သတင်း

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့်  ကေအဲန်ယူ-ညောင်လေးပင်ခရိုင်ရှိ ပြည်သူ (၅)ဦး ဒဏ်ရာရရှိ

ဖက်ဒရယ်ဂျာနယ် ဇွန် – ၂၅

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးနယ်မြေရှိ အင်းနက်ကျေးရွာအုပ်စုတွင်းသို့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်က ယနေ့နံနက်(၇)နာရီအချိန်မှ စဉ်ဆက်မပျက် ကျေးရွာသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးအလုံးရေ (၄၀)ကျော် ပစ်ခတ်မှုကြောင့် အပစ်မဲ့ ပြည်သူ (၅)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

 

(စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်များပျက်စီးခဲ့)

၎င်းပစ်ခတ်မှုကို ခလရ-၆၀၊ ခမရ-၄၃၉၊ ခမရ-၃၅၁ ပူးပေါင်းတပ်တို့မှ ဗိုလ်ကြီးအဆင့်ရှိသူ ဇေယျာလင်းမှ ဦးဆောင်ကာ ဆိပ်ကြီးနှင့် ညောင်ကုန်းရွာတွင် စခန်းချပြီး အင်းနက်ကျေးရွာအုပ်စုသို့ လက်နက်ကြီးများ ပစ်ခတ်ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် အင်းနက်ကျေးရွာပြည်သူလူထု (၅)ဦး ဖြစ်သော စောသက်ဝေစိုး အသက်(၃၅)နှစ်၊ ဘယ်ဘက်ခြေသလုံး၊ စောကျော်ကျော် အသက်(၃၀)နှစ် ဘယ်ဘက်ရင်အုံဘေး၊ စောရန်နိုင်ဝင်းအ သက်(၂၇)နှစ် ညာဘက်ခြေသလုံးနှင့် ဘယ်ဘက်ခြေဖမိုး၊ မငြိမ်းငြိမ်းစိုး အသက်(၃၀)နှစ် ညာဘက်ခြေသလုံး၊ ဒေါ်စန်းနွဲ့ အသက်(၆၂)နှစ် ညာဘက်လက်မောင်းတွင် အသီးသီး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြကြောင်း KNU က သတင်းထုတ်ပြန်သည်။

 

(စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထွက်ပြေးသိမ်းရှောင်နေရသည့် ပြည်သူများ)

လက်ရှိတွင် ဒဏ်ရာရရှိသူများကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ဆေးဝါးကုသမှု ပေးလျက်ရှိသည်ဟု ဆိုသည်။ ယနေ့ပစ်ခတ်မှုကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှ ကျေးရွာ(၆)ရွာရှိသည့် အင်းနက်ကျေးရွာအုပ်စုတွင် အိမ်ခြေ (၆၁၉)လုံး၊ လူဦးရေ (၂၆၂၂)ဦးနှင့် မုန်းမြို့နယ်ရှိ အိမ်ခြေ(၂၇၀)လုံး၊ လူဦးရေ(၁၇၀၀)ဦးရှိသည့် ရန်မျိုးအောင်ကျေးရွာနှင့် အိမ်ခြေ(၁၅၀)၊ လူဦးရေ(၈၅၀)ဦးရှိသည့် နောင်ကုန်းကျေးရွာမှ ပြည်သူလူထု စုစုပေါင်း (၃၄၇၂)ဦးတို့သည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်းသိရသည်။

#ဖက်ဒရယ်ဂျာနယ်

#ကေအဲန်ယူ

#စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်

#ဓါတ်ပုံ_ကေအဲန်ယူဗဟို

Related Articles

Back to top button