ဆောင်းပါး

အိန္ဒိယသည် ကမ္ဘောဒီးယား ထက် သာလွန်သွားပြီလော

အိန္ဒိယ သည် ကမ္ဘောဒီးယား ထက် သာလွန်သွားပြီလော

*******************************

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ရှရင်ဂလားသည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၂၂-၂၃ ရက် နှစ်ရက်ကြာ နေထိုင်ပြီး စစ်ကောင်စီ၊ နိုင်ငံရေး ပါတီများ နှင့် တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း အချိန်ကပ်ပြီး သတင်းထုတ်ပြန် လာခဲ့သည်။

ဒီမိုကရေစီ ဘိုးအေကြီးဟု ကင်ပွန်းတပ်ခံရသော အိန္ဒိယ သည် တရုတ် အာဏာရှင်များထက်ပင် ရဲတင်းစွာ ကိုယ်စားလှယ် စေလွှတ်လာမှု အပေါ် ကြားရသူ အပေါင်း မျက်ခုံးလှုပ်စရာ ဖြစ်သွားခဲ့ရသည်။

အိန္ဒိယ သည် မတ်လ ၂၇ ရက်နေ့ စစ်ကောင်စီ မှ ဦးစီးပြုလုပ်သည့် တပ်မတော်နေ့ အခမ်းအနားသို့လည်း ကိုယ်စားလှယ် စေလွှတ်ခဲ့သည့် နိုင်ငံ ၈ နိုင်ငံထဲတွင် ပါဝင်ခဲ့ဖူးသည်။

အိန္ဒိယ အား ၎င်းတို့အပေါ် အသိအမှတ်ပြုလာရန် စစ်ကောင်စီ က အညှာကိုင်ထားနိုင်ခဲ့၍လည်း ဖြစ်သည်။

နိုဝင်ဘာ ၁၃ ရက်နေ့တွင် အိန္ဒိယ အရှေ့မြောက် မဏိပူရ ပြည်နယ် အတွင်း အိန္ဒိယ သူပုန်တပ်ဖွဲ့ နှစ်ဖွဲ့ ၏ ချုံခို တိုက်ခိုက်မှုကြောင့် အာသံ ရိုင်ဖယ် တပ်ရင်း မှ တပ်ရင်းမှူး၊ သူ၏ ဇနီး နှင့် သားဖြစ်သူ ခြောက်နှစ်သား ကလေး ငယ် တဦး အပါအဝင် တပ်ဖွဲ့ဝင် လေးဦး သေဆုံးသွားခဲ့ရသည်။

ယင်း ဖြစ်စဉ်နှင့် အတူ မြန်မာဖက်ခြမ်း စစ်ကိုင်းတိုင်း အတွင်း ခိုအောင်းနေသည့် အိန္ဒိယ ဗဟို အစိုးရအား တိုက်ခိုက်နေသော တော်လှန်ရေး တပ်ဖွဲ့များ နှင့် မြန်မာ စစ်အာဏာသိမ်း တပ်များ ပူးပေါင်း ဆောင်ရွက်နေ ကြသည် ဆိုသော သတင်းများက ဖုံးမရ ဖိမရ ထွက်ပေါ်လာသည်။ စစ်ကောင်စီသည် အိန္ဒိယ သူပုန် အဖွဲ့အား စခန်းချခွင့် ပေးထားခဲ့မှု အတွက် အပြန်အလှန် အနေဖြင့် စစ်ကိုင်းတိုင်း အတွင်း လှုပ်ရှားနေကြသော ပြည်သူ့ တော်လှန်ရေး တပ်ဖွဲ့များကို နှိမ်နှင်းစေခဲ့ရာ စက်တင်ဘာလ အတွင်း တီးတိန် မြို့နယ် အတွင်းရှိ PDF စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။

အိန္ဒိယ သူပုန် တပ်ဖွဲ့များကို တရုတ် မှ တိဘက် ရှိ လာဆာ မြို့တော်အနီးတွင် စခန်းသွင်း လေ့ကျင့်ပေးနေခဲ့ ပြန်သည်။

ယခင် ၂၀၁၉ ခုနှစ်က မြန်မာ စစ်တပ်မှ အိန္ဒိယ သူပုန် စခန်းများကို ရှင်းလင်းပေးခဲ့ဖူးသည့် အနေအထားမှ ပေါင်းဆောင်ရွက်လာသည့် အဆင့် အထိ ပြောင်းလဲလာခဲ့ရသည်။

စစ်အာဏာသိမ်း အဖွဲ့သည် နိုင်ငံတဝှမ်း ၎င်းတို့အား လက်နက်ကိုင် ဆန့်ကျင်တွန်းလှန်မှုများ နှင့် ရင်ဆိုင်နေရပြီး စစ်အင်အား မလုံမလောက် ဖြစ်လာနေ၍ ဇိုမီး တော်လှန်ရေး တပ်၏ အကူအညီကို ရယူပြီး ၎င်းတို့ လုံးဝထိန်း ချုပ်နိုင်စွမ်း မရှိ ဖြစ်နေသည့် စစ်ကိုင်း တိုင်း နှင့် ချင်းပြည်နယ် ရှိ PDF တပ်များကို တိုက်ခိုက်လာခြင်း ဖြစ်သည်။ ထိုအဖြစ်ကို ထင်ရှားစေသည့် ဖြစ်စဉ်ကြီးက ပြီးခဲ့သည့် သောကြာနေ့တွင် ဖြစ်ပေါ်လာခဲ့သည်။ ချင်းပြည်နယ် တော်လှန်ရေး တပ်ဖွဲ့များက ဇိုမီး အဖွဲ့နှင့် စစ်ကောင်စီ တပ်များ ဆွေးနွေးနေစဉ် ဝင်ရောက် တိုက်ခိုက်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် စစ်ကောင်စီ သည် ထုံးစံအတိုင်း အိန္ဒိယ သူပုန်များကို လက်ခံထားခြင်း မရှိပါဟု ငြင်းဆိုနေမြဲပင်ဖြစ် သည်။ လက်ရှိ အနေအထားအရ တရုတ် ပါ ပါဝင်ပတ်သက်လာနေ၍ အိန္ဒိယ ဗဟို အစိုးရသည် ၎င်းတို့၏ အရှေ့မြောက်ဒေသ လုံခြုံရေး အတွက် မည်သို့မျှ လစ်လျူရှုထား၍ မရတော့သည့် အနေအထား ဖြစ်လာပြီး တင်းမာမှုများ ဖြစ်ပေါ်လာနေသည်။

အိန္ဒိယ ဗဟို အစိုးရ အဖို့ နောက်ထပ် ပြဿနာကြီးတခု နှင့် ရင်ဆိုင်လာခဲ့ရပြန်သည်။ ဒီဇင်ဘာ ၃-၄ တွင် နာဂ ပြည်နယ်အတွင်း သောင်းကျန်းသူ နှိမ်နှင်းမှု စစ်ဆင်ရေး တွင် အရပ်သား ၁၄ ဦး အား မှားယွင်း သတ်ဖြတ် ခံခဲ့ ရမှု ကြောင့် ပြည်နယ် အတွင်း ကန့်ကွက် ဆန္ဒပြမှုများ အကြီးအကျယ် ဖြစ်ပွားလာခဲ့ပြီး နာဂပြည်နယ်လွှတ် တော်မှ အိန္ဒိယ စစ်တပ်၏ အထူးအုပ်ချုပ်ခွင့် ပါဝါ ကို ဖျက်သိမ်းပေးရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို အတည်ပြုပေးခဲ့သည်။

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး၏ ခရီးစဉ်သည် မြန်မာ အကြပ်အတည်းကို ဆွေးနွေးရန်ဟု အကြောင်းပြလာခဲ့ သော်လည်း ၎င်းတို့၏ အရှေ့မြောက်ဒေသ လုံခြုံရေး အတွက် စစ်ခေါင်းဆောင်များ နှင့် ဆွေးနွေးဖို့ အဓိက ဖြစ်မည်ဟု ယူဆရပေသည်။

အိန္ဒိယ နိုင်ငံခြား‌ရေး ဝန်ကြီး၏ ခရီးစဉ်သည် အကြောင်းအမျိုးမျိုး ဖြင့် စစ်ကောင်စီနှင့် ဆက်သွယ်ချင်သည့် နိုင်ငံများအား လမ်းဖွင့်ပေးလိုက်သလို ဖြစ်သွားနိုင်သည်။ မိမိတို့ဖက်မှလည်း စစ်ကောင်စီ နှင့် လာရောက် ဆွေးနွေးခြင်းသည် ၎င်းတို့ အဖို့ အချိန်ဖြုန်းခြင်း သက်သက်သာ ဖြစ်မည်ကို ပြသဖို့ လိုနေသည်။

စစ်ကောင်စီတပ်များသည် ယခုအခါ စစ်ကိုင်းတိုင်း၊ ချင်း၊ ကချင်၊ ကရင် ပြည်နယ်များ တွင် တပြိုင်တည်း လိုလို စစ်မျက်နှာ ဖွင့်ကာ တိုက်ခိုက်လာနေပြီ ဖြစ်သည်။ ၎င်းတို့ စိတ်ထဲတွင် ထိုသို့ တိုက်ခိုက်လာပါက အဆိုပါဒေသ များ ငြိမ်သက်သွားမည်ဟု ယူဆနေပုံရှိ၍ အားကုန်သုံးပြီး တိုက်ခိုက်လာခြင်း ဖြစ်သော်လည်း ၎င်းတို့အား တိုင်းပြည် အနာဂတ်တွင် မည်သို့မှ နေရာပေး၍ မရတော့ဟု သတ်မှတ်ထားပြီး ဖြစ်၍ ရေရှည်စစ်ပွဲ ဖြင့် ကြံ့ကြံ့ခံ တိုက်ထုတ်သွားရန် သံန္နိဋ္ဌာန် ချထားပြီး ဖြစ်သည်ကို ရိပ်စားမိခြင်း မရှိပေ။ ထိုသို့သော စစ်ဆင်ရေးမျိုးက ရေတို သာ ပြုလုပ်နိုင်စွမ်း ရှိနေပြီး ဝင်ငွေတွင် အဖက်ဖက်မှ ချွတ်ခြုံကျလာနေသော စစ်ကောင်စီ အတွက် ရေရှည် မည်သို့မျှ တောင့်ခံနိုင်စွမ်း မရှိတော့သည်မှာ သေချာနေသည်။

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်များ နှင့် တိုက်ပွဲများ ဖြစ်ပွားလာသည်မှာ ခြောက်ရက် ဆက်တိုက်ရှိ လာနေပြီး ကရင်အမျိုးသား လွတ်မြောက်ရေး တပ်တော် KNLA မှ ၎င်းတို့၏ လက်အောက်ခံ တပ်မဟာ ခုနှစ်ခု ကို တစုတစည်းတည်း ပေါင်းစည်းကာ အပြင်းအထန် ပြန်လည် တိုက်ခိုက်လျှက် ရှိနေသည်ဟု သတင်းများက ဆိုသည်။ သူတို့နှင့် အတူ တပ်မဟာ (၆) နယ်မြေအတွင်း ရှိ PDF တပ်များလည်း ပူးပေါင်း ပါဝင်လာခဲ့သည်။ ပုံတွင် စစ်‌ဘေး ရှောင် ပြည်သူများ သောင်ရင်း (မိုရေး) မြစ်ကို ဖြတ်ကူး တိမ်းရှောင်လာနေသည်ကို မြန်မာနောင်း သတင်းတွင် ဖေါ်ပြထားသည်ကို တွေ့နိုင်သည်။

စစ်ကောင်စီ တပ်များသည် မန္တလေး ရှိ ကျောက်စိမ်းများ ရောင်းချနေသည့် ဝင်း များ အတွင်း သို့ ဝင်ရောက် စီးနင်းကာ တရုတ်ပွဲစားများ အပါအဝင် လူ သုံးရာခန့် ကို ဖမ်းဆီးသွားခဲ့သည်။ ၎င်းတို့ တဦးစီအား ငွေ ဆယ်သိန်း နှင့် မော်တော်ဆိုင်ကယ်အတွက် ငွေ ငါးသိန်း ပေးရမည်ဟု ဆိုသည်။ စစ်ကောင်စီ တပ်များသည် ငွေရရာ ရကြောင်း သူတလူ ငါတမင်း ပြုလုပ်လာကုန်ကြလေသည်။

နိုင်ငံတကာ ကရင် အစည်းအရုံးကြီးမှ မိမိတို့ ကရင် ပြည်သူများကို လေကြောင်းမှ တိုက်ခိုက်လာမှုကြောင့် လေယာဉ်ဆီများ၊ လက်နက်များ နှင့် သဘာဝဓါတ်ငွေ့များ မှ ဝင်ငွေ ရနေသည်များကို ပိတ်ဆို့ ဒဏ်ခတ် ပေး ပါရန် ကမ္ဘာသို့ ပန်ကြားချက် ထုတ်ပြန်လာခဲ့သည်။

စစ်ကောင်စီမှ နေပြည်တော်ရှိ ကုလအတွင်းရေးမှူးချုပ်၏ အထူးသံတမန် ခရစ်စတင်း ဘာဂင်ဂါ အတွက် ဖွင့်လှစ်ပေးထားသော ရုံးကို သူမ၏ သက်တမ်း ကုန်သွားပြီ ဟူသော အကြောင်းပြချက်ဖြင့် ပိတ်လိုက်ပြီ ဖြစ်သည်။ ယခုထက်ထိ စာသင်ခန်းထဲက ထွက်ပုံ မရသေးသော၊ အထူး သံတမန် အသစ် ဖြင့် ခန့်အပ်ထားခြင်း ခံရသူ စင်္ကာပူမှ မစ္စက် နိုလင်း ဟေဇာ အတွက် ဘုံပျောက်သွားပြီလား ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိ ရသေးပေ။

စစ်တပ် ခေါင်းဆောင်များမှ တိုင်းပြည်အာဏာကို အကြမ်းဖက် လုယူလိုက်သည့် လုပ်ရပ်အား မိမိတို့ လက်မခံနိုင်ကြောင်း လူထုတရပ်လုံးမှ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သည်ကို လက်ခံခြင်း မရှိယုံမက ထိုသို့ လက်မခံရကောင်းလားဟု ဆိုကာ ရက်စက်စွာ သတ်ဖြတ်နှိမ်နှင်းခဲ့ကြပြီး ဖြစ်သည်၊ ထိုသို့သော စစ်အာဏာသိမ်း အဖွဲ့သည် မည်သူ လာရောက် ညှိနှိုင်း စေကာမူ ၎င်းတို့ အလိုအလျှောက် တိုင်းပြည်အာဏာကို စွန့်လွှတ်ကြမည့် လူများ မဟုတ်မှန်း ထင်ရှားနေပြီ ဖြစ်၍ ပြည်သူများက လက်နက်ကိုင် တော်လှန်တိုက်ထုတ်မှ ဖြစ်တော့မည်ဟု ဆုံးဖြတ်ထားကြပြီး ဖြစ်၍ ကမ္ဘာအဖွဲ့အစည်းများက လက်ပိုက် ကြည့်နေသည် ဆိုသော အပြောလွတ်ရုံ သက်သက် လုပ်လာနေကြသည်ကိုလည်း အားကိုး၍ မရတော့ပေ။

Hla Soewai (လှဝေစိုး)

ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာ ၂၂၊ ၂၀၂၁

Related Articles

Back to top button