သတင်း

နေ့စဉ်သတင်းအကျဉ်း

ဇူလိုင် – ၂၅ – ၂၀၂၂ ခုနှစ်

– စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများအပေါ် အာဏာသိမ်းစစ်ကောင်စီတပ်မှ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ယနေ့ ဇူလိုင်လ (၂၅)ရက်နေ့ထိ အသက်သေဆုံးခဲ့ရတဲ့ ပြည်သူ (၂၁၂၀) ဦးအထိ ရှိခဲ့ကြောင်းသိရသည်။ ထို့အပြင် မတရားဖမ်းဆီးခံရမှု (၁၄၈၇၀)ဦးအထိရှိခဲ့ပြီး (၁၁၇၈၂)ဦး မှာ လက်ရှိချိန်ထိ အကျဉ်းကျခံနေရဆဲဖြစ်ကြောင်း AAPP ၏ ထုတ်ပြန်ချက်အရသိရသည်။

– ဦးဖြိုးဇေယျာသော်နှင့် ဦးဂျင်မီ အပါအဝင် လေးဦးကို စစ်ကောင်စီက သေဒဏ်ပေးလိုက်သော်လည်း ၎င်းတို့ထက်ပိုရဲရင့်ပြီး မြန်မာနိုင်ငံအပြောင်းအလဲအတွက် စွန့်လွှတ်စွန့်စားစိတ်များနှင့်အတူ နွေဦး တော်လှန်ရေးအတွက် ပို၍အကျိုးပြုသော အနာဂါတ်သူရဲကောင်းများ ထပ်မံလာဦးမည်ဟု အပြည့်အဝ ယုံကြည်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ယနေ့ဇူလိုင်လ(၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ၎င်းတို့လေးဦးကို သေဒဏ်ပေးခြင်း အမှန်တကယ်ဖြစ်ခဲ့ပါက မြန်မာပြည်သူတစ်ရပ်လုံးက ဒေါသကြီး စွာဖြင့် တုံ့ပြန်လာ၍ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအခြေအနေများအပေါ် အထူးစိုးရိမ်ကြောင်း AA က ဆိုထားသည်။

– ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ လွိုင်ဆမ်ဆစ်တောင်ခြေရှိ မန်နောင်ကျေးရွာတွင် ယနေ့ နံနက် ကေအိုင်အေနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့ရာ ၃ နှစ်အရွယ် ကလေးငယ် မိုင်းအညမ်း၏ ဦးခေါင်း၌ လက်နက်ကြီး ထိမှန်၍ သေဆုံးသွားကြောင်း သိရသည်။ မည်သည့်အဖွဲ့ဘက်က ပစ်ခတ်သည့် လက်နက်ဖြင့် ထိမှန်သည်ကိုတော့ မသိရပေ။ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေ၊ PDF ပူးပေါင်းတပ်တို့ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။

– ချင်းပြည်နယ် မတူပီမြို့နယ်က လေမျိုချောင်းတံတားအနီး တစ်ဝိုက်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ CDF – Matupi အကြား ဒီကနေ့ ဇူလိုင်လ ၂၅ ရက်နေ့မှာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ ဘက်က (၅) ဦးကျဆုံးပြီး (၄) ဦးဒဏ်ရာရရှိတယ်လို့ CDF – Matupi ကထုတ်ပြန်ထားပါတယ်။ အဆိုပါ တိုက်ပွဲကို ဒီကနေ့ ဇူလိုင်လ ၂၅ ရက်နေ့ (၁၁) နာရီခန့်လောက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး CDF – Matupi ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

– ရှမ်း- ကယား နယ်စပ်မြို့ဖြစ်သည့် မိုးဗြဲမြို့တွင်း၌ တိုက်ပွဲများ ဖြစ်ပေါ်လာနိုင်သဖြင့် မြို့တွင်း ကျန်ရစ် နေသည့် ပြည်သူများ အသွားအလာ လုံးဝ မလုပ်ကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)၊ ဗဟို နှင့် သတင်းပြန်ကြားရေးဌာနက အရေးပေါ် သတိပေးချက် ထုတ်ပြန် လာသည်။ မိုးဗြဲပြည်သူ့ကာကွယ် ရေးတပ်က ယနေ့ (ဇူလိုင် ၂၅ ရက်) မွန်းလွဲပိုင်းတွင် “မိုးဗြဲမြို့တွင်း ကျန်ရှိနေသော မိဘပြည်သူများ ခင်ဗျာ မြို့တွင်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဝင်ရောက် သောင်းကျန်းနေပါသဖြင့် ပြည်သူ့ ကာကွယ် ရေးတပ်များနှင့် အပြန်အလှန် ပစ်ခတ်မှုများရှိလာနိုင်သောကြောင့် အသွားအလာ လုံးဝ မပြု လုပ်ဖို့ မေတ္တာရပ်ခံအပ်ပါသည်” ဟု သတိပေးချက် ထုတ်ပြန်လာခြင်းဖြစ်သည်။

– စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် “ငါတို့တော်လှန်ရေးတွက်လုပ်နေတာ သရဏဂုံမတင်နိုင်ဘူး ” ဟူသော စာတန်းကိုင်ဆောင်ပြီး ယနေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြကြသည်။ အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီက ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော် တို့ကို မတရားသဖြင့်သေဒဏ်ချသတ်ဖြတ်လိုက်ခြင်းသည် တော်လှန်သော ပြည်သူတစ်ရပ်လုံးအပေါ် စိန်ခေါ် လိုက်ခြင်းပင်ဖြစ်ရာ ပြည်သူ လူထုအားလုံးအနေနှင့် ငါတို့နိုင်မှကျွတ်မည့်၊ ငါတို့နိုင်မှလွတ်မည် တော်လှန် ရေး ရဲဘော်များ၊ အသက်၊သွေး၊ချွေး ပေးဆပ်ထားရသည့်တော်လှန်ရေးရဲဘော်များကို ဂုဏ်ပြုသော အားဖြင့် ရဲဘော်များကိုယ်စား နှစ်ဆမကအားစိုက်ထုတ်ကာ ဒီမြေဒီရေပေါ်မှာ စစ်အာဏာရှင်များအားလုံး အဆုံး သတ်သည်အထိ လူထုတိုက်ပွဲဆင်နွှဲတိုက်ခိုက်သွားကြရန် နှိုးဆော်သည်

– ဒီမိုကရေစီအရေးတိုက်ပွဲဝင်ကြသူများဖြစ်သော ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အား စစ်ကောင်စီမှ ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးကြောင်း ကြေညာပြီးနောက် ရန်ကုန်မြို့တစ်နေရာ၌ တော်လှန်သောလူငယ်များမှ “ငါတို့ ဘယ်တော့မှ မကြောက်ဘူး” ဟူသော စာသားအားကိုင်ဆွဲ၍ ဖက်ဆစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားချီတက် ဆန္ဒပြ သပိတ်မှောက် ခဲ့ကြသည်။ ယနေ့သပိတ်စစ်ကြောင်းအား Yangon Revolution Force – YRF (Soft Strike Community) မှဦးဆောင်၍ ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ(YRSC)၊ ပုဇွန်တောင်ဗိုလ်တထောင် လူငယ်များသပိတ်ကော်မတီ(PBYSC)၊အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ (အကရ) ၊ Yankin Protests နှင့်လူငယ်များက ချီတက်သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်။

– ရန်ကုန်မြို့၊ ဒေါပုံ-သာကေတတံတားအသစ်တွင် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အတွက် “သွေးကြွေးဆပ်ဖို့ ပြင်ထားကြ’” ဆိုသည့် စာတန်းကို ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် ချိတ်ဆွဲခဲ့ကြောင်းသိရသည်။ အကြမ်းဖက်စစ်ကောင်စီက သေဒဏ်စီရင်လိုက်သော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အတွက် အဆိုပါစာတန်းကို Yangon Democratic Youths Striker မှ ချိတ်ဆွဲထား ခြင်းဖြစ်သည်။ “စစ်ဖိနပ်အောက် ဘယ်သော အခါမှဒူးမထောက်ခဲ့တဲ့ရဲဘော်တို့ကို ဆလိုင်းတင်မောင်ဦးနည်းတူ အလေးနီ ပြုသည်” ဟု Yangon Democratic Youths Striker က ဆိုထားသည်။

– ရန်ကုန် အင်းစိန် ပန်းခြံရှေ့တွင် Insein Democratic Revolution Team – IDRT အဖွဲ့မှ ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် ကိုဂျင်မီနှင့် ကိုဇေယျာသော် အပါအဝင် ၄ ဦးကို အကြမ်းဖက် စစ်တပ်မှ ဥပဒေမဲ့ သတ်ဖြတ်ခဲ့သည့် အတွက် အင်းစိန် ပန်းခြံရှေ့တွင် “ငါတို့အားလုံး ကိုဂျင်မီ ငါတို့အားလုံး ကိုဇေယျာသော်” စာတန်း ချိတ်ဆွဲခဲ့ကြောင်း သိရသည်။

– မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

– မန္တလေး သံဃသမဂ္ဂ ဆရာတော်များက ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် “သမ္မတမရှိတဲ့ နိုင်ငံမှာ တိတ်တဆိတ်ကြိုးပေးပြီး သေဒဏ်စီရင်တယ်ဆိုတာ ထောင်တွင်းလူသတ်မှုပဲ” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

– ယင်းမာပင် မြောက်ပိုင်း ရွှေဥက္ကံ လူထု သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့ တွင် ”တော်လှန်ရေး အတွက် လုပ်နေတာ ငါတို့သရဏဂုံ မတင်နိုင်ဘူး မင်းတို့သတ်ချင် ဒီအတိုင်းသတ်” စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

– ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို အကြမ်းဖက် စစ်တပ်က မတရား ဖမ်းဆီး သတ်ဖြတ်ခဲ့သည့် အတွက် ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ဦးဆောင်ကာ “တော်လှန်ရေးအတွက်လုပ်နေတာ ငါတို့သရဏဂုံမတင်နိုင်ဘူး မင်းတို့သတ်ချင်ဒီတိုင်းသတ်” စာတန်းကိုင်ဆောင်ပြီး ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

– ယင်းမာပင် မြောက်ပိုင်း ကျေးရွာ ၃ ရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

– အကြမ်းဖက် စစ်တပ်က ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ကို တရား ဥပဒေမဲ့စွာ လက်နက် အားကိုးပြီး အကြမ်းဖက် သတ်ဖြတ်ခဲ့သည့်အတွက် မုံရွာ မြို့ပေါ်တွင် တော်လှန် ရေး လူငယ်များက ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ ခဲ့ကြောင်း သိရသည်။

– မုံရွာမြို့နယ်တွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ မုံရွာ ပင်မသပိတ်မှ ကိုခန့်ဝေဖြိုး၊ ကိုသန်းကျော်ဦးနှင့် အခြားကော်မတီဝင်များ၊ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင် ကော်မတီဝင် များ ပူပေါင်းကာ ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် “ငါတို့ကတော်လှန်ရေးလုပ်နေတာ ဘာသရဏဂုံမှ တင်စရာမလိုဘူး မင်းတို့သတ်ရဲရင်သတ်” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ပြီး ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက သပိတ် စစ်ကြောင်း လုံခြုံရေးအတွက် လိုက်ပါ ဝန်းရံခဲ့ကြောင်း သိရသည်။

– ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် “တော်လှန်ရေး အတွက်လုပ်နေတာ ငါတို့သရဏဂုံမတင်နိုင်ဘူး မင်းတို့သတ်ချင်ဒီတိုင်းသတ်” စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

– ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီ-ဝေါလေ ကားလမ်းမအနီး၊ သုံးထပ်ကွေ့တောင်ကြောပေါ်သို့ အလစ်အငိုက် ဝင်ရောက်လာသော စစ်ကောင်စီတပ်မှာ တိုက် ခိုက်ခံရပြီးနောက် ပြန်လည် ဆုတ်ခွာ သွားရကြောင်း ယနေ့တွင် Cobra column စစ်ကြောင်းက သတင်း ထုတ်ပြန်သည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) တွင် နယ်မြေ ကျူးကျော်လာသော စစ်ကောင်စီတပ်ကို ကော်ဘရာစစ်ကြောင်းက တိုက်ခိုက်ခဲ့ သည့်အတွက် စစ်ကောင်စီ တပ်သား ၂ ဦးနှင့်အထက် ပြင်းထန်စွာဒဏ်ရာ ရရှိခဲ့ပြီး ဆုတ်ခွာသွားခဲ့ ကြောင်း သိရသည်။
 

– အကြမ်းဖက်စစ်ကောင်စီက ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ကို သေဒဏ်စီရင် သတ်ဖြတ်လိုက်မှုသည် တရားဥပဒေနှင့် မကိုက်ညီဘဲ လူမဆန် တရားနည်းလမ်းမကျ သဖြင့် ပြင်းပြင်းထန်ထန် ကန့် ကွက်ရှုတ်ချကြောင်း တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၃ ခုဖြင့် ဖွဲ့စည်းထား သော စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA က ကြေညာ ချက် ထုတ်ပြန် သည်။ အကြမ်းဖက်စစ်ကောင်စီ၏ သေဒဏ်စီရင်ခြင်းသည် မတရားသေဒဏ်စီရင်ခြင်းဖြစ်ပြီး နိုင်ငံ့ အာဏာကို မတရားသိမ်းယူထားသည့် စစ်ကောင်စီ၏ တိုင်းသူပြည်သားတို့အပေါ် ပြစ်မှုကျူးလွန်သော လူမဆန်သည့် လုပ်ရပ်အဖြစ် မှတ်ကျောက်တင်ထားရမည်ဟု ထုတ်ပြန်ကြေညာသည်။

– ရန်ကုန်မြို့ ၊ အင်းစိန် အကျည်းထောင်တွင် ယနေ့(ဇူလိုင်၂၅ရက်)နေ့ခင်းပိုင်းကစပြီး ထောင်ဆူပူမှု ဖြစ်ပွားနေပြီး ထောင်အာဏာပိုင်များက ခေါင်းဆောင်တချို့ကို တိုက်ပိတ်ရိုက်နှက်နေကြောင်း အကျဥ်းထောင်နှင့် နီးစပ် သူများထံမှ သိရသည်။ ယနေ့မနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီမှ မတရားဖမ်းဆီးထားပြီး သေဒဏ်အမိန့်ချမှတ်ခံထားရသည့် ၈၈မျိုးဆက် ခေါင်းဆောင် ကိုဂျင်မီ၊ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် (NLD)ပါတီ လွှတ်တော်အမတ် ကိုဖြိုးဇေယျာသော်အပါအဝင်၊ ကိုလှမျိုးအောင်(ခ)ကိုမျိုးနှင့် အောင်သူရဇော်(ခ)ကတုံးတို့ကို စစ်ကောင်စီမှ ပြစ်ဏ် စီရင်ဆောင် ရွက်ပြီးဖြစ်ကြောင်း ထုတ်ပြန် လိုက်ပြီးနောက် ထောင်ဆူပူမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

– ကျောက်ဖြူမြို့နယ်၊ စနဲမြို့မရဲစခန်းမှူးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီက ဒေသခံ ၁၅ ဦးခန့်ကိုဖမ်းဆီးခဲ့ရာ ယနေ့(ဇူလိုင်လ ၂၅ ရက်)တွင် ၇ ဦး ပြန်လည်လွတ်မြောက်လာပြီး ၈ ဦးကို ကျောက်ဖြူသို့ပို့ဆောင်လိုက်ကြောင်း ဒေသအခြေစိုက် သတင်းဌာန DMG တွင် ဖော်ပြထားသည်။ ကျောက်ဖြူသို့အပို့ခံရသူ ၈ ဦးမှာ ကံပြင်ရပ်ကွက်မှ မခင်နီလာလွင်နှင့် ညီမဖြစ်သူ မခင်သူဇာလွင်၊ ကံပြင်ရပ်ကွက်မှ မအေးမြတ်မွန်နှင့် ညီမ မမိုးမိုးသွယ်၊ စနဲမြို့ပေါ်ရပ်ကွက်မှ ကိုအောင်နိုင်ဝင်း၊ စံပယ်ချောင်းကျေးရွာမှ ကိုတင်မျိုးထွန်း၊ မောင်စည်သူထွန်း၊ ခင်မောင်စိုးတို့ဖြစ်ကြသည်။ စနဲမြို့ ကံပြင်ရပ်ကွက်မှ မခင်နီလာလွင်နှင့် မခင်သူဇာလွင်တို့ကို စနဲမြို့ပေါ်ရှိ အစ်မဝမ်းကွဲဖြစ်သူနေအိမ်သို့ သွားရာလမ်းတွင် စစ်ကောင်စီက ခေါ်ယူဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သူမ၏ အဒေါ်တော်စပ်သူ ဒေါ်စောနု ကပြောသည်။

– စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း ကုန်ကြောင်း၊ ရေကြောင်း၌ တာဝန်ပေးအပ်ထားခြင်းမရှိဘဲ စစ်ဆေးရေးဂိတ် ဖွင့်လှစ်ကာ ငွေကြေးကောက်ခံခြင်း၊ အလှူခံခြင်း၊ ဒဏ်ကြေးသတ်မှတ် တောင်းခံခြင်း များ ပြုလုပ်ပါက ဥပဒေနှင့်အညီ အရေးယူမည်ဟု ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ထုတ် ပြန်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ ယန္တယားလည်ပတ်ရာ၌ မလိုလားအပ်သော ရှုပ်ထွေးမှုများ၊ အထင်အမြင်လွဲမှားမှု များ ရှိလာနိုင်သောကြောင့် ယခုကဲ့သို့ ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ အထက်ပါ ညွှန်ကြားချက်ကို ဒေသတွင်းရှိ ရပ်ကျေး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ ဒေသကာကွယ် ရေးတပ်ဖွဲ့ PDF များ၊ ရပ်ကျေးပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ လိုက်နာရမည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

– ရန်ကုန်တွင်ကျောင်းတက်နေရင်း ပျောက်ဆုံးသွားသည့် ရခိုင်မှ Grade 10 ကျောင်းသူကို ယနေ့ ပြန်လည်တွေ့ရှိပြီဟု ဒေသအခြေစိုက်သတင်းဌာန နိရဉ်စရာ တွင်ဖော်ပြထားသည်။ ပျောက်ဆုံး သွားသူမှာ ရန်ကုန်မြို့၊ ထောက်ကြန့်မြို့နယ်ရှိ စွယ်စုံကိုယ်ပိုင်အထက်တန်းကျောင်းတွင် Grade 10 အတွဲ(၇) ဇီဝဘာသာတွဲကိုတက်နေသည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မေလွမ်းကျေးရွာမှ အသက် ၁၄ နှစ်အရွယ် မလင်းလဲ့ရွှေရည်(ခေါ်)မမေပြည့်ဖြိုးဖြစ်သည်။ “ကလေးက ထောက်ကြန့်ကနေ ကားတစ်စီးနဲ့ပါသွားတယ်လို့ ပြောတယ်။ အဲဒီမှာ တိုက်ကြီးစျေးနားမှာ အဲဒီအမျိုးသမီးက ဆိုက်ကားစီး ရင်းတွေ့လို့ ကလေးလည်း လမ်းပျောက်လို့လိုက်သွားတယ်အဲလိုမျိုးပြောပါတယ်။ သူက ကလေးကို မေးတော့ ကလေးက စွယ်စုံမှာတက်တယ်ဆိုတဲ့အကြောင်းပြောတဲ့အခါ စွယ်စုံစာသင်ကျောင်းကို ဒီကနေ့မနက်က လာပြီးအကြောင်းကြားတာ”ဟု ပြောသည်။

– မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ စစ်ကား ၁၇ စီးပါ ယာဥ်တန်းကို ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မြင်းမူမြို့နယ် နပဲကြူးဇရပ်အနီးတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Moe Nyo Revolution Force (M.N.R.F) အဖွဲ့ထံမှ သိရသည်။ အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို Moe Nyo Revolution Force M.N.R.F၊ PENTAGRAM ငါးထောင့်ကြယ်၊ People’s Guerillas Commando – Myinmu နှင့် PEOPLE REVOLUTION FORCE P.R.F ညီနောင် ၄ ဖွဲ့မှ မိုင်း ၁၀ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ၅ စီးမြောက်ကားကို ထိမှန်ကာ ကားကို ကရိန်းဖြင့် လာရောက် ဆွဲယူသွားကြောင်း သိရသည်။

– နိုင်ငံရေးအကျဉ်းသားလေးဦးကို သေဒဏ်စီရင်လိုက်ခြင်းကို လက်တုံ့ပြန်သောအားဖြင့် တော်လှန် တိုက်ခိုက်ရေးအရှိန်မြှင့်လုပ်ဆောင်သွားမည်ဟု ရန်ကုန်ပြောက်ကျားအဖွဲ့တစ်ခုက ပြောကြား လိုက်သည်။ Soul Takers (Yangon Underground Force) ဆိုသည့်အဖွဲ့က ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့ တွင် “အရေးပေါ် စစ်ရေးအမိန့်” ဟုဆိုသော ထုတ်ပြန်ချက်တွင် စစ်ကောင်စီလက်အောက်ခံ အဖွဲ့များ အပြင် စစ်ကောင်စီကို ကူညီပေးနေသော အရပ်သားများကိုပါ တိုက်ခိုက်သွားမည်ဟု ပါရှိသည်။ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံအဖွဲ့များ၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ၊ အဖွဲ့များနှင့် ပြည်သူထံမှ လက်နက်ပြခြိမ်းခြောက်ကာ ဓားပြတိုက်လုယက်ရမ်းကား နေ သောသူများအား တိုက်ခိုက် ရန် အဖွဲ့၏ ဌာနဆိုင်ရာ ခေါင်းဆောင်များပြတ်သားစွာ သဘောတူညီမှုရခဲ့သည်ဟုဆိုသည်။

– ကလေးမြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရ‌ှိသူတစ်ဦးရဲ့ နေအိမ်အတွင်း ယနေ့ဇူလိုင် ၂၅ ရက် မနက် ၅ နာရီတွင် လက်ပစ်ဗုံးဖြင့် ပစ်သွင်းသတိပေးခဲ့ကြောင်း ကလေး UG အဖွဲ့တာဝန်ရှိသူ တစ်ဦး ထံမှ သိရပါတယ်။ အဆိုပါဝန်ထမ်းနေထိုင်တဲ့ ညောင်ပင်သာရပ်ကွက်ရှိ နေအိမ်အတွင်းသို့ လက်ပစ်ဗုံး ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။ ထိုသို့သတိပေးရခြင်းမှာ CDM တွင် မပါဝင်ခြင်း၊ အများပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ရာတွင် ငွေကြေးများတောင်းယူကာ လာဘ်စားမှုများပြုလုပ်ခြင်း တို့ကြောင့် KUG အဖွဲ့က သတိပေးတဲ့အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့သိရတယ်။
 

#ဖက်ဒရယ်ဂျာနယ်

#နေ့စဉ်သတင်းအကျဉ်း #ပြည်တွင်း

https://federaljournalmm.org/

https://www.facebook.com/federaljournal

https://www.youtube.com/channel/UCdiso3nQ1RbwYu0ixQYqtiA/featured

 

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာ အသီးသီးမှ ကောက်နုတ်တင်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button