ပေါ့ကပ်စ်

တိုင်းရင်းသားပေါင်းစုံ လူငယ်များရဲ့ အသံ(ချင်းလူငယ်)

ဖက်ဒရယ်ဂျာနယ်၊ နိုဝင်ဘာ ၉၊ ၂၀၂၁

ဓါတ်ပုံ – တိုင်းရင်းသားပေါင်းစုံ လူငယ်များ စစ်အာဏာရှင် အလိုမရှိ ဆန္ဒထုတ်ဖော်နေကြစဉ်။

Kim Sian (ချင်းလူငယ်) ချင်းတိုင်းရင်း လူငယ်တဦးက လက်ရှိ သွားနေတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်း အပေါ် ဘယ်လို အမြင်ရှိနေပါသလဲ၊ ဘာတွေ မှတ်ချက်ပေး ပြောပါသလဲ။ 

မေး။ ။ဒီနွေဦးတော်လှန်ရေးမှာ NUG အစိုးရက သွားနေတဲ့လမ်းကြောင်းအပေါ်မှာ တိုင်းရင်းသား တစ်ယောက် အနေနဲ့ ဘယ်လိုအမြင်သဘောထားရှိသလဲခင်ဗျ?

ဖြေ။ ။ကျွန်တော် အမြင်အဘောထားကတော့ အားရကျေနပ်မှုရှိပါတယ်။ ရာနှုန်းပြည့်ကျေနပ်တာတော့ မဟုတ်သေးဘူး။ နိုင်ငံရေးရော၊ စစ်ရေးရော နှစ်မျိုးစလုံးမှာ ဆိုးရိမ်တာတွေတော့ရှိပါတယ်။ 

မေး။  ။NUG အစိုးရက D-Day ခေါ်လိုက်တဲ့နောက်ပိုင်းမှာ နိုင်ငံရေးအခင်းအကျင်းက ဘယ်လိုပြောင်းသွား သလဲဗျ?

ဖြေ။ ။NUG ရဲ့ D-Day စတင်ခေါ်လိုက်လို့ တိုက်ပွဲတွေ ပိုများလာတယ်လို့ မထင်ဘူး။ လက်ရှိ ပြည်မ ရော၊ ကျွန်တော်တို့လို တောင်တန်းဒေသမှာ ရော NUG က တိုက်ပွဲ ခေါ်လို့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်တာ မဟုတ်ပဲ မတရားမှုတွေ လုပ်နေတဲ့စစ်ကောင်စီကို မခံနိုင်လို့ ပြန်လည်ခုခံတိုက်ခိုက်တာဖြစ်တယ်။ အားနည်းချက် ကတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အများလာတာနဲ့အမျှ NUG အစိုးရကလည်း ဒီအဖွဲ့အစည်းတွေကို ခေတ်မှီလက်နက်တွေ တပ်ဆင်မပြေးနိုင်တာဖြစ်တယ်။ အမှန်က ဒီ တော်လှန်ရေးကို ဘယ်သူကမှ ကာလရှည် မလိုချင်ဘူး။ ကာလတိုအတွင်း ပြီးစေချင်ကြတယ်။ အားသာချက်ကတော့ စစ်ကောင်စီရဲ့ ထိန်းချုပ်မှု မရရှိနိုင်အောင် ပြည်တွင်းရော ပြည်ပမှာရော လုပ်ဆောင်နိင်တယ်လို့ ပြောရမှာဖြစ်တယ်။ 

မေး။  ။ D-Day ခေါ်ပြီးနောက်ပိုင်းမှာ ချင်းပြည်နယ်ဘက်မှာ ဘယ်လိုသောသက်ရောက်မှုတွေရှိလာသလဲ?

ဖြေ။ ။NUG ရဲ့ D-Day ခေါ်ဆိုမှုကြောင့် ကျနော်တို့ ချင်းပြည်ဘက်မှာတော့ စစ်ကောင်စီရဲ့ ဒေသတွင်း စစ်ဆင်ရေးတွေပိုမိုများလာတယ်။ လမ်းပန်းဆက်သွယ် ဆက်သွယ်ရေးတွေ ခက်ခဲလာတယ်။ လမ်းပန်း ဆက်သွယ်ရေးခက်တော့ အစားအသောက် အခက်ခဲ များလာတယ်။ စစ်ရှောင်တွေလည်း ပိုများလာတယ်။ စကစ က စစ်ဆင်ရေးတွေကို တိုးချဲ့ ပြုလုပ်လာတာ ပြည်သူတွေကိုပဲ ထိခိုက်တယ်။ ဆင်းရဲနွမ်းပါးမှု မြင့်တင်ပေး သလိုဖြစ်နေတယ်။

မေး။ ။ NUG အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ပူးပေါင်းမိတာမျိုးတွေရှိတယ်၊ ဒါမယ့် တချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းခြင်း မရှိသေးဘူး၊ ဒီပူးပေါင်းမှု မရှိသေးတဲ့အပေါ်မှာ အားရမှု မရှိဘူးလို့ ပြောကြတယ် ဘယ်လိုမြင်မိလဲ?

ဖြေ။ ။ အားစရာမရှိဘူးဆိုတာ ဘယ်အချက်တွေကို ကြည့်ပြီးပြောတာလဲတော့ မသိဘူး။ ကျွန်တော့်အနေနဲ့တော့ အားရကျေနပ်ပါတယ်။ ခုလိုကာလမှာတော့ စကစ ကရော၊ NUG ကရော တိုင်းရင်းသားတွေနဲ့ သဘောတူညီမှု ရရှိရေးကို အားစိုက်လုပ်ဆောင်နေတဲ့ကာလ လည်းဖြစ်တယ်။ တို့ပြည်သူတွေကတော့ NUG နှင့် ပူးပေါင်းဆောင်ရွက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကြား အားမရတာကတော့ ခုချိန်ထိ သူတို့ဘာတွေကို ညှိုနှိုင်းနေကြတာလဲ အဲတာ ကျွန်တော်တို့မသိရဘူး။

မေး။ ။နွေဦးတော်လှန်ရေးမှာ မပူးပေါင်းနိုင်သေးတဲ့ တိုင်းရင်းသားများ လက်နက်ကိုင် အဖွဲ့အစည်း တချို့လဲ ရှိနေဆိုတာ တွေ့ရတယ်။ ပူးပေါင်း ဆောင်ရွက်မှု မရှိနိုင်သေးသာ ဘာကြောင့်လို့ထင်လဲ။

ဖြေ။ ။ ပူးပေါင်းဆောင်းရွက်မှု မရှိသေးတဲ့ လက်နိင်ကိုင်အဖွဲ့အစည်းတွေကတော့ ကိုယ်ကျိုးတွက်ပဲကြည့်တဲ့ အဖွဲ့အစည်းလို့ပဲ မှတ်ယူပါတယ်။

မေး။ ။ ရွေးကောက်ခံ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့ သူတို့လိုချင်တဲ့ အခွင့်အရေးတွေရမယ်လို့ မျှော်လင့်တယ်ပေါ့လေ။ အဲဒီအပေါ်မှာရော ဘယ်လိုမြင်မိသလဲ?

ဖြေ။ ။စစ်ကောင်စီ နဲ့ ပူးပေါင်းပြီး တိုင်းရင်းသားတွေ အမှန်တကယ်လိုချင်တဲ့ နိုင်ငံရေးအခွင့်အရေးဘယ်တော့မှ ရမှာမဟုတ်ဘူး။ အလုပ်လည်းဖြစ်မှာ မဟုတ်ဘူး။ ဖြစ်ခဲ့ပြီးသား သမိုင်းတွေကို ခဏထား။ လက်ရှိဖြစ်ပျက်နေတဲ့ အရာကို ကြည့်ရင်သိသာပါတယ်။ထပ်ပြောချင်တယ် စကစ ပူးပေါင်းပြီး တိုင်းရင်းသားတွေ့ ဆင်းရဲ့နွမ်းပါးမှုကို မြင့်တင်ပေးတာနဲ့အတူတူပဲ။

မေး။ ။ပြည်သူလူထုကတော့ စစ်အာဏာရှင်ပြုတ်ကျရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးကို လုပ်နေတဲ့အချိန်မှာ ဦးဆောင်နေတဲ့အဖွဲ့တွေရော ပြည်သူ တွေပါ ဘာတွေလုပ်ဆောင်ဖို့လိုမလဲ

ဖြေ။ ။၂၀၂၁ အရေးအခင်းကတော့ ပြည်သူတွေက Federal Democracy ဆိုတာ ခွဲထွက်ရေးမဟုတ်ဘူး။ စည်းလုံး ညီညွတ်ရေးပါလားဆိုပြီး သိလာကြတယ်။ ဒီအခွင့်အရေးကတော့ အလွယ်တကူ ရရှိနိုင်မှာ မဟုတ်ဘူး။

ဉီးဆောင်နေတဲ့အဖွဲ့အစည်းတွေ အနေနဲ့ CDM တွေကို ထောက်ပံ့ကူညီရေးထက် တော်လှန်ရေးကို ဉီးစားပေး စေချင်ပါတယ်။ စီးပွားရေး၊ ပညာရေးတွေကို ခဏထား။ တော်လှန်ရေးကို အဓိက အာရုံစိုက် လုပ်စေချင်ပါတယ်။ အဲလိုမဟုတ်ရင်တော့ တော်လှန်ရေးကာလ ကြာရှည်သွားလိမ့်မယ်။

Related Articles

Back to top button