
မြေငလျင်ဒဏ်သင့်နေချိန် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်လို့ သေဆုံးသူ ၇၀ ခန့် ရှိလာ
ဖက်ဒရယ်ဂျာနယ်၊
ဧပြီ ၅၊ ၂၀၂၅
မြန်မာပြည်မှာ အင်အားပြင်း မြေငလျင်ဒဏ်သင့်နေချိန် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကလေးငယ် ၁ ဦး၊ အမျိုးသမီး ၁၅ ဦး အပါအဝင် အရပ်သား ၆၈ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာသူ ၆၆ ဦး အထိရှိခဲ့တယ်လို့ NUG က ဒီကနေ့ ဧပြီ ၅ မှာ ထုတ်ပြန်ပါတယ်။
အင်အားပြင်း မြေငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူများ ဘေးသင့်နေချိန် စစ်ကောင်စီက စစ်ကိုင်းတိုင်းအပါအဝင် မြန်မာနိုင်ငံအနှံ့ ဒေသ ၁၁ ခုမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေပေါင်း ၄၈ ကြိမ်အထိရှိခဲ့ပြီး သေဆုံးသူ ၆၁ ဦး အထိရှိခဲ့တာပါ။
ဒါ့အပြင် ကချင်၊ ကရင်နီ၊ ရခိုင်၊ မကွေး၊ စစ်ကိုင်း၊ မန္တလေးနှင့် အခြားဒေသတွေမှာလည်း စစ်ကောင်စီမှ လက်နက်ကြီး ၁၅ ကြိမ်ထက်မနည်း ပစ်ခတ်မှုရှိခဲ့ပြီး သေဆုံးသူ ၇ ဦးအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ မြေငလျင်ဒဏ်သင့်မှုကြောင့် အရေးပေါ် ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာမှု အကူအညီများလိုအပ်နေချိန် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီဘက်ကလည်း ယာယီအပစ်ရပ်မယ်လို့ ကြေညာထားပေမယ့် စစ်ကောင်စီဘက်က တော်လှန်ရေးတပ်ဖွဲ့တွေကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကိုပါ ဆက်တိုက်ပြုလုပ်နေတာကြောင့် အရပ်ထိခိုက်သေဆုံးမှုကလည်း မြင့်တက်လာနေပါတယ်။
ဓာတ်ပုံ – Getty Images