သုံးသပ်ချက်

ကချင်ပြည်နယ်တွင် ဖြစ်လာနိုင်တဲ့ စစ်ရေးအခြေအနေ

ကချင်ပြည်နယ်တွင် ဖြစ်လာနိုင်တဲ့ စစ်ရေးအခြေအနေ

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၁၂၊ ၂၀၂၁ 

မြန်မာစစ်တပ်ရဲ့ နိုင်ငံတော် အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး ကေအိုင်အို (KIO)က အများပြည်သူသိရှိအောင် တရားဝင်ထုတ်ပြန်ခြင်း မပြုလုပ်မီ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (Peace-talk Creation Group – PCG)ကနေတဆင့် စစ်တပ်နဲ့ရဲတပ်ဖွဲ့တို့ကို ဖေဖေါ်ဝါရီ ၉ရက်နေ့မှာ အသိပေးအကြောင်းကြားခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

KIO ရဲ့ အသိပေးချက်မှာ ရဲနဲ့စစ်သားတွေက ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ပစ်သတ်ဖြိုခွင်းမှုတွေ မဖြစ်ပေါ်အောင် ထိမ်းသိမ်းရှောင်ရှားသွားရန်နဲ့ ပြည်သူတွေ ထိခိုက်ဆုံးရှုံးမှုဖြစ်ပေါ်လာရင် ကြားဝင်ဆောင်ရွက်မှုတွေ လုပ်ဆောင်ရန် လိုအပ်လာမယ် ဆိုတဲ့အချက်ဖြစ်တယ်လို့ ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်ရဲ့ သတင်းမီဒီယာတွေမှာ ပြောဆိုချက်တွေအရ သိရှိရပါတယ်။

အာဏာသိမ်းစစ်တပ် ပြန်လည်တုံ့ပြန်လာတဲ့ စကားက ရဲနဲ့စစ်တပ်တွေရဲ့ လုပ်ဆောင်မှုတွေမှာ ကေအိုင်အို ပါဝင်စွက်ဖက်မှုမပြုရန်၊ ပါဝင်စွက်ဖက်မှုတွေရှိလာရင် အမြစ်ပြတ်ချေမှုန်းတိုက်ခိုက်လာနိုင်ကြောင်း ဖြစ်တယ်လို့ KIO ဘက်ကဆိုပါတယ်။

ဖေဖေါ်ဝါရီ ၁၇ရက်နေ့မှာတော့ ကေအိုင်အိုက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီက လွှတ်တော်ကိုယ်စားလှယ်တွေ၊ ခေါင်းဆောင်တွေ၊ အစိုးရဝန်ထမ်းတွေနဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးထိန်းသိမ်းတဲ့အတွက် “…တနိုင်ငံလုံးတွင် အခက်အခဲပေါင်းများစွာနဲ့ရင်ဆိုင်နေကြရသည်။ ဆန္ဒပြပြည်သူများအား အကြမ်းဖက်နှိမ်နှင်းခြင်း ပစ်ခတ်ဖြိုခွင်းခြင်း မပြုလုပ်ဘဲ မှန်ကန်၍တရားသောနည်းလမ်းဖြင့် အလျင်အမြန် ဖြေရှင်းကြရန်လိုအပ်ပါသည်။”လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ပိုမိုခက်ခဲရှုပ်ထွေးအောင် မပြုဖို့နဲ့ ပြည်တွင်းပြည်ပရှိအဖွဲ့အစည်းတွေရဲ့ သဘောထားတွေ၊ နိုင်ငံတကာရဲ့ တိုက်တွန်းချက်တွေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အကြံပြုချက်တွေကို တန်ဖိုးထားပြီး တနိုင်ငံလုံးမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို ဝိုင်းဝန်းဖြေရှင်းကြရန် တိုက်တွန်းထားပါတယ်။ နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီးတော့လည်း “အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ပြည်သူများ၏ ကြိုးပမ်းဆောင်ရွက်ချက်များအားလုံးကို ကြိုဆိုပါကြောင်း” ထုတ်ပြန်ခဲ့ပါတယ်။

အကြံပြုချက်၊ တိုက်တွန်းချက်တွေကို တန်ဖိုးထားပြီး ဖြစ်ပေါ်နေတဲ့အခက်အခဲတွေကို ဝိုင်းဝန်းဖြေရှင်းကြရန် KIO ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိသလို အာဆီယံနဲ့ နိုင်ငံတကာကလည်း တွေ့ဆုံဆွေးနွေးအဖြေရှာကြရန် ပြောဆိုနေပါတယ်။ မဲစာရင်းအမှားကိုအကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့စစ်တပ်ကတော့ “လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအပေါ် ယူဆချက်သက်သက်ဖြင့် ထုတ်ပြန်ခြင်းများမပြုလုပ်ကြရန်” သံတမန်တွေကို တိုက်တွန်းတဲ့ ထုတ်ပြန်ချက်ကို အာဏာမသိမ်းမီနောက်ဆုံးရက် ဇန်နဝါရီ ၃၁ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အခုလည်း ဒီသဘောထား ပြောင်းလဲသွားပုံ မရှိသေးပါ။

လက်ရှိအနေအထားမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းလိုက်တဲ့ CRPH/NUG အဖွဲ့အစည်းတွေဘက်တဘက် ဥပဒေနဲ့ဆန့်ကျင်နေပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံထဲက အားသာချက်တွေကို လက်မလွတ်ချင်တဲ့ အာဏာသိမ်းစစ်ကောင်စီဘက်တဘက် ဘက်နှစ်ဘက်ကြား တွေ့ဆုံဆွေးနွေးရေးဆိုတာ မျဉ်းပြိုင်လိုပဲ ဆုံရန်မဖြစ်နိုင်သေးသလို စစ်ကောင်စီရဲ့ အကြမ်းဖက်နှိပ်စက်ပစ်သတ်မှုတွေကို ဘဝပျက်မတတ်ခံစားနေရတဲ့ ပြည်သူလူထုရဲ့ ဆန္ဒလည်းမဟုတ်တော့ တွေ့ဆုံဆွေးနွေးဝိုင်းဝန်းဖြေရှင်းရေးတံခါးသော့ဟာ ပျောက်နေဆဲဖြစ်ပါတယ်။

အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ပြည်သူလူထုရဲ့ ကြိုးပမ်းဆောင်ရွက်ချက်တွေကို ကြိုဆိုပါကြောင်း ထုတ်ပြန်ထားတဲ့ KIO ဟာ မြန်မာ့နွေဦးတော်လှန်ရေးဘက်က ၎င်းရဲ့မူနဲ့ နည်းလမ်းအတိုင်း ရပ်တည်ကာ တတ်နိုင်သမျှ ကူညီပေးနေသလို အကန့်အသတ်နဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိတယ်လို့ နားလည်နိုင်ပါတယ်။

အလားတူ ကေအိုင်အိုဟာ ဩဂုတ် ၂၄ရက်နေ့မှာလည်း ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံဟာ ဖေဖေါ်ဝါရီ ၁ရက်နေ့ကနေ ပိုမိုခက်ခဲလာတဲ့အခြေအနေသို့ ဆိုက်ရောက်လာပြီး အခြေအနေအဘက်ဘက်မှာ အကြပ်အတည်းဆိုက်လာတဲ့အတွက် ရှေ့နိုင်ငံရေးတိုးတက်လမ်းတွေ ပိတ်မိနေတဲ့အခြေအနေဖြစ်ကြောင်း ကချင်ဘာသာဖြင့် ထုတ်ပြန်ခဲ့ပါတယ်။ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်နှံ့မှုဒဏ်ကိုလည်း ကြောက်ရွံ့တုံလှုပ်ဖွယ်ရာကြုံတွေ့နေရပြီး အားကိုးရာမဲ့ ဖြစ်နေတဲ့ ပြည်သူတွေ အထွေထွေအကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့အချိန် မှန်ကန်တရားမျှတတဲ့ လမ်းကြောင်းကို ရှာဖွေပြီး တွေ့ဆုံဆွေးနွေးရမယ့်သူတွေ အားလုံးနဲ့ ဆွေးနွေးကာ စစ်ကိုရှောင်ရှားတာဟာ အကောင်းဆုံးဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ KIO ဟာ နိုင်ငံရေးပြဿနာကို မှန်ကန်တဲ့လမ်းကြောင်းအတိုင်း ဖြေရှင်းသွားနိုင်ရေးကို မျှော်လင့်တယ်လို့လည်း ဆိုပါတယ်။

စစ်ရေးနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေမှာ ဗိုလ်မှူးကြီးနော်ဘူရဲ့ ဖြေကြားချက်တွေမှာလည်း KIA ကနေ ထိုးစစ်ဆင်တိုက်ခိုက်တာမျိုးမရှိကြောင်း ပြောဆိုထားပါတယ်။ KIO/KIA အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို စစ်အာဏာရှင်ချုပ်ငြိမ်းရေး ရည်မှန်းချက်တူညီတဲ့ တော်လှန်ရေးအဖွဲ့တွေအဖြစ် အားပေးကူညီနေပေမဲ့ တော်လှန်ရေးဟာ နှစ်ချီလာရင် ကချင်ပြည်နယ်အတွင်းမှာ နောက်ထပ်လက်နက်ကိုင် အဖွဲ့အစည်းတွေ ထပ်တိုးလာပြီး စစ်ရေးနိုင်ငံရေးနဲ့ နယ်မြေအနေအထားတွေအရ ပြည်နယ်တွင်းမှာ ပဋိပက္ခပိုမိုရှုပ်ထွေးလာမယ့်အရေးကိုတော့ မလိုလားတဲ့ စိုးရိမ်စိတ်တွေ ရှိနေတဲ့သဘော ရှိပါတယ်။

KIO ရဲ့ ထုတ်ပြန်ချက်လိုပဲ ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်ကြတဲ့ ကိုကန့် (MNTJP/MNDAA) တအာင်း (PSLF/TNLA)နဲ့ ရခိုင် (ULA/AA)တို့ကလည်း ကိုဗစ်-၁၉ရောဂါကပ်ဆိုက်နေချိန် စစ်အာဏာသိမ်းပြီး ပြည်သူလူထုကို အကြမ်းဖက်ဖြိုခွင်းနှိမ်နှင်းပစ်သတ်နေတဲ့အပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့ မတ်လ ၃၀ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ၎င်းရဲ့လုပ်ရပ်တွေကို မရပ်တန့်ဘဲ ဆက်လုပ်နေမယ်ဆိုရင် “မြန်မာ့နွေဦးတော်လှန်ရေးကို ဆင်နွဲနေကြသော တိုင်းရင်းသားလူမျိုးပေါင်းစုံ ဘဝတူညီနောင်များနှင့်အတူ မိမိကိုယ်မိမိ ခုခံကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၄ရက်နေ့မှာလည်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနှံ့မှာ ကိုဗစ်ရောဂါကူးစက်မှုဒဏ်ကို ဆိုးရွားစွာခံစားရပြီး စစ်ဘေးဒဏ်တွေကိုလည်း ဆိုးရွားစွာကြုံတွေ့လျက်ရှိကြောင်း ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းနဲ့ ရပ်ရွာများအတွင်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းတွေကို ပြုလုပ်နေတဲ့ ဒေသတွေမှာ တိုက်ပွဲတွေ တိုးပွားနေတယ်လို့ ဖော်ပြထားပါတယ်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အချိန်မီထိုးနှံနိုင်ရန် အိမ်နီးချင်းနိုင်ငံတွေ၊ ကမ္ဘာ့ကိုဗစ်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရန် အရေးတကြီးလိုအပ်နေတယ်လို့ ပါရှိပြီး ပြင်းထန်တိုက်ပွဲတွေကို လက်တွေ့ကျကျလျှော့ချနိုင်ရန်လိုအပ်တယ်လို့ ဆိုထားပါတယ်။ သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းတွေအားလုံး စဉ်းစားအဖြေရှာဆောင်ရွက်သင့်ကြောင်း ထောက်ပြပြီး ပြည်သူတွေရဲ့ “လုံခြုံရေးအရပ်ရပ်ကို ထိပါးစေမည့် စစ်ရေးလှုပ်ရှားခြင်း၊ စိုးရိမ်ကြောင့်ကြမှုကိုရစေမည့် အပြုအမူများကို အတတ်နိုင်ဆုံးလျှော့ချခြင်း၊ ရှောင်ကြဉ်ခြင်း၊ ရပ်တန့်ခြင်းများကို ပြုလုပ်ကြရန်” တိုက်တွန်းနှိုးဆော်ကြောင်း ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ ထုန်ပြန်ချက်မှာ ပါရှိပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲသတင်းတွေကိုကြည့်ရင်လည်း နေ့တိုင်းလိုလို တိုက်ပွဲသတင်းတွေကြားနေရပေမဲ့ စစ်ကောင်စီတပ်ရဲ့ မိုးမောက်မြို့နယ်ရှိ အလောဘွမ် (Alaw Bum) စစ်ဗျူဟာစခန်းကို KIA က မတ်လ ၂၅ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာကလွဲရင် ပြင်းထန်ပြီးရက်ကြာတဲ့ တိုက်ပွဲတွေကို မတွေ့ရဘဲ စစ်ကောင်စီတပ် စစ်ကြောင်းလှုပ်ရှားမှုတွေကို ကြားဖြတ်တိုက်ခိုက်တဲ့ တိုက်ပွဲသတင်းတွေ တွေ့ရတာများပါတယ်။

ကချင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာတွေကို အခြေခံပြီး စောင့်ကြည့်လေ့လာချက်အရ ဖေဖော်ဝါရီလကနေ အောက်တိုဘာ ပထမပတ်အထိ အခုလိုတွေ့ရှိရပါတယ်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲပေါင်း (၁၇၇+)ခု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ လေးကြောင်း ပစ်ခတ်မှု (၂၈)ကြိမ်ရှိခဲ့ပါတယ်။ မြို့ရွာအတွင်း ပစ်ခတ်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် သေဆုံးသူ (၄၁+)ဦးရှိခဲ့ပါတယ်။ (တိုက်ပွဲအရေအတွက်နဲ့ သတ်ဖြတ်ခံရသူအရေအတွက်တွေ ဒီထက်မကများနေပေမဲ့ စုဆောင်းရရှိတဲ့ ကိန်းကဏန်းတွေကိုသာ ဖော်ပြထားခြင်းဖြစ်ပါတယ်။)
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ခဲ့တဲ့ ကချင်ပြည်နယ်က ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုအခြေအနေမှာ ရောဂါကူးစက်ခံရသူ ဓါတ်ခွဲအတည်ပြုလူနာ (၁၄၈၀၉)ဦးနဲ့ သေဆုံးသူ (၄၇၃)ဦးရှိခဲ့တာကို တွေ့ရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ထွက်ရှိလာတဲ့ အထက်ပါ ထုတ်ပြန်ချက်တွေကိုအခြေခံပြီး ကချင်ပြည်နယ်ရဲ့ စစ်ရေးအခြေအနေကို ခန့်မှန်းကြည့်ရင် KIO/KIA ဟာ စစ်ပွဲကို အတတ်နိုင်ဆုံးရှောင်ရှားပြီး နိုင်ငံရဲ့ပြဿနာကို တွေ့ဆုံဆွေးနွေးဝိုင်းဝန်းဖြေရှင်းရေးလမ်းကြောင်းကို ဦးစားပေးလိုတဲ့ သဘောဖြစ်ပါတယ်။ ၎င်းတို့ထုတ်ပြန်ထားတဲ့အတိုင်း အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် ပြည်သူလူထုဘက်မှာ ရပ်တည်နေပေမဲ့ KIA ကနေ စတင်ထိုးစစ်ဆင်ပုံဖော်လို့ ပြင်းထန်တိုက်ပွဲတွေ ဖြစ်လာနိုင်ခြင်းထက် စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ထိရောက်အောင်မြင်မှု မရှိအောင် အထိနာစေမယ့် တားဆီးဖြတ်တောက်ပေးတဲ့ တိုက်ပွဲတွေသာ ရှေ့ဆက်မြင်တွေ့ရဖို့ များတယ်လို့ သုံးသပ်ပါတယ်။ (Kachinwaves သတင်းရင်းမြစ်ကိုးကား တင်ဆက်သည်။) 

Related Articles

Back to top button