ဆောင်းပါး

နိုင်ငံတော်ရှေ့ခရီး

နိုင်ငံတော်ရှေ့ခရီး

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်မှာ ယခု ၂၀၂၀ ဒီဇင်ဘာလဆိုလျှင် ၁၀လ ကာလကြာရှည်ခဲ့ပြီဖြစ်ပြီး လာမည့် ၂၀၂၂ ဖေဖော်ဝါရီလဆိုလျှင် ၁ နှစ်ပြည့်မြောက်တော့မည်ဖြစ် သည်။

အာဏာသိမ်းမှုကြောင့် အပြစ်မဲ့ပြည်သူတစ်ထောင်ကျော်သေဆုံးခဲ့ရပြီး ထောင်ပေါင်းများစွာသော ပြည်သူ များဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။ အချို့မှာ သေဒဏ်၊ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်များကျခံရပြီး အများစုမှာ နှစ်ရှည်ထောင်ဒဏ်များ ကျခံကြရ သည်။ ထိုထောင်ဒဏ်ကျခံရသူများ စာရင်းတွင် ဒီဇင်ဘာလ ၆ရက်နေ့၌ နေပြည်တော်သီးသန့်တရားရုံးတွင် စီရင်ချက်ချခံရသည့် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော် ၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်လာခဲ့သည်။

ゞင်းတို့ကို စီရင်ချက်မချမီ တစ်နေ့က ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်း၌ ငြိမ်းချမ်းစွာ ဆန္ဒပြသူ လူငယ် တစ်စုကို  စစ်တပ်က မော်တော်ကားဖြင့် တိုက်ကာ သေနတ်ပစ်ဖြိုခွင်းမှုဖြစ်ပွားခဲ့သည်။ ထိုသို့ဖြိုခွင်းမှုကြောင့် ဆန္ဒပြလူငယ် ၅ ဦး သေဆုံးပြီး ၁၀ ဦး အဖမ်းခံရကြောင်း သတင်းများတွင် ဖော်ပြကြသည်။ ထိုနေ့တွင်ပင် အမေရိကန်သံရုံးက ဖြစ်ရပ်အတွက် ထိတ်လန့်တုန်လှုပ်မိကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ရန်ကုန်မြို့ရှိ နေရာအများအပြားတွင် ညအခါ သံပုန်းတီးသံများ ပြန်လည် ဆူညံလာခဲ့သည်။

ထိုဖြစ်ရပ်များ ဖြစ်ပွားသည့်နေ့ နံနက်ခင်း၌ပင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးအား တွေ့ဆုံကာ ကျန်းမာရေးနှင့်ပတ်သက်သည့် အားပေးစကားများ ပြောကြားခဲ့သည်။ နောက်တစ်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ပုဒ်မ ၂ခုဖြင့် ထောင်ဒဏ် ၄နှစ် အမိန့်ချမှတ် ပြီး ညပိုင်းတွင် စစ်ကောင်စီဥက္ကဋ္ဌက ၂နှစ် လျော့ပေါ့ပေးကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်အားလုံးကို သုံးသပ်ကြည့်သောအခါ စစ်ကောင်စီသည် မီးစတစ်ဖက် ရေမှုတ်တစ်ဖက် လုပ်ချင် လာသော သဘောထားရှိကြောင်း တွေ့ မြင်ရမည်ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်မြို့သို့ ရောက်ရှိစဉ်၌ပင် ပန်းပင်ကြီးလမ်း သပိတ်ကို ရက်စက်စွာ ဖြိုခွင်းမှုက စစ်ကောင်စီဘက်မှ ရန်ငါပြတ် ကြောင်းကို ရှင်းရှင်းလင်းလင်းပြခဲ့ခြင်းဖြစ်သည်။ ပန်းပင်ကြီး လမ်းသပိတ်ကဲ့သို့ ပြောက်ကျားဆန္ဒပြပွဲများက ရန်ကုန်နှင့် မန္တလေးတို့တွင် နေ့စဉ်ပြသမြဲ ဖြစ်သည်။ လူငယ် အယောက် ၂၀၊ ၃၀ လောက်နှင့် ပြေးပြေးလွှားလွှား ဆန္ဒပြရခြင်းဖြစ်၏။ စစ်တပ်အနေနှင့်ဖေဖော်ဝါရီ၊ မတ်လတို့က လူသိန်းချီသည့် ဆန္ဒပြပွဲများကိုပင် လက်ပိုက်ကြည့်နေခဲ့ပြီး  ယခုလူအနည်းငယ်နှင့် ပြေးလွှားဆန္ဒပြသူများအား အကြမ်းဖက် နှိမ်နင်းခြင်းမှာ အာဏာသိမ်းစစ် ကောင်စီ၏ ပြည်သူအပေါ်ထားရှိသည့် သဘောထားကို ဆက်လက် ဖော်ပြနေခြင်းပင်ဖြစ်သည်။

စစ်ကောင်စီခေါင်းဆောင်သည် သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား အမိန့်မချမီတစ်ရက်၌ နာယက ဦးတင်ဦးနှင့် သွားရောက်တွေ့ဆုံခြင်းမှာလည်း ပြည်သူလူထုအား မျက်လှည့်ပြခြင်းပင်ဖြစ်၏။ ပြည်သူလူထုအမြင်တွင် အန်အယ်လ်ဒီ၏ အပြစ်မရှိသူများအပေါ် ကောင်းမွန်စွာ ဆက်ဆံသယောင် ပြသခြင်းပင်ဖြစ်သည်။ နာယက ဦးတင်ဦးသာ ကျန်းမာ ရေးကောင်းမွန်ပြီး ပါတီအကျိုးထမ်းဆောင် နိုင်ပါက မည်ကဲ့သို့ ဆက်ဆံမည်နည်းဆိုသည်မှာ အဖြေထုတ်စရာမလိုပေ။ ထို့အပြင် နေပြည်တော် တရားရုံးက ထောင်ဒဏ် ၄ နှစ် စီ ချမှတ်လိုက်ခြင်းအား နေ့ချင်း ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့သည်မှာလည်း စစ်ကောင်စီ က တရားရေးကို ဝင်ရောက်စွက်ဖက်ခြင်းမရှိသယောင် လူစုကို ထင်ယောင်ထင်မှားဖြစ်အောင် ပြုလိုက်ခြင်းသာ ဖြစ်သည်။

ထိုသို့ စစ်ကောင်စီ၏နေ့စဉ် ပရမ်းပတာပြုလုပ်မှုများကြောင့် ပြည်သူတို့၏နိုင်ငံရေးရေချိန်မှာ ပိုမိုမြင့်တက် လာပြီး တော်လှန်လိုစိတ်အသီးအပွင့်များသာ ဖြစ်ပေါ်လာခဲ့သည်။ လူထုသည် ကမ္ဘာ့ကုလသမဂ္ဂနှင့် အနောက် နိုင်ငံများ၏ အကူအညီကို မျှော်လင့်ချက်ကုန်သွားခဲ့ပြီး ကိုယ့်ပြည်တွင်းရေးကို ကိုယ်ကိုယ်တိုင် ဖြေရှင်းမှ သာရမည်ဆိုသော အတွေးများဝင်လာခဲ့သည်မှာ ကြာပြီဖြစ်သည်။

တိုင်းပြည်၏စီးပွားရေးမှာလည်း တစ်နေ့ထက်တစ်နေ့ ချွတ်ခြုံကျလျက်ရှိပြီး ကမ္ဘာ့ဘဏ်၏ခန့်မှန်းချက်အရ လာမည့် နှစ် တွင် ဂျီဒီပီ ၁၈ ရာခိုင်နှုန်းခန့် ကျဆင်းမည်ဟု ဆိုထားသည်။ တိုင်းပြည်တွင် စီဒီအမ်ပြုလုပ်သော ဆရာဝန်၊ ကျောင်းဆရာ၊ ဝန်ထမ်း အများအပြားရှိခြင်းကြောင့် လူသားအရင်းအမြစ်များ ပျောက်ဆုံးခဲ့ရသည်။ ကလေး၊ လူငယ်များ၏ အနာဂတ်အရေးမှာလည်း မျှော်လင့်ချက်မဲ့နေသည်။ ကျူးကျော်များ ဖျက်သိမ်းခြင်း ကြောင့် လူ့အခွင့်အရေးများ ဆုံးရှုံးရပြီး အခြေခံလူတန်းစားများ၏ စားဝတ် နေရေးမှာ စိုးရိမ်စရာ ကောင်းနေသည်။

သည်အတိုင်း ဆက်လက်သွားမည်ဆိုလျှင် နိုင်ငံတော်ရှေ့ခရီးမှာ ကျရှုံးနိုင်ငံသို့ ဦးတည် နေသည်။ စစ်ကောင်စီ သည် ကျရှုံးနိုင်ငံဖြစ်လာမှုကို စိုးရိမ်ခြင်းမရှိသည့်အပြင် ထိုကဲ့သို့ ဖြစ်ပေါ်လာပါ ကလည်း ဂရုစိုက်မည် မဟုတ်ပေ။ အလုံးစုံပျက်စီးသွားသည့်တိုင် ၎င်းတို့၏ အာဏာတည်မြဲရေးကိုသာ ဆက်လက်ကျိုး ပမ်းသွား မည်ဖြစ်သည်။ သန်း ၅၀ သော ပြည်သူတို့ကား ကျရှုံးနိုင်ငံမဖြစ်ပေါ်ရန်အတွက် အခြားမျှော်လင့်ချက်များ မထားဘဲ ဥစ္စာရင်လို ဥစ္စာရင်ခဲကဲ့သို့ ကျင့်သုံးရတော့မည် သာဖြစ်သည်။

မောဂ္ဂလိ ရေးတယ်

ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာ ၂၃၊ ၂၀၂၁

Related Articles

Back to top button