“ဖက်ဒရယ်သီအိုရီနှင့်အာဏာခွဲဝေရေးပဋိပက္ခ”
မင်းတလထော
ဖက်ဒရယ်နဲ့ပက်သတ်လို့ ပညာရှင်တွေ၊ စာအုပ်စာတန်းတွေ အများကြီးရှိကြပါသည်။ နိုင်ငံအလိုက်ကျင့် သုံးပုံများအပေါ်မူတည်ပြီး ဖက်ဒရယ်စနစ်ဒီဇိုင်းအမျိုးမျိုးကိုလည်း ရေးသားပြောဆို လေ့လာကြပါသည်။ ပညာ ရပ်ဆိုင်ရာ၊ သီအိုရီဆိုင်ရာ၊ ဒီဇိုင်းဆိုင်ရာများအပေါ် လေ့လာမိကြတဲ့ အခြေခံနဲ့ဗဟုသုတ အပေါ် မူတည်ပြီး ဖက်ဒရယ်အပေါ်ယူဆပုံအနည်းနှင့်အများ ကွဲပြားကြတယ်လို့မြင်ပါတယ်။
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် စစ်တပ်ကဖက်ဒရယ်ကြောင့် ပြည်ထောင်စုပြိုကွဲမှာစိုးရိမ်၍ အာဏာသိမ်းသည်ဟု ပြည်သူလူထုကို အကြောင်းပြခဲ့ပါသည်။ ဒီအကြောင်းပြချက်ကို မယုံကြည်ဘဲ စစ်တပ်က လိမ်ညာနေမှန်းသိတဲ့လူများလည်း ရှိခဲ့ပါသည်။ ပြည်သူလူထုအများအကြားမှာ ဖက်ဒရယ် ဆိုတာ ပြည်ထောင်စု ပြိုကွဲရေး၊ ခွဲထွက်ရေးဆိုပြီး နှစ်ပေါင်းများစွာ အယုံသွင်းထားနိုင်တာကိုတွေ့ရပါတယ်။
၁၉၆၂ ခုနှစ် အာဏာသိမ်းမှုရဲ့နောက်ကွယ် အခြားအကြောင်းပြချကို မသိရသေးပေမယ့် ဖက်ဒရယ် ကြောင့် မဟုတ်ဖူးဆိုတာ ထိုအာဏာသိမ်းစဉ် အဓိက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ကြီး ရေးသား ထုတ်ဝေတဲ့စာအုပ်မှာ အတိအလင်းဝန်ခံထားတာတွေ့ရပါတယ်။
ဗိုလ်နေဝင်းက အာဏာသိမ်းလိုက်ပြီ နိုင်ငံတကာနဲ့ ပြည်သူကို ဘာအကြောင်းပြမလဲဆိုတာ စဉ်းစားကြ ရင်းနဲ့ ဗိုလ်အောင်ကြီးက ထိုစဉ်က ဦးနုတို့ဆွေးနွေးနေတဲ့ ပြည်ထောင်စုမူကိစ္စကို အကြောင်းပြပြီး အာဏာသိမ်း ရတယ်ဆိုတဲ့အကြောင်း အဆိုပြုလိုက်တာကို သဘောတူကြပြီး ဖက်ဒရယ်ကြောင့်စစ်တပ်က အာဏာသိမ်း တယ် ဖြစ်လာတယ်လို့ ဝန်ခံထားပါတယ်။ ဦးနုကတောင် သူကိုယ်ဖမ်းခေါ်သွားတာကို ဗိုလ်နေဝင်းက သူ့ကိုအကာ အကွယ်ပေးတာလို့ ထင်နေသေးတယ်လို့ သူ့ရဲ့တာတေစနေသားစာအုပ်မှာ ဖော်ပြထားပါတယ်။
၁၉၆၂ ခု အာဏာသိမ်းတာ ဖက်ဒရယ်မူကြောင့်လို့ စစ်တပ်က နှစ်ပေါင်းများစွာ ဝါဒဖြန့်ခဲ့ရာမှ ၂၀၁၀ ခု သမ္မတဦသိန်းစိန် ငြိမ်းချမ်းရေးဖိတ်ခေါ်မူနဲ့အတူ တစ်ခန်းရပ်သွားခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု နောက်ဆက်တွဲဖြစ်စဉ်များမှ ဖက်ဒရယ်ဝေါဟာရဟာ လူထုကြားမှာ ကျယ်ပြန့်လာပြီး ဖက်ဒရယ်ဆိုင်ရာပညာပေးလုပ်ငန်းများအရှိန်အဟုန်နှင့် ဖြစ်ပေါ်လာပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးသဘောတူစာချုပ်-NCA၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ဖြစ်စဉ်များမှ ဖက်ဒရယ်အသံ အားကောင်း လာပြီ ၊စစ်တပ်ကပင် ၎င်း၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ဖက်ဒရယ် အခြေခံများပါဝင်ကြောင်း ကိုးကားလာပြန်သည်ကို တွေ့ရပါတယ်။
ဒုတိယပင်လုံနဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ ဝေါ်ဟာရတစ်ရပ်ပေါ်လာပြန်ပါတယ်။ ဒီမိုက ရေစီဖက်ဒရယ်နဲ့ ဖက်ဒရယ်ဒီမိုကရေစီအငြင်းအခုံ စလာပြန်ပါတယ်။ တစ်ဖန်နွေဦးတော်လှန်ရေးနဲ့အတူ ဖက် ဒရယ်ပြည်ထောင်စုဝေါဟာရက အဓိက ဖြစ်သွားပြန်ပါတယ်။ ယေဘုယျအားဖြင့် ဖက်ဒရယ် စနစ်ပုံစံတစ်မျိုး မျိုးနဲ့ နိုင်ငံတော်ကို ပြန်လည်ဖွဲ့စည်းတည်ဆောက်ဖို့လမ်းကြောင်းပေါ်မှာတော့ သွားနေဆဲ ဖြစ်ပါတယ်။ ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်သည် ဗဟိုနှင့်ပြည်နယ်ယူနစ်များအကြား အာဏာခွဲဝေ အုပ်ချုပ်သည့်စနစ်ဖြစ် ပြီး မည်သို့သော အာဏာခွဲဝေကြမည်ကို နိုင်ငံတစ်ခုချင်းအလိုက် လိုတိုးပိုလျော့ ကွဲပြား နိုင်ပါတယ်။
အချုပ်အခြာအာဏာနဲ့ပတ်သတ်လို့ အဓိပ္ပါယ်ဖွင့်ဆို-
မြန်မာမင်းအုပ်ချုပ် ပုံစာတန်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ အချုပ်အခြာကိုယ့် ထီးခရိုင်နဲ့ထီးရိုး၊ ခေါင်းချုပ်နဲ့ယူ ပါတယ်။ အချုပ်ကို ထီးခေါင်းချုပ်၊ အခြားကို ထီးခရိုင်။ ထီးခေါင်းချုပ်ကဲ့သို့အာဏာကို ထီးခရိုင် ကဲ့သို့ ပိုင်းခြားခွဲဝေ ထားခြင်းလို့ ဖွင့်ဆိုပါတယ်။ အချုပ်အခြာအာဏာခွဲဝေပိုင်းခြားပုံ၊ အာဏာဖြန့်ဝေအပေါ် မှုတည်ပြီးစနစ်တွေ အမည်တပ်လာကြတယ်မြင်ပါတယ်။ ဖက်ဒရယ်လည်း တစ်ခု အပါအဝင်ပါပဲ။
သမိုင်းဦးဘုံမြေခေတ်မတိုင်မှီ၊ ယဉ်ကျေးမှုအဆောက်အဦးများ မဖွဲ့စည်းနိုင်သည့် ကာလကတည်းက အာဏာသဘောနဲ့အာဏာ ခွဲဝေမှုသဘော ကရှိခဲ့တာပါပဲ။ လူဆိုတာကို သတ္တဝါတစ်မျိုးဆိုတဲ့ အခြေခံကစဉ်းစား ရင်သတ္တဝါတိုင်းလိုလို ယေဘုယျအားဖြင့်အစုအဖွဲ့၊ အသင်းနဲ့နေထိုင်ကြ ပါတယ်။ သတ္တဝါအုပ်စုကိုလူနဲ့တိရိစ္ဆာန် ခွဲလိုက်ကြရင်လည်း တိရိစ္ဆာန်အမျိုးအစားအများစုဟာ အုပ်နဲ့သင်းနဲ့ နေကြသလို၊ အုပ်စုရဲ့ခေါင်းဆောင်ရှိသလို ခေါင်းဆောင်နေရာအတွက် တိုက်ပွဲတွေသည်လည်း သဘာဝအရ ရှိခဲ့တာပါပဲ။
သမိုင်းဦးဘုံမြေစနစ်လို့ပေါ်လာခြင်းနဲ့အတူ အုပ်ချူပ်ရေးစနစ် ပါ်လာပါတယ်။အလုပ်တာဝန် ခွဲဝေမှုအရ နယ်မြေ၊ကျေးရွာ၊ မျိုးတူစုလုံခြုံရေး၊ စီမံခန့်ခွဲရေးအတွက်သူကြီး၊ ရွာသူကြီးအာဏာအမျိုးအစားပေါ်လာပါ တယ်။ ဆွေမျိုးစု၊မျိုးတူစု၊ လူမျိုးစုများစုပေါင်းကာကွယ်ရေးကနေ မြို့ပြနိုင်ငံ၊တိုင်းနိုင်ငံ၊ နယ်မြေများ ပေါ်လာပြီး ဘုရင်စနစ်များပေါ်လာပါတယ်။ လူမျိုးစုနယ်မြေတစ်ခုလုံးအတွက်ကျေးရွာအသီးသီးမှစစ်သည် စုဆောင်းပေး ရ တဲ့စနစ်ကနေနယ်စား၊ မြို့စား၊ တိုက်သူကြီး၊သူကြီးစသဖြင့် အုပ်ချုပ်ရေးပုံစံအဆင့်ဆင့်ဖြစ် ပေါ်လာပါတယ်။ အုပ်ချုပ်သူအကြီးအကဲနဲ့စစ်စားရိပ်၊ အုပ်ချုပ်ရေးစားရိပ်အတွက် အခွန်အကောက်စနစ် တွေကနေ အခွန်အဆင့် ဆင့်ကောက်ခံပြီအပေါ်ကိုပေးပို့စနစ်ဝင်လာပါတယ်။ ရာထူးအဆင့်ဆင့်ဟာမျိုး ရိုးအလိုက် အမွေဆက်ခံခွင့်ပြောင်းလာတဲ့အခါ မြေရှင်ပဒေသရာဇ်စနစ်၊ နယ်စား၊ ပယ်စား၊ စားကျေးနယ် ချထားပေး ခြင်း၊ခန့်အပ်အသိအ မှတ်ပြုခြင်းများ စနစ်တွေ ဝင်လာပါတယ်။ ဒီလိုနဲ့ကံကြွေးချ မြေရှင် ပဒေသရာဇ်စနစ် ပေါ်ပေါက်လာပြီး သစ္စာခံမှုနဲ့ ချီးမြှောက်မှုစနစ်တွဲလာပါတယ်။ ဘုရင်တွေ၊ ဧကရာဇ်တွေဟာ သစ္စာခံမှု၊ အခွန်ဆက်သမှု၊စစ်သည်စုဆောင်း ပေးမှုအတွက် အာဏာခွဲဝေပေး တဲ့စနစ်ပေါ်လာပါတယ်။ ခေတ်နဲ့စနစ်တွေ ပြောင်းလဲလာတဲ့အခါ ပုံသဏ္ဍာန်ပြောင်းပေမယ့် အနှစ်သာရ မပြောင်းတဲ့ အာဏာ၏ခွဲဝေမှုစနစ်များ ပေါ်ထွန်း လာပါတယ်။ ကိုလိုနီစနစ်အောက် လွတ်မြောက်လာ တဲ့ တိုင်းပြည်အများစုမှာ အာဏာခွဲဝေရေး ပြဿနာများ ရင်ဆိုင်ကြ ရပါတယ်။ ကိုလိုနီ နယ်မြေများရဲ့ ကိုလိုနီခေတ် မတိုင်မှီကာလဒေသ အု ပ်ချုပ်ရေးနဲ့အာဏာခွဲဝေပုံစနစ်များ၊ နယ်မြေစနစ်များကို ပြန်အခြေခံ ပြီးအာဏာခွဲဝေးရေး အငြင်းပွားမှု၊ ပဋိပက္ခများဖြစ်နေကြဆဲဖြစ်ပါ တယ်။ ကိုလိုနီခေတ်မတိုင်ခင်က အင်ပါယာများ၊ ပဒေသရာဇ်များ၊ ဧကရာဇ်များစနစ်မှာ နယ်မြေအပိုင် သိမ်းထားခြင်းထက် စစ်ရှုံးသူကို သစ္စာပေး၊ ပဏ္ဍာဆက်၊ စစ်သည်စုဆောင်းပို့လွှတ်၊ နန်းမွေနန်းလျာ သားသမီးဓါးစာ ခံခေါ်ယူထားစသဖြင့် အာဏာထိမ်းချုပ်ထားပါတယ်။ သက်ဆိုင်ရာနယ်ပယ် အလိုက် အကြီးအကဲများဟာဒေသ တွင်းမှာအပြည့်အဝနီးပါး အုပ်ချုပ်ခွင့်အာဏာရရှိကြပါတယ်။
ရှေးခေတ်နိုင်ငံရေးစနစ်အရသစ္စာခံ၊ ပဏ္ဍာဆက်၊ စစ်သားပေးစနစ်အခြေခံနဲ့အင်ပါယာ ဘောင်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားပါတယ်။ ခေတ်သစ်ကိုလိုနီစနစ်မှာ အစဉ်အလာအုပ်ချုပ်ရေးစနစ်တွေကို ဆက် လက်ကျင့်သုံးပြီး ထီးနန်းတစ်ခုအဖြစ်တည်ရှိနေတဲ့မြေတွေကိုတော့ ဗြိတိသျှ၊ ပြင်သစ်စသဖြင့် ကိုလိုနီအုပ်ချုပ် ရေးအောက် တိုက်ရိုက်ကျင့်သုံးခဲ့ပါတယ်။ ကိုလိုနီနယ်အများစုဟာ မှုလကအင်ပါယာ အကြီး၊ အင်ပါယာအငယ်များ အနေနဲ့ တည်ရှိ့ခဲ့တာပဲဖြစ်ပါတယ်။ အိန္ဒိယတိုက်ငယ်မှာ မဂိုအင်ပါယာ ဒေလီမင်းဆက်ရှိပေမယ့်တိုက်နယ် အတွင်းမှာ သီးခြားအင်အားကောင်းတဲ့ စော်ဘွားပြည်နယ်များနဲ့ သီးခြားကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့နေကြပါ တယ်။ ဗြိတိသျှဟာ မဂိုအင်ပါယာကို ဖြိုချပြီးတဲ့နောက် ပြည်နယ် စော်ဘွားများကို ယခင်အတိုင်း သစ္စာပေးပြီး အုပ်ချုပ်ရေးအာဏာ(ဆာနတ်)ပေးထားခဲ့ပါတယ်။ အလားတူ စနစ်ကို အခြားကိုလိုနီနယ်မြေများစွာမှာလည်း ကျင့်သုံးခဲ့ပါတယ်။ ကိုလိုနီနယ်ချဲ့နိုင်ငံများဟာ ဒေသတစ်ခု၊ နယ်မြေတစ်ခုအတွင်းမှာရှိတဲ့ ဗဟိုအချုပ်အခြာ အာဏာ ကိုဖြိုချပြီး၊ ကိုလိုနီအုပ်ချုပ်ရေး အချုပ်အခြာ အာဏာနဲ့အစားထိုးခဲ့ပါတယ်။ ကိုလိုနီဗဟိုအချုပ်အခြာ အာဏာဟာ ယခင်ဗဟို အချုပ်အခြာ အာဏာ ခွဲဝေမှု၊ ဖြန့်ဝေမှုပုံစံအဟောင်းအတိုင်း အာဏာဆက်လက်ဖြန့်ဝေ ပါတယ်။
ယခင် ဒေသအလိုက် ရိုးရာအုပ်ချုပ်ရေးပုံစံအဟောင်းနဲ့ကိုလိုနီအုပ်ချုပ်ရေးယန္တရားပေါင်းစပ်ကျင့်သုံးပါ တယ်။ ခေတ်သစ်ကိုလိုနီပြုနိုင်ငံများဟာ ကိုလိုနီနယ်များကို နှစ်ပေါင်းရာချီတည်ငြိမ်စွာ အုပ်ချုပ်နိုင်ပြီး ကိုလိုနီ လက်အောက်က လွတ်မြောက်လာတဲ့နိုင်ငံသစ်များဟာ ဘာကြောင့်မတည်ငြိမ်ရတာလဲဆိုတဲ့ မေးခွန်း ပေါ်လာပါ တယ်။ ယူဆချက်တစ်ခုအရ အသစ်ပေါ်ထွန်းလာတဲ့နိုင်ငံတွေဟာ မှုလကိုလိုနီ မဖြစ်ခင်က ရှိခဲ့တဲ့ ဗဟိုအချုပ် အခြာအာဏာ သက်ရောက်ရာနယ်မြေထက် ပိုမိုကျယ်ဝန်းတဲ့နယ်မြေများကို ပေါင်းစည်းပေးခံထားရလို့ဖြစ်ပါတယ်။
ကိုလိုနီပြုနိုင်ငံတွေဟာ၎င်းတို့အုပ်ချုပ်ခဲ့စဉ်က ဗဟိုအချုပ်အခြာအာဏာကို ယခင်အာဏာအဟောင်း ရဲ့ခွဲဝေပုံအတိုင်းခွဲဝေအုပ်ချုပ်ခဲ့ကြပေမယ့် ဒုတိယကမ္ဘာစစ်အပြီး ကိုလိုနီနယ်များကိုလွတ်လပ်ရေးပေးတဲ့ အခါဗဟိုအချုပ်အခြာအာဏာကို နီးစပ်ရာနယ်များပေါင်းစပ်စုပြုံပြီး လူတစ်စု၊ အဖွဲ့တစ်ဖွဲ့၊လူဦးရေအများ ဆုံးမျိုးနွယ်စုများလက်ထဲအပ်ခဲ့ပါတယ်။ ကိုလိုနီလက်အောက်က လွတ်မြောက်လာပြီး ဗဟိုအာဏာအပ်နှင်း ခံရသူတို့က ၎င်းတို့လက်ထဲရရှိလာတဲ့အာဏာကို ပြန်လည်ခွဲဝေရေး၊ ဖြန့်ထုတ်ရေးမှာ ကိုလိုနီလက်အောက် မကျရောက်မည်ကပုံစံလည်းပြန်မသွားလို၊ ကိုလိုနီခေတ်ပုံစံလည်း ဆက်မသွားလိုနဲ့အာဏာဖြန့်ဝေပုံ ပဋိပက္ခ ဖြစ်ပေါ်လာပါတယ်။ ဒီလိုနဲ့နိုင်ငံတွေဟာ မတည်ငြိမ်မှု ဝဲဂယက်ထဲက ရုန်းမထွက်နိုင် ဖြစ်ကုန်ကြပါတယ်။
နိုင်ငံသစ်တွေဟာ ကိုလိုနီမဖြစ်ခင်က ဗဟိုအာဏာသက်ရောက်ပုံ၊ ဖြန့်ဝေပုံ၊ပိုင်ခြားပုံထက်ပိုမိုတဲ့အာ ဏာကိုလက်လွှဲယူခဲ့ကြရတဲ့အခါ အဆိုပါအာဏာကိုပြန်လည်ခွဲဖြန့်မှုကိုမှန်ကန်စွာမဆောင်ရွက်နိုင်ခဲ့ကြပုံရပါ တယ်။ ဒီနယ်မြေဧရိယာ၊ဒီနိုင်ငံ၊ ဒီအာဏာရော့အင့်ဆိုပြီးတက်သုတ်ရိုက်လွှဲခဲ့ကြပါတယ်။ အကျိုးဆက် အဖြင့် ကိုလိုနီအုပ်ချုပ်ရေးကျင့်သုံးစဉ်က ခွဲဝေ၊ဖြန့်ဝေထားတဲ့အာဏာများကို ရုပ်သိမ်းစုစည်းပြီးစုပုံလွှဲ လိုက်သလိုဖြစ် သွားစေပါတယ်။ စုပုံ အာဏာလွှဲယူသူတို့ကလည်း အာဏာပြန်လည်ခွဲဖြန့်ပုံ မပြေလည် ကြတဲ့ အတွက် ဗဟို အာဏာသက်ရောက်မှု့ကိုဆန့်ကျင်ပုန်ကန်ကျပါတယ်။ ဖက်ဒရယ်အကြောင်းကို အာဏာခွဲဝေ ပုံကနေချဉ်း ကပ်ကြည့်ခြင်းပဲ ဖြစ်ပါတယ်။ သမိုင်းခေတ်အဆက် ဆက်အင်ပါယာများ၊ ဧကရာဇ် များရှိ့ခဲ့ကြပါတယ်။သမိုင်း နှစ် ထောင်စုများစွာကထဲက အင်ပါယာတွေဟာ ဖက်ဒရယ် ဆန်ဆန် ထက် ပိုတဲ့ကွန်ဖက်ဒရိတ်ထက်လည်းသာတဲ့ အာဏာဖြန့်ဝေမှုနဲ့အင်ပါယာများကို ထိမ်းသိမ်းထားခဲ့ ကြပါတယ်။
အာဏာခွဲဝေမှုဆိုတာ ပြည်နယ်နှင့်ဗဟိုအစိုးရအကြား၊ ပြည်နယ်နှင့်ဒေသန္တရအကြား အာဏာခွဲဝေမှု ဖြစ်ပါတယ်။ အာဏာကို ဗဟိုကချုပ်ကိုင်ထားတဲ့အာဏာ၊ ပြည်နယ်ကထိန်းချုပ်ထားတဲ့အာဏာ၊ ဒေသန္တရ အဆင့်ကို ခွဲဝေထားတဲ့ အာဏာတို့အပြင် ထိုအထဲတွင်မပါသည့် ကြွင်းကျန်အာဏာတို့ ဖြစ်ပါတယ်။ ကြွင်းကျန် အာဏာကို ဗဟိုကိုပေးမလား ပြည်နယ်ကပဲယူမလား ဖွဲစည်းပုံမှာ အတိအလင်းပြဖို့ လိုအပ်ပါတယ်။