
စစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့မိသားစုများအတွက် စွန့်စားတိုက်ခိုက်မှု မလုပ်သင့်ကြောင်း ခိုလုံစစ်သားများပြော
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
မတ် ၂၇၊ ၂၀၂၅
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ကချင်ပြည်နယ် ဗန်းမော်မြို့တိုက်ပွဲထဲက လက်နက်ချ ခိုလုံလာတဲ့ အမှတ် (၃) ဝန်တင်တပ်ရင်းမှ ဝါရင့် တပ်ကြပ်ကြီး (၃)ဦး စစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့မိသားစုများအတွက် အသက်ပေး စွန့်စား တိုက်ခိုက်မှု မလုပ်သင့်ဘူးလို့ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
လက်နက်ချ ခိုလုံလာတဲ့ တပ်ကြပ်ဇော်မင်းနိုင်၊ တပ်ကြပ်အောင်အောင်နှင့် တပ်ကြပ်သန်းဇော်တို့ ဝါရင့် တပ်ကြပ်ကြီး(၃)ဦးတို့ဟာ စစ်ကောင်စီတပ်အတွင်း ဖြစ်ပွားနေတဲ့ အထက် အရာရှိမှ လက်အောက် ငယ်သားများကို ခေါင်းပုံဖြတ်မှုများ၊ ၎င်းတို့တပ်စခန်းအတွင်း အမြဲရွတ်ဆိုလေ့ရှိတဲ့ သစ္စာ အဓိဋ္ဌာန် (၄)ချက်နှင့် ဆန့်ကျင့်ပြုမူနေတဲ့အပြင် တပ်ချုပ် စစ်ခေါင်းဆောင်အပါအဝင် စစ်ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့၏ မိသားစု ဝင်များအတွက် စွန့်စား အသက်ပေးတိုက်ပွဲဝင်နေတာဟာ မတန်ကြောင်း တပ်ကြပ်ကြီး (၃)ဦးက KIA ဗဟိုတာဝန်ရှိ ရဲဘော်တို့နှင့် မေးမြန်းခန်းမှတဆင့် တိုက်တွန်း ပြောဆိုလိုက်တာပါ။
တပ်ကြပ် ဇော်မင်းနိုင်နှင့် တပ်ကြပ် အောင်အောင်တို့ ပြောတာက “ဒုဗိုလ်မှူးကြီး မြင့်ထွေးကတော့ စစ်သည်တွေကို ပြန်လှည့်ကြည့်တာ ဘာညာ မရှိဘူး၊ ဒေါ့ဖုန်းယန်တုန်းက ပါသွားတဲ့သူတို့ဆိုလို့ရှိရင် (၁၀)လပိုင်း (၁၁)လပိုင်းလစာ လုံးဝ ပြန်မပေးဘူး၊ အထက်က ဖြတ်ခိုင်းတယ်လို့ ပြောတယ်ဗျ၊ (၃)လပိုင်း လဝက် ရတယ်၊ (၅)လပိုင်းမရဘူး၊ တစ်လလုံးမရဘူး၊ (၄)လပိုင်းရတယ်၊ (၇)လပိုင်း လစာရတယ်၊ (၈၊၉) ရတယ်၊ ဒါပေမဲ့လို့ အရင်တုန်းက ဗန်းမော်ဆွယ်မှာ နေတယ်ဆိုလို့ရှိရင် ရှေ့တန်းစခန်းဖြစ်တဲ့အတွက်ကြောင့် ရှေ့ထွက်စရိတ်၊ စစ်ဆင်ရေးလုပ်တဲ့ စရိတ်ပေးတယ်၊ မြစ်ကြီးနား တိုင်းကနေချပေးတာရှိတယ်၊ တစ်ရက်ကို (၁၂၀၀) ချပေးထားတာရှိတယ်၊ အဲ့တာလဲ မရဘူး။” လို့ ပြောပါတယ်။
တပ်ကြပ် အောင်အောင် ဆက်ပြောတာက “ကျနော်တို့ နေ့တိုင်း အမြဲရွတ်ဆိုလေ့ရှိတဲ့ သစ္စာ အဓိဋ္ဌာန် (၄)ချက်နှင့် ဆန့်ကျင့် ပြုမူနေပြီး တလွဲစီဖြစ်နေတာပါ၊ ကျွန်တော်တို့ ဆိုထားတဲ့ သစ္စာ(၄)ချက်က နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာစောင့်သိပါမည်လို့ ဆိုတာ အခုဟာက နိုင်ငံတော်နှင့် နိုင်ငံသားတို့ကို စောင့်သိဖို့နေနေသာသာ နိုင်ငံတော်ကို ဖျက်ဆီးနေတာပါ၊ နိုင်ငံသားတွေကို သတ်ဖြတ်နေတာ” လို့ ပြောပါတယ်။
အလားတူ တပ်ကြပ် ဇော်မင်းနိုင် ကလည်း “အခုလို တိုက်ပွဲတွေလည်း ဖြစ်တဲ့ အသံလေးကြားတဲ့ အခါကြတော့ သူတို့အရာရှိကတော်တွေကို နီးစပ်ရာ သူတို့ရဲ့ လွတ်ရာ သူတို့ရဲ့အိမ်တွေ သူတို့ရဲ့ ဌာနေကို ပြန်ပို့လိုက်တယ်၊ ဒါမျိုးက မဖြစ်သင့်တာပေါ့၊ အမှန်ဆိုလို့ရှိရင် ဒီထဲမှာ စစ်သည်မိန်းမတွေလည်း ရှိတယ်ဆိုရင် သူတို့ မိန်းမတွေရော ရှိရမယ်၊ ဒါပေမဲ့ အခုဟာက စစ်သည်မိန်းမတွေတော့ရှိတယ် သူတို့ မိန်းမတွေတော့ မရှိဘူး၊ သူတို့က ကြိုသိထားတဲ့ သူတွေဆိုတော့ တစ်ခါတည်း သူတို့က အရင်ပို့လိုက်တယ်” လို့ ပြောပါတယ်။
ဒါ့ကြောင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ မိသားစုဝင်များတို့ရဲ့ ကောင်းစားရေး လွတ်မြောက်အရေးအတွက် အောက်ခြေစစ်သားများက အသက်ပေး စွန့်စား တိုက်ပွဲဝင်နေရတာဟာ လုံး၀ မတန်သလို ယခုလို အသက်ပေး နေရဟာလည်း မဖြစ်သင့်တာကြောင့် လက်ရှိ တိုက်နေတဲ့ စစ်သားများကိုလည်း အမြန်ဆုံး ဘက်ပြောင်းပြီး လက်နက်ချ ခိုလုံစေချင်တယ်လို့ KIA ထံ ခိုလုံလာတဲ့ ဝါရင့် တပ်ကြပ်ကြီးများက တိုက်တွန်းပြောဆိုထားပါတယ်။
တပ်ကြပ်ဇော်မင်းနိုင်၊ တပ်ကြပ်အောင်အောင်နှင့် တပ်ကြပ် သန်းဇော် တို့ဟာ ဗန်းမော်မြို့ အမှတ်(၃) ဝန်တင်တပ်ရင်းကဖြစ်ပြီး ဗန်းမော်မြို့ တိုက်ပွဲအတွင်း KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်များထံ လက်နက်ချ ခိုလုံ အလင်းဝင် လာသူများ ဖြစ်ပါတယ်။