ဆောင်းပါး

တအာင်းပလောင်မှတ်စု

“တအာင်းပလောင်မှတ်စု”

၁။ တအာင်းပလောင်လူမျိုးများသည် ရှမ်းမြောက်တွင် အများစုနေထိုင်ကြသော လူမျိုးများဖြစ်သည်။ တရုတ်ပြည်တွင်၎င်း၊ ကိုးကန့်၊ ရှမ်တောင်နှင့်ရှမ်းအ‌ရှေ့တွင်၎င်း အနည်း ငယ်စီ ပျံ့နှံ့နေထိုင်မှုများလည်းရှိသည်။ အစိုးရ၏ ၂၀၁၄ သန်းခေါင်စာရင်းပါ ကိန်းဂ ဏန်းများအရ ရှမ်း ပြည်နယ် လူဦးရေ ၅၈ သိန်းတွင် တအာင်းပလောင် ၇.၀၆ % ရှိရာ တအာင်း လူဦးရေသည် ၄ သိန်းကျော်ခန့်ရှိသည်ကိုတွေ့ရသည်။ သို့ရာတွင် ဤကိန်းဂဏန်းသည် မပြည့်စုံ၊ တအာင်းလူဦးရေသည် ၇ သိန်းအထက်ရှိနိုင်သည်ဟု ဆိုကြသည်ကို တွေ့ရသော်လည်း အတည်ပြုနိုင်ရန်တိကျသော ကိန်း ဂဏန်းအား ကောက်ယူရန်လိုအပ်နေသေးသည်။ မြန်မာပြည်ရှိ လူမျိုးများအနက် မွန်၊ တအာင်းနှင့် ဝ လူမျိုးများ၏ စကားပြောသံနှင့် လေယူလေသိမ်းသည် ဆင်တူသည်။ ခပ်လှမ်းလှမ်းက နား ထောင်လျင် အတူတူဟုပင်ထင်ရသည်။

၂။ PNF ပလောင်အမျိုးသားတပ်ဦးအား ၁၉၆၃ ခုနှစ် ဇန္နဝါရီ ၁၂ ရက်နေ့ စတင်ဖွဲ့စည်းခဲ့ပြီး ထို့နေ့အား  တအာင်ပလောင် အမျိုးသားများ၏ တော်လှန်ရေးနေ့အဖြစ်သတ်မှတ်ထားခဲ့ရာ ယနေ့သည် ၅၉ နှစ်မြောက်ဖြစ်သည်။ PNF အား ၁၉၇၆ တွင် PSLO/ PSLA ( Palaung State Liberative Organization/ Palaung State Laberation Army ဟု ပြောင်းလဲဖွဲ့စည်းသည်။ PSLO/PSLA သည် ၁၉၉၁ တွင် နဝတ နှင့် အပစ်ရပ်ပြီး၂၀၀၅ တွင် လက်နက်အပ်ခဲ့သည်။ ထိုင်းနယ်စပ် တွင် မဒတ ကိုယ်စားလည်အဖြစ်ရောက်ရှိနေသော မိုင်အိုက်ဘုန်း ( လက်ရှိ PSLF/TNLA ဥက္ကဌ) တို့က PSLO/PSLA ၏ သ ဘောထားအား လက်မခံဘဲ PSLF ( Palaung State Liberation Front) ကို ၁၉၉၁ တွင်ပြန်လည်ဖွဲ့စည်းရာ အနှစ် ၂၀ အကြာ ၂၀၁၁ မှစ၍  PSLF သာမက TNLA ( Taang National Liberative Army ) ပါအသက်ဝင်သည်။ PSLF/TNLA သည် ၁၉၆၃ ခုနှစ် ဇန္နဝါရီ ၁၂ ရက်ကို တအာင်းပလောင်တော်လှန်ရေး‌နေ့အဖြစ် ဆက်လက်ခံယူသည်။

၃။ ပြီးခဲ့သော ၁၀ နှစ်အတွင်း အင်ပြည့်အားပြည့် ပြန်လည်ထူထောင်နိုင်ခဲ့သော တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့ ၃ ခုထဲတွင် တအာင်းပလောင်တပ်ဖွဲ့  PSLF/TNLA လည်းအပါ အဝင်ဖြစ်သည်။ ပြန်လည်ထူထောင်ခါစက အင်အား ၄၀ ကျော်ခန့်သာရှိသော်လည်း ၁၀ နှစ်ခန့်အကြာ ယခုကာလတွင်တော့ အင်အား ၈၀၀၀ အထက်ရှိသော တပ်ဖွဲ့တခုဖြစ်နေပြီဖြစ်သည်။ အရှေ့ဖက် သံလွင်မြစ်၊ အနောက်ဖက် ရွှေလီမြစ်၊ မြောက်ဖက် မူစယ် ပြည် ထောင်စုလမ်းမ၊ တောင်ဖက် ကျောက်မဲ၊ သီပေါ၊ မိုးကုတ် ကားလမ်း ဂွင်အတွင်း လှုပ်ရှားနေသည်ကို တွေ့ရသည်။

၄။ ၂၀၁၅/၁၆ နှစ်များနှင့် ၂၀၁၉ ခုနှစ်များတွင် TNLA သည် မြောက်ပိုင်း ၃ ဖွဲ့နှင့်အတူ စစ်ရေးလှုပ်ရှားမှုများကို တွေ့မြင်ရသည်။ မူစယ် ပြည်ထောင်စုကားလမ်းအား ပိတ်၍ အခွန်ကောက်ခံသော TNLA တပ်ဖွဲ့၊ ကွတ်ခိုင်၊ မူစယ်မြို့များကို ဝင်ရောက်တိုက်ခိုက်ခဲ့သော TNLA တပ်ဖွဲ့၊ ဂုတ်တွင်းတံတားနှင့် ပြင်ဦးလွင်အားတိုက်ခိုက်ခဲ့သော TNLA တပ်ဖွဲ့အား အများသတိပြုမိခဲ့ကြသည်။  ၂၀၂၁ အတွင်း SSPP/UWSA တို့နှင့် တွဲ၍ RCSS အား ရှမ်းမြောက်မှ တွန်းထုတ်နေသည်တိုက်ပွဲများတွင် ပါဝင်နေသည်ကို တွေ့ရသည်။  ၂၀၂၂ နှစ်ဆန်းတွင်တော့ နမ့်ခမ်းမြို့တွင်းသို့ အင်ပြည့်အားပြည့်နှင့် ဝင်ရောက်ခဲ့သည်ကို တွေ့ရသကဲ့သို့ တိုက်ပွဲဖြစ်ပွါးသည်ကိုတွေ့ရသည်။

၅။ TNLA ၏ အဓိက အားသာချက်မှာ သူ့လူမျိုးများအား စည်းရုံး၊ဖွဲ့စည်း၊ စိုးမိုး၊ချုပ်ကိုင်ထားနိုင်မှုဟုဆိုရမည်။ လက်ရှိအချိန်တွင် စစ်ယူနီဖေါင်းအပြည့်အစုံ၊ လက်နက်အပြည့် အစုံနှင့် စစ်စည်းဟိတ်ဟန်အပြည့်ရှိသော လက်နက်ကိုင်တပ်ဖွဲ့တခုကို ထူထောင်ထားနိုင် သည်ကိုတွေ့ရသည်။ ဗိုလ်သင်တန်းအပါ စနစ်တကျလေ့ကျင့်မှုများ ပြုလုပ်ထားနိုင်သည်ကို တွေ့ရသည်။ စစ်ရေးအရ ပြောက်ကျားလှုပ်ရှားမှုနှင့် နယ်မြေကျွမ်းကျင်မှု အားသာသည်။တအာင်း နယ်မြေအတွင်း အုပ်ချုပ်ရေးယန္တယားများ စနစ်တကျ ဖွဲ့စည်းထားနိုင်သည်ကို တွေ့ရသည်။ ၂၀၂၀/၂၀၂၁ ခုနှစ်များတွင် RCSS နှင့် တိုက်ပွဲဖြစ်ပွါးသော် လည်း ” တပ်”နှင့် တိုက်ပွဲဖြစ်ပွါးမှု မရှိသလောက်ဖြစ်သည့် TNLA သည် ၂ နှစ်အတွင်း သူ့ဒေသနှင့် တပ်တည်ဆောက်ရေးကို အာရုံစိုက်နေပုံရသည်။

၆။ TNLA သည် ၂၀၁၁ ခုနှစ် ပြန်လည်ဖွဲ့စည်းစဥ်က KIA အကူအညီဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပြီး အစဉ်အလာအရ ယခင်ကထဲက KIA  နှင့် နီးစပ်မှုရှိခဲ့သည်။ သို့သော် ၂၀၁၅ ခန့်မှစ၍ UWSA နှင့် ပိုမိုနီးကပ်သွားခဲ့သည်ကိုတွေ့ရသည်။ အခြားအကြောင်းအချက်များရှိသော်လည်း “ဝ” နှင့် တအာင်းလူမျိူတို့ကြား ဘာသာစကား၊ ယဉ်ကျေးမှု၊ ဆင်းသက်လာမှုစသည့် သွေးချင်းနီးစပ်မှုရှိသည်က အရင်းခံ အကြောင်းအချက်တခုဖြစ်ပုံရသည်။

၇။ လက်ရှိ PSLF/ TNLA ကို ပြန်လည်တည်ထောင်သူ၊ ဦးဆောင်နေသူ တာအိုက်ဘုန်းနှင့် TNLA ခေါင်းဆောင်များသည် ထိုင်းနယ်စပ်တွင် မဒတ တပ်ပေါင်းစုအတွေ့အကြုံ၊ ပြည်ပဆက်ဆံရေးအတွေ့အကြုံ ရှိကြသည့်အပြင် ပြည်တွင်းနိုင်ငံရေးနှင့် အကျွမ်းတဝင်ရှိကြသူများဖြစ်သည်။ TNLA သည် AA /MNDAA တို့နှင့်မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ အဖြစ်ဖွဲ့စည်းထားသည့်အပြင် လက်ရှိအခြေအနေတွင် UWSA / SSPP တို့နှင့် နီးနီးကပ်ကပ်ဆက်ဆံမှုရှိသည်ကိုတွေ့ရသည်။ တအာင်း ပြည်နယ် ရည်မှန်းချက်ထားရှိသော  TNLA ၏ ၂၀၂၂ ခြေ လှမ်း၊ အနာဂါတ်ခြေလှမ်းများမှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။

မောင်မောင်စိုး ရေးတယ်

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၁၂၊ ၂၀၂၂

Related Articles

Back to top button