
ရွေးကောက်ပွဲ ကျင်းပဖို့ စစ်ကောင်စီ ပြင်ဆင်လာပေမယ့် လက်တွေ့မှာ ခက်ခဲတယ်လို့ လေ့လာသူတွေပြော
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
မတ် ၂၇၊ ၂၀၂၅
ရွေးကောက်ပွဲကို ၂၀၂၆ ဇန်နဝါရီလအတွင်း အောင်မြင်စွာ ကျင်းပပြီးစီးဖို့ လိုတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ နေပြည်တော်က စစ်ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ပြောလိုက်ပါတယ်။
ရွေးကောက်ပွဲကို ယခုနှစ် ဒီဇင်ဘာ တတိယပတ်၊ စတုတ္ထပတ်နှင့် ဇန်နဝါရီ ပထမပတ်၊ ဒုတိယပတ်တို့အတွင်း ကျင်းပဖို့ လျာထားတာဖြစ်ပြီး၊ ဥပဒေအရ ရွေးကောက်ပွဲကျင်းပဖို့ ရက်အကန့်အသတ် ပြုလုပ်ထားတာ မရှိတဲ့အတွက် မိမိတို့အနေဖြင့် ရွေးကောက်ပွဲ အထမြောက်သောအဆင့်ကို ဦးစားပေး ပြီးမြောက်အောင် ဆောင်ရွက်ရမှာဖြစ်သလို၊ ပါလီမန်ဒီမို ကရေစီခေတ်မှာလည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေကြောင့် ရွေးကောက်ပွဲကို တကြိမ်တည်းကျင်းပခဲ့တာမျိုး မဟုတ်ဘူးလို့ စစ်ခေါင်းဆောင်က ပြောဆိုလိုက်တာပါ။
အာဏာသိမ်းပြီး ၂ နှစ်အတွင်း ရွေးကောက်ပွဲကျင်းပဖို့ စဉ်းစားဆောင်ရွက်ခဲ့သော်လည်း ကိုဗစ်-၁၉ အလွန် ကာလဖြစ်နေတာနှင့် ရွေးကောက်ပွဲအတွက် တည်ငြိမ်မှု လိုအပ်နေတဲ့အချိန်လိုအပ်နေတာကြောင့် ကျင်းပ နိုင်ခဲ့ခြင်း မရှိခဲ့ဘူးလို့ စစ်ခေါင်းဆောင်က ဝန်ခံပြောဆိုပါတယ်။
ဒါ့အပြင် ယခင်ရွေးကောက်ပွဲများကို ကျင့်သုံးခဲ့တဲ့ မဲများသူအနိုင်ရသည့်စနစ် (First Past The Post – FPTP)အပြင် အမျိုးသားလွှတ်တော်နှင့် တိုင်းလွှတ်တော်တို့မှာတော့ အချိုးကျကိုယ်စားပြုစနစ်(Proportional representation – PR)ကို ပေါင်းစပ်ကျင့်သုံးနိုင်ဖို့ လျာထားပြီး အားလုံး သဘောတူဆုံးဖြတ်ပြီးက တနိုင်ငံလုံးကို ကျယ်ကျယ်ပြန့်ပြန့် အသိပေး ဆောင်ရွက်သွားမှာ ဖြစ်သလို ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့အတွက်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ဖို့အချိန် ၉ လခန့် ကျန်ရှိသေးတယ်လို့လည်း သူက ဆိုပါတယ်။
စစ်ကောင်စီက ကျင်းပမယ်လို့ ပြောနေတဲ့ ရွေးကောက်ပွဲနှင့် စပ်လျဉ်းပြီး မွန်ပြည်ဖွံ့ဖြိုးရေးစင်တာရဲ့ အကြံပေးဖြစ်သူ နိုင်ဗညားမွန်က “စစ်ကောင်စီက နိုင်ငံတကာ စာမျက်နှာမှာ အခုချိန် အကြီးမားဆုံး အရေးနိမ့်နေတယ် ပြီးတော့ ဝိုင်းကျဉ် ခံထားရတယ်။ အဲဒီအတွက် ရွေးကောက်ပွဲ နည်လမ်းကတဆင့် တရားဝင်မှုကို ရှာဖို့ စစ်ကောင်စီက ကြိုးစားချင်သလို လက်တွေ့ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ အခင်းအကျင်းကို ကျော်ဖြတ်နိုင်ဖို့သာ ဒီရွေးကောက်ပွဲကျင်းပ ပြင်ဆင်လာတာပါ” လို့ သုံးသပ်ပါတယ်။
“နောက်တချက်၊ အကယ်၍ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပခဲ့မယ်ဆိုရင် စစ်ခေါင်းဆောင် လက်ရှိချုပ်ကိုင်ထားတဲ့ အာဏာတွေကို ခွဲဝေစွန့်လွှတ်နိုင်ပါမလား၊ မထင်ဘူးစစ်ခေါင်းဆောင်က သူ့အနာဂတ်လုံခြုံရေးကိုလည်း သူစိုးရိမ်မှု ရှိလာ နိုင်တာပဲရွေးကောက်ပွဲက လက်တွေ့ ဖြစ်လာဖို့ စိန်ခေါ်မှု များစွာရှိနေတယ်” လို့ နိုင်ဗညားမွန်က သုံးသပ်ပြပါတယ်။
အလားတူ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွေးကတော့ ” ကျမတို့ကတော့ စစ်ကောင်စီဟာ တရားမဝင်တဲ့ အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပြီးသားပါ။ အဲဒါကြောင့် စစ်ကောင်စီက လုပ်ထုံးလုပ်နည်း၊ ဥပဒေကြောင်းအရ ဘယ်နည်းနဲ့မှ ရွေးကောက် ပွဲ ကျင်းပပိုင်ခွင့် မရှိပါဘူး။ ကျင်းပလာမယ့် ရွေးကောက်ပွဲကလည်း အတုအရောင်အဖြစ်တာ သတ်မှတ်ထားပြီးသား၊ အဲဒီတော့ လက်တွေ့ စစ်မှန်တဲ့ ဒီမိုကရေစီကို ဖော်ဆောင် နိုင်မှာမဟုတ်ဘူး။ လက်ရှိတော်လှန်ရေးအရှိန်က ဆက်လက် မြင့်တက်နေဦးမှာ ဖြစ်တယ်”လို့ သုံးသပ်ပါတယ်။
မြန်မာ့ နိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကတော့ စစ်ကောင်စီ ကျင်းပလာမယ့် ရွေးကောက်ပွဲနဲ့ စပ်လျဉ်းပြီး “ရွေးကောက်ပွဲက ပြည်သူလူထု၊ နိုင်ငံရေး အင်အားစုတို့ရဲ့ ပါဝင်ပတ်သက်မှုနှင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ ယုံကြည်မှုတို့အပေါ်မူတည်ပြီးပေါ့ အကျိုးရလာဒ် အပြောင်းအလဲ ဖြစ်လာနိုင်တာပါ။ အဲဒီတော့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ဟာ အခုလိုမျိုး အငြင်းပွားမှု ဆက်ရှိနေပြီး ဒါကိုမဖြေလျော့နိုင်ဘဲ နိုင်ငံရေးအရ အသာစီးရယူမှုကိုတာ ဦးတည်နေမယ်ဆိုရင် လက်ရှိ ကြုံနေရတဲ့ နိုင်ငံအတွင်း ပဋိပက္ခကိုပဲ ပိုမိုကြီးထွား စေနိုင်တယ်” လို့ သူက သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း မဲမသမာမှုနှင့် မဲစာရင်းမှားယွင်းမှုများ ဖြစ်ပေါ်ခဲ့တာကြောင့် ယခုပြုလုပ်မယ့် ရွေးကောက်ပွဲမှာတော့ မဲမသမာမှုပြုလုပ်ဖို့ မလွယ်ကူမည့် Electronic Voting Machine စနစ်ဖြင့် ဆန္ဒမဲပေးနိုင်ဖို့ကိုလည်း ကြိုတင်ပြင်ဆင်နေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစည်းအဝေးခန်းမမှာ ထည့်သွင်း ပြောဆိုပါသေးတယ်။
စစ်ကောင်စီ ကျင်းပရန်ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲကို ရုရှားနှင့် ဘီလာရုစ်နိုင်ငံတို့က ထောက်ခံတယ်လို့ ပြောဆိုထားသော်လည်း စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)နှင့် မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများကမူ အဲဒီရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ ပြောဆိုနေကြသလို ပြည်သူလူထုအနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်အဆင့်ဆင့်မှာ ပူးပေါင်း ပါဝင်မှု မလုပ်ကြဖို့ကိုလည်း သတိပေး တိုက်တွန်းထားကြပါတယ်။
ဓာတ်ပုံ – CINCDS