တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

တိုက်ပွဲရပ်တန့်ရေး ဆွေးနွေးရန် အသင့်ဖြစ်ကြောင်း RCSS နှင့် TNLA ပြော

တိုက်ပွဲရပ်တန့်ရေး ဆွေးနွေးရန် အသင့်ဖြစ်ကြောင်း RCSS နှင့် TNLA ပြော

ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၃၀ ရက်၊ ၂၀၂၁

ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် ပလောင်ပြည်လွတ် မြောက်ရေးတပ်ဦး (PSLF/TNLA) တို့အကြား တိုက်ပွဲများ လျော့ချနိုင်ရန် တွေ့ဆုံဆွေး နွေးရေးအတွက် အသင့်ဖြစ်နေကြောင်း နှစ်ဘက်တာဝန်ရှိသူများက ပြောသည်။

RCSS နှင့် TNLA တို့သည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ ယနေ့ထိတိုင် နယ်မြေ အငြင်း ပွားမှုများကြောင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး ထိုတိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်း ရှောင် လျက်ရှိသည်။

အဆိုပါ တိုက်ပွဲများ ရပ်တန့်နိုင်ရေးနှင့် နယ်မြေအငြင်းပွားမှုများ ဖြေရှင်းနိုင်ရေးအတွက် နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုများ ရှိသော်လည်း မပြေလည်ဘဲ နောက်ထက်တွေ့ဆုံရန် နှစ်ဘက်စလုံးက အသင်ဖြစ်နေကြောင်း ပြောနေသည့်တိုင် ယနေ့ထိ မတွေ့ဆုံနိုင်သေးဘဲ ဖြစ်နေသည်။

TNLA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးမိုင်းအိုက်ကျော် “‌တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းက ကျနော်တို့ဘက်က အမြဲတမ်း အဆင်သင့်ရှိတယ်။ တွေ့ဆုံဆွေးနွေးဖို့အတွက် စောစောက ပြောသလိုပဲနော်၊ တွေ့ဆုံဆွေးနွေးမှုက ကျနော်တို့ အမြဲတမ်း ပြင်ဆင်ထားတယ်။ အဆင်သင့်ရှိတယ်” ဟု ပြောသည်။

RCSS မှ ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူး စိုင်းခမ်းစံက တွေ့ဆုံဆွေးနွေးရေးကို လိုလားပါက ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရပ်ထားရန် လိုအပ်ကြောင်း၊ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းနည်းလမ်းသည် အကောင်းဆုံးနည်းလမ်းဟု ပြောသည်။

ဗိုလ်မှူး စိုင်းခမ်းစံက “တွေ့ဆုံမယ်ဆိုရင် အကောင်းဆုံးနည်းလမ်းပဲ။ တိုင်းရင်းသားအချင်းချင်း ရှမ်းပြည်မှာနေတဲ့ တိုင်းရင်းသားအချင်းချင်း။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်း တွေ့ဆုံပြီး အဖြေရှာတာ အကောင်းဆုံးပဲလို့ ယူဆတယ်။ ယုံကြည်တယ်။ နောက် ထုတ်ပြန်ချက်ထဲမှာလည်း အကြိမ်ကြိမ် ထည့်သွင်းကြေညာခဲ့ပြီးပြီ။ နောက် တကယ် ဆွေးနွေးပေါ့။ တွေ့ဆုံဆွေးနွေးရေးကို အကြောင်းပြပြီးတော့မှ စစ်ရေးကစားတာမျိုးတော့ မဖြစ်သင့်ဘူးပေါ့” ဟု ပြော သည်။

၂၀၁၈ ခုနှစ်အတွင်း RCSS နှင့် TNLA တို့ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ပြဿနာများကို ပြေလည်အောင် မဖြေရှင်းနိုင်ပဲ နောက်ထပ်တစ်ကြိမ် တွေ့ဆုံဆွေးနွေးရန် သဘောတူထားကာ RCSS ဘက်က အကြောင်းမပြန်သေးကြောင်း ဗိုလ်မှူး မိုင်းအိုက်ကျော်က ဆိုသည်။

ဗိုလ်မှူးမိုင်းအိုက်ကျော်က “အဲဒီ ဆွေးနွေးတုန်းကလည်း သူတို့ (RCSS) က ကိုယ်စားလှယ်တစ်ယောက်လွှတ်တယ်။ ဒါပေမယ့် လာနားထောင်ဖို့ သက် သက်လောက်ပဲ။ ပြဿနာကို ဖြေရှင်းဖို့ လာဆွေးနွေးတာမရှိဘူး။ အဲဒါကြောင့်မို့ ဘယ်လို ဖြစ်ဖြစ် နောက်တစ်ကြိမ် ပြန်တွေ့ ရအောင်ဆိုပြီး သဘောတူထားတယ်။ ၂၀၁၈ ထင်တယ်။ ကျနော်တို့က စာပြန် ပို့ထား တယ်။ အဆင်သင့်ဖြစ်တဲ့ အကြောင်း တွေ့ဆုံဖို့အတွက် ကျနော်တို့ ပြန်ပြီးတော့ ကမ်းလှမ်းတယ်။ ဒါပေမယ့် သူတို့ ဘက် (RCSS) က ဘာမှ အကြောင်းပြန်မှု မရှိတော့ ဒီတွေ့ ဆုံမှုက မဖြစ်ဘူးပေါ့” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ မတ်လ ၂၉ ရက်ကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် နှစ်ဖက်တပ်များ တိုက်ခိုက် မှုများ ရှိလာကာ ဧပြီလအတွင်း RCSS နှင့် TNLA တို့ကြား စစ်ရေးပဋိပက္ခကြောင့် အရပ်သားများ၏နေအိမ်များ မီးလောင်ပြီး ဒေသခံ ၁၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။

ဗိုလ်မှူးစိုင်းခမ်းစံက “စစ်ရေးကစားနည်း ဗျူဟာတစ်ခုလို့ပဲ ကျနော်တို့ ယူဆတယ်လေ။ တကယ်လို့ တွေ့ဆုံချင်တယ်ဆိုရင် အပစ်ခတ်ရပ်ထားလိုက်။
ကိုယ်စားလှယ်လွှတ်ပြီး လာတွေ့လို့ရရင် ခဏလေးပါ။ တကယ်တမ်းတွေ့မယ်ဆို ကိုယ်စားလှယ် လည်း မလွှတ် ဟိုလိုလို၊ ဒီလိုလို အရင်ကတည်းကလည်း အဲလိုမျိုးဖြစ်တယ်လေ။ ပန်းဆန်းမှာ တွေ့မယ်။ တရုတ်ပြည်မှာ တွေ့မယ်။ နောက် မိုင်းလားမှာတွေ့မယ်။ ဟိုရွှေ့ဒီရွှေ့နဲ့ဆို တကယ်တမ်းတွေ့ချင်လို့ရှိရင် တွေ့လို့ရတာပဲလေ။ ပန်ဆန်းမှာ တွေ့မှ တွေ့တာမှ မဟုတ်တာ။ အထက်စီးကနေပြီး အနိုင်ပိုင်းချင်တဲ့ သဘောထားနဲ့ တွေ့ချင်လို့ရှိရင် မဖြစ်သင့်ဘူးလေ” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်း RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ TNLA ပူးပေါင်းတပ်တို့ နယ်မြေ အငြင်းပွားမှုများကြောင့် မိုင်းကိုင်မြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

RCSS သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး TNLA ကမူ NCA မထိုးရသေးသည့် တအာင်းလက်နက်ကိုင်အဖွဲ့ဖြစ်သည်။

(CNI news သတင်းရင်းမြစ် ကိုးကားတင်ဆက်သည်။)

Related Articles

Back to top button