ဆောင်းပါး

နိုင်ငံရေးဥပါဒါန်အစွဲ

နိုင်ငံရေးဥပါဒါန်အစွဲ

မြန်မာ့နိုင်ငံရေးဓလေ့ကို ဆန်းစစ်တဲ့အခါမှာ၊ လူထုရဲ့နိုင်ငံရေးစိတ်ကို သရုပ်ခွဲလေ့လာရမယ်လို့ ထင်ပါတယ်။ ဒီနေရာမှာ – မြန်မာတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့၊ အတော်များများ ဖြစ်ပျက်နေတာကို တွေ့မြင်နေရတဲ့ကိစ္စကို ပြောချင် ပါတယ်။ နိုင်ငံရေးအစွဲအလမ်းတွေ ကိစ္စဖြစ်ပါတယ်။ နိုင်ငံရေးဥပါဒါန်အစွဲတွေလို့ ပြောရင်လည်း ရပါတယ်။ မြန်မာ့ လူ့အဖွဲ့အစည်းမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအစွဲအလမ်းစိတ်တွေကို သရုပ်ခွဲကြည့်ရင် ဆင်တူကြောင်းကွဲတွေ အတော်များများတွေ့ရပါတယ်။ မြန်မာတွေရဲ့စိတ်ထဲမှာ မသဲမကွဲဘဲ ရောထွေးတည်ရှိနေတဲ့နိုင်ငံရေးစိတ်အခံတွေ လို့ ပြောရင်လည်း မမှားဘူး။

ဒေသစွဲစိတ်

မြန်မာတွေဟာ ဇာတိစွဲစိတ်အားကြီးတယ်။ ဒါ့ကြောင့် ကိုယ်မွေးဖွားရာ ရေမြေဒေသကို ချစ်ခင်မြတ်နိုးတဲ့စိတ်ရှိပါ တယ်။ ဒီနေရာမှာ – မြန်မာတွေဟာ ဒေသစွဲစိတ်နဲ့ နိုင်ငံချစ်စိတ်ကို ခွဲခွဲခြားခြား နားမလည်ဘဲ ရောထွေးနေတတ်ကြ တယ်။ အတော်များများက နိုင်ငံချစ်စိတ်ဆိုတာထက် ဒေသစွဲစိတ် အားကြီးတာတွေ့ရတယ်။ ကျုံ့နေတဲ့စိတ်နဲ့ ကျယ်ပြန့်တဲ့စိတ်ဟာ ဓာတ်ခံအားဖြင့် မတူပါ။

လူမျိုးရေးစိတ်

မြန်မာတွေမှာ၊ သွေးသားဆွေမျိုးအပေါ်မှာ စွဲလမ်းတဲ့ နိုင်ငံ ရေးစိတ်ရှိပြန်ပါတယ်။ ဒါကို အမျိုးသားရေးစိတ် လို့လည်း ခေါ်ချင်ခေါ်နိုင်တယ်။ သို့သော်လည်း ဒီနေရာမှာ အတွင်းကို ကျုံ့ဝင်နေတဲ့အမျိုးသားရေးစိတ်နဲ့ ကျယ်ပြန့် သောသဘောရှိတဲ့အမျိုးသားရေးစိတ်ဆိုပြီး သရုပ်ခွဲနိုင်ပါတယ်။ သွေးသားဗီဇအပေါ်မှာ အခြေခံပြီး စွဲလမ်းတဲ့စိတ် ဟာ လူမျိုးရေးစိတ် ဖြစ်ပါတယ်။ မြန်မာတွေ အတော်များများမှာ လူမျိုးရေးကို ပိုစွဲလမ်းငြိတွယ်ကြတာ တွေ့ရ တယ်။ နိုင်ငံတစ်ခုလုံးကို လွှမ်းခြုံတဲ့ အမျိုးသားရေးစိတ်ဟာ သွေးသား ဗီဇတော်စပ်မှုအပေါ်မှာတင် အခြေခံတာ မဟုတ်ပါ။ နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်တဲ့ လူထုအပေါ်မှာ အခြေခံပါတယ်။ လူမျိုးရေးစိတ်ဆိုတာ ကျဉ်းမြောင်း တဲ့နိုင်ငံရေးအစွဲအလမ်းဖြစ်ပြီး၊ လူထုအရေးဆိုတာဟာ ကျယ်ပြန့်တဲ့ အမျိုးသားရေးစိတ်အခံဖြစ်ပါတယ်။ လူထုအကျိုးနဲ့ လူမျိုးအကျိုးကို ခွဲခြားမြင်နိုင်စွမ်း ရှိရပါမယ်။ မြန်မာတွေဟာ လူမျိုးရေးနဲ့ လူထုအရေးကို ခွဲခြားမကြည့်ဘဲ၊ ရောထွေး လုံးထွေးနေကြတာများတယ်။ တကယ်တော့ ဒီနှစ်ခုဟာ တူသလိုလိုနဲ့ မတူပါဘူး။ နောက်တစ်ခုတွေ့ရတာက – ဂိုဏ်းဂဏစွဲစိတ်နဲ့ နိုင်ငံရေးစိတ် မသဲကွဲကြတာပါ။

ဂိုဏ်းဂဏစွဲစိတ်

နိုင်ငံရေး ဝါသနာပါတယ်၊ နိုင်ငံရေးစိတ်ဝင်စားတယ်၊ နိုင်ငံရေးလှုပ်ရှားကြတယ်ဆိုတဲ့လူအတော်များများကို ကြည့်ရင် ဂိုဏ်းဂဏစွဲစိတ်နဲ့ နိုင်ငံရေးလုပ်ကြတာများပါတယ်။ နိုင်ငံရေးမှာ ထဲထဲဝင်ဝင်ပါဝင်နေသူတွေဆိုရင် လည်း၊ နိုင်ငံရေးစိတ်နဲ့ ပါဝင်လှုပ်ရှားနေတာထက် ဂိုဏ်းဂဏစိတ်နဲ့ ပါဝင်လုပ်ဆောင်နေကြတာကိုတွေ့ရပါတယ်။ နိုင်ငံရေး စိတ်ဝင်စားတယ်လို့ဆိုတဲ့သူတွေရဲ့ ပြောစကားတွေ ကြည့်ရင်လည်း ဂိုဏ်းဂဏ အစွဲအလမ်းစိတ်ကို မဖျောက်နိုင်တာတွေ့ရပါတယ်။ နိုင်ငံရေးစာအုပ်စာပေဆောင်းပါးတွေ ဖတ်ရှုတဲ့အခါမှာလည်း၊ နိုင်ငံရေးစိတ်အခံနဲ့ လေ့လာတာထက် ဂိုဏ်းဂဏစွဲစိတ်နဲ့ အကဲဖြတ်တာ၊ ဝေဖန်တာတွေ့ရပြန်ပါတယ်။ အလားတူ တွေ့ရတာက – သာသနာရေးနယ်ပယ်ဖြစ်ပါတယ်။ သာသနာရေးနယ်ပယ်မှာလည်း ဘုန်းတော်ကြီး အများစု၊ ဆရာတော် သံဃာ တော်အများစုဟာ သာသနာချစ်စိတ်နဲ့ ဂိုဏ်းဂဏစွဲစိတ်ကို ရောထွေးနေတတ်ကြပါတယ်။ အများစုသော ဘုန်းကြီး သံဃာတွေဟာ ဂိုဏ်းဂဏစွဲစိတ်ကို သာသနာချစ်စိတ်လို့ ထင်မှတ်နေကြပါတယ်။ ဒါဟာ မြန်မာ့နိုင်ငံရေးလောက မှာလည်း များများစားစား မြောက်မြောက်မြားမြားတွေ့ရသလို၊ မြန်မာလူထုထဲမှာလည်း ကျယ်ကျယ်ပြန့်ပြန့်တွေ့ ရတဲ့အရာဖြစ်ပါတယ်။

ဥပါဒါန်ကြောင့် ဥပဒ်ရောက်တယ်

မြန်မာစကားမှာ – ဥပါဒါန်ကြောင့် ဥပဒ်ရောက်တယ်ဆိုတဲ့ စကား ရှိပါတယ်။ ဥပါဒါန်ဆိုတာ အစွဲအလမ်းကို ခေါ်တာဖြစ်ပါတယ်။ အလွန်အမင်းစွဲလမ်းတယ်လို့ အနက်အဓိပ္ပာယ်ထွက်ပါတယ်။ သိမ်မွေ့စွာ ငြိတွယ်တယ်လို့ ပြောနိုင်ပေမယ့်၊ တုပ်နှောင်မှုအားကြီးတဲ့ အစွဲအလမ်းအချုပ်အနှောင်ဖြစ်ပါတယ်။ တွယ်နှောင်ခံရတာမျိုး၊ ချုပ်နှောင်ခံရတာမျိုးကို ဥပါဒါန်လို့ သုံးပါတယ်။ ဥပဒ်ဆိုတာကတော့ – ဘေးဥပဒ်ကို ပြောတာ၊ ဘေးအန္တရာယ်လို့ ပြောတာဖြစ်ပါတယ်။ ဥပါဒါန်ကြောင့် ဥပဒ်ရောက်တယ်ဆိုတာ စိတ်အစွဲအလမ်းကြောင့်ပဲ ဘေးဒုက္ခတစ်ခု ကျရောက်တယ်လို့ဆိုလိုပါတယ်။ တခါတရံ မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွေကို ကြည့်ရင်၊ ဒီလို နိုင်ငံရေးအစွဲအလမ်း တွေကပဲ နိုင်ငံရေးဘေးဒုက္ခတွေကို သယ်လာပြီး တိုင်းပြည်ကို အန္တရာယ်ကျရောက်စေတာကို တွေ့ရပါတယ်။ လောကီမှာ ကျင်လည်နေတဲ့လူသားတွေဟာ အစွဲအလမ်းတွေနဲ့ လူ့ပယောဂတွေကြားထဲမှာ ရောထွေးနေတတ်တာ ကလည်း သဘာဝဖြစ်တယ်၊ ဓမ္မတာပဲလို့ ပြောနိုင်တယ် မဟုတ်လား။

  • နိုင်ငံရေးဥပါဒါန်အစွဲတွေကနေ ကျော်ပြီး ကြည့်နိုင်ဖို့
  • နိုင်ငံရေးဘေးဥပဒ်ရောက်ခြင်းမှ ကင်းဝေးဖို့
  • လူမျိုးရေးဥပါဒါန်အစွဲတွေကနေ ကျော်ပြီး ကြည့်နိုင်ဖို့
  • မြင်ကွင်းကို ကျယ်နိုင်သမျှ ကျယ်အောင် လုပ်ဖို့
  • အတ္တရဲ့ အကျဉ်းထောင်ကနေ လွတ်မြောက်ဖို့
  • အတိတ်ရဲ့ ကျေးကျွန်အဖြစ်နေ လွတ်မြောက်ဖို့
  • ဂိုဏ်းဂဏ စိတ်ထက် နိုင်ငံရေးစိတ် ပိုထက်သန်ကြဖို့
  • နိုင်ငံရေးစိတ်ထက် လူထုအကျိုးစီးပွားကို ပိုရှေ့ရှုကြဖို့
  • တစ်ဆင့်ထက် တစ်ဆင့်မြင့်တက်ပြီးတော့ တက်လှမ်းကြည့်မြင်နိုင်ဖို့ ဖြစ်ပါတယ်။

ဒီနေရာမှာ ဒဿနပညာရှင် ကားလ်မက္ခ်ရဲ့ စကားလေးတစ်ခုကို သတိရပါတယ်။

  • သေဆုံးပြီး မျိုးဆက်တွေရဲ့ အစဉ်အလာ အစွဲအလမ်းတွေဟာ သက်ရှိထင်ရှားရှိနေသူတွေရဲ့ ဦးနှောက်ထဲမှာ အိပ်မက်ဆိုးလို ဖိစီးခြောက်လှန့်နေတတ်သတဲ့။ (ကားလ်မက္ခ်)

အတိတ်သမိုင်းကိစ္စ

ကျနော်တို့ရဲ့ ရှေ့မျိုးဆက် အဆက်ဆက်ဟာ သူတို့ရဲ့ အမုန်းတရားတွေ၊ အာဃာတတရားတွေ၊ အငြိုးအတေးတွေ ကို လက်ဆင့်ကမ်း ဖြန့်ချိခဲ့ပါတယ်။ ကျနော်တို့တစ်တွေဟာ သမိုင်းကို လေ့လာခြင်းနဲ့ အတိတ်ကို စွဲလမ်းခြင်းမှာ လည်း သဲသဲကွဲကွဲ ရှိမနေပါဘူး။ သမိုင်းကို လေ့လာခြင်းဟာ အတိတ်ကို လေ့လာတာဖြစ်ပေမယ့်၊ အတိတ်မှာ နေထိုင်ဖို့ မဟုတ်ပါဘူး။ ထိုနည်းလည်းကောင်း – သမိုင်းလေ့လာခြင်းဟာ ပစ္စုပ္ပန်အတွက်ဖြစ်ပြီး အနာဂတ်ကို ရှေ့ရှု ဖို့ ဖြစ်ပါတယ်။ အတိတ်ရဲ့ အကျဉ်းသားအဖြစ် ကျရောက်ခံရဖို့ မဟုတ်ပါဘူး။ အတိတ်က ဖြစ်ရပ်တွေထဲက အတုယူ စရာရှိတာကို ယူပြီး၊ သင်ခန်းစာယူစရာရှိတာကို ယူဖို့ ဖြစ်ပါတယ်။ သမိုင်းမှာ လွဲခဲ့မှားခဲ့တွေကို သင်ခန်းစာယူပြီး လက်ရှိပစ္စုပ္ပန်မှာ မမှားဖို့ ကျင့်ကြံကြရမှာ ဖြစ်ပါတယ်။ အတိတ်ကဖြစ်ပျက်ပြီးသမျှကို အခဲမကျေနိုင်၊ အငြိုး အတေးထားပြီး ကျိတ်မနိုင်ခဲမရနဲ့ ချေးခြောက်ရေနှူး ပြန်လည် စားမြှုံ့ပြန်ဖို့ မဟုတ်ပါဘူး။ အနာဂတ်ကို ပိုတွေးနိုင် ပိုမျှော်ကြည့်နိုင်ကြမှ၊ ရှေ့ကို ခပ်များများ ရွေ့နိုင်ပါလိမ့်မယ်။

နိုင်ငံရေးအစွဲအလမ်းတွေကနေ ကျော်ပြီး ကြည့်နိုင်ဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးဥပါဒါန်အစွဲကနေ လွတ်ကျွတ်ပြီး၊ တကယ့် လူထုအကျိုးစီးပွားကို ရှေ့ရှုနိုင်တဲ့ နိုင်ငံရေးအမြင် ထက်သန်ကြဖို့ ဖြစ်ပါတယ်။

  • ဒေသစွဲစိတ်ထက် နိုင်ငံချစ်စိတ်ကို ပိုစေ….
  • လူမျိုးရေးထက် လူထုအရေးကို ပိုပြီး ရှေ့ရှုနိုင်ကြစေ….
  • ဂိုဏ်းဂဏစိတ်ထက် နိုင်ငံရေးစိတ်ကို ပိုနိုင်ကြစေ…
  • နိုင်ငံရေးစိတ်ဟာ လူထုအကျိုးစီးပွားနဲ့ လူထုလွတ်လပ်ခွင့်မှာ အခြေပြုစေ။
  • ဒေသစွဲစိတ်အားကြီးနေရင် ဖက်ဒရယ်စနစ်ကို လက်တွေ့ကျင့်သုံးဖို့ ခက်ခဲနိုင်ပါတယ်။
  • လူမျိုးစွဲစိတ်အားကြီးနေရင် ဖက်ဒရယ်စနစ်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ခက်ခဲနိုင်ပါတယ်။
  • ဂိုဏ်းဂဏစွဲစိတ်အားကြီးနေရင် ဖက်ဒရယ်စနစ်ကို အရောက်သွားဖို့ ခက်ခဲနိုင်ပါတယ်။
  • နိုင်ငံရေးစိတ်အားလုံးဟာ လူထုနဲ့ နိုင်ငံတစ်ဝှမ်းလုံးအပေါ်မှာ ကျောသားရင်သားမခွဲခြားပဲ ဗဟိုပြုမှ၊ အားလုံးလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။ သို့မဟုတ်ရင်တော့ ဖက်ဒရယ်ဆိုတာ ကြွေးကြော်သံ စကားလုံး၊ တောင်းဆိုသံ စကားလုံး သက်သက်ထက် ပိုမယ်လို့ မထင်ပါ။

မင်းသေ့ (ဆောင်းပါး)

ဖက်ဒရယ်ဂျာနယ်

နိုဝင်ဘာ ၂၃၊ ၂၀၂၁။

Related Articles

Back to top button