျေးရွာအုပ်စု ၃ အုပ်စုမှ ဒေသခံများအား ရွာများမှ ထွက်ခွာကြရန် စစ်ကောင်စီတပ်က သတိပေးခြိမ်းခြောက် မောင်းထုတ်မှုများပြုလုပ် နေကြောင်း ဇွန်လ ၂၄ ရက်နေ့တွင် KNU က သတင်းထုတ်ပြန်ထားသည်။ ကျေးရွာတွင်းသို့ KNU၏ ဝင်ထွက်သွားလာမှုကို အသိမပေးခြင်းနှင့် KNU ကို ကျေးရွာအတွင်း လက်ခံခြင်းအပြင် ၎င်းတို့နှင့် ချိတ်ဆက်ဆက်သွယ်သည်ဟု စွပ်စွဲကာ ၎င်းကျေးရွာ အုပ်စုများကို ခြိမ်းခြောက် မောင်းထုတ် နေခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဆိုထားသည်။ အဆိုပါ ခြိမ်းခြောက်မောင်းထုတ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ခြေမြန်တပ်ရင်း (ခမရ-၂၀) (ခမရ-၁၂၄) (ခမရ-၄၃၉) နှင့် (ခမရ-၃၅၀) ပူးပေါင်းတပ်တို့ ဖြစ်ပြီး ခမရ-၂၀တပ်ရင်းမှူးကိုယ်တိုင် ဦးဆောင်၍ ကျေးရွာပြည်သူ လူထုများကျေးရွာမှ မထွက် ခွာလျှင် ကျေးရွာတွင်းသို့ ဝင်ရောက်ပစ်ခတ်သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်ဟု KNU က ဆိုသည်။

အဆိုပါ ကျေးရွာ(၃)အုပ်စုမှာ ကျေးရွာ(၈)ရွာရှိ ဒလဆိပ်ကျေးရွာအုပ်စု၊ ကျေးရွာ(၃)ရွာရှိ ဟင်္သာဝဲ ကျေးရွာ အုပ်စုနှင့် ကျေးရွာ(၄)ရွာရှိ ထိုးဝါးစိုက်ကျေးရွာအုပ်စုတို့ဖြစ်ကြပြီး အိမ်ခြေစုစုပေါင်း (၁၅၅၁)အိမ်နှင့် လူဦးရေစုစုပေါင်း (၈၂၃၀) ဦးရှိကာ ဒေသခံပြည်သူများအနေဖြင့် ကျေးရွာမှ ထွက်ခွာမည်မဟုတ်သော်လည်း စစ်ကောင်စီ၏ အကြမ်းဖက် ဖယ်ရှားမည်ကို စိုးရိမ် နေကြကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အလားတူ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် များ အနေဖြင့် ကရင်နီ(ကယား)ပြည်နယ်၊ ချင်းပြည်နယ်အပြင် မကွေး၊ စစ်ကိုင်း၊ မုံရွာ အစရှိသည့် မြန်မာပြည် အလယ်ပိုင်း ဒေသများတွင် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံရွာသားများကို အစုလိုက်အပြုံလိုက်ဖမ်းဆီးသတ်ဖြတ်ခြင်း အပြင် ကရင်ပြည်နယ် အတွင်း၌လည်း အရပ်သားများကို ပစ်မှတ်ထားသည့် ကျေးရွာအတွင်း လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ် မှုများ ပြုလုပ်လျက်ရှိသည်။ https://kicnews.org/2022/06/knu-%e1%80%94%e1%80%9a%e1%80%ba%e1%80%99%

၈။ မြို့လေးမြို့မှ အရပ်သား ၄၅ ကို စစ်ကောင်စီ ဖမ်းဆီးခဲ့၊ အသက်မပြည့်သေးသူ ၅ ဦးပါဝင်ဟု AA ထုတ်ပြန်
June 28, 2022
ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး စသည့်မြို့များမှ အပြစ်မဲ့ အရပ်သား ၄၅ ကို စစ်ကောင်စီဖက်မှ ဖမ်းဆီးခဲ့ပြီး ထိုအထဲတွင် အသက်မပြည့်သေးသူ ၅ ဦး ပါဝင်သည်ဟု ရက္ခိုင့်တပ်တော် AA က ထုတ်ပြန် ထားသည်။ ရက္ခိုင့်တပ်တော် AA ၏ ဇွန် ၂၇ ရက်နေ့ထုတ်ပြန်ချက်တွင် ကျောက်တော်မြို့မှ ၇ ဦးနှင့် မြောက်ဦးမြို့မှ ၉ တို့ပါဝင် သည်။ ကျောက်တော်မြို့မှ ဖမ်းဆီးခံရသူများမှာ ကမ်းနားလမ်း၊ မြို့သစ်ရပ်ကွက်မှ ဌေးဌေး (၃၀)နှစ်၊ ရှမ်းရွာရပ်ကွက်မှ နွေးနွေးဦး (၂၃) နှစ်၊ ဗိုလ်ချင်းပျံလမ်း၊ မြို့သစ်ရပ်ကွက်မှ စန္ဒာ (၂၉) နှစ်၊ ပြည်တော်သာရပ်ကွက်မှ ကိုဇော်ဝင်း (၄၂) နှစ်နှင့် ငြိမ်းငြိမ်း ( ၃၇) နှစ်၊ ခေါင်းတုတ်ကျေးရွာမှ ကျော်သန်းမောင် (၅၅) နှစ်နှင့် ကျောက်တန်းကျေးရွာမှ မောင်မျက်လှိုင် (၄၃) နှစ်တို့ဖြစ်ကြသည်။ ဖမ်းဆီးခံရသူများထဲမှ ဌေးဌေး၊ စန္ဒာနှင့် ငြိမ်းငြိမ်း ၃ ဦးတို့မှာ ဇွန် ၂၁ ရက်နေ့က ပြန်လည် လွတ်မြောက် လာသည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြောက်ဦးမြို့မှ ဖမ်းဆီးခံရသူများမှာ အောင်ဒိုင်ကျေးရွာမှ အာဘုလ်ကာသိမ်း (၂၅) နှစ်၊ ပေါင်းတုတ်ကျေးရွာမှ ရောဟတ်ဟူဆောန် (၃၀)နှစ်၊ ချင်းပြည်နယ် မတူပီမြို့မှ မောင်ရန်လျန်း (၄၁)၊ ပလက်ဝမြို့မှ မောင်ဖွေးအိုင် (၂၈) နှစ်၊ ပင်လောင်းမြို့နယ်မှ မောင်ဖြိုးဝေ (၂၅) နှစ်၊ တိမ်ညိုကျေးရွာမှ ဦးပြည့်စုံဝင်း (၃၆) နှစ်၊ ကျောက်ရာဇ်ကေရပ်ကွက်မှ ကျော်ဝင်းလှိုင် ၂၂ နှစ်နှင့် ဝသဲရပ်ကွက်မှ ကိုကိုမြင့် (၂၃) နှစ်တို့ဖြစ်ကြသည်။ ပုဏ္ဏားကျွန်းမြို့တွင်လည်း ဖမ်းဆီးခံထားရသည့် အပြစ်မဲ့ အရပ်သား ၈ ဦးရှိပြီး ထိုအထဲတွင် ပေါက်တောပြင်ကျေးရွာမှ ၁၇ နှစ်အရွယ် ကျောင်းသားတစ်ဦးလည်း ပါဝင်သည်ဟု ဇွန် ၂၇ ရက်နေ့ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ဇွန် ၂၅ ရက်နေ့က ထုတ်ပြန်ချက်တွင် စစ်တွေမြို့မှ ဖမ်းဆီးခံရသူ ၂၁ ဦးရှိပြီး ထိုအထဲတွင် အသက် ၁၄ နှစ်အရွယ်တစ်ဦး၊ ၁၅ နှစ်အရွယ်တစ်ဦးနှင့် ၁၇ နှစ်အရွယ် တစ်ဦးတို့ပါဝင်ကြောင်း သိရှိရ သည်။ AA ၏ ထုတ်ပြန်ချက်များတွင် တခြားမြို့နယ်များတွင်လည်း စစ်ကောင်စီမှ အရပ်သားပြည်သူများအား လိုက်လံဖမ်းဆီး လျက်ရှိနေဆဲဖြစ်သည်ဟု ရေးသားထားသည်များကို တွေ့ရှိရသည်။ ကျောက်ဖြူမြို့နယ်၊ မူရွင်းကျေးရွာမှ လူငယ် အမျိုးသား နှစ်ဦးကိုလည်း ဇွန်လ ၂၄ ရက်နေ့က စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ယနေ့အချိန်အထိ မိသားစုများဆက်သွယ်မရရှိ သေးဘဲ အသက်အန္တရာယ်စိုးရိမ်နေများရှိနေကြောင်း မိသားစုများကပြောသည်။

၉။ ပလက်ဝတွင် စစ်ကောင်စီတပ်သားအချင်းချင်း မှားယွင်းပစ်ခတ်မှုများဖြစ်ပွါး၊ နှစ်ဖက်တိုက်ပွဲဖြစ်ခြင်း မရှိဟု AA ပြော
June 27, 2022
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ရုပ်ချောင်းဝ ကျေးရွာအနီးအနားတို့တွင် ဇွန်လ ၂၇ ရက်နေ့ မြန်မာစစ်တပ်နှင့် ရက္ခိုင့် တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းမရှိဘဲ စစ်ကောင်စီတပ်သားအချင်းချင်း မှားယွင်းပစ်ခတ်မှုသာဖြစ်ပွါးခဲ့ခြင်းရှိကြောင်း ရက္ခိုင့်တပ်တော် AA ကပြောသည်။ မြန်မာစစ်တပ်က စစ်ကောင်စီတပ်သားအချင်းချင်းသည် ယနေ့ မနက်ပိုင်း ၁၁ နာရီခန့်က ရုပ်ချောင်းဝကျေးရွာအနီးအနားတို့တွင် အချင်းချင်းချင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဖက်က ထိခိုက် ကျဆုံးမှုများရှိ ကြောင်း ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက Western News ကိုပြောသည်။ “တိုက်ပွဲဖြစ်တာတော့ မရှိဘူး ခင်ဗျ။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ မြန်မာစစ်တပ်က သူတို့အချင်းချင်း မှားယွင်းပြီးတော့မှ ပစ်ခတ် ကြတာလို့သိရတယ်။ ပြောရမယ်ဆိုရင်တော့ သူတို့အချင်းချင်းအကြောက်လွန်ပြီးတော့မှ လူမှားပြီးတော့ပစ်ကြတာ အကြာကြီး လို့ ပြောတယ်။ အဲ့ဒီမှာ ကျဆုံးမှုတွေတောင်မှ ရှိတယ်လို့ သိရတယ်”ဟုပြောသည်။

မြန်မာစစ်တပ်က စစ်ကောင်စီတပ်သားအချင်းချင်း ကနဦးတွင် မှားယွင်းပစ်ခတ်မှုဖြစ်ပွါးပြီးနောက် တစ်ဖက်နှင့် တစ်ဖက် လက်နက်ကြီးများဖြင့် နာရီဝတ်လောက်ကြာ ပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဆက်လက်ပြောသည်။ ပလက်ဝမြို့နယ် ရုပ်ချောင်းဝ၊ ရုပ်ဝကျေးရွာနှင့် အဘောင်သားကျေးရွာအနီးအနားတို့တွင် စစ်ကောင်စီတပ်သားအချို့ နေရာချထားမှုရှိပြီး ၎င်းတို့အချင်းချင်း မှားယွင်းပစ်ခတ်မှုဖြစ်နိုင်ကြောင်း အဘောင်သားကျေးရွာက ထွက်ပြေးလာပြီး လုံခြုံသည့်နေရာတစ်နေရာသို့ ရောက်ရှိလာသည့် အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက Western News ကို ပြောသည်။ “ပထမတော့ သေနတ်ငယ်သံတွေနဲ့ ပစ်ခတ်တယ်ဗျ။ ပြီးတော့ လက်နက်ကြီးတွေနဲ့ပစ်တာပါ။ တော်တော် အကြာကြီးပစ်တယ်လို့ပြောလို့ရတယ်။ စစ်ကောင်စီနဲ့ AAတို့ တိုက်ပွဲဖြစ်တယ်လို့ထင်တာ။ မဟုတ်ဘူး။ စစ်ကောင်စီတပ်သား အချင်းချင်းမှားယွင်းပစ်ကြတာ”ဟုပြောသည်။ အဆိုပါကိစ္စနှင့်ပတ်သတ်၍ ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲပေ။

၁၀။ KNU ညောင်လေးပင်ခရိုင်ထဲမှာ တိုက်ပွဲဖြစ်လို့ ဒေသခံသုံးထောင်ကျော် ထွက်ပြေးနေရ
June 27, 2022
ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၃) ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး မြို့နယ်နဲ့ မုန်းမြို့နယ်ထဲမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပြီး ရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ထိခိုက်ဒဏ်ရာရသူတွေရှိသလို ဒေသခံ သုံးထောင် ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ KNU (ဗဟို) သတင်းနဲ့ ပြန်ကြားရေးက ဇွန်လ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲ သုံးကြိမ်လောက်ဖြစ်ခဲ့ပြီးနောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကျောက်ကြီးမြို့ နယ် အင်းနက်အုပ်စု၊ မုန်းမြို့နယ်၊ ရန်မျိုးအောင်ရွာ၊ နောင်ကုန်းရွာ စတဲ့ နေရာအသီးသီးက ဒေသခံ ၃၄၇၂ ဦး ဘေးလွတ်ရာ ထွက်ပြေးရတာလို့ ဆိုပါတယ်။ လက်နက်ကြီးတွေနဲ့ ပစ်ပြီး ရွာတွေထဲ ဝင်ရောက်တာကြောင့် ထွက်ပြေးနေကြရတာလို့ ဒေသခံ ကရင်လူမှုရေးရာ အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေက လက်နက်ကြီးတွေထုပြီး ရွာတွေထဲကိုဝင်တယ်။ ရွာသူ၊ရွာသားတွေက မနေရဲ တော့ဘူး။ လွတ်ရာကို ထွက်ပြေးကြရတယ်။ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်တွေကလည်း ဗျူဟာအရတော့ ထိုးစစ်ဆင်လာ တယ်။ နှစ်ဖက်ကတော့ တင်းမာနေကြတယ်။ တချို့အနီးနားက ရွာတွေကလည်း ကြောက်စိတ်ကြောင့် မနေရဲကြ တော့ဘူး” ဘေးလွတ်ရာထွက်ပြေးကြရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် လတ်တလော နေထိုင် စားသောက်ရေးအတွက် တတ်နိုင်သ လောက် ကူညီပေးနေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ ခလရ (၆၀)၊ ခမရ (၄၃၉)နဲ့ ခမရ(၃၅၁) ပူးပေါင်း အဖွဲ့တွေဟာ ဇွန်လ ၂၅ ရက် မနက် ၇ နာရီကျော်ကစပြီး အင်းနက်ရွာအုပ်စုထဲကို လက်နက်ကြီး အလုံး ၄၀ ကျော် ပစ်ခတ်ခဲ့တာကြောင့် ရွာသားငါးဦး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာတွေ ရခဲ့တယ် လို့လည်း ကူညီပေးနေသူတွေက ပြောပါတယ်။ အင်းနက်ရွာ သား အသက် ၃၅ နှစ်အရွယ် စောသက်ဝေစိုးက ဘယ်ဘက်ခြေသလုံး၊ အသက် ၃၀ နှစ်အရွယ် စောကျော်ကျော်က ဘယ်ဘက် ရင်အုံဘေး၊ အသက် ၂၇ နှစ်အရွယ် စောရန်နိုင်ဝင်းက ညာဘက် ခြေသလုံးနဲ့ ဘယ်ဘက်ခြေဖမိုး၊ အသက် ၃၀ နှစ်အရွယ် မငြိမ်းငြိမ်းစိုးက ညာဘက်ခြေသလုံးနဲ့ အသက် ၆၂ နှစ်အရွယ် ဒေါ်စန်းနွဲ့ကတော့ ညာဘက် လက်မောင်းမှာ အပြင်းအထန် ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။ https://www.rfa.org/burmese/news/nyaung-lay-pin-refugees-06272022090831.html

၁၁။ ဝါးတောင် စစ်ဘေးရှောင်စခန်းတွင် ၅ နှစ်အောက်ကလေး ၂၀ ကျော် ဝမ်းရောဂါဖြစ်ပွါးနေ
June 28, 2022
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် နေထိုင်နေသည့် ၅ နှစ်အောက် ကလေး ဦး ရေ ၂၀ ကျော်မှာ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွါးမှုရှိနေကြောင်း စခန်းတာဝန်ခံများက ပြောသည်။ ကျောက်တောမြို့နယ် က ဝါးတောင် စစ်ဘေးရှောင်စခန်းတွင် သောက်သုံးရေမသန့်ရှင်းမှုကြောင့် ပြီးခဲ့သည့် တစ်ပတ်ခန့်လောက်မှစ၍ ကလေး များမှာ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်နေရသည်ဟု ဝါးတောင်စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးနိုင်ထွန်းဝင်းက Western News ကိုပြောသည်။ “စခန်းက (၅) နှစ်အောက် ကလေး (၂၀) ကျော်မှာ ဝမ်းပျက်၊ ဝမ်းလျော ရောဂါဖြစ်နေတယ်။ ကျန်းမာရေးဌာန ကတော့ ရေကြောင့် ဖြစ်တာလို့ပြောတယ်။ ကျန်မာရေးဌာနက လာဆေးကုပေးတော့ တစ်ချို့က နေကောင်းသွားကြ ပေမယ့် တစ်ချို့ကတော့ ရောဂါ ဖြစ်ပွါးမှု ရှိနေတုန်းဖြစ်တယ်” ဟုပြောသည်။

ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် ပြီးခဲ့သည် ဇွန်လ ၁၇ ရက်နေ့နောက်ပိုင်းမှစပြီး ကလေးငယ် များတွင် ဝမ်းရောဂါ ဖြစ်ပွါးမှု ရှိနေခြင်းဖြစ်သည်။ အဆိုပါ စခန်းတွင် ၅ နှစ်အောက် ကလေးငယ် ၈၅ ဦးရှိသည်။ ဝါးတောင် စစ်ဘေးရှောင်စခန်းတွင်နေထိုင်သူများမှာ သုံးရေအတွက် ချောင်းရေကို အသုံးပြုနေရပြီး သောက်သုံးရေအတွက် စခန်းအနီး တွင်းရှိသည့် ရေကန်မှ ကန်ရေကို အသုံးပြုနေရခြင်းဖြစ်သည်။ ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၁၅၇ စုမှ လူဦးရေ ၈၉၃ ဦး နေထိုင်နေကြပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AAတို့ တိုက်ပွဲ ဖြစ်ပွါးပြီးနောက် ကျောက်တော်မြို့နယ် သလူချောင်းအုပ်စုမှ ခမောင်း၊ သိမ်ချောင်း၊ ကန်ဘိ၊ တဲဝ၊ လေကွိ ၊ ငါးစရိုင်းချောင်း၊ ပညာဝ၊ ကျောက်တန်း စသည့် ကျေးရွာ (၈) ရွာမှ မြို နှင့် ရခိုင်လူမျိုးများ ထွက်ပြေးလာခဲ့ကြသည်။ ရခိုင်တွင် လက်ရှိအချိန် အထိ မိမိတို့နေရပ်များအား မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ၆ သောင်းကျော်အထိ ရှိနေသေးသည်။

၁၂။ ရွာငံမြို့နယ်အတွင်း ပြည်သူများကို PDF အကြောင်းပြပြီး စစ်ကောင်စီဖမ်းဆီးနေ
June 27, 2022
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းရှိ ပြည်သူများကို PDF တပ်ဖွဲ့နှင့် ဆက်စပ်သည်ဟုစွပ်စွဲကာ အာဏာသိမ်း စစ်ကောင်စီတို့မှ နေအိမ်များ ဖျက်ဆီးပြီး၊ ပြည်သူတချို့ကိုလည်း ဖမ်းဆီးမှု ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။ ရွာငံမြို့နယ် ဆင်ဆာပြားကျေးရွာရှိ နေအိမ် (၁) လုံး နှင့် ကျောက်ငှက်ကျေးရွာရှိ နေအိမ် (၆)လုံး၊ ကား (၂) စီးတို့ကို စစ်ကောင်စီ မှ ဖျက်ဆီး ခဲ့ပြီး၊ ဒေသခံ (၇) ဦးတို့ကို ဖမ်းဆီးသွားကြောင်း ရွာငံမြို့နယ် အသက် ၂၅ နှစ်အရွယ်ရှိ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မနေ့က စစ်ကား နှစ်စီး အင်အားက ၃၀ လောက် ရွာထဲကိုဝင်လာပြီးတော့ အမည်စာရင်းတွေ ခေါ်တယ်၊ ပြီးတော့ ရွာလူကြီးနဲ့ အဲ့အိမ်တွေကို သွားပြီးဖျက်ဆီးကြတာ၊ သော့ဖျက်တယ်၊ ပြတင်းပေါက်တွေ ၊ တံခါးတွေ ဘီဒိုတွေ ရစရာမရှိအောင် ဖျက်ဆီးသွားတယ်၊ နောက် အိမ် ၆ လုံးပါသွားတယ်၊ အိမ်ရှင်တွေကတော့ ရှောင်နေကြရတယ်” ဟု ၎င်း လူငယ်ကဆိုသည်။

ထို့အပြင် ရွာထဲရှိ အမျိုးသား နှင့် လူငယ် ၇ ဦးကိုလည်း စစ်ဆေးမေးမြန်းရန် ရှိသူဟု ဆိုကာ နာမည်စာရင်းနှင့် တကွ ဖမ်းဆီးခေါ်ဆောင်သွားပြီး မည်သို့နေရာ ခေါ်ဆောင်သွားကြောင်းလည်း မသိရသေးပေ။ အလားတူ ရွာငံမြို့နယ်မှ ဆင်ဆာပြား ကျေးရွာရှိ နေအိမ်နှင့် ရွာသား ၇ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရကြောင်း ထွက်ပြေးတိမ်းရှောင် နေရသည့် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ရွာထဲကို စစ်ကား ၆ စီးဝင်လာပါတယ်၊ ကားနှစ်စီးနဲ့ လူ ၇ ယောက်ဖမ်း ခေါ်သွားတယ်၊ ကျနော်တို့အိမ်ကိုလည်း ဖျက်ဆီးသွားတယ်၊ အခုဆို ရွာထဲမှာ လူလတ်ပိုင်းတွေအကုန်ထွက်ပြေးနေပြီ၊ ကျနော်တို့ကတော့ ရွာထဲကနေ ရှောင်ထွက်လာတာ ကြာပါပြီ၊ အိမ်ကိုသူတို့ (စကစ)တွေ လာဖျက်ဆီးသွားတဲ့ သတင်းကိုအမျိုး တွေဆီကသိရတယ်”ဟု ဆင်ဆာပြားကျေးရွာမှ အသက် ၂၀ ကျော် အမျိုးသားက ပြောသည်။ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ တို့သည် ၎င်းတို့ကို တော်လှန်တိုက်ခိုက်နေသည့် PDF များအား နှိမ်နင်းတိုက်ခိုက်ခြင်း မပြုလုပ်နိုင်သော်လည်း ဒေသခံ ပြည်သူ လူထု နှင့် နေအိမ်ဖျက်ဆီးခြင်းများကို စစ်ဆင်ရေးသဖွယ်အသုံးပြုလာကြောင်း ဒေသခံများက ပြောသည်။ https://burm ese.shannews.org/archives/28792

၁၃။ ဓာတ်အားခတောင်းခံလွှာများတွင် မီတာယူနစ်ကွာဟနေမှုများ မကြာခဏ ဖြစ်ပွားနေဟုဆို
June 28, 2022
ရခိုင်ပြည်၊ စစ်တွေမြို့ ရပ်ကွက်တစ်ချို့က နေအိမ်အချို့၌ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန (လျှပ်စစ်ရုံး) မှ ကောက်ခံ လာသည့် ဓာတ်အားခတောင်းခံလွှာများတွင် မီတာယူနစ်များ မှားယွင်းနေမှုများရှိနေပြီး ငွေကြေးပိုတိုး ကောက်ခံမှုများ ဆက် တိုက် ဆိုသလိုဖြစ်ပွားနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ နေအိမ် မီတာဘုတ်တွင် ဖော်ပြနေသည့်မီတာယူနစ်နှင့် ကောက်ခံလာသော မီတာဖြတ်ပိုင်းတွင်ပါရှိသည့် မီတာယူနစ်မှာ ထောင်ပေါင်းများစွာကွာဟမှုများရှိနေပြီး ယခုကဲ့သို့ကွာခြား မှုများရှိနေသည်မှာ လပေါင်းများစွာကြာမြင့်နေပြီဖြစ်ကြောင်း စစ်တွေမြို့ရွာကြီးမြောက်ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြော သည်။ “အိမ်ကမီတာဘုတ်မှာ သုံးစွဲယူနစ်က ၁၆၀၀ကျော်ပဲရှိသေးတာ။ သူတို့ပေးလာတဲ့ ဖြတ်ပိုင်းမှာက ယူနစ် ရ၀၀၀ ကျော် နေပြီ။ ကျမလည်း မီတာရုံးကိုသွားပြီး ရှင်းပြခိုင်းတော့ အမှားကိုတော့ဝန်မခံဘူး။ အဲဒီပိုတွက်ထားတဲ့ ယူနစ်အတိုင်း ပေးဆောင် လိုက်ရတယ်။ ပြီးတော့ ညှိနှိုင်းပေးမယ်ဆိုပြီး အိမ်ကမီတာဘုတ်ထဲက ယူနစ်ပြဂဏန်းမှာ ပိုတွက်ထားတဲ့ မီတာယူနစ်စာရွက် ထဲက ယူနစ်ရောက်တဲ့အထိ မီတာခမပေးဆောင်ရဘူးလို့ပြောတယ်။ ကျမတို့အိမ်ကတော့ သတိထားပြီး သွားပြောလို့ အဆင် ပြေလိုက်ပေမယ့် တခြားမသိဘဲမီတာခတွေပိုပေးဆောင်နေရတာ ဘယ်နှအိမ်တောင်ရှိနေမယ်မသိဘူး” ဟု ရွာကြီးမြောက် ရပ်ကွက်နေ မနွယ်နွယ်က DMG သို့ပြောသည်။

အလားတူ မီတာယူနစ်ကွာဟနေမှုများကြောင့် မီတာခပိုမိုပေးဆောင်နေရပြီး စီးပွားရေးကြပ်တည်းကနေချိန်များတွင် ယခုကဲ့သို့ မီတာခပိုမိုပေးဆောင်နေရသည်မှာ ငွေကြေးအခက်အခဲများဖြစ်စေကြောင်း ဓညဝတီရပ်ကွက်နေ ဦးလှမြင့်က DMG သို့ပြောသည်။ “အိမ်မှာက လျှပ်စစ်မီးကို ထမင်းဟင်းချက်ဖို့၊ ရေတင်ဖို့နဲ့ မီးထွန်းဖို့လောက်ပဲသုံးတာ။ အဝတ်လျှော်စက်တို့ ၊ ရေခဲသေတ္တာတို့လည်းအိမ်မှာမရှိဘူး။ အရင်ကတော့ ပုံမှန်၈၀၀၀၊ ၉၀၀၀ လောက် မီတာခဆောင်ရတယ်။ မီတာခတွေက တစ်သောင်းခွဲ၊ နှစ်သောင်းလောက်ဆောင်နေရတာက ငါးလလောက်တော့ရှိပြီ။ အသိတစ်ယောက်ကအကြံပေးလို့ မီတာ ယူနစ် တွေ စစ်ကြည့်တဲ့အခါ အများကြီးကွာဟနေတာတွေ့တယ်။ မီတာရုံးကိုသွားပြောလိုက်တော့ ဖြတ်ပိုင်းက ယူနစ်နဲ့ မီတာဘုတ် က ယူနစ်နဲ့တူတဲ့အချိန်ထိ မီတာခမကောက်ခံဘဲ နေပေးမယ်လို့တော့ ပြောပါတယ် ” ဟု၎င်းက ဆိုသည်။ မီတာယူနစ်များ မှားယွင်းနေခြင်း၊ မီတာခ အဆမတန် အပိုထမ်းဆောင်နေရခြင်းမှာ စစ်တွေမြို့တစ်ခုတည်းမဟုတ်ဘဲ ရခိုင်ပြည်အတွင်းက မြို့နယ်အားလုံးတွင် ဖြစ်ပျက်လျက်ရှိကြောင်း DMG မှ စုံစမ်းသိရှိရသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ မီတာခ ကောက်ခံ နေမှုအား စနစ်တကျဖြင့် မှန်မှန်ကန်ကန် ဓာတ်အားခ ကောက်ခံပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုနေကြသည်။ အဆိုပါမီတာယူနစ်များ ကွာဟနေမှုများကို မည်သို့မှန်ကန်အောင်ဆောင်ရွက်ပေးမည်ကို စစ်တွေမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ရုံးမှ တာဝန်ရှိသူတစ်ဦးအား DMG မှ သွားရောက်မေးမြန်းခဲ့ရာ ခွင့်ပြုချက်မရရှိသေးသောကြောင့် မဖြေကြားနိုင်ပါဟုသာ တုန့်ပြန်ပြောကြားခဲ့သည်။

၁၄။ ဝေါလေ-ဥကရစ်ထ စစ်ကောင်စစ်စခန်းတိုက်ပွဲကြောင့် အရပ်သား ၃၀၀ ခန့် ပိတ်မိနေ
June 27, 2022
မြဝတီတောင်ဘက်ရှိ ဥကရစ်ထ စစ်ကောင်စီစစ်ဆင်ရေးခြေကုတ်စခန်း တိုက်ပွဲကြောင့် ဝေါလေ မြို့နယ်ခွဲ ရပ်ကွက် နေပြည်သူ ၃၀၀ ၀န်းကျင်ခန့်သည် နေအိမ်ကတုတ်ကျင်းများအတွင်း ပိတ်မိခိုလှုံနေကြရသည်ဟု ဒေသခံများက ပြောသည်။ ဝေါလေမြိုင် မြို့နယ်ခွဲ အမှတ် -၂ ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ” ဝေါလေ အမှတ် ၂ ရပ်ကွက်၊ ဂျပန်၀င်းလို့ ခေါ်တဲ့ ဂျပန် တွေ ဆောက်ပေးတဲ့ ငြိမ်းချမ်းရေးအိမ်ယာ၀င်းဘက်မှာ ရပ်ကွက်သားတွေ ၃၀၀ လောက် ပိတ်မိနေတယ်။ တခြားရပ်ကွက် အပိုင်း တွေလည်း လက်နက်ကြီး ကျမှာကြောက်လို့ မြေကတုတ်တွေထဲနေနေကြတယ်”ဟု ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့-KNDO ပူးပေါင်းတပ်များ ဘက်မှ ဥကရစ်ထ စစ်ကောင်စစ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နေသည့် တိုက်ပွဲတွင် ညနေပိုင်းအထိ ဆက်လက်ဖြစ်ပွားနေပြီး အဆိုပါ စခန်းကုန်းဘက်သို့ စစ်ကောင်စီ ဝေါလေဗျူဟာကုန်းနှင့် ထီးသဲဘလယ် လက်နက်ကြီးကုန်းတို့မှ လက်နက်ကြီးများ ပစ်ခတ်ခြင်းတို့ လုပ်ဆောင်နေဆဲဖြစ်သည်။ ထိုတိုက်ပွဲဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံ ဝေါလေဘက်အခြမ်းတွင် ထိုင်းနယ်ခြားစောင့် စစ်တပ်မှ ဝေါလေဒေသ နယ်စပ် တစ်လျှောက် ပိတ်ဆို့ တပ်ဖြန့်စောင့်ကြည့်နေပြီး မြန်မာဘက်အခြမ်း စစ်ဘေးရှောင်သူများ အနေဖြင့် ဆက်လက် တိုက်ပွဲပြင်းထန်လာပါက ထိုင်းနိုင်ငံဘက်အခြမ်းသို့ ခိုလှုံစစ်ဘေးရှောင်ကြရမည့် အခြေအနေ ဖြစ်နေ ကြောင်း စစ်ဘေးရှောင် သူများပြောစကားအရ သိရသည်။ https://kicnews.org/2022/06/%e1%80%9d%e1%80%b1%e 1%80%ab%e1%80%9c%e1%80%b1-

၁၅။ မူဆယ်မြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်
June 27, 2022
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှင့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တို့မှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ (ဇွန်လ ၂၆ )ရက် ညနေ ၂ နာရီဝန်းကျင်မှ စတင်ကာ မူဆယ်မြို့နယ် နမ့်တောင်းကျေးရွာဘက်တွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိ ရသည်။ “တိုက်ပွဲက မစခင် ၂ နာရီမှာ လက်နက်ကြီးလေးလုံးနဲ့အရင်ဆုံးစပစ်တယ်၊ အဲ့ကနေ ပစ်ခတ်သံတွေ ဆက်တိုက် ကြား ရပြီး ၄ နာရီလောက်မှ တိုက်ပွဲက ငြိမ်သွားတယ်၊ အဲ့တိုက်ပွဲအပြီး ည ၁၁ နာရီရောက်တော့ ၁၀၅ မိုင်ဘက် မှာ ရှိတဲ့ စစ်ကောင်စီ တွေက လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်လို့လည်း သိရတယ်”ဟု မူဆယ်မြို့ခံ အသက် ၃၀ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့သည် ကိုးကန့်တပ်မတော် MNDAA ဟု ဒေသခံများက ပြောဆိုသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ ထို့အပြင် ယင်းတိုက်ပွဲမှ စစ်ကောင်စီတို့ ပစ်လိုက်သည့် လက်နက်ကြီးကျည်ဆန်များသည် ကျေးရွာနှင့် လွန်စွာနီးကပ်သည့် အနေအထားတွေကျ ရောက် ပေါက်ကွဲသဖြင့် ဒေသခံများက ထိတ်လန့်စိုးရိမ်နေကြကြောင်းလည်း သိရသည်။ “အခုတစ်ခေါက် ပစ်လိုက်မယ်ဆိုရင် တော့ လက်နက်ကြီးက ရွာထဲကို ကျမှာအမှန်ပဲ၊ အခုလို လက်နက်ကြီးနဲ့ ရွာတွေဘက် ရမ်းပစ်တာ မဖြစ်သင့်ပါဘူး၊ ကျနော်တို့ ဒေသခံတွေအနေနဲ့ လယ်ခြံသွား လုပ်ကိုင် စားသောက်ဖို့ ခက်ခဲပါတယ်၊ ပြီးတော့ စိုးရိမ်ထိတ်လန့်မှုနဲ့ စိတ်ဒုက္ခ ရောက်ရတယ်” ဟု လက်နက်ကြီးကျသည့် နမ့်သောင်းကျေးရွာခံ တစ်ဦးက ပြောသည်။ မူဆယ်မြို့နယ်အတွင်းတွင် တိုက်ပွဲ များ မကြာခဏ ဖြစ်ပွားလေ့ရှိသည့်အတွက် ဒေသခံများစုပေါင်းကာ ကျေးရွာအနီးပတ်ဝန်းကျင်တွင် တိုက်ပွဲမဖြစ်ကြရန် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့နှင့် စစ်ကောင်စီတို့ကို တောင်းဆို လိုကြောင်းလည်း သိရသည်။ https://burmese.shannews.org/a rchives/28805

၁၆။ ထုံးဘိုလေးရွာ မီးရှို့ခံရစဉ် အမျိုးသမီးအပါအဝင် အရပ်သား (၅)ဦးထက်မနည်း သတ်ဖြတ်ခံရပြီး ၇,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်ရ
June 27, 2022
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်တပ်မဟာ(၁)နယ်မြေ၊ သထုံမြို့နယ်ရှိ ထုံးဘိုလေး ကျေးရွာကို ဇွန်လ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့စဉ် အမျိုးသမီးအပါအဝင် အရပ်သား (၅)ဦး ထက်မနည်း သတ် ဖြတ်သွားကာ ဒေသခံ ၇,၀၀၀ နီးပါးလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။ စစ်ကောင်စီတပ်နှင့် နယ်ခြား စောင့်တပ်-BGF ယူနီဖောင်းဝတ်ထားသူများအပါအဝင် အင်အား ၃၀၀ ခန့်သည် ယမန်နေ့ညနေပိုင်းတွင် ထုံးဘိုလေး ကျေးရွာ ထဲကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာရှိ သာသနာ့ အဆောက်အဦးဘုန်းကြီးကျောင်းနှင့် ဒေသခံလူနေအိမ်များကို မီးရှို့ ဖျက်ဆီးသည့်အပြင် ဒေသခံအမျိုးသမီး(၂)ဦးနှင့် အမျိုးသား (၃)ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်သတ်သွားခဲ့သည်ဟု ထွက် ပြေးတိမ်းရှောင်နေရသည့် ဒေသခံ၏ ပြောဆိုချက်အရသိရသည်။ “ညနေ(၄)နာရီမှာ ရွာကိုမီးရှို့တယ်။ နောက်ပြီးဘုန်းကြီး ကျောင်းလည်းပါတယ်။ သူတို့ထဲမှာ BGF လည်းပါတယ်။ ရွာမှာကျန်တဲ့လူတွေကိုလည်း သတ်တယ်။ ညှင်းပမ်းနှိပ်စက်ပြီး သတ် တယ်။ အသတ်ခံရတဲ့အထဲမှာ အပျိုမိန်းကလေးလည်းပါတယ်။ အိမ်ထောင်ရှိသူတွေလည်းပါတယ်။ တက်လာပြီး ရွာကိုတန်း ပြီးမီးရှို့တာပဲ။ အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့အထဲမှာ ၁၀၀ ကျော် မီးရှို့ခံရတယ်။”ဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထုံးဘိုလေးကျေးရွာကို စစ်ကောင်စီစစ်ကြောင်း ထိုးတက်လာစဉ် နယ်မြေခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်နှင့်လည်း ပစ်ခတ်မှု ဖြစ်ပွားမှုရှိခဲ့ပြီး လက်ရှိအချိန်တွင် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထုံးဘိုလေးကျေးရွာတွင် တပ်စွဲထားဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။ ကျေးရွာမီးရှို့ခဲ့သည့် စစ်ကောင်စီတပ်မှာ ဝီယော် စခန်းမှ တက်လာသည့် ခြေမြန်တပ်ရင်း-ခမရ(၉)ဖြစ်ပြီး တပ်အင်အားအလုံးအရင်းဖြင့် တက်လာကာ ရွာကိုမီးရှို့သွားသည့် အတွက် ထုံးဘိုလေးဒေသခံအပြင် ထုံးဘိုကြီး ၊ ကော့လှိုင်းနှင့် ဝီယော်ကျေးရွာများရှိ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင် နေရသည်ဟု သိရသည်။ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံ ၇၀၀၀ ခန့်သည် အချို့မှာ နီးစပ်ရာ သထုံ၊ ကျိုက်ကော်နှင့် ကျိုက်ထိုမြို့များဘက်သို့ သွားရောက်တိမ်းရှောင်သူရရှိသလို နီးစပ်ရာကျေးရွာနှင့် တောတောင်များထဲတွင် သွားရောက် တိမ်းရှောင်နေရသူရှိသည့်အတွက် နေရာထိုင်ခင်း၊ စားသောက်ဖွယ်ရာများ အရေးပေါ်လိုအပ်လျက်ရှိသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ https://kicnews.org/2022/06/%e1%80%91%e1%80%af%e1%80%b6%e1%80%b8%e1% 80%98%e1%80%ad%e1%

၁၇။ ရွှေကူမြို့တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးကို စစ်ကောင်စီက ဖမ်းဆီး
28 June, 2022
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့ ရပ်ကွက် (၁) ရှမ်းကုန်းမှာနေတဲ့ မသဲသဲ(ရွှေမြင့်မိုရ်)နာမည်နဲ့ အွန်လိုင်းက‌ နေဈေးရောင်းတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးကို “ထပ်တူခံပြန်စားရပါစေ” ဆိုတဲ့ မှတ်ချက်ရေးသားလို့ ဇွန် ၂၇ ရက်နေ့ညမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လာရောက် ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ပြည်တွင်း သတင်းဌာန တခုက ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်နေ့က ရေးသား‌ဖော်ပြထားတဲ့ (ပွင့်ဖြူ PDF ၁၂ ဦးကျဆုံးကာ ၃ ဦး အဖမ်းခံရမှုတွင် အဓိကလက် သည် စစ်ကောင်စီတပ်ဘက်က တပ်မှူး) ဖြစ်ကြောင်း ရေးသားထားတဲ့ သတင်း‌အောက်မှာ “ထပ်တူခံပြန်စားရပါစေ” ဆိုတဲ့ မှတ်ချက်ပေးထားတဲ့စာကြောင့် လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။ “အရပ်ဝတ်တွေနဲ့ လာခေါ်သွားတာ အဲ့ဒီအမျိုးသမီး က မွေးခါနီးနေပြီ၊ ကိုယ်ဝန်အရင့်အမာကြီးနဲ့ အွန်လိုင်းမှာ ဈေးရောင်းရင်း မွေးစရိတ်စုနေတာ” လို့ သူနဲ့ရင်းနှီးတဲ့ အသိုင်း အဝိုင်းက DVB ကို ပြောပါတယ်။

အဆိုပါအမျိုးသမီးရဲ့ အမျိုးသားနဲ့ အသက် ၂ နှစ်အရွယ်သားအပါအဝင် အစ်မဖြစ်သူကိုပါ ဖမ်းဆီးခေါ်ဆောင်သွားပြီး ညတွင်းချင်း ပြန်လွှတ်ပေးပေမယ့် မသဲသဲကိုတော့ ရဲစခန်းမှာ ဆက်လက်ဖမ်းဆီးထားတယ်လို့ မြို့ခံတွေက‌ ပြောပါတယ်။ စစ်ကောင်စီကို ထောက်ခံတဲ့ Ko Khant အမည်ရှိ လူမှုကွန်ရက်စာမျက်နှာ Telegram မှာ ဇွန်လ ၂၃ ရက်နေ့က မသဲသဲ ဓာတ်ပုံ တွေနဲ့ မှတ်ချက်ပေးထားတဲ့ စာကြောင်းကိုဖော်ပြကာ ဖုန်းနံပါတ်နဲ့ နေရပ်အတိအကျပေးပြီး ဖမ်းဆီးဖို့ ရေးသားထားတာလို့ ဆိုပါတယ်။ http://burmese.dvb.no/archives/540797

၁၈။ ရေးမြို့နယ်မှာ ပြည်သူ့စစ် ၅ ဦးအသတ်ခံရပြီး သေနတ်တွေ ပျောက်ဆုံးနေ
June 28, 2022
မွန်ပြည်နယ် ၊ ရေးမြို့နယ် ၊ အစင်စံပြကျေးရွာရဲ့ ရွာဝင်တံတားမှာ လုံခြုံရေးကျနေတဲ့ ပြည်သူ့စစ် ၅ ဦးဟာ မနေ့ ဇွန် ၂၇ ရက် ညပိုင်းက အသတ်ခံရပြီး သူ့တို့ကိုင်ဆောင်ထားတဲ့ သေနတ်တွေလည်း ပျောက်ဆုံးနေတယ်လို့ အစင်စံပြကျေးရွာခံ တွေဆီက သိရပါတယ်။ ” သေဆုံးသူ ၅ ဦးက၊ ရွာက ပြည်သူ့စစ်တွေဖြစ်တယ် ၊ ရွာအဝင်တံတားမှာ လုံခြုံရေးတာဝန်ထမ်း ဆောင်နေတဲ့အချိန် ဆိုင်ကယ် ၃ စီးနဲ့ လူ ၆ ယောက်က လာပစ်သွားတာပါ ၊ သေနတ် ၄ လက်လည်း သူတို့ရသွားတယ် “လို့ အစင်ရွာခံတယောက်က ပြောပါတယ်။ ရေးမြို့နယ် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က” ပြည်သူ့စစ်တွေဖြစ်ကြတဲ့ ဦးသန်းဌေး ၊ ဦးမြင့်စိုး ၊ ဦးမင်းမင်း ၊ ဦးတင်ဦးနဲ့ ဦးကိုကို တို့ ၅ ဦးကျပြီး သေနတ် ၄ လက် ပျောက်ဆုံးနေတာပါ ” လို့ ပြောပါတယ်။ ဒီမနက်မှာတော့ ရေးမြို့နယ် လုံခြုံရေးအဖွဲ့ဟာ အစင်ရွာဘက်ကို နယ်မြေရှင်းလင်းရေး လုပ်ဖို့ အင်အားအများအပြားဝင် ရောက်လာတယ်လို့ သိရပါတယ်။ အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်ဟာ ဘယ်အဖွဲ့စည့်းက ပစ်ခတ်သွားတယ်ဆိုတာ ဒီကနေ့ နေ့လယ်ပိုင်း အထိတော့ အတည်ပြုနိုင်တာ မရှိသေးဘူးလို့ သိရပါတယ်။

၁၉။ သီပေါ-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်မှာ အမျိုးသားတစ်ဦး ကားကြိတ်ခံရပြီး သေဆုံး
June 28, 2022
ရှမ်းမြောက် သီပေါမြို့နယ် စံလောင်းနဲ့ ကုံးမုံကျေးရွာကြားရှိ ပြည်ထောင်စုလမ်းမပေါ်မှာ အမျိုးသားတစ်ဦး ကားကြိတ် ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ မနေ့မနက်အစောပိုင်းမှာ စံလောင်းနဲ့ ကုံးမုံကျေးရွာကြားရှိ လမ်းမကြီးပေါ်မှာ စိတ်ဝေဒနာ ခံစားနေရတဲ့ အမျိုးသားတစ်ဦး ကားကြိတ်ခံရပြီး ခန္ဓာကိုယ် တစ်စစီဖြစ်ပြီး သေဆုံးသွား တယ်လို့ နယ်စည်း မခြားပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။ “ဘယ်လိုဖြစ်တာလဲတော့ ကျနော်မသိဘူး။ မနေ့က မနက်အစောပိုင်း ၆ နာရီဝန်းကျင်မှာ လမ်းမကြီးပေါ် ကားကြိတ်ခံရတဲ့အလောင်းရှိတယ်ဆိုပြီး ဖုန်းဆက်အကူအညီတောင်း လာတယ်။ သွားရောက်တဲ့အချိန်မှာ အဲလူက လမ်းအလယ်ခေါင်မှာ ကားကြိတ်ခံထားရတာ” အဆိုပါ ကားကြိတ်ခံရတဲ့ အမျိုးသားဟာ အသက် (၅၀)ဝန်းကျင်ရှိပြီး ပတ်ဝန်းကျင်ပြောကြားချက်အရ ၎င်းဟာ စိတ်မနှံ့သူဖြစ်ပြီး သူ့ရဲ့အသေးစိတ် အချက်အလက်ကို မသိရသေးသလို ကားနဲ့ ကြိတ်သွားသူကိုလည်း မသိရသေးဘူးလို့ ၎င်းက ဆက်ပြောပါတယ်။ သေဆုံးသွား တဲ့ ရုပ်အလောင်းကိုတော့ နယ်စည်းမခြား ပရဟိတအသင်းက သီပေါဆေးရုံရဲ့ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

၂၀။ စစ်တွေရှိ ကမန် ကျောင်းသားများ ကျောင်းဖွင့်ပြီးနောက် ၁ လကြာသည်အထိ ကျောင်းတက်ခွင့်မရသေး
June 28, 2022
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သာယာကုန်းကျေးရွာရှိ ကမန်ကျောင်းသား/သူများသည် အခြေခံပညာကျောင်းများ ဖွင့်ပြီးနောက် ၁ လ ကြာသည်အထိ ကျောင်းတက်ခွင့်မရကြသေးဟု ကျေးရွာရှိ ရပ်မိ ရပ်ဖ ဦးမောင်နီသာ က နိရဉ္စ်ရာကို ပြောသည်။ “ကျောင်းကဖွင့်ပြီးလားဆိုတော့ မဖွင့်သေးဘူး။ ကျောင်းအပ်လို့ရပြီ၊ ကျောင်းသားလက်ခံလို့ရပြီဆိုတဲ့ အကြောင်း ကိုလည်း ပြည်နယ်ပညာရေးမှူးက အကြောင်းမပြန်သေးဘူး”ဟု ပြောသည်။ သာယာကုန်းကျေးရွာရှိ အထက(ခွဲ)ကျောင်းကို ၂၀၁၈ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရခိုင်ပြည်ဝန်ကြီးချုပ် ဦးညီပုတို့ အပါအဝင် ပြည်နယ်/ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ ကိုယ်တိုင်လာရောက်ပြီး ဆောက်လုပ်ဖွင့်လှစ်ပေးခဲ့သည်ဟု သိရသည်။ သို့သော် အဆိုပါကျောင်းသည် တရားဝင်ကျောင်းမဟုတ်သေးဟုဆိုကာ မြို့နယ်ပညာရေးမှူးက ယခုနှစ် စာသင်နှစ်တွင် ယင်းကျောင်းအတွင်း ကျောင်းအပ်ခွင့်နှင့် ကျောင်းတက်ခွင့်တို့ကို တားမြစ်ခဲ့သည်။

ယင်းသို့တားမြစ်ခဲ့သည့်အတွက် အဆိုပါကျောင်းတွင် ယခုနှစ်တက်ရောက်ကြရမည့် သာယာကုန်းရွာအပါအဝင် သင်္ဂနက်နှင့် သက်ကယ်ပြင်စသည့် ကမန်ကျေးရွာ ၃ ရွာရှိ ကျောင်းသူ၊ ကျောင်းသား ၄၆ ဦးသည် ယနေ့အထိ ကျောင်းတက် နိုင်ခွင့်မရဘဲဖြစ်နေကြသည်ဟု ကျောင်းသားမိဘများက ပြောသည်။ ယင်းကျောင်းသူ/ကျောင်းသားများ ကျောင်းတက်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဟု စစ်ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် နှင့် ပြည်နယ်ပညာရေးမှူး ဦးဆောင်သောအဖွဲ့က ဇွန်လ ၁၃ ရက်တွင် ယင်းရွာသို့ကွင်းဆင်းစစ်ဆေးစဉ် ပြောဆိုသွားခဲ့သော်လည်း လက်ရှိအချိန်ထိ ကျောင်းတက်ခွင့်မရဘဲ ဖြစ်နေသေး သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်လှိုင်က နိရဉ္စ်ရာကိုပြောသည်။ ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်ကို ဆက်သွယ်ရာ သူက စစ်တပ်ဝင်းထဲရှိ အလက(၉)ကျောင်းတွင် တွဲဘက်အနေဖြင့် တက်ရောက်သင်ကြားနိုင်ရန် ယင်းကျောင်းရှိ စာသင်ခန်းများကို လာမည့် စနေနှင့် တနင်္ဂနွေနေ့များတွင် အပြီးပြန်လည်ပြုပြင်နေပြီဟု ပြောသည်။ လက်ရှိ တွင် သာယာကုန်းရွာရှိ မူလတန်းနှင့် အလယ်တန်းကျောင်းသူ/သားများသည်လည်း အလက(၉)ကျောင်းတွင် သွားရောက် ပညာသင်ယူလျက်ရှိသည်ဟု သိရသည်။

၂၁။ မိုင်းယော်တိုက်နယ် ဗုံးပေါက်ကွဲ ၄လ အရွယ်ကလေး သေဆုံး၊ ၂ဦးပြင်းထန်စွာ ဒဏ်ရာရ
June 28, 2022
သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းယော်တိုက်နယ် ပန်ခုတ်ကျေးရွာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လေးလ အရွယ်ရှိ ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်းသတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့လည် ၁၂ နာရီဝန်းကျင်အချိန်တွင် ဖခင်ဖြစ်သူ လယ်တောမှ ကောက်ယူလာပြီး မပေါက်ကွဲသေးသည့် ဗုံးတစ်လုံး ကို အသက် ၇ နှဏ်အရွယ် နှင့် လေးလပိုင်းအရွယ် ကလေးငယ်နှစ်ဦး အတူဆော့ကစားရာမှ ထိမိပြီးဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “သူ့အဖေက ယာတောကနေ ကောက်လာခဲ့တဲ့ဗုံးပေါ့၊ အဲ့ဒါကို ကလေးငယ်နှစ်ဦးက ထိမိပြီး ပေါက်ကွဲသွားတယ်၊ လေးလအရွယ်ကလေးငယ်တော့ ပွဲချင်းပြီးသေပြီး သူ့အစ်ကိုနဲ့ အိမ်ထဲရှိနေတဲ့ အဖေဖြစ်သူက ဒဏ်ရာ ပြင်းပြင်း ထန်ထန်ရသွားတယ်၊ အခုတော့ သူတို့သားအဖကို ဆေးရုံမှာ တင်ထားတယ်” ဟု ပန်ခုတ်ရွာခံမှ အသက် ၃၀ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ဖခင်ဖြစ်သူမှ ခြေသလုံးတွင် ဒဏ်ရာ ၃ ချက်နဲ့ ၇ နှစ်ဝန်းကျင်သားဖြစ်သူက ခြေထောက်၊ ဦးခေါင်း၊ ဝမ်းဗိုက်နှင့် လည်ပင်းတို့မှ (၁၅) ချက်မနည်းသည့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း လည်း သိရသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရှိသူ သားအဖ နှစ်ဦးကို မိုင်းယော်တိုက်နယ်ဆေးရုံမှ တစ်ဆင့် လားရှိုးမြို့ပြည်သူ့ ဆေးရုံ ကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။ “ဒီဖက်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ကများတော့ ဘယ်တပ်ဖွဲ့ရဲ့ လက်နက် အကြွင်းအကျန်တော့ မသိရပါဘူး၊ ပြီးတဲ့လမှာလည်း နားဖိုင်းကျေးရွာတို့ ခိုခမ်းကျေးရွာတို့မှာလည်း ဗုံးပေါက်ကွဲလို့ ကလေး တွေ သေဆုံးခဲ့တာ ရှိခဲ့ဖူးတယ်” ဟု ၎င်း အမျိုးသားက ဆက်ပြောသည်။

၂၂။ ကေအိုင်အေစိုက်ထူထားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်းဘုတ်များကို စစ်ကောင်စီဖျက်ဆီး
28 June, 2022
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကေအိုင်အေ စိုက်ထူထားတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆိုင်းဘုတ်တွေကို ဇွန် ၂၇ ရက် မနက်အ‌စောပိုင်းမှာ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်တွေက ဖျက်ဆီးတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။ ဆိုင်းတောင်ကျေးရွာအဝင်မှာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စိုက်ထူထားတဲ့ဆိုင်းဘုတ် တွေကို ချိုးဖဲ့ဖျက်ဆီးခဲ့တာလို့ဆိုပါတယ်။ ဒေသခံအမျိုးသားတစ်ဦးက “စစ်သား‌တွေ ရဲတွေ အယောက် ၃၀ လောက်ရှိမယ်။ အဲ့ဒီဆိုင်းဘုတ်တွေကို ရိုက်ချိုး ဖျက်ဆီးသွားတယ်”လို့ ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆိုင်းဘုတ်ကို ဇွန် ၂၅ ရက်နေ့က စိုက်ထူထားတာ ဖြစ်ပြီး မှော်စီးဇာ၊ မဇွတ်ယန်ရွာနဲ့ လုံးခင်းကျေးရွာ‌တွေမှာစိုက်ထူထားတဲ့ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတယ်လို့ ကျေးရွာဒေသခံ တွေက‌ ပြောပါတယ်။ စစ်ကောင်စီတပ်တွေက ဘာကြောင့်အခုလို ဆိုင်းဘုတ်တွေ ဖျက်ဆီးခဲ့တယ် ဆိုတာကိုတော့ မသိရသေး ပါဘူး။ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)က ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးပွဲ ဇွန် ၂၆ ရက်က ပြုလုပ်ခဲ့ပါတယ်။ http://burm ese.dvb.no/archives/540778

၂၃။ ဖားအံ -လှိုင်းဘွဲလမ်းမကြီးတစ်လျှောက် အစစ်အဆေးကြမ်းသည့်အတွက် ကျေးလက်လမ်းများကိုသာ ဒေသခံများ သွားလာနေရ
June 28, 2022
ကရင်ပြည်နယ် ဖားအံ -လှိုင်းဘွဲ လမ်းပိုင်း တစ်လျှောက် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီအဖွဲ့စုံ ဂိတ်များဖွင့်၍ နေ့ရာ ညပါ အစစ်အဆေးများ ပိုမိုလုပ်ဆောင်လာသောကြောင့် ဖားအံအနီးအပါး ကျေးရွာဒေသခံများမှာ မြို့ဘက် သို့ သွားလာရာတွင် ကျေးရွာချင်းဆက်လမ်းများကိုသာ အသုံးပြုသွားလာနေကြရကြောင်း ဒေသခံများကပြောသည်။ တောင်ကလေး စက်မှုဇုံအပိုင်း မှ ရွာသားတစ်ဦးက “၃ ရက်လောက်ရှိပြီ နေ့ဘက်ရော၊ ညဘက်ရော ဖားအံ-မဲဘောင်လမ်းဆုံ ကနေပြီးတော့ တောင်ကလေး – မိဇံဂိတ်၊ ထီလုံ-ဒေါ်လန်း လမ်းဆုံ၊ ဒိုင်းပြ၊ လှိုင်းဘွဲမြို့ ၀င်မြို့ထွက်ဂိတ်တွေ စစ်ကောင်စီအဖွဲ့စုံထိုင်ပြီး စစ်နေတာ၊ ကုန်ကား တွေ ဂိတ်ဖြတ်ကြေးကောက်တာတွေ လုပ်လာတယ်၊ ဒေသခံကားဆိုင်ကယ်တွေပိုပြီး အစစ်ဆေး ကြမ်းလာတယ်။ ဖုန်းပါရင် စစ်၊ မပါရင် ရစ်တယ်၊ ဖားအံ တစ်ခေါက်သွားဖို့က ရွာသားတွေက ကားလမ်းမကြီးအတိုင်း သိပ်မသွားလိုကြတော့ဘူး။ ရွာလမ်း တွေကပဲ သွားလာကြတဲ့ အခြေအနေ ဖြစ်နေတယ်”ဟု ပြောသည်။

ကရင်ပြည်နယ်အတွင်း ဖားအံ ၊ ကော့ကရိတ် ၊ လှိုင်းဘွဲ မြို့နယ်များအတွင်း စစ်ကောင်စီတပ်များ နှင့် နယ်ခြားစောင့် တပ်-BGF များ၊ အပစ်ရပ်အဖွဲ့အချို့က မြို့နယ်ချင်းဆက် လမ်းမများပေါ်တွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်စစ်ဆေး ခြင်းအ ကြောင်းပြကာ ငွေတောင်းခံမှုများရှိနေသည့်အတွက် ဒေသခံများသွားလာမှုမရှိသလောက် ဖြစ်နေပြီး ကျေးရွာချင်းဆက်လမ်း များကိုသာ ရှောင်ကွင်းသွားလာ နေကြရသည့်အတွက် လူမှုရေး၊ ကျန်းမာရေး ကိစ္စများခက်ခဲနေကြောင်းဒေသခံများက ပြော သည်။ စစ်အာဏာသိမ်း ၁ နှစ်ကျော်ကာလအတွင်းတွင် စစ်ကောင်စီတပ်များ နယ်မြေရှင်းလင်းရေး လုပ်ဆောင်တိုက်ခိုက်မှု ကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြ၀တီမြို့နယ်၊ ဖာပွန်မြို့နယ်နှင့် သံတောင်မြို့နယ်ဘက်တွင် စစ်ကောင်စီတပ်များနှင့် KNU- ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ KNLA/KNDO ပူးပေါင်းတပ်များနှင့် နေ့စဉ်လိုလို တိုက်ပွဲများဖြစ်ပွား လျက်ရှိသည်။ https://kicnews.org/2022/06/%e1%80%96%e1%80%ac%e1%80%b8%e1%80%a1%e1%80%b6-

၂၄။ မြေမြှုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရတဲ့ကလေးငယ် တစ်ရာကျော်ပြီလို့ UNICEF ထုတ်ပြန်
June 27, 2022
ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်လို့ စွပ်စွဲပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလ ၁ ရက်နေ့ကနေ အခုနှစ် ဇွန်လအထိ မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရသေဆုံးတဲ့ ကလေးငယ် ၁၁၅ ဦးရှိပြီလို့ ကုလသမဂ္ဂ အပြည် ပြည်ဆိုင်ရာကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ဇွန်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ မြေမြှုပ်မိုင်းအပြင် မပေါက်ကွဲ သေး တဲ့ စစ်လက်နက်ပစ္စည်းများ (UXO) တွေကြောင့် ထိခိုက်သေဆုံးရတာဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအတွင်း မှာတင် သေဆုံးဒဏ်ရာရတဲ့ ကလေးငယ် ၄၇ ဦးအထိရှိတယ်လို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းအပြင် မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းများကြောင့် သေဆုံးဒဏ်ရာရသူ အားလုံးရဲ့ သုံးပုံတစ်ပုံကျော်ဟာ ကလေးငယ်တွေ ဖြစ်ပြီး ကိုယ်လက် အင်္ဂါ ချို့တဲ့တာတွေပါ ဆက်လက်ဖြစ်နေတယ်လို့ UNICEF ကပြောထားပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်း တွေအနေနဲ့ ထိခိုက်နစ်နာသူတွေအတွက် အကူအညီတွေ လွယ်ကူစွာပေးနိုင်ရန်နဲ့ မြေမြှုပ်မိုင်းအသုံးပြုတာတွေ ရပ်တန့်ဖို့ အပြင် ရှိနှင့်ပြီးတဲ့ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတာတွေကိုလည်း ရှင်းလင်းပေးဖို့ မေတ္တာရပ်ခံတိုက်တွန်း တယ်လို့ UNICEF က ထုတ်ပြန်ထားပါတယ်။ https://www.rfa.org/burmese/news/landmine-in-myanmar-06272022041648.html

၂၅။ တောင်ကြီးမြို့အတွင်း ဧည့်စာရင်း တင်းကြပ်စွာ စစ်ဆေးနေ
June 25, 2022
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့အတွင်း သွားလာမှု နှင့် ဧည့်စာရင်းကို တင်းကြပ်စွာ စစ်ဆေးနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ညအချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ည ၈ နာရီကျော် နေအိမ်၊ အဆောင်များ ဧည့်စာရင်း လိုက်လံ စစ်ဆေးနေပြီး ဧည့်စာရင်းမတိုင်သည့် အိမ်တွင် ရဲစခန်းတို့ တစ်ညအိပ်ရပြီး၊ ဒဏ်ငွေပေးဆောင်ပြီး အာမခံချက်ဖြင့် ပြန်ထွက် လာရကြောင်းသိရသည်။ “ဟိုနေ့က ကျမရဲ့ သူငယ်ချင်း အဆောင်မှာလာငှားနေတာ။ အဲ့ဒါ ဧည့်စာရင်းမတိုင်ထားလို့ ညသူတို့ လာစစ်တော့ ဖမ်းခေါ်သွားတာ။ ရဲစခန်းမှာ တစ်ညသွားအိပ်လိုက်ရတယ်။ မနက်တော့ ဒဏ်ငွေနဲ့ အာမခံချက်ထိုးပြီး ပြန်ထွက် လာရတာ။ ဘယ်လောက်ပေးရလဲတော့ မသိဘူး။ သူတို့ဒီလိုလုပ်တာလည်း လိုင်းပေါ်မတင်ခိုင်းဘူး” ဟု တောင်ကြီးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ထိုအပြင် ညအချိန်သွားလာရာတွင်လည်း စစ်ဆေးမှုခံရပါက ငွေကျပ် (၁) သိန်းဝန်းကျင်အထိ ပေးဆောင်ရကြောင်း ကိုယ်တိုင်ကြုံတွေ့ ခဲ့သူက ပြောသည်။ အဆိုပါ စစ်ဆေးရာတွင်လည်း ရံဖန်ရံခါ စစ်ဆေးနေကြောင်း သိရသည်။

“အဲ့ညက အပြင်သွားလာတာ။ သူတို့ စစ်နေတာနဲ့တွေ့တော့ စစ်ခံရတာ။ သူတို့က ပုံမှန်မစောင့်ဘူး။ တစ်ခါတစ်လေပဲ စောင့်စစ်ဆေးနေတာ။ အဲ့နေ့တွေ့တော့ ကျနော်တို့ကို ပိုက်ဆံ (၁) သိန်းတောင်းတာ။ ဒါမယ့် ၈ သောင်း ပဲပေးလိုက်တယ်။ ပိုက်ဆံအများကြီး တောင်းတယ်။ ၅ သောင်း၊ ၁ သိန်းတောင်းတာ” ဟု တောင်ကြီးမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ထို့အပြင် လမ်းမကြီးပေါ်တွင် ယာဥ်ထိန်းရဲများ စောင့်ဆိုင်းရာ ယခုချိန်တွင် စစ်ကောင်စီတပ်သားအပါအဝင် စစ်ဆေးနေလျက်ရှိ ကြောင်း သိရသည်။ အလားတူ တောင်ကြီးမြို့အဝင်ဂိတ် ၄ မိုင်တွင်လည်း စစ်ကောင်စီက ကိုဗစ်-၁၉ ကာကွယ်ဆေးလက်မှတ် စစ်ဆေးနေကြောင်း သိရသည်။ “သူတို့မြို့ထဲမှာ ယာဥ်ထိန်းရဲဂိတ်မှာဆိုရင် စစ်သားတွေလည်း စောင့်နေတာ။ အဲ့နေရာမှာတော့ သူတို့ဒီတိုင်းစစ်ဆေးတာပဲ။ ဒါမယ့် မြို့အပြင် ၄ မိုင်မှာဆိုရင် ကိုဗစ် ကာကွယ်ဆေးလက်မှတ်တွေတော့ စစ်တယ်။ အပြင်မှာ စစ်ပြီးမှ မြို့ထဲလာရတာထင်တယ်။ မြို့ထဲမှာတော့ ဘာမှ သိပ်မစစ်တော့ဘူး” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ https://burmese.shannews.org/archives/28785

၂၆။ ဖားကန့်မြို့တွင်း နေရာအချို့တွင် ယခုရက်ပိုင်း Mytel အင်တာနက်လိုင်း ပြန်ရနေ
27 June 2022
ဖားကန့်မြို့တွင်း နေရာအချို့တွင် ယခုရက်ပိုင်း စစ်တပ်ပိုင် Mytel ဖုန်းအင်တာနက်လိုင်းများ ပြန်လည်ရရှိကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီသည် ဖားကန့်တစ်မြို့နယ်လုံးကို ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့မှ စတင်ကာ ပြည် တွင်း ဖုန်းအော်ပရီတာများအားလုံး၏ အင်တာနက်လိုင်းကို ဖြတ်တောက်ခဲ့ပြီးနောက် ၎င်းတို့ပိုင် Mytel ဖုန်းအင်တာနက်လိုင်း တစ်ခုတည်းကိုသာ ပိတ်လိုက်ဖွင့်လိုက်ဖြင့်ပြုလုပ်နေပြီး ဧပြီလက ၁၀ ရက်ခန့်ကြာ ဖွင့်ပေးပြီး ပြန်ပိတ်သွားသည့်နောက် တဖန် ဖွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း ဆိုင်းတောင်ကျေးရွာမှ အမျိုးသားတစ်ဦးက KNG သို့ ပြောသည်။ ” ဇွန် ၂၄ ရက်နေ့ကပေါ့ အခု တော့အားလုံးနီးပါသုံးနေကြတယ်ဗျ မိုင်တဲတစ်ခုတည်းရတာတာကျန်တာတော့မရဘူးတဲ့။ လိုင်းကတော့ကောင်းတယ်ဗျ။ အခု တစ်ခေါက်ကတော့ Video call တွေဘာတွေတောင် ကောင်းကောင်း ပြောလို့ရတယ်” ဟု ဆိုင်းတောင်မှ အမျိုးသားတစ်ဦးက ပြောသည်။

”ကျွန်မတို့ဘက်မှာတော့ မရဘူးရှင့် တချို့နေရာတွေမှာပဲရတယ်လို့ရတယ်။ ဟိုနေ့ကတော့ ဆန်းကြွယ်နဲ့ ကံစည်း ဘက်မှာသုံး mytel လိုင်းသုံးလို့ရပြီလို့ မသိတွေဖုန်းတက်လာတယ် ကျွန်မတို့ဒီဘက်တော့မရဘူး” ဟု လုံးခင်း ကျေးရွာမှ အမျိုးသမီးတစ်ဦး ပြောသည်။ ဖားကန့်မြို့သည် ကချင်ပြည်နယ်တွင် ကာလ ကြာရှည်ဖုန်းအင်တာနက်လိုင်းဖြတ် တောက်ထား ခံရသည့် မြို့နယ်တစ်ခုဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် အင်တာနက်အသုံးပြုလိုသူများက အင်တာနက်ရသည့်ဆိုင်များတွင် တစ်ရာရီ ကျပ်ငါးထောင် မှ ကျပ်တစ်သောင်းအထိပေးကာ ခက်ခက်ခဲခဲ အသုံးပြုနေရကြောင်း သိရသည်။ ထို့ပြင် ဖားကန့်မြို့နယ်တွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း Mytel တာဝါတိုင်များ ၅ ကြိမ်ထက် မနည်း ဖောက်ခွဲခံရပြီး ဖြစ်သည်။ https://burmese.kachinnews.com/2022/06/27/j-27-az/

၂၇။ ရှမ်းမြောက်တွင် ကြက်သွန်ဖြူကုန်တင်ကား တိမ်းမှောက်ပြီး ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ
27 June 2022
ရှမ်းမြောက် ကွတ်ခိုင် နှင့် သိန္နီကြား ပြည်ထောင်စုလမ်း ၃၈ မိုင် မန်ပြိန်းတွင် ယမန်နေ့ည ကြက်သွန်ဖြူ ကုန်တင်ကား ၁ စီး တိမ်းမှောက်ခဲ့သဖြင့် ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိကြောင်း လူမှုကူညီရေးအသင်းနှင့် ကုန်သည်၊ ယာဉ်မောင်းများထံ မှ သိရသည်။ “မနေ့ည ၁၀ နာရီလောက်ဖြစ်တာ ကားက တခုခု ဖြစ်သွားတာထင်တယ်။ ၃၈ မိုင် မန်ပြိန်း အဆင်း ဒုတိယ‌ကွေ့ မှာ ဖြစ်တာ” ဟု ကွတ်ခိုင် ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း တာဝန်ရှိသူ ၁ ဦး က KNG သတင်းဌာနကို ပြောဆိုထားသည်။ သေဆုံးသူသည် ယာဉ်နောက်လိုက်သည့် စပါယ်ယာဖြစ်ပြီး အသက် ၂၇ ဝန်းကျင်ခန့်ရှိနိုင်‌ပြီး ယာဉ်မောင်းသူသည် အသက် ၃၀ ဝန်းကျင်ရှိကာ ယာဉ်တိမ်းမှောက်မူကြောင့် ခြေတစ်ဖက် ကျိုးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ညအချိန် ဖြစ်ပွားခဲ့ပြီး ယာဉ်ချို့ယွင်းချက် တခုခုကြောင့်ဟု ယူဆရကြောင်း ယာဉ်တိမ်းမောက်မူ ကယ်ဆယ် ရေးတွင် ကူညီပေးခဲ့သည့် ဒေသခံ ၁ ဦးက ပြောသည်။ “မိုးရွာတော့ အရမ်းသတိထားရတယ်။ ကားတွေ အမြဲစစ်ရတယ်။ ကားစက်တစ်ခုခု ချို့ယွင်းသွားလို့ဖြစ်နိုင်တယ်။ ဘဝတူ ကားသမားတွေကို မိုးတွင်းပိုပြီး သတိဝီရိယရှိစေချင်တယ်” ဟု ယာဉ် မောင်းတစ်ဦးက ပြောသည်။ သေဆုံးသူနဲ့ ဒဏ်ရာရသူ ကိုတော့ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းမှ ကွတ်ခိုင်ပြည်သူ့ ဆေးရုံသို့ ကူညီ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ https://burmese.kachinnews.com/2022/06/27/jun27-bs2/

၂၈။ မွန်တွင် မြေပဲဝယ်လိုအားများလာ၍ ‌ဈေးနှုန်း မြင့်တက်
June 27, 2022
မွန်ပြည်နယ်တွင် ယခုနှစ် ဇွန်လအတွင်း မြေပဲ ဝယ်လိုအား များလာ၍ ဈေးနှုန်းများလည်း မြင့်တက်လာခဲ့ကြောင်း ပဲ၊ နှမ်း လုပ်ငန်းရှင်တစ်ဦးထံကသိရသည်။ ပြည်တွင်း‌၌ မြေပဲကို ကုန်ကြမ်းအဖြစ်ဝယ်ယူပြီး စားအုန်းဆီထုတ်လုပ်မှု ပိုမိုလုပ် ဆောင်လာကြသည့်အတွ်က မြေပဲဈေးနှုန်း မြင့်တက်လာကြောင်း၊ စားအုန်းဆီဈေးနှုန်း မြင့်တက်နေ သောကြောင့် မြေပဲ နှင့် နှမ်းဈေးနှုန်းများလည်း မြင့်တက်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “ဈေးနှုန်းက တက်သွားတယ်ဆိုတာက ခုနက ဆီဈေးနှုန်းက ပါသွားတာ။ ဆီဈေးနှုန်း တက်သွားလို့ ပါသွားလို့ မြေပဲတွေ နှမ်းတွေ ဈေးတက်လာတာ”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ်လတွင် မြေပဲ တစ်တင်းကို ငွေကျပ် ၆၄၀၀၀ ကျပ်သာ ပေါက်ဈေးရှိခဲ့သော်လည်း ဇွန်လအတွင်း မြေပဲ တစ်တင်းကို ၈၇၀၀၀ ကျပ်အထိ ဈေးမြင့်တင်လာခဲ့ကြောင်း ဆက်ပြောသည်။ ပြည်တွင်း ဆီဈေးကွက်အတွင်း မြေပဲဆီ ၁၀ ပိဿာ တစ်ပုံးကို ငွေကျပ် တစ်သိန်း ပေါက်ဈေးရှိကြောင်း မော်လမြိုင်မှ စားအုန်းဆီ လက်လီလက္ကားရောင်းချနေသူ တစ်ဦးက ပြောသည်။ “ဆီဈေးတွေက အကုန်တက်နေတယ်။ တော်တော်တက်လာတယ်။ အခုဆို မြေပဲဆီတွေပါ ဈေးကောင်းနေတော့ မြေပဲတွေလည်း ‌ဈေးမြှောက်လာတာပေါ့”ဟု ၎င်းက ပြောသည်။ မွန်ပြည်နယ်အတွင်း မြေပဲကို ကျိုက်ထို၊ ဘီလင်း၊ မော်လမြိုင်၊ ကျိုက်မရောနှင့် ချောင်းဆုံမြို့နယ်တို့တွင် စိုက်ပျိုးကြောင်း သိရသည်။ https://burmese.monnews.org/2022 /06/27/%e1%80%99%e1%80%bd%e1%80%94%e1%80%ba%e1%80%90%e1

၂၉။ ပြန်းပေးဆွဲခံ ပညာရေးဝန်ထမ်း ၂ ဦး မောင်တောတွင်ထိန်းသိမ်းထား၊ နေရပ်သို့ရှောင်တခင် ခွင့်ဖြင့်ပြန်ခွင့်ပြု
June 27, 2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က ပြန်ပေးဆွဲခံခဲ့ရပြီး ပြန်လည်လွှတ်မြောက်လာသည့် ပညာရေးဝန်ထမ်း ၂ ဦးအား မောင်တောတွင် ထိန်းသိမ်းထားပြီး ဇွန်လ ၂၇ ရက်နေ့တွင် ရှောင်တခင် ခွင့်ဖြင့် မိမိတို့ ၏ နေအိမ်များဆီသို့ ပြန်ခွင့်ပြုလိုက် သည်ဟု မောင်တော မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ ပြန်လည်လွှတ်မြောက်လာသည့် ပညာရေးဝန်ထမ်း ၂ ဦးကို မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မိသားစုတွေဆီကို လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် လုံခြုံရေးအကြောင်းပြ ချက်နှင့် ခရိုင်ထွေအုပ်ရိပ်သာတွင် ထိန်းသိမ်းထားခြင်းဖြစ်ပြီး ၎င်းတို့ကို မိမိနေရပ်သို့ ရှောင်တခင်း ပြန်ခွင့်ပေးလိုက်ခြင်းဖြစ် သည်။ အိမ်ပြန်ခွင့်ပြုရန် ပြန်ပေးဆွဲခံ ဆရာနှင့် ဆရာမက တောင်းဆိုလာသည့်အတွက် ရှောင်တခင်ခွင့်ပေးပြီး အိမ်ပြန်ခွင့်ပြု လိုက်သည်ဟု မောင်တောမြို့နယ်ပညာရေးမှူး ဦးအောင်စံကျော်မှ Western News ကိုပြောသည်။ “ဒီနေ့ (၁၁) နာရီ ခွဲချိန် လောက်က သူတို့အိမ်ပြန်သွားကြပြီ။ သူတို့တွေလည်း စိတ်ပင်ပန်း ကိုယ်ပင်ပန်း လာကြတော့ မိသားစုတွေ နဲ့တွေ့ချင်လို့အိ မ်ပြန်ချင်တယ်ဆိုပြီး ခွင့်တောင်းကြတယ်။ ဒါကြောင့် ရှောင်တခင် ခွင့်ပေးပြီး အိမ်ပြန်ခွင့် ပြုလိုက်ပါတယ်”ဟုပြောသည်။

ပညာရေးဝန်ထမ်း ၂ ဦးအား ပြန်ပေးဆွဲသူများကို သက်ဆိုင်ရာတာဝန်ရှိသူများက ရာဇတ်သတ်ကြီးပုဒ်မ ၃၆၅ နှင့်ကြိမ် ချောင်းရဲစခန်းတွင် အမူဖွင့်ထားကြောင်း သတင်းများထွက်နေသော်လည်း အဆိုပါကိစ္စနှင့်ပတ်သတ်၍ ဂဃနဏ မသိရှိ ကြောင်း မောင်တောမြို့နယ်ပညာရေးမှူး ဦးအောင်စံကျော်မှ ပြောသည်။ ပညာရေးဝန်ထမ်းနှစ်ဦး ဖမ်းဆီးခံရမှုနှင့်ပတ်သတ်၍ ပြည်နယ် စစ်ကောင်စီနှင့် ပြည်နယ်ပညာရေးဌာနကလည်း မည်သည့်လက်နက်ကိုင်အဖွဲ့က ပြန်ပေးဆွဲခဲ့ခြင်းဖြစ်သည်ကိုမူ တစ်စုံတရာ ထုတ်ပြန်ခြင်းမရှိခြင်းအပေါ် ပညာရေးအသိုင်းအဝိုင်းနှင့် ပြည်သူများက ပြင်းပြင်ထန်ထန်ဝေဖန်နေသည်။ မောင်တော ပညာရေးဝန်ထမ်းတစ်ဦးက”ပြည်သူတွေက ပညာရေးဝန်းထမ်းနှစ်ဦး ပြန်ပေးဆွဲခံရတဲ့ကိစ္စကို သိချင်နေကြတယ်။ မြို့နယ်ပညာရေးဌာနကလည်း အခုကိစ္စကို ရှင်းရှင်းလင်းလင်း လုပ်မပေးဘူး။ ပြည်နယ်ပညာရေးကလည်း သူတို့အကြောင်းကို ထုတ်ပြန်ပေးဖို့လိုတယ်။ စစ်ကောင်စီကလည်း ဒါတွေကျတော့ သတင်းလည်းမထုတ်ပြန်ဘူး။ မြို့နယ်က ထုတ်ပြန်တာလည်း မတွေ့ဘူး။ ဝန်ထမ်းနှစ်ယောက်ကို ဘယ်သူတွေက ပြန်ပေးဆွဲတာလည်းဆိုတာ မထုတ်ပြန်တော့ စိုးရိမ်စိတ်တွေက ပိုများလာ တာပေါ့”ဟုပြောသည်။

၃၀။ အဝေးပြေး ယာဥ်စီးခနှုန်းထား ကျပ် ၇၀၀၀ ထပ်မံ တိုးမြင့်ကောက်ခံမည်
June 28, 2022
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှ ရန်ကုန် နှင့် မန္တလေး သို့ ပြေးဆွဲနေသော မော်တော်ယာဥ်စီးခနှုန်းထားများကို ဇွန်လ ၃၀ ရက်နေ့မှ စတင်၍ ကျပ် ၇၀၀၀ အထိ တိုးမြင့်ကောက်ခံသွားတော့မည် ဖြစ်ကြောင်း မြစ်ဖျားဧရာ အဝေးပြေး ယာဥ်ရပ်နား စခန်း မှ သိရသည်။ လတ်တလော မြစ်ကြီးနား မှ မန္တလေး အထိ ၂၈၀၀၀ ကျပ်၊မြစ်ကြီးနား မှ ရန်ကုန်အထိ ၃၈၀၀၀ သာ ရှိ သော်လည်း လာမည့် ဇွန်လ ၃၀ ရက်နေ့မှ စတင်ကာလက်ရှိနှုန်းထက် ကျပ် ၇၀၀၀ အထိ တိုးမြင့် ကောက်ခံသွားမည်ဖြစ် ကြောင်း ကချင်ပြည်နယ် ယာဥ်ကြီးကြပ်ရေးကော်မတီမှတာဝန်ရှိသူတစ်ဦးက KNG သို့ပြောသည်။ ”ဟုတ်တယ်ဗျ ဒီအဝေးပြေး မော်တော်ယာဥ်လိုင်းတွေက ယာဥ်စီးခ တိုးမြင့် ကောက်ခံဖို့ရှိမယ်။ ရုံးကို တင်ပြပေးလိုက်တာ နည်းနည်းတော့ ရမယ်တဲ့။ အရင်တုန်းက ၃၈၀၀၀ ကနေ အခုက ၄၅၀၀၀ ကောက်သွားမယ် မန္တလေးကတော့ အရင်က ၂၈၀၀၀ ၊ ၃၀၀၀၀ ပေါ့အခုက သုံးသောင်းခွဲကောက်မှာ” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ယာဥ်စီးခနှုန်းထား တိုးမြင့်ကောက်ခံရခြင်းမှာ စက်သုံးဆီစျေး မြင့်တက်လာခြင်းကြောင့် မော်တော်ယာဥ် အသင်းများ ရေရှည် ရပ်တည်လာရန် အခက်အခဲ ကြုံတွေ့နေရခြင်းကြောင့်ဖြစ်ပြီး လိုက်ပါစီးနင်မည့် ခရီးသည်လည်း လျော့နည်းကျဆင်းသွားခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ မြစ်ကြီးနား – မန္တလေးလမ်းပိုင်းတွင် မေလ ၁၃ ရက်နေ့က သစ္စာလှိုင်ခရီးသည်ကား ည ၉ နာရီအချိန်တွင် ဓားပြတိုက်ခံရ၍ ခရီးသည်နှင့် ကားသမား၏ လက်ကိုင်ဖုန်းများ၊ ငွေသားများနှင့် လက်ဝတ်ရတနာများပါသွားပြီး ယင်းမတိုင်မှီကလည်း ဓားပြတိုက်ခံရမှု မကြာခဏရှိခဲ့ရာ ယခုနောက်ပိုင်း မော်တော်ယာဥ်ဖြင့် ခရီးသွားသူ လျော့နည်းလာကြောင်း မော်တော်ယာဥ်အသင်းများမှ စုံစမ်း သိရှိရသည်။ လက်ရှိတွင် မြစ်ဖျားဧရာ အဝေးပြေး ယာဥ်ရပ်နားစခန်းမှ တိုင်းနှင့်ပြည်နယ်အသီးသီးတို့ ပြေးဆွဲနေသည့် ယာဥ်လိုင်းပေါင်း ၈၀ ကျော်ရှိပြီး ယင်းအနက် ယာဥ်လိုင်း ၃ လိုင်းခန့်မှာ စက်သုံးဆီစျေးမြင့်တက်မှုကြောင့် လွန်ခဲ့သည့်လက ရပ်နားလိုက်ကြောင်းသိရသည်။

၃၁။ မိုင်းယော်တိုက်နယ် ရွာသူကြီးများ အခွန်ပြေစာတုဖြင့် ငွေကြေး အတင်းအဓမ္မကောက်နေ
June 28, 2022
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် မိုင်းကျက်ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး နှင့် ရွာသူကြီး များသည် ပြည်သူများထံ ငွေကြေးအတင်းအဓမ္မ ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ ဇွန် (၂၇) ရက် နံနက်ပိုင်းမှာ မိုင်း ကျက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စိုင်းထွန်းယီ နှင့် ကျေးရွာသူကြီး တို့ပူးပေါင်းပြီး အခွန်ပြေစာအတုဖြင့် တောင်သူများထံ ငွေကြေးအတင်းအဓမ္မ ကောက်ယူနေကြောင်းသိရသည်။၎င်းအခွန်ပြေစာတုဖြင့်လယ်ယာပိုင်ရှင်များထံတစ်ဦးလျှင်တစ်ထောင် ကျပ် ကောက်ယူခဲ့သည်။ “သူတို့ အခွန်ပြေစာလုပ်ပြီး ကောက်ယူကြတယ်။ ခြံပိုင်ရှင်တွေ တစ်ယောက်ကို (၁) ထောင် ကျပ်ပေး ရတယ်။ ဒီတစ်ခါ ပထမဆုံးအကြိမ် ငွေတာင်းတာပဲဖြစ်တယ်။ တစ်ခါမှဒီလိုမကြုံဖူးဘူး။ သူတို့လုပ်စားကြတာ ပဲထင်တယ်။ ရုံးထဲကတစ်ချို့သူတောင်မသိရဘူး”ဟု မိုင်းကျက်ကျေးရွာ ဒေသခံ စိုင်းခမ်းစိုင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ ငွေတောင်းပြေစာတုကို မိုင်းကျက်ကျေးရွာအုပ်စုရှိ ကျေးရွာများက ဒေသခံ ပြည်သူများထံ ကောက်ခံခြင်း ဖြစ်ကြောင်း သိရသည်။ “အဲ့အခွန်ပြေစာထဲမှာ သူတို့ လယ်ယာပိုင်ရှင်တွေရဲ့ နာမည်နဲ့တကွရေးထားပြီးသူများ ဘာပဲ စိုက်ထား စိုက်ထား ပြောင်းစိုက်ပျိုးထားတယ်လို့ပဲ ရေးထားတယ်။ လယ်ယာမြေလဲ သူတို့ အကျယ်အဝန်း ထည့်ချင်သလောက် ထည့် လိုက်တာပဲ။ အဲ့ပြေစာထဲမှာက လယ်ယာ မြေဧက (၇) ဧကရှိရင် သူတို့ (၇) ကျပ်ခွဲ အဲ့လိုရေးထားပေမယ့် သူတို့ကို (၁၀၀၀) ကျပ်ပေးရတယ်” ဟု စိုင်းခမ်းစိုင်း က ထပ်လောင်းပြောသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်စျေးနှုန်းများ အဆမ တန် စျေးတက်လာသဖြင့် ပြည်သူများ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်ကြသည့်အချိန် ငွေ (၁) ထောင်ကျပ်သည် ဒေသခံ ပြည်သူများ အတွက် များစွာ တန်ဖိုးရှိကြောင်း မိုင်းယော်ကျေးရွာ ဒေသခံများက ပြောသည်။ ယခုလို အထက်လူကြီးက ဒေသခံ ပြည်သူများထံ ငွေကြေးကောက်ခံမှုများ ပြုလုပ်ခြင်းသည် သွားရောက်တိုင်ကြားမည့် နေရာ မရှိသည့်အတွက် ဒေသခံ များ ခက်ခဲနေကြောင်း သိရသည်။ https://burmese.shannews.org/archives/28831

၃၂။ ရေးမြို့နယ်ပြန်/ဆက်ရုံးအနီး ဗုံးပေါက်
28 June, 2022
မွန်ပြည်နယ် ရေးမြို့နယ် မြို့နယ်ပြန်ဆက်ရုံးဘေးလမ်းသွယ်နေရာမှာ ဇွန် ၂၈ ရက် မနက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိပေမဲ့ ဌာနဆိုင်ရာရုံးတွေဖြစ်တဲ့ လ၀က ပြန်ဆက် ရုံးနဲ့ ပညာရေးမှူးရုံး စာသင်ကျောင်းရှိတဲ့အပြင် လူနေအိမ်တွေလည်း ရှိတာကြောင့် စိုးရိမ် ထိတ်လန့်ခဲ့ရတယ်လို့ ကျောင်းသား မိဘတဦးက ပြောပါတယ်။ ဗုံးပေါက်ကွဲအပြီးမှာ လုံခြုံရေးယူနေတဲ့စစ်ကောင်စီတွေက အသေးစိတ်စုံစမ်းစစ်ဆေး နေပြီး လူတွေလည်း နာရီအနည်းငယ်ကြာ အသွားလာမလုပ်ရဲကြဘူးလို့ ဆိုပါတယ်။ အဆိုပါ ဗုံးပေါက်ကွဲမှုနဲ့ ပက်သက်ပြီး ဘယ်သူ့ လက်ချက်ဆိုတာ ဘယ်အဖွဲ့စည်းကမှ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ http://burmese.dvb.no/archives/54078

၃၃။ ပူတာအိုတွင် အရေပြားရောဂါတစ်မျိုးကြောင့် နွား ကူးစက်သေဆုံးမှု များလာ
June 28, 2022
ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာရှိ ကျွဲ နွားတိရိစ္ဆာန်များတွင် အရေပြားပေါ် အဖုအကြိတ်ရောဂါတစ်မျိုး ဖြစ်ပွား နေသဖြင့် ယခုလအတွင်း နွားအကောင်ရေ ၂၀၀ ကျော်ခန့် ရောဂါကူးစက်ခံထားရပြီး သေဆုံးမှု ၁၀ ကောင်ကျော်အထိ ရှိလာ ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ကူးစက်ရောဂါသည် ပူတာအိုဒေသတွင် ဇွန်လအတွင်း စတင်ကူးစက် ပျံနှံ့လာ ခြင်းဖြစ်သည်ဟု လုန်ရှာယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုထားသည်။ “နွားရဲ့ကိုယ်ပေါ်မှာ အဖုဖုလေး တွေ အရင်ဖြစ်လာတယ်။ အဲ့အဖုလေးတွေက ကြာလာရင် အကြီးကြီး ဖြစ်လာတယ်။ ပြီးရင် အခွံပြန်ခွာသွားတယ်။ အဲ့နေရာ မှာဘဲ အနာပြန်ပုပ်လာတယ်။ ခုခံအားရှိတဲ့ နွားနဲ့လည်းဆိုင်တယ်။ တစ်ချို့ခုခံအား မရှိတဲ့ နွားတွေဆို သေဆုံးသွားတယ်။ အခုက အိမ်တိုင်းလိုလို ဖြစ်နေတာ။ ဘယ်လောက် သေဆုံးနေတာလဲ အသေးစိတ် မသိရဘူး။ ရွာအတွင်းရဲ့ လမ်းမကြီးန ဘေးတွေမှာ ဆို အပုပ်အနံ့တွေဘဲရတယ်။ အခုက အရမ်းဆိုးနေတယ်လို့ ပြောလို့ရတယ်” ဟု ပြောဆိုသည်။

အဆိုပါရောဂါနှင့်ပတ်သက်ပြီး သက်ဆိုင်ရာမှ ဆေးဝါးများကို လုံလောက်စွာထောက်ပံ့ပေးရန်နှင့် ကူညီပေးရန် လိုအပ် ကြောင်း ဒေသခံတစ်ဦးက ယခုလို ဆက်ပြောသည်။ “အခုကျနော်တို့ရဲ့ နွားတွေမှာ ဖြစ်နေတဲ့ ရောဂါနဲ့ပတ်သက်ပြီး သေချာ မသိဘူးဖြစ်နေတယ်။ ခါတိုင်းလည်း မဖြစ်ဖူးတော့ လူတွေမှာ ပြန်ကူးစက်လာမှာလည်း ကြောက်နေရတယ်။ အဲ့ကြောင့် သက်ဆိုင်တဲ့ ကျန်မာရေးဌာနဆိုင်ရာတွေနဲ့ အသိပညာကြွယ်ဝတဲ့ အဖွဲ့အစည်းတွေ အကူအညီတောင်းချင်တယ်။ ရောဂါဘာ လို့ဖြစ်တယ်။ ဘယ်လိုမျိုးရောဂါဖြစ်တယ်။ ကွဲကွဲပြားသိချင်နေကြတယ်။ ဆေးဝါးတွေလည်း လုံလုံလောက်လောက် ရချင်ပါ တယ်” ဟု ပြောဆိုသည်။ ပူတာအိုမြို့ တိရိစ္ဆာန်ကုသရေးအဖွဲ့မှ လုန်ရှာယန်ကျေးရွာအတွက် နွားကုသရန် ဆေးဝါးများ ကူညီ ပေးသော်လည်း လုံလောက်မှု မရှိသည့်အတွက် ဆေးဝါးကျွမ်းကျင်သော အဖွဲ့အစည်းအသီးသီးထံမှ ကူညီထောက်ပံ့မှုများ ပေးစေလိုကြောင်း ဆက်လက်တောင်းဆိုထားသည်။ အဆိုပါ နွားရောဂါဖြစ်ပွားမှုသည် ပူတာအို လုံရှာယန်ကျေးရွာအပြင် မြို့ပေါ် ကောင်ကထောင်၊ လေယာဉ်ကွင်း၊ ဒုတ္တတန် စသော ရပ်ကွက်အသီးသီးတွင်လည်း ဖြစ်ပွားနေသည်ဟု သိရသည်။ထို့နောက် ပူတာအိုဒေသအပြင် မြစ်ကြီးနားနှင့် ဝိုင်းမော် နေရာတို့တွင်လည်း နွားအရေပြား ရောဂါကူးစက်မှုများ ကွက်ကျား ဖြစ်ပွားလာကြောင်း ဝိုင်းမော်ဒေသခံတစ်ချို့၏ ပြောဆိုချက်မှ သိရသည်။ https://burmese.kachinnews.com/2022/ 06/28/j-27-yl/

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

** ပြီး **

Related Articles

Back to top button