သတင်း

နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်များ ပြည်တွင်းမှာ ရောင်းချနိုင်ဖို့ ကေအိုင်အို (KIO)၏ ငွေကြေးပို့ဆောင်သောစနစ်နှင့် ပူးပေါင်း ဆောင်ရွက်မည်

ဖက်ဒရယ်ဂျာနယ်

ဒီဇင်ဘာ ၇၊ ၂၀၂၁

NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက “အမျိုးသားညီညွတ်ရေးအစိုးရ၏ နွေဦး တော်လှန်ရေး အထူးငွေတိုက်စာချုပ်များကို မြန်မာနိုင်ငံ ပြည်တွင်း၌ မကြာမီ ရောင်းချသွားမည်ဖြစ်ပြီး၊ ကေအိုင်အို (KIO) ၏ ငွေကြေးပို့ဆောင်သောစနစ်၊ အုပ်ချုပ်ရေး နှင့် ဘဏ်စနစ်များအတိုင်း KPICT (Kachin Political Interim Coordination Team) နှင့် ပူးပေါင်း၍လက်ခံ ဆောင်ရွက်သွားမည်”ဟု ထုတ်ပြန်ထားသည်။

“လုံခြုံစိတ်ချစွာ ဝယ်ယူနိုင်မည့်နည်းလမ်းများနှင့် ရောင်းချသွားမည့် အစီအစဉ်အသေးစိတ်၊ စတင်ရောင်းချ သွားမည့် နေ့ရက်အား ထပ်မံ၍ ထုတ်ပြန်ကြေညာပေးသွားမည်” ဟုလည်း ပါရှိသည်။

NUG ၏ အထူးငွေတိုက်စာချုပ် ကန်ဒေါ်လာ သန်း ၁,၀၀၀ ဖိုးအနက် R စီးရီး ပထမအသုတ်အနေဖြင့် ကန်ဒေါ်လာ သန်း ၂၀၀ ဖိုးကို နိုဝင်ဘာလ ၂၂ ရက်နေ့မှစတင်ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး ယင်းနေ့တွင်ပင် နာရီပိုင်းအတွင်း အမေရိကန်ဒေါ်လာ ကိုးသန်းဖိုးခန့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

နှစ်နှစ်သက်တမ်းရှိသော အထူး ငွေတိုက်စာချုပ်များကို ကန်ဒေါ်လာ စုစုပေါင်း သန်း ၁,၀၀၀ ဖိုး ရောင်းချရန် စီစဉ်ထားပြီး ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁,၀၀၀၊ ၅,၀၀၀ တန် စသည့် စာချုပ်ပုံစံ လေးမျိုးဖြင့် ရောင်းချပေးနေခြင်း ဖြစ်သည်။

လက်ရှိတွင် ပထမသုတ်အနေဖြင့် ရောင်းချခဲ့သော NUG ၏ ငွေတိုက်စာချုပ်များကို မြန်မာပြည်တွင်း၌ ဝယ်ယူ၍ မရနိုင်ဘဲ နိုင်ငံခြားဘဏ် အကောင့်များနှင့် နိုင်ငံတကာရောက်သူများဖြင့်သာ ချိတ်ဆက်ဝယ်ယူရခြင်း ဖြစ်သည့်အတွက် မကြာမီတွင် မြန်မာပြည်တွင်း၌လည်း ဝယ်ယူရရှိနိုင်အောင် NUG အစိုးရက စီစဉ်နေခြင်း ဖြစ်သည်။

NUG က ရောင်းချသော ငွေတိုက်စာချုပ်များကို တော်လှန်ရေးအောင်မြင်လိုစိတ်ဖြင့် ဝယ်ယူအားပေးကြရန် NUG ၏ ပြည်တွင်းအခွန်များ ဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကလည်း တိုက်တွန်းပြောဆိုထားသည်။ 

Related Articles

Back to top button