တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

စစ်ဘေး ဒဏ်ထပ်မံမသင့်စေရန်အတွက် တွေ့ဆုံဆွေးနွေးအဖြေရှာရန် အဆင်သင့်ရှိကြောင်း TNLA ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်

ဇန်နဝါရီ ၁၀၊ ၂၀၂၂

 

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ဗဟိုကော်မတီ နှစ်ပတ်လည် အစည်းအဝေးကို ဇန်နဝါရီ ၄ ရက်ကနေ ၇ ရက်အထိ ဗဟိုဌာနချုပ်၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

 

“PSLF / TNLA ၏ နိုင်ငံရေး၊ စစ်ရေးပြင်ဆင်သုံးသပ်ခြင်း နှင့် အုပ်ချုပ်ရေး လုပ်ငန်းများ ပိုမိုဆောင်ရွက်ရန်အတွက် ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးဌာနများကို သုံးသပ်ခြင်းများအပြင် လိုအပ်သည့် ဗဟိုလုပ်ငန်းဌာနများကိုလည်း သုံးသပ်ပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့ပြီး စစ်ရေးလုပ်ငန်း၊ ​ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်း၊ လူထုစွမ်းရည်မြင့်တင်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေး စသည့်လုပ်ငန်းများကို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း” ထုတ်ပြန်ထားသည်။

 

“ရှမ်းပြည်မြောက်ပိုင်း/တအာင်းဒေသတွင်းသို့ ၂၀၁၅ နောက်ပိုင်းမှ စတင်ကျူးကျော်ဝင်ရောက်လာသည့် RCSS တပ်ဖွဲ့များကို SSPP မဟာမိတ်တပ်ဖွဲ့များနှင့် အတူလက်တွဲကာ အရှိန်မြင့်တိုက်ပွဲဖော်ဆောင်လိုက်ခြင်းကြောင့် ၂၀၂၁ နှစ်ကုန်တွင် တအာင်းဒေသနယ်မြေများမှ အပြီးတိုင် တိုက်ထုတ်နိုင်ခဲ့သဖြင့် ဒေသခံမိဘပြည်သူများ RCSS တပ်ဖွဲ့၏ ဖိနှိပ်မှု ဒဏ်အမျိုးမျိုးမှ ကင်းလွတ်လာခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့အကြား တိုက်ပွဲများ ရပ်စဲထားကာ ဒေသခံမိဘပြည်သူများ စစ်ဘေး ဒဏ်ထပ်မံမသင့်စေရန် တွေ့ဆုံဆွေးနွေးအဖြေရှာရန် အဆင်သင့်ရှိကြောင်း” ထုတ်ပြန်ထားသည်။

 

ဆိုးရွားတဲ့ စစ်အာဏာရှင်စနစ်နဲ့ ကိုဗစ် ကပ်ရောဂါဘေးမှ လွတ်မြောက်စေဖို့အတွက် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာ ရင်ဆိုင်​ကျော်လွှားကြဖို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)က ဗဟိုကော်မတီ နှစ်ပတ်လည် အစည်းအဝေးအပြီး သဘောထားကို အခုလို ထုတ်ပြန်ထားခြင်းဖြစ်သည်။

Related Articles

Back to top button