သတင်း

၂၀၀၈ ခြေဥအရေးဟာ နိုင်ငံရေးပါရာဇိကကျမယ့်ကိစ္စမို့ လုံးဝပတ်သက်စရာ မရှိဘူးလို့ SNLD ပြော

၂၀၀၈ ခြေဥအရေးဟာ နိုင်ငံရေးပါရာဇိကကျမယ့်ကိစ္စမို့ လုံးဝပတ်သက်စရာ မရှိဘူးလို့ SNLD ပြော

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၇၊ ၂၀၂၅

အာဏာသိမ်းစစ်ကောင်စီက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဟောင်းနဲ့ လက်ရှိ ဥက္ကဋ္ဌတို့ နှစ်ဦးကို ဆုတံဆိပ် ပေးအပ်တာဟာ လူထုလက်မခံတော့တဲ့ ၂၀၀၈ ခြေဥကိုအစွဲပြုပြီး သေနေတဲ့သူ့နိုင်ငံရေး ပြန်ရှင်လိုရှင်ငြားဆိုပြီး SNLD ခေါင်းဆောင်တွေကို အမှုတွဲတဲ့သဘော၊ သေဖော်ညှိတဲ့သဘောနဲ့ လုပ်နေတယ်လို့ ယူဆကြောင်း SNLD ပါတီ တာဝန်ရှိသူက ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းဖို့ဆိုတာ အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲ SNLD ပါတီက တရားဝင်ကြောညာချက် ထုတ်ပြန်ခဲ့ပြီးသားဖြစ်တယ်လို့ သူက ပြောပါတယ်။

“စကစဟာ လူထုလက်မခံတော့တဲ့၂၀၀၈ ခြေဥကိုအစွဲပြုပြီး သေနေတဲ့သူ့နိုင်ငံရေး ပြန်ရှင်လိုရှင်ငြားဆိုပြီး ကျနော်တို့ရဲ့ခေါင်းဆောင်တွေကို အမှုတွဲတဲ့သဘော၊ သေဖော်ညှိတဲ့သဘောနဲ့ လုပ်နေတယ်လို့ ယူဆပါတယ်။ ၂၀၀၈ ကို ဖျက်သိမ်းဖို့ဆိုတာ အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲ SNLD ပါတီက တရားဝင်ကြောညာချက် ထုတ်ပြန်ခဲ့ပြီးသားပါ။ ၂၀၀၈ ခြေဥအရေးဟာ နိုင်ငံရေးပါရာဇိကကျမယ့်ကိစ္စမို့ ကျနော်တို့ လုံးဝပတ်သက်စရာ မရှိပါဘူး”လို့ သူက ဖက်ဒရယ်ဂျာနယ်၊ မြန်မာကို ပြောပါတယ်။

ကွယ်လွန်သူ ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦးနဲ့ လက်ရှိ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်တို့မှာ ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး ရည်ရွယ်ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံမှာ ကိုယ်စားပြု ဆွေးနွေးခဲ့တဲ့ စွမ်းဆောင်မှုတွေ အတွက် လူမှုထူးချွန်တံဆိပ် (ပထမအဆင့်)ကို စစ်ကောင်စီက ဇန်နဝါရီ (၄) ရက်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

SNLD ပါတီဟာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း တရားဝင်ကြေညာထားတဲ့ ပါတီဖြစ်ပြီး ၂၀၂၃မှ ပါတီကို စစ်ကောင်စီက ဖျက်သိမ်းထားတာလည်း ဖြစ်ပေမယ့် လွတ်လပ်ရေးနေ့မှာတော့ ခေါင်းဆောင်တွေကို စကစ‌က ဆုတံဆိပ်တွေပေးအပ်ခံရပြီးနောက် ဝေဖန်မှုတွေအပေါ် တုန့်ပြန်ပြောဆိုလာတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ-SNLD(ပုံဟောင်း)
#ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
#FJMM

Related Articles

Back to top button