တိုင်းရင်းသားများသတင်း

စစ်ကောင်စီက ဖွင့်တဲ့ကျောင်းတွေ မတက်ဖို့ တိုက်တွန်းချင်တယ်လို့ KSCC ပညာရေးကော်မတီ တာဝန်ခံ ပြော

မေ ၁၅၊ ၂၀၂၂ (ဖက်ဒရယ်ဂျာနယ်)

စစ်ကောင်စီက ဖွင့်တဲ့ကျောင်းတွေ မတက်ဖို့ တိုက်တွန်းချင်တယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC)၏ ပညာရေးကော်မတီ တာဝန်ခံ ဆရာမ ဇူဇူ ပြောသည်။

“အဓိက လက်ရှိကျွန်မတို့ရဲ့ရည်ရွယ်ချက်ကတော့ စစ်ကောင်စီကဖွင့်လှစ်တဲ့ကျောင်းတွေကို တက်ရောက်ဖို့ အားမပေးဘူး။ နောက်ပြီးတော့ တော်လှန်ရေးကာလဖြစ်တဲ့အခါကျတော့ CDM လုပ်တဲ့ဆရာ/ဆရာမတွေက စစ်ရှောင်စခန်းတွေမှာ သင်ကြားပေးနေတာရှိတယ်။ မြို့ပေါ်လူနေရပ်ကွက်တစ်ချို့မှာလည်း သင်ကြားပေး နေကြတယ်။ ဒါတွေအားလုံးက ကျွန်မတို့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်တဲ့အချိန်ကျရင် အားလုံးအသိအမှတ်ပြုရမည့် ပညာရေးတွေဖြစ်တယ်။ ကျွန်မတို့ KSCC အနေနဲ့ဒီလိုမျိုး CDM လုပ်ပြီး သင်ကြားပေး နေတာတွေကို အသိအမှတ်ပြုတယ်” ဟု ဖက်ဒရယ်ဂျာနယ်သို့ ပြောသည်။

ပညာရေးသည် လူ့အခွင့်အရေး တစ်ရပ်ဖြစ်သည်။ လူတိုင်း လွတ်လပ်စွာ တွေးခေါ် တီထွင်ကြံဆကာ  ပညာ ဆည်းပူးပိုင်ခွင့်ရှိသည်။ လူတိုင်း အတွက်လက်လှမ်းမှီရမယ့် အခွင့်အရေး တစ်ရပ်လည်းဖြစ်သည်။

“ကျွန်မတို့ KSCC ပညာရေးကော်မတီကတော့ ပညာရေးဆိုတာ လူ့အခွင့်အရေးတစ်ရပ်ဖြစ်တယ်။ လူတိုင်း အတွက်လက်လှမ်းမှီရမယ့် အခွင့်အရေးတစ်ရပ်ဖြစ်တယ်။ ပြည်သူတွေအတွက် စစ်ရေးလိုအပ်ချက်၊ နိုင်ငံရေးလိုအပ်ချက်တွေနဲ့ အတူ ပညာရေးလိုအပ်ချက်တွေလည်း အရေးကြီးတယ်။ ဒါကြောင့် KSCC အနေနဲ့ ဒီဟာတွေကို တပြိုင်နက်ဖြေရှင်းဖို့ ကြိုးစားနေတာတွေရှိတယ်။ ကျွန်မတို့ကော်မတီအနေနဲ့ ဒီပညာရေးနဲ့ ပတ်သက်ပြီးလုပ်ဆောင်နေတဲ့ လူငယ်တွေ၊ ပညာရေး အဖွဲ့အစည်းတွေနဲ့ပေါင်းပြီးတော့ ကြားကာလ ပညာရေးအစီအမံတစ်ခုကို ဖော်ဆောင်နေတယ်။ မကြာမီမှာဒီအစီအမံပညာရေးကို ချပြနိုင်မယ်လို့ ယုံကြည်တယ်။ အထူးသဖြင့်ကလေးတွေရဲ့ ပညာရေးအခွင့်အရေးတွေ မဆုံးရှုံးရအောင်လုပ်ဆောင်မယ်လို့ ကျွန်မ ပြောချင်ပါတယ်။ နောက်တစ်ခုက စကစဖွင့်တဲ့ကျောင်းတွေမတက်ဖို့ တိုက်တွန်းချင်တယ် ဟု ဖက်ဒရယ် ဂျာနယ်သို့” ပြောသည်။

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ၊ ပညာရေးကော်မတီသည် ကြားကာလတွင် ကလေးသူငယ်များ၏ ပညာသင်ယူခွှင့် မဆုံးရှုံးစေရေး၊ သင်ယူတက်မြောက်ထားသည်များကို ပြန်လည်မှတ်မိစေရေးနှင့် ပညာသင်ခွင့် မဆုံးရှုံးစေရေး တို့အတွက် ဆောင်ရွက်လျက်ရှိပြီး ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးယန္တရားတွင် ကလေးများ၏ အသက်အရွယ်၊ ဖွံ့ဖြိုးတက်မြောက်မှုနှင့် အတန်းအဆင့် ကိုက်ညီမှုရှိစေရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ၏ ပညာရေးကော်မတီသည် အသွင်ကူးပြောင်းရေးကာလနှင့် အနာဂတ်ဖက်ဒရယ်တည်ဆောက်ရေး ကာလများတွင် ကလေးများ၏ တင်မြောက်ကျွမ်းကျင်မှု နှင့် ကိုယ်ရည်ကိုယ်သွေးများကို ပြန်လည် ဆန်းစစ်အကဲဖြတ်၍ ကလေးများ အသက်အရွယ်နှင့် ကိုက်ညီသော အတန်းပညာသင်ယူမှု အတွက် အဆင်သင့်ဖြစ်စေရန် ကုစားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ထုတ်ပြန် ထားသည်။

ကလေးများ၏မိဘများသည် ကြားကာလအတွင်း သင်ယူရသည့် ပညာရေး၊ စစ်ရှောင်စခန်းများတွင် သင်ယူရသည့် ပညာရေးက တရားမဝင်နိုင်ဘူးဟု ထင်မြင် ယူဆမှုများရှိနေသလို ကလေးများ ပညာရေးကို မည်သည့် နေရာတွင်မဆို သင်ယူနိုင်ရန် ထောက်ခံ အားပေးသည့် ကလေးမိဘများလည်း ရှိနေသည်။ ယင်းသို့ အခြေအနေများကြား ပိုမိုရှင်းလင်းစွာ နားလည်နိုင်ရန် ကြားကာလ နိုင်ငံရေး အတိုင်ပင်ခံကောင်စီ များဖြစ်ကြသည့် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) နှင့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) တို့အသီးသီးက ကြားကာလတွင် သင်ကြားပေးသည့် ပညာရေးသည် အနာဂတ် ဖက်ဒရယ်ပညာရေးတွင် တရားဝင် အသိအမှတ်ပြုကာ အတန်းပညာသင်ယူမှုများအတွင် ကုစားဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

Related Articles

Back to top button